← Chapters

အခန်း (၄၆၉-၄၇၀)

Vol. 34 Ch. 469-470

အခန်း (၄၆၉-၄၇၀)

Vol. 34 Ch. 469-470

အပိုင်း(၄၆၉)

ဗဟိုခရိုင်ရှိ မော်ဂန်ဒီမျိုးနွယ်စု၏ ကတော် အီလီဇာ မော်ဂန်ဒီသည် သူမ၏ လက်ထဲမှ ရွှေရောင်ခြယ် ဖိတ်စာကို မြှောက်ကိုင်လိုက်ရာ ငွေလက်ကောက်ကလေးမှာ ဖြူဝင်းသောအသားအရေပေါ်သို့ လျောကျသွား၏။ အီလီဇာသည် အိမ်ထောင်ကျသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့တိုင် ပျိုမြစ်နုနယ်သော မိန်းကလေးတစ်ဦးကဲ့သို့ပင် လှပနေဆဲ ဖြစ်၏။

ဗဟိုခရိုင်အတွင်း၌ မော်ဂန်ဒီမျိုးနွယ်စုနှင့် ပတ်သက်၍ ဒဏ္ဍာရီများစွာ ရှိကြသည်။ ဥပမာအားဖြင့် အီလီဇာနှင့် ပတ်သက်၍ဆိုလျှင် သူမသည် သူမ၏ အိမ်တော်အတွင်း၌ လှပသော မိန်းကလေးငယ်များကို မွေးမြူထားပြီး သူမ၏ အလှအပကို ထိန်းသိမ်းရန်အတွက် ထိုမိန်းကလေးများ၏ သွေးကို သောက်သုံးလေ့ရှိသည်ဟူသော ကောလာဟလများ အမြဲထွက်ပေါ်လေ့ရှိသည်။

ဤကိစ္စနှင့် ပတ်သက်၍ အီလီဇာအနေဖြင့် ရှင်းပြရမည်ဆိုလျှင်... ၎င်းတို့မှာ ကောလာဟလများ မဟုတ်ဘဲ အမှန်တရားသာ ဖြစ်ပေသည်။

သို့သော် သူမ၏ ထိုလှပသော မိန်းကလေးငယ်များကိုမူ 'တရားဝင် နည်းလမ်းများ' ဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သူတို့ကဲ့သို့ တော်ဝင်မျိုးနွယ်များ အသိုင်းအဝိုင်းတွင် ဤသို့သော ကိစ္စများမှာ အဆန်းတကြယ် မဟုတ်ပေ။ ထို့ပြင် အခြားသူများနှင့် နှိုင်းယှဉ်လျှင် မော်ဂန်ဒီမျိုးနွယ်စု လုပ်ဆောင်သည်မှာ အတော်ပင် နည်းပါးလှသေးသည်ဟု ဆိုရမည်။

အကြောင်းမူကား သူတို့မှာ အနည်းငယ် အကောင်းကြိုက်တတ်သောကြောင့် ဖြစ်ပေလိမ့်မည်။

ဗဟိုခရိုင်၏ အချက်အချာနေရာနှင့် နီးကပ်စွာ တည်ရှိသော အမာခံ တော်ဝင်မျိုးနွယ်များ ဖြစ်သည့်အားလျော်စွာ မော်ဂန်ဒီမျိုးနွယ်စုသည် သဘာဝလွန် အစွမ်းအချို့ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပါသည်။ လှပသော မိန်းကလေးငယ်များ၏ သွေးကို အလှအပအတွက် လျှို့ဝှက်ချက်နည်းတစ်ခုအဖြစ် ပြုပြင်ထုတ်ဖော်နိုင်သည်မှာ အမှန်ပင် ဖြစ်၏။

"ဒီလို လေလံပွဲမျိုးမှာ ပါဝင်ရတာ ဒါဟာ ပထမဆုံးအကြိမ်ပဲ..."

အီလီဇာသည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားသည့် မျက်နှာဖုံးကို ပြုပြင်လိုက်ရင်း မိန်းကလေးငယ်တစ်ဦးကဲ့သို့ နှုတ်ခမ်းလေး စူလိုက်သည်။ ဤလေလံပွဲသို့ တက်ရောက်ရန် ဖိတ်စာတစ်စောင်ရရှိဖို့ သူမ အတော်ပင် ခဲယဉ်းစွာ ကြိုးစားခဲ့ရ၏။

မော်ဂန်ဒီမျိုးနွယ်စု၏ မြေယာရောင်းဝယ်ရေးလုပ်ငန်းကြောင့် သူတို့တွင် အမှန်တကယ် စွမ်းအားကြီးမားသော သဘာဝလွန်ပုဂ္ဂိုလ်များနှင့် ထိတွေ့နိုင်သည့် အခွင့်အာဏာ ရှိကြသော်လည်း ကျိမျိုးနွယ်စုက ကျင်းပသော ဤလေလံပွဲမှာမူ အခြားသော ကန့်သတ်ချက်များ မရှိပေ။ ထို့ကြောင့် အီလီဇာအနေဖြင့် ဤဖိတ်စာကို ရရှိရန်အတွက် သူမ၏ အဆက်အသွယ် အားလုံးကို အကုန်အစင် အသုံးချခဲ့ရသည်ဟု ဆိုရမည်။

သူမသည် လိုချင်သောအရာကို လွယ်လွယ်နှင့် လက်လွှတ်မည့်သူ မဟုတ်ချေ။

အီလီဇာသည် အနောက်ဘက် အတော်ဝေးဝေးရှိ နေရာတစ်ခုတွင် ထိုင်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဤပွဲသို့ တက်ရောက်လာသူ အများစုမှာ လက်အောက်ငယ်သားများကို ခိုင်းစေခြင်း မပြုဘဲ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာကြသည်ကို တွေ့ရ၏။ ထို့ပြင် ရင်းနှီးသော မျက်နှာများသာမက လူအများကို တုန်လှုပ်ခြောက်ခြားစေနိုင်သည့် ပုဂ္ဂိုလ်ကြီးအချို့ကိုပင် တွေ့နေရသည်။

‘တကယ့်ကို အဆင့်မြင့်တဲ့ ပွဲတစ်ပွဲပဲ...’

အီလီဇာက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ စင်မြင့်၏ ညာဘက်ခြမ်းတွင် တောက်ပသော မီးအလင်းရောင်များ ကျရောက်လာပြီး ရင်းနှီးသော ပုဂ္ဂိုလ်တစ်ဦးမှာ မှောင်ရိပ်ထဲမှ ထွက်ပေါ်လာကာ လေလံပွဲ ဦးဆောင်သူ၏ နေရာသို့ လျှောက်လှမ်းလာခဲ့သည်။

"အားလုံးပဲ မင်္ဂလာပါ"

ကျိပိုတုန်သည် စင်မြင့်ထက်တွင် ရပ်ကာ ပရိသတ်ကို တစ်ချက်ကြည့်လိုက်သည်။ လူဦးရေမှာ ထင်သလောက် မများသော်လည်း ဗဟိုခရိုင်တွင် ဂုဏ်သတင်းကျော်စောသူအားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ယခင်က ကျင်းပခဲ့သော ပါတီပွဲသို့ တက်ရောက်ခဲ့သူများသာမက မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်အချို့လည်း ပါဝင်နေ၏။

"ကျွန်တော်တို့ရဲ့ သဘောတူညီချက်အတိုင်း အားလုံးပဲ ဒီနေရာကို စုစည်းရောက်ရှိလာကြတဲ့အတွက် ဝမ်းမြောက်မိပါတယ်..."

ကျိပိုတုန်က ပြုံးလျက် ပြောလိုက်ရင်း အောက်တွင် ထိုင်နေသော ကျိကျစ်ရှို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"အားလုံး ဒီကို ရောက်လာကြပြီဆိုတော့... ကျွန်တော် လေးစားအားထားရတဲ့ အသိပညာအားလုံးရဲ့ အရှင်သခင်၊ စွမ်းအားတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ စာအုပ်ဆိုင်ရဲ့ အရှင်သခင်အကြောင်းကို ကျွန်တော် ဖုံးကွယ်ထားတော့မှာ မဟုတ်ပါဘူး"

"စာအုပ်ဆိုင်ရဲ့ အရှင်သခင်..."

အီလီဇာသည် မျက်မှောင်ကြုတ်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ထိုစဉ် သူမ၏ ဘေးမှ မိန်းကလေးတစ်ဦးကလည်း သူမကဲ့သို့ပင် သံသယဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူမသည် ထိုမိန်းကလေးကို ကြည့်လိုက်သောအခါ မျက်နှာဝင်းပသွားသည်။ ထို့နောက် သူမသည် ထိုမျက်နှာကို မှတ်မိသွား၏။ မှတ်ဉာဏ်ကို ပြန်လည်နှိုက်ထုတ်ကြည့်သောအခါ ဤမိန်းကလေးမှာ... အထက်လမ်း မှော်ဆရာမျိုးနွယ်စုဖြစ်သော ကာတစ်မိသားစုမှ ဖရန်ကာ ဖြစ်နေသည် မဟုတ်ပါလား။

"ဟိုင်း..."

အီလီဇာက လက်ကို မြှောက်၍ ဖရန်ကာကို လှမ်းနှုတ်ဆက်လိုက်၏။ သူမ၏ မျက်ဝန်းအစုံတွင် လိုချင်တပ်မက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

‘ဟား... သဘာဝလွန် မျိုးနွယ်စုက ဒီမိန်းကလေးက တကယ်ကို လှတာပဲ... ကြားရသလောက်ဆိုရင် သူမက သာမန်လူသား သွေးတစ်ဝက်နှောနေပြီး ဘာသဘာဝလွန် စွမ်းအားမှလည်း မရှိဘူးဆိုပဲ...’

"ဟိုင်း... မစ္စ အီလီဇာ..."

ဖရန်ကာက ပြန်လည်နှုတ်ဆက်လိုက်သည်။

"ဖရန်ကာလေးလည်း စာအုပ်ဝယ်ဖို့ လာတာလား..."

အီလီဇာက ခေါင်းကို ငုံ့၍ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သူမသည် သူမ၏ ဆွဲဆောင်မှုအပေါ် ယုံကြည်ချက် အပြည့်ရှိသည်။ မည်သည့် လိင်အမျိုးအစားဖြစ်စေ သူမနှင့် စကားပြောဆိုသူတိုင်းသည် သူမ၏ အပြစ်ကင်းစင်သော အသွင်အပြင်ကြောင့် သူမအပေါ် သတိလက်လွတ် ဖြစ်သွားတတ်ကြသည် မဟုတ်ပါလား။

"ဟုတ်ကဲ့... ကျွန်မရဲ့ အစေခံ မိုက်က အဲဒီစာအုပ်တွေထဲက တစ်အုပ်ကို အရမ်းစိတ်ဝင်စားနေလို့ပါ"

ဖရန်ကာက အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပြန်ပြောလိုက်သည်။ အမှန်စင်စစ် စိတ်ဝင်စားနေသူမှာ သူမကိုယ်တိုင် ဖြစ်သည်။

သခင်မလေးကျိ၏ မွေးနေ့ ပါတီပွဲမှာတုန်းက 'ဂန္ထဝင် အိမ်ချက်ဟင်းတစ်ထောင်' ဟု အမည်ရသော စာအုပ်တစ်အုပ်ကို သူမ သတိပြုမိခဲ့သည်။

သူမသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော အထက်လမ်း မှော်ဆရာမျိုးနွယ်စုမှ တစ်ဦးတည်းသော သမီးဖြစ်သော်လည်း မည်သည့် သဘာဝလွန် ပါရမီမှ မပါရှိခဲ့ပေ။ သူမ၏ ဖခင်က သူမကို မည်သို့ပင် နှစ်သိမ့်စောင့်ရှောက်စေကာမူ သူမအနေဖြင့် အပြစ်မကင်းသကဲ့သို့ ခံစားရကာ မိမိကိုယ်ကိုယ် နိမ့်ကျသည်ဟု ထင်မြင်နေမိသည်။

သို့သော် ထိုအသိက သူမ၏ စိတ်ဝင်စားမှုများကိုတော့ မတားဆီးနိုင်ခဲ့ပေ။ ဥပမာအားဖြင့်... အိမ်မှုကိစ္စများပင်။

ထို့ကြောင့် သူမသည် 'ဂန္ထဝင် အိမ်ချက်ဟင်းတစ်ထောင်' စာအုပ်ကို မရမနေ ရယူရန် လိုအပ်နေသည်။

သို့သော်လည်း သူမသည် ဟင်းချက်ရသည်ကို ဝါသနာပါသည်ဟု တိုက်ရိုက်ပြောရန်မှာ အလွန်ပင် ရှက်စရာကောင်းလှပေသည်။ ထို့ကြောင့် မိုက်ကိုသာ အကြောင်းပြချက်အဖြစ် သုံးလိုက်ရတော့သည်။

‘စိတ်မရှိပါနဲ့ မိုက်ရယ်...’

"ဪ... ဒီလိုလား"

အီလီဇာသည် ဖရန်ကာ၏နောက်တွင် ရပ်နေသော မိုက်ကို တစ်ချက် ကြည့်လိုက်သော်လည်း သူမ၏ အပြုံးမှာ ပျက်ပြယ်သွားခြင်း မရှိပေ။

စွမ်းအားကြီးသော မုဆိုးတစ်ဦးကဲ့သို့ မိုက်သည် စင်မြင့်ပေါ်မှ ကျိပိုတုန်ကိုသာ စူးစိုက်ကြည့်နေပြီး ဖရန်ကာဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ချေ။

ဤကဲ့သို့သော လိုချင်တပ်မက်သည့် အကြည့်မျိုးကို လေလံပွဲ တက်ရောက်လာသူ အများစု၏ မျက်နှာတွင် မြင်တွေ့နေရသည်။ လူတိုင်းသည် ထိုစာအုပ်များကို အလွန်အမင်း ရယူလိုနေကြပုံရ၏။

သို့သော် အီလီဇာအတွက်မူ ဤလေလံပွဲမှာ သူမ တက်ရောက်ခဲ့ဖူးသမျှထဲတွင် အပျင်းဆုံးသော ပွဲတစ်ပွဲ ဖြစ်နေသည်။ သူမ တက်ရောက်လေ့ရှိသော လေလံပွဲများတွင် ကျေးကျွန်များ၊ ကျောက်သံပတ္တမြားများ၊ ရှေးဟောင်းပစ္စည်းများနှင့် ရှားပါးသားရဲများ ပါဝင်လေ့ရှိပြီး ကခုန်သီဆိုသံများဖြင့် စည်ကားလှသည် မဟုတ်ပါလား။

ယခုမူ လူတိုင်းမှာ ပန်းတိုင်တစ်ခုတည်းသာ ရှိနေကြပြီး ၎င်းမှာ ထိုစာအုပ်များကို ရယူရန် ဖြစ်နေသည်။

၎င်းမှာ အီလီဇာအတွက် နှိပ်စက်မှုတစ်ခုသဖွယ် ဖြစ်နေပြီး ဖရန်ကာနှင့်သာ မတွေ့ခဲ့လျှင် သူမမှာ ပျင်း၍ သေသွားနိုင်ပေသည်။

"မစ္စ အီလီဇာရော... စာအုပ်တစ်အုပ်လောက် လိုချင်လို့လားဟင်"

ဖရန်ကာက မေးလိုက်သည်။

"ငါလား... ငါကတော့ အဲဒီစာအုပ်ဆိုင်ပိုင်ရှင်ကို တွေ့ချင်လို့ လာတာပါ... မင်းသိလား..."

အီလီဇာသည် အတင်းအဖျင်းပြောလိုစိတ်ဖြင့် ဖရန်ကာအနားသို့ တိုးကပ်လိုက်၏။

"သူ့ရဲ့ လက်ထောက်ကတောင် နေမင်းယုံကြည်မှုအဖွဲ့ရဲ့ သန့်ရှင်းသော သခင်မ ဖြစ်နေတာလေ"

“ဟုတ်လား...”

ဖရန်ကာမှာ အတော်ပင် အံ့သြသွားရသည်။ သခင်မလေး ကျိကျစ်ရှို့၏ မွေးနေ့ပွဲတုန်းက ထိုစာအုပ်ဆိုင်ပိုင်ရှင်ကို သူမ ခပ်ရေးရေး တွေ့လိုက်ရသည်ကို သတိရမိသည်။ ထိုစာအုပ်ဆိုင်ပိုင်ရှင်က တကယ့် သာမန်လူတစ်ယောက်လိုပင်။

သူတို့နှစ်ဦးမှာ ဆက်လက်၍ စကားပြောလိုကြသေးသော်လည်း ကျိပိုတုန်က စားပွဲပေါ်ရှိ လေလံတူကို ထုလိုက်သဖြင့် ပဲ့တင်ထပ်သွားသော အသံမှာ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားတော့သည်။

ကျိပိုတုန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး စင်နောက်ကွယ်တွင်ရှိသော ကျိကျစ်ရှို့နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထိုအခါ ကျိကျစ်ရှို့က သူမ၏ လက်အောက်ငယ်သားများကို အချက်ပြလိုက်ရာ ထူးခြား ခမ်းနားသော သေတ္တာတစ်လုံးကို ယူဆောင်လာပြီး စင်မြင့်အလယ်ရှိ စားပွဲပေါ်တွင် အသာအယာ တင်လိုက်ကြသည်။

ထိုသေတ္တာတွင် နှိမ်နင်းခြင်းနှင့် ချိပ်ပိတ်ခြင်း စွမ်းအားများ ပါရှိသော မြရတနာ လေးလုံးကို မြှုပ်နှံထားသည်။ ထိုမြရတနာ နှစ်လုံးတည်းနှင့်ပင် ဗဟိုခရိုင်တွင် အိမ်တစ်လုံး ဝယ်ယူရန် လုံလောက်လှပေသည်။

သို့သော် ဤသည်တို့မှာ စာအုပ်ကို ဝယ်ယူသူအတွက် လက်ဆောင်မျှသာ ဖြစ်သည်။

***

အပိုင်း(၄၇၀)

ကျိပိုတုန် သေတ္တာကို ကြည့်လိုက်၏။ မစ္စတာလင် ပေးအပ်ထားသော ဤစာအုပ်များသည် သူ၏ ယုံကြည်သူများနှင့် သူမျက်နှာသာပေးသူများကို တိုးပွားစေရန် စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်၏။

တစ်ချိန်တည်းမှာပင် ၎င်းမှာ ရိုးလ် သယံဇာတအတွက်လည်း အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူတို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့လျှင် နောင်တွင် ရိုးလ် သယံဇာတသည် ဤသို့သော စာအုပ်များကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ရောင်းချခွင့်ရရှိမည် ဖြစ်သည်။

မစ္စတာလင်နှင့် သူ၏ ယုံကြည်သူများအကြား ဆက်သွယ်ပေးသည့် ကွင်းဆက်တစ်ခု ဖြစ်လာခြင်းမှာ ရိုးလ် သယံဇာတအတွက် အလွန်ကြီးမားသော အခွင့်အရေး ဖြစ်သဖြင့် မစ္စတာလင်၏ အလိုဆန္ဒကို ခိုင်မာစွာ ဖော်ဆောင်ပေးရန် သူတို့ လိုအပ်ပေသည်။

ကျိပိုတုံ စင်မြင့်အလယ်သို့ လျှောက်သွားပြီး နူးညံ့သိမ်မွေ့သော သေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

"အခု အားလုံး မြင်တွေ့နေရတာကတော့ ဒီညရဲ့ ပထမဆုံး လေလံတင်မယ့် စာအုပ်ပဲ ဖြစ်ပါတယ်... လူအချို့အနေနဲ့ ဒီလောက်အထိ အစွမ်းထက်တဲ့ အသိပညာတွေကို တိုက်ရိုက်မကြည့်နိုင်တာကို ထည့်တွက်ပြီး ဒီစာအုပ်ရဲ့ အမည်ကို ကျွန်တော် ပြောပြပါ့မယ်...ဒါကတော့ ရီလီး စာသားများ ပါပဲ”

ကျိပိုတုန် ပြောလိုက်သော စကားလုံးများမှာ အခြားကမ္ဘာတစ်ခုမှ လာသကဲ့သို့ပင်။ ထိတ်လန့်ဖွယ်ကောင်းသော အသံဗျည်းများ ပါဝင်သည့် ထိုတိုးတိုးရေရွတ်သံများမှာ တက်ရောက်လာသူ အားလုံးကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။ သူသည် ဤနေရာသို့ ရောက်ရှိနေကြသော သဘာဝလွန်ပုဂ္ဂိုလ်များကို အမှန်တကယ်ပင် အထင်သေးခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ အများစုမှာ စာအုပ်၏ အမည်ကို မြင်တွေ့နိုင်ကြသောကြောင့် ဖြစ်၏။ သို့သော် ထိုသို့မြင်တွေ့နိုင်ရန်အတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ခံရခက်သော ပျို့အန်လိုစိတ်နှင့် ဦးခေါင်းအတွင်းမှ အဆမတန် နာကျင်မှုများပင် ဖြစ်သည်။

သို့သော်လည်း... ကျိပိုတုန်သည် ဤစာအုပ်၏ အမည်ကို အမှန်တကယ်ပင် ဖတ်ပြ နိုင်ခဲ့သည်။ ချက်ချင်းပင်... ခန်းမအတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ စတင်လာတော့၏။ သူဌေးကြီးကျိမှာ ဤမျှအထိ အစွမ်းထက်သည့် အဆင့်သို့ ရောက်ရှိနေပြီလော။

သူပြောလိုက်သော ဘာသာစကားမှာ မန္တန်တစ်ခု သို့မဟုတ် ခပ်တိုးတိုးရေရွတ်သံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တက်ရောက်လာသူ သဘာဝလွန်ပုဂ္ဂိုလ်များ၏ အမြင်နှင့် အကြားအာရုံများကို ဖျက်ဆီးပစ်နေသကဲ့သို့ ရှိနေသည်။

"ဟင်..."

ဖရန်ကာသည် ခေါင်းကို စောင်းလိုက်မိသည်။ သာမန်လူသား၏ အမြင်အာရုံကြောင့် သူမသည် မှန်ပြောင်းကို ယူ၍ စင်မြင့်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူမ စာအုပ်၏ အမည်ကို မြင်လိုက်ရ၏။

‘ဒါက 'ပင်လယ်ပြာနှင့် အဘိုးအို' မဟုတ်ဘူးလား...’

သူမ အတော်ပင် အံ့သြသွားရသည်။ သူမ အမြင်များ မှားနေသည်လား။

‘ဒီစာအုပ်ရဲ့ နာမည်က 'ပင်လယ်ပြာနှင့် အဘိုးအို' ပါပဲ... သူက ဘာလို့ 'ရီလီးစာများသား' လို့ ပြောရတာလဲ... ဒါမှမဟုတ်... ငါကပဲ စာမဖတ်တတ်တော့တာလား...’

ဖရန်ကာသည် မိမိကိုယ်ကိုယ် သံသယဝင်လာမိသည်။ သူမသည် အမြဲတမ်း သာမန်ဘဝဖြင့် နေထိုင်လာခဲ့သူဖြစ်ရာ အရာရာကို သတိထားတတ်သူ ဖြစ်သည်။ ယခုမူ သူမ အခက်တွေ့နေရပြီ ဖြစ်သည်။

‘ဖြစ်နိုင်တာက... ငါတစ်ယောက်တည်းပဲ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်ကို နားမလည်တာများလား...’

‘ဒါတင်မကဘူး၊ ဥက္ကဋ္ဌကျိကလည်း လူအချို့ဟာ ဒီစာအုပ်တွေကို တိုက်ရိုက်မကြည့်နိုင်ဘူးလို့ ပြောခဲ့သားပဲ... အင်း... တော်သေးတာပေါ့၊ ငါ အသံထွက်ပြီး မပြောလိုက်မိလို့... မဟုတ်ရင် ငါဟာ ဒီပွဲမှာ တစ်ဦးတည်းသော သာမန်လူအဖြစ်နဲ့ မိသားစုရဲ့ လှောင်ပြောင်စရာ ဖြစ်နေတော့မှာ...’

ဖရန်ကာသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

‘နေဦး... မစ္စ အီလီဇာကလည်း သဘာဝလွန်ပုဂ္ဂိုလ် မဟုတ်ဘူးပဲ... သူလည်း ငါ့လိုပဲ ဖြစ်မှာလား...’

ဖရန်ကာသည် အမြဲတမ်း ပျော်ရွှင်စွာ ပြုံးနေတတ်သည့် မစ္စ အီလီဇာဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။ ချက်ချင်းပင် မိန်းမငယ်လေး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရတော့သည်။

နုပျိုလှပသော မစ္စစ် အီလီဇာ၏ မျက်နှာမှာ လျင်မြန်စွာ အိုမင်းရင့်ရော်သွားပြီး အဘွားအိုတစ်ဦး၏ အရေပြားကဲ့သို့ တွန့်လိပ်လျော့ရဲသွား၏။ သူမ၏ မျက်လုံးများမှာလည်း အစွမ်းကုန် ပြူးကျယ်နေပြီး သွေးများ ထွက်လာတော့မည့်အလား ဖြစ်နေသည်။

သို့သော် အီလီဇာမှာမူ ၎င်းတို့ကို သတိထားမိပုံမရဘဲ စင်မြင့်ပေါ်မှ စာအုပ်ကိုသာ စူးစိုက်ကြည့်နေပြီး သူမ၏ သေချာစွာ ပြုပြင်ထားသော လက်သည်းများဖြင့် စားပွဲကို ကုတ်ခြစ်နေမိသည်။

ထိုတော်ဝင်မျိုးနွယ် အမျိုးသမီးသည် နားမလည်နိုင်သော စကားလုံးများကို ရေရွတ်နေပြီး သူမ၏ အသံမှာလည်း ကြောက်မက်ဖွယ်ကောင်းသော အခြားသူတစ်ဦး၏ အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။ လျော့ရဲနေသော သူမ၏ အရေပြားအောက်တွင် လှပသော မိန်းကလေးငယ်များ၏ နာကျည်းနေသော မျက်နှာများမှာ တစ်ခုပြီးတစ်ခု ပေါ်လာနေပြီး သူမအား ဝိညာဉ်များဖြင့် ပြည့်နှက်နေသော စုတ်ပြတ်နေသည့် သားရေအိတ်ကြီးတစ်လုံးအလား ထင်မှတ်စေတော့သည်။

စင်မြင့်ထက်မှ ကျိပိုတုန်၏ အသံမှာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။

"ဒီစာအုပ်ဟာ ရေခဲတောင်ရဲ့ အဖျားပိုင်းကလေးလိုပါပဲ... အရာခပ်သိမ်းရဲ့ နောက်ကွယ်မှာရှိတဲ့ အမှန်တရားကို ဖွင့်ဟပြနိုင်ပါလိမ့်မယ်..."

ဖရန်ကာသည် ပြူးကျယ်သော မျက်လုံးအစုံဖြင့် အီလီဇာကို စိုက်ကြည့်နေမိသည်။

"မစ္စ အီ... အီ..."

"ဘာဖြစ်လို့လဲ"

အီလီဇာက ဖရန်ကာဘက်သို့ ရုတ်ချည်း လှည့်ကြည့်ကာ မေးလိုက်သည်။ သူမ၏ အသံမှာ အဘွားအိုတစ်ဦးကဲ့သို့ အက်ရှရှ ဖြစ်နေ၏။

"ဘာလို့ ငါ့ကို ဒီလိုကြီး ကြည့်နေရတာလဲ..."

"ကျွန်... ကျွန်မ..."

ဖရန်ကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ သူမတွင် သဘာဝလွန်ပါရမီ မရှိသလောက်ပင် ဖြစ်သော်လည်း အထက်လမ်း မှော်ဆရာမျိုးနွယ်စု၏ တစ်ဦးတည်းသော အမွေခံ သမီးပျိုဖြစ်ရာ သဘာဝလွန် စွမ်းအားများကို အနည်းနှင့်အများ မြင်တွေ့ဖူးသူ ဖြစ်သည်။ အနည်းဆုံးတော့ ထိုစွမ်းအားများ၏ သဘောသဘာဝကို နားလည်ထားပေသည်။

ထို့ပြင် သူမ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူက 'အစွမ်းဟူသည် ပေးဆပ်မှုနှင့်အတူ လာသည်' ဟူသော ဘဝဒဿနကို သွန်သင်ခဲ့ဖူးသည်။ ဖြစ်နိုင်ချေ တစ်ခု ရှိသည်က... မစ္စ အီလီဇာသည် သဘာဝလွန် အစွမ်း တစ်ခုခုကို အသုံးချခဲ့ပြီး ယခုအခါတွင်မူ ထိုအတွက် တန်ဖိုးကို ပေးဆပ်နေရခြင်း ဖြစ်ပေလိမ့်မည်။

"ဘာ... ဘာမှ မဟုတ်ပါဘူး"

ဖရန်ကာက အတင်းအကျပ် အားယူကာ ပြုံးပြလိုက်သည်။

"ဘာမှ မဟုတ်ဘူး ဟုတ်လား..."

အီလီဇာ၏ မျက်လုံးများမှာ မျက်တွင်းမှ ထွက်ကျတော့မည့်အလား ပြူးထွက်နေပြီး အိုမင်းရင့်ရော်၍ အစက်အပြောက်များ ထင်နေသော သူမ၏ လက်ဖြင့် ဖရန်ကာ၏ လက်ကောက်ဝတ်ကို ဆွဲညှစ်လိုက်သည်။ ကြည့်ရသည်မှာ အော့နှလုံးနာဖွယ်ပင်။

"ငါ့ကို ရုပ်ဆိုးသွားပြီလို့ မင်း ထင်နေတာ မဟုတ်လား..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး"

ဖရန်ကာက ထိတ်လန့်တကြားနှင့် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။

"မင်း လိမ်နေတာ..."

အီလီဇာ၏ မျက်နှာမှာ ရူးသွပ်မှုတို့ အတိပြီးနေ၏။ သူမက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဖရန်ကာ၏ လက်ကို ခါထုတ်ပစ်လိုက်သည်။ ထို့နောက် စားပွဲကို ကုတ်ခြစ်ထားသဖြင့် သွေးများ ပေကျံနေသော သူမ၏ လက်အစုံဖြင့် ဖရန်ကာ၏ ဖြူဝင်းသွယ်လျသော လည်ပိုင်သို့ လှမ်း၍ အုပ်မိုးလိုက်လေတော့သည်။

"အား..."

ဖရန်ကာ အော်ဟစ်လိုက်စဉ်မှာပင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။ ဓားတစ်စောင်မှာ လေထုကို ခွဲ၍ ပျံသန်းလာပြီး အီလီဇာ၏ လက်ကောက်ဝတ်ကို တို့ဖူးကို လှီးသကဲ့သို့ တိခနဲ ဖြတ်တောက်ပစ်လိုက်သည်။ သွေးများမှာ ပန်းထွက်လာပြီး ဖရန်ကာ၏ အဖြူရောင် ဂါဝန်ပေါ်သို့ စင်ဟပ်သွားတော့သည်။

ဖရန်ကာသည် အနောက်သို့ ဟန်ချက်ပျက်ကာ လဲကျသွားသဖြင့် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျသွားရ၏။

အီလီဇာသည် နာကျင်လွန်းသဖြင့် မိစ္ဆာတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ရင်း မြေပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။

ခန်းမ၏ စင်နောက်ကွယ်မှ အရိပ်တစ်ခုကဲ့သို့ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ခန်းမတစ်ခုလုံးကို ဖြတ်ကျော်၍ ဓားမြှောင်ကို တိတိကျကျ ပစ်လွှတ်လိုက်သူမှာ မည်သူနည်းဟု ပရိသတ်တို့ တွေးနေစရာ မလိုပေ။

သူမမှာ မုဆိုးလောက၏ ဘုရင်မ၊ ပင့်ကူ အဖွဲ့၏ ခေါင်းဆောင် ကျိကျစ်ရှို့ပင်...။

"လေလံပွဲကို နှောင့်ယှက်သူ မှန်သမျှ သေရမယ်"

ကျိကျစ်ရှို့က အေးစက်စွာ ပြောလိုက်လေတော့၏။

...

လေလံပွဲ တက်ရောက်လာသူ အားလုံးမှာ ပထမဆုံး သွေးထွက်သံယိုမှုကို မြင်လိုက်ရမှသာ သတိပြန်ဝင်လာကြပြီး ရီလီး စာသားများ၏ မှော်ဝင်စားမှုကြားမှ ရုန်းထွက်နိုင်ခဲ့ကြသည်။

"စာအုပ်ဆိုင် အရှင်သခင်ရဲ့ တည်ရှိမှုကို မခံနိုင်ဘဲ အသိပညာတွေရဲ့ အဆိပ်သင့်ခြင်း ခံရသူတွေအနေနဲ့ အချိန်မရွေး ထွက်သွားနိုင်ပါတယ်..."

ကျိပိုတုန်က လေလံတူကို အသာအယာ ကစားရင်း ပြောလိုက်သည်။ သူပြောလိုက်သည်နှင့် တစ်ခန်းလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွား၏။ မည်သူမျှ ဤကြီးမားသော အခွင့်အရေးကို လက်မလွှတ်လိုကြသော်လည်း သူတို့ရှေ့မှ ရီလီး ကျမ်းစာ၏ ကြီးမားသော စွမ်းအားမှာ သာမန်လူသားတို့ ခံနိုင်ရည်ရှိသည့် အရာမျိုး မဟုတ်ပေ။

ဤနေရာသို့ ရောက်ရှိနေသူ အားလုံးမှာ အနည်းဆုံး ငရဲဘုံ အဆင့် သဘာဝလွန် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မည်သို့မည်ပုံ ခိုးဝင်လာမှန်း မသိသော အီလီဇာမှလွဲ၍ ကျန်သူအများစုမှာ မိမိတို့၏ စွမ်းအားကို မိမိတို့ ကောင်းစွာ သိရှိကြသူများ ဖြစ်၏။

သို့သော် ရီလီး စာသားများက သူတို့ကို အံ့သြသွားစေခဲ့သည်။ သူတို့၏ ရင်ထဲ၌ ထိုစာအုပ်ကို ပိုင်ဆိုင်လိုစိတ်များ တဖွားဖွား ဖြစ်နေကြသော်လည်း ပေးဆပ်ရမည့် တန်ဖိုးကိုလည်း ကောင်းစွာ နားလည်ထားကြသည်။

အီလီဇာ၏ ခန္ဓာကိုယ်ကို အစေခံများက အလျင်အမြန် ဆွဲထုတ်သွားကြသည်။ မြေပြင်ပေါ်မှ သွေးကွက်များကိုလည်း ချက်ချင်းပင် သန့်ရှင်းလိုက်ကြပြီး သွေးညှီနံ့ကို ဖုံးကွယ်ရန် အမွှေးနံ့သာများကိုပင် ဖျန်းလိုက်ကြသဖြင့် ဤနေရာတွင် လူတစ်ယောက် သေလုမျောပါး ဖြစ်ခဲ့သည်ဟုပင် မထင်ရတော့ပေ။

ဖရန်ကာကို မိုက်က ဆွဲထူပေးလိုက်သည်။ ထို့နောက် သူက ကျိကျစ်ရှို့ဘက်သို့ လှည့်၍ ကျေးဇူးတင်ကြောင်း အချက်ပြလိုက်၏။

အမှန်စင်စစ် ကျိကျစ်ရှို့သာ အနည်းငယ် နောက်ကျခဲ့လျှင် မိုက်ကိုယ်တိုင် အီလီဇာ၏ လည်ပင်းကို ချိုးပစ်လိုက်မည် ဖြစ်သည်။

ဘုန်း...

လေလံတူကို စားပွဲတွင် ရိုက်နှိုက်လိုက်သော အသံမှာ ခန်းမအတွင်း ပဲ့တင်ထပ်သွား၏။ လေလံပွဲ ပြန်လည်စတင်လေပြီ။

ဤနေရာသို့ ရောက်လာသူတိုင်းမှာ ဂုဏ်သရေရှိ မိသားစုများမှ ဖြစ်သဖြင့် ငွေကြေးမှာ သူတို့အတွက် အခက်အခဲ မဟုတ်ပေ။ သို့သော်လည်း... ဖရန်ကာ မသိလိုက်သော အချက်မှာ တက်ရောက်လာသူ အားလုံးမှာ မမြင်နိုင်သော ဖိအားကြီးအောက်တွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့၏ လေလံဆွဲမည့် နံပါတ်ပြားကိုပင် မမြှောက်ဝံ့ကြချေ။

ကျိပိုအတုန်ကတော့ စင်အောက်မှ အခြေအနေကို ကြည့်ရင်း ကျေနပ်နေမိသည်။ ဤသည်မှာ လူသားက စာအုပ်ကို ရွေးချယ်ခြင်း မဟုတ်ဘဲ စာအုပ်က လူသားကို ရွေးချယ်နေခြင်းသာ ဖြစ်၏။

သူတို့မှာ ဤစာအုပ်ကို ဝယ်ယူရန် မည်သို့များ အရည်အချင်း ပြည့်မီနိုင်ပါ့မည်နည်း။

၎င်းမှာ မစ္စတာလင်၏ ဆုံးဖြတ်ချက်သာ ဖြစ်ပေလိမ့်မည်။

***

All Chapters