အခန်း (၄၇၁-၄၇၂)
Vol. 34 Ch. 471-472
အပိုင်း(၄၇၁)
စင်ပေါ်မှ နာရီထဲရှိ သဲပွင့်ကလေးများမှာ တဖြည်းဖြည်း စီးဆင်းနေသော်လည်း ခန်းမအတွင်းရှိ မည်သူမျှ လက်မမြှောက်ကြပေ။
‘အာ... ဦးလေးကျိပိုတုန်တော့ မျက်နှာပျက်ရတော့မှာပဲ... ပြောရရင် ဈေးနှုန်းကလည်း အဲလောက်မကြီးပါဘူး၊ ဘာလို့ ဘယ်သူမှ လက်မမြှောက်ကြတာလဲ... ငါပဲ သူ့မျက်နှာကို ထောက်ပြီး လေလံဆွဲပေးလိုက်ရမလား...’
အီလီဇာ၏ ခြောက်လှန့်မှုကြောင့် ကြောက်ရွံ့နေခဲ့သော ဖရန်ကာ၏ စိတ်မှာ ယခုမှပင် ပြန်လည် အလုပ်လုပ်လာတော့သည်။
သူမ ထိုသို့ တွေးလိုက်စဉ်မှာပင် နံပါတ်ပြားလေးတစ်ခု မြောက်တက်လာသည်ကို တွေ့လိုက်ရ၏။
ကျိပိုတုန် မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ဤသူမှာ... အမှန်တရား အသင်းတော်မှပင်။
စင်အောက်တွင် ထိုင်နေသော ပညာရှင်မှာ အနည်းငယ် ထိတ်လန့်နေပုံရသော်လည်း သူ၏ လက်ထဲ၌ သင်္ကေတများစွာ ပါရှိသော တံဆိပ်တစ်ခုကို ကိုင်ထားသည်။ ဤရတနာများ စီခြယ်ထားသော တံဆိပ်မှာ အရေးကြီးသော အချိန်တွင် စိတ်ကို တည်ငြိမ်စေရန်အတွက် အမှန်တရား အသင်းတော်၏ ဥက္ကဋ္ဌကိုယ်တိုင် သူ့ကို ပေးအပ်ထားခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် သူသည် အမှန်တရား အသင်းတော်၏ ဥက္ကဋ္ဌ မာရီယာ ကိုယ်စား တက်ရောက်လာခြင်း ဖြစ်၏။
‘ထင်ထားတဲ့အတိုင်းပဲ...’
ကျိကျစ်ရှို့က စိတ်ထဲမှ ရေရွတ်လိုက်သည်။ မစ္စတာလင် ပြောခဲ့သည့်အတိုင်း ရီလီး စာသားများမှာ အမှန်တရား အသင်းတော်ထံသို့ ရောက်ရှိသွားခဲ့လေပြီ။
အမှန်တရား အသင်းတော်၏ ဥက္ကဋ္ဌမှာ အခရာ အဆင့် သို့ ရောက်ရှိနေသူဖြစ်ပြီး လူကောင်းတစ်ဦးဖြစ်သည်ဟု ကြားဖူးသည်။ ကျိကျစ်ရှို့က အစပိုင်းတွင် အမှန်တရား အသင်းတော်အနေဖြင့် ဤပွဲသို့ တက်ရောက်မည် မဟုတ်ဟု ထင်ခဲ့သော်လည်း သူတို့မှာ လူလွှတ်၍ တိတ်တဆိတ် တက်ရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။
‘မစ္စတာလင် ပြောသမျှ အကုန်မှန်တာပဲ... သူက အစကတည်းက အရာရာကို ကြိုမြင်နေခဲ့တာပဲ...’
ကျိကျစ်ရှို့က ငြိမ်သက်စွာ တွေးနေမိသည်။
ကျိပိုတုန်သည်လည်း ကျိကျစ်ရှို့နှင့် အတွေးချင်း တူညီနေ၏။ သူသည် လေလံတူကို သုံးကြိမ်ရိုက်နှိုက်လိုက်ပြီး စာအုပ်ကို အမှန်တရား အသင်းတော်မှ ပညာရှင်အား ရောင်းချပေးလိုက်သည်။
အရောင်းအဝယ် ပြီးဆုံးသွားသည်နှင့် သေတ္တာအဖုံးကို ပြန်ပိတ်လိုက်ရာ လူတိုင်း၏အပေါ်၌ လွှမ်းမိုးထားသော ကြောက်မက်ဖွယ် ဖိအားကြီးမှာ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။ လူအများမှာ သက်ပြင်းကို အဝသုတ်ထုတ်လိုက်ကြသော်လည်း သူတို့၏ နားထဲတွင် ကြားနေရသော တိုးတိုးရေရွတ်သံများနှင့် စွမ်းအားကွာခြားမှုမှာ သူတို့ကို ကောင်းစွာ မစဉ်းစားနိုင်အောင် ဖြစ်နေစေဆဲပင်။
"နောက်ထပ် စာအုပ်ကတော့..."
ကျိပိုတုန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
"လက်စားချေ ဝိညာဉ် ပါပဲ... ဒီတောက်လောင်နေတဲ့ မီးလျှံဟာ လူသားတွေရဲ့ ရင်ထဲမှာ အနက်ရှိုင်းဆုံး ရှိနေတဲ့ လိုအင်ဆန္ဒတွေကနေ လာတာဖြစ်ပြီး လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ပြန်လည်ပုံသွင်းဖို့အတွက် လုံလောက်တဲ့ စွမ်းအားရှိပါတယ်"
ကျိကျစ်ရှို့က ဘေးရှိ အစေခံကို အချက်ပြလိုက်ရာ နောက်ထပ် ခမ်းနားသော သေတ္တာတစ်လုံး ထွက်ပေါ်လာသည်။
ယခုတစ်ကြိမ်တွင်မူ ရှားပါးလှသော ခရမ်းရောင် ကျောက်တုံး လေးလုံးဖြင့် ဤစာအုပ်ကို ချိပ်ပိတ်ထားသည်။
ခရမ်းရောင် ကျောက်တုံးနှင့် မြရတနာတို့မှာ ချိပ်ပိတ်ပုံခြင်း မတူပေ။ မြရတနာက စိတ်ကို တည်ငြိမ်အေးချမ်းစေသော်လည်း ခရမ်းရောင် ကျောက်တုံးမှာမူ ဝိညာဉ်ကို ချိပ်ပိတ်နိုင်သည့် ရှားပါးစွမ်းအား ရှိသည်။
ကျိပိုတုန်က ပြုံးလျက် သေတ္တာကို အသာအယာ ဖွင့်လိုက်သည်။ စာအုပ်ထဲမှ ခရမ်းဖျော့ရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး စာသား တစ်ခု အဖြစ် ပေါ်ထွက်လာ၏။
‘လက်စားချေ ဝိညာဉ်...’
‘ဒါက... ဝိညာဉ်ကို ပုံသွင်းခြင်းလား...’
ဖရန်ကာ၏ နောက်တွင် ကာကွယ်ပေးနေသော မုဆိုး မိုက်မှာ အသိစိတ် ပျောက်ကွယ်တော့မည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ ယခုအခါတွင် သူသည် မိုးကြိုးပစ်ခံရသကဲ့သို့ ချွေးစေးများ ပျံနေပြီး သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်ခံနေရသည့် နာကျင်မှုကို ခံစားနေရသည်။
ရှေ့မှ ရီလီး စာသားများသည် မိစ္ဆာနတ်ဘုရား၏ တိုးတိုးရေရွတ်သံများ ဖြစ်ခဲ့လျှင် 'လက်စားချေ ဝိညာဉ်' မှာမူ ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်သည့် နာကျင်မှုမျိုး ဖြစ်သည်။
အစောပိုင်းက ဖရန်ကာ တိုက်ခိုက်ခံရစဉ်တွင် မိုက် မလှုပ်ရှားခဲ့သည်မှာ သူ မလှုပ်ရှားလို၍ မဟုတ်ဘဲ မလှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက သူ၏ ခန္ဓာကိုယ်ကို တိုက်စားခံခဲ့ရခြင်းဖြစ်သော်လည်း ယခုမူ သူ၏ ဝိညာဉ်ကို ပြုပြင်ခံနေရခြင်း ဖြစ်သည်။
“ဂါး...”
မိုက်က အံကြိတ်၍ ဟိန်းဟောက်လိုက်သကဲ့သို့ပင် သူ၏ ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း နာကျင်မှုနှင့် စွဲလမ်းမှုတို့ ရောယှက်နေသော မျက်နှာအမူအရာများ ဖြစ်ပေါ်နေကြသည်။ ခန်းမအတွင်းရှိ အခြေအနေများမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာတော့မည့်အလား ရှိနေပြီး အချို့မှာ နားမလည်နိုင်သော စကားလုံးများကို အော်ဟစ်နေကြသည်။
ဖရန်ကာ တစ်ဦးတည်းမှလွဲ၍...။
သူမသည် မိုက်ကို စိုးရိမ်တကြီး ကြည့်နေသော်လည်း ဘာလုပ်ရမှန်းမသိဘဲ အားကိုးရာမဲ့ ဖြစ်နေရှာသည်။ သူမ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်လာပြီး ငိုပင် ငိုချင်လာတော့သည်။
‘ဘာ... ဘာတွေ ဖြစ်နေတာလဲ...’
‘ဘာလို့ ငါမြင်နေရတဲ့ စာအုပ်နာမည်က သူတို့နဲ့ ကွဲပြားနေရတာလဲ... အားလုံး ဘာဖြစ်နေကြတာလဲ...’
‘ဒါနဲ့... ဒီစာအုပ်က 'မွန်တီခရစ္စတို မြို့စားကြီး' မဟုတ်ဘူးလား... တစ်ယောက်ယောက်များ ပြောပြပေးနိုင်မလား...’
...
ဖရန်ကာမှာ စိတ်ထဲတွင် အတော်ပင် ဗျာများနေရသည်။ ဤလေလံပွဲ၏ အခြေအနေကို သူမ လုံးဝ နားမလည်နိုင်တော့ချေ။ စာအုပ်တိုင်းမှာ သူမ မြင်နေရသည့် အမည်များနှင့် တခြားစီ ဖြစ်နေသဖြင့် ဘယ်အရာက အစစ်၊ ဘယ်အရာက အတုဆိုသည်ကိုပင် ခွဲခြားမရတော့။ သူမအနေဖြင့်လည်း တစ်စုံတစ်ရာ ထုတ်မပြောဝံ့သော်လည်း ကျန်ရှိနေသည့် လူများမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေကြပုံရသည်။
မုဆိုးမိုက်သည် ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ ညည်းတွားသံကို အံကြိတ်၍ ထုတ်ဖော်နေပြီး လူတိုင်းမှာလည်း ဝေဝေဝါးဝါး ဝေခွဲမရသည့် အခြေအနေသို့ ကျရောက်နေကြသည်။ ကျိပိုတုန်က 'လက်စားချေ ဝိညာဉ်' ကို ထုတ်ယူလိုက်သောအခါ ထိုကြီးမားလှသော စွမ်းအားက လူတိုင်း၏ အသိစိတ်ကို ထပ်မံရိုက်ခတ်သွားပြန်ရာ သာမန်လူများပင်လျှင် မိမိတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်အကြား အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်ကို ရှင်းလင်းစွာ ခံစားနေရသည်။
ကျိပိုတုန်၏ နှုတ်ခမ်းထက်တွင်မူ အပြုံးတစ်ခု ရှိနေ၏။ သူ၏ ရှေ့မှောက်တွင် ဖြစ်ပေါ်နေသော အခြေအနေများမှာ သူ ကြိုတင်မှန်းဆထားသည့်အတိုင်းပင် ဖြစ်သည်။
‘စီကူး မိသားစု၊ ပါလာချီ မိသားစု၊ အင်ဒရူး မိသားစု၊ လူဝစ်ဂ် မိသားစု၊ ဟန်နို မိသားစု၊ စတူးဝပ် မိသားစု...’
ကျိပိုတုန်သည် တစ်စုံတစ်ခုကို ရေတွက်နေသကဲ့သို့ စိတ်ထဲမှ ရေရွတ်နေမိသည်။ ဗဟိုခရိုင်ရှိ တော်ဝင်မျိုးနွယ်စုများ၏ သုံးပုံနှစ်ပုံမှာ ဤနေရာတွင် စုဝေးနေကြပြီ ဖြစ်သည်။
ဩဇာအာဏာကြီးမားလှသော တော်ဝင်မျိုးနွယ်စုကြီးများ ဤသို့သော နေ့မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူ ထင်ထားပါ့မည်နည်း။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူတို့သည် ရိုးလ် သယံဇာတသို့ လာရောက်၍ သူ့ကို ခွေးတစ်ကောင်လို ခိုင်းစေခဲ့ကြဖူးသည်။ ယခုမူ သူတို့သည် မုဆိုး၏ ထောင်ချောက်ထဲသို့ ကျရောက်နေသော သားကောင်များကဲ့သို့ ဖြစ်နေသည်ကိုပင် သူတို့ကိုယ်တိုင် မသိရှိကြသေးပေ။
‘ငါတို့ ကျိမိသားစုအပေါ် ဖိနှိပ်ခဲ့တာတွေနဲ့ ဆင်းရဲသား သာမန်ပြည်သူတွေအပေါ် ခေါင်းပုံဖြတ်ခဲ့တဲ့အတွက် မင်းတို့အားလုံး အဖိုးအခ ပေးရတော့မယ်...’
‘ငါ မင်းတို့အားလုံးကို အမြစ်ပြတ် သတ်ပစ်မယ်...’
‘ဒါဟာ ငါ ကျိပိုတုန် တစ်သက်လုံး စောင့်ဆိုင်းခဲ့ရတဲ့ နေ့ပဲ...’
သူသည် စိတ်လှုပ်ရှားမှုကြောင့် လေလံတူကို တင်းတင်းဆုပ်ကိုင်ထားမိရာ ဝမ်းမြောက်မှုမှာ သူ့ကို လွှမ်းမိုးလုနီးပါး ဖြစ်နေခဲ့လေသည်။
"အဖေ... အဖေ.."
ကျိပိုတုန်သည် စင်နောက်ကွယ်မှ ကျိကျစ်ရှို့၏ ခေါ်သံကို ရုတ်တရက် ကြားလိုက်ရ၏။ သူ ချက်ချင်းပင် လှည့်ကြည့်လိုက်သောအခါ မိမိကိုယ်မိမိ စင်ပေါ်တွင် အတော်ကြာအောင် ငေးငိုင်နေမိသည်ကို သတိပြုမိတော့သည်။
ထိုသို့ သတိဝင်လာချိန်တွင် သူ အတော်ပင် ထိတ်လန့်သွားရ၏။ 'လက်စားချေ ဝိညာဉ်' စာအုပ်ကို ပြန်ကြည့်လိုက်သောအခါမှ သူကိုယ်တိုင်ပင်လျှင် ထိုစာအုပ်၏ မှော်ဝင်စားခြင်းကို ခံလိုက်ရသည်ကို သိရှိသွားသည်။
ကျောပြင်မှ ချွေးစေးများ ပျံတက်လာပြီး မစ္စတာလင် ပေးအပ်ထားသော 'ဟင်းလင်းပြင်လက်ဝါး' ကျမ်းစာ၏ အနှစ်သာရကို စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ရသည်။
"အဖေ..."
ကျိကျစ်ရှို့က ထပ်မံခေါ်လိုက်သဖြင့် တစ်စုံတစ်ဦးက နံပါတ်ပြား မြှောက်ထားသည်ကို သတိပေးနေခြင်းဖြစ်ကြောင်း ကျိပိုတုန် နားလည်လိုက်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ကျိပိုတုန်သည် 'လက်စားချေ ဝိညာဉ်' ၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်သွားခဲ့သဖြင့် ဤစာအုပ်မှာ မည်သူ့လက်သို့ ရောက်ရှိသွားမည်နည်းဟု မတွေးဘဲ မနေနိုင်ပေ။
ကျိပိုတုန်သည် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ခန်းမအတွင်း၌ တည်ငြိမ်မှု ရှိနေသည့် တစ်ဦးတည်းသော လူငယ်လေးကို မော့ကြည့်လိုက်သည်။ ထိုသူမှာ နံပါတ်ပြား မြှောက်ထားသည့် အညိုရောင်ဆံပင်နှင့် ပါးပြင်ပေါ်တွင် မှဲ့ခြောက်ကလေးများ ရှိနေသည့် ကောင်လေးတစ်ဦး ဖြစ်သည်။
‘သူက... ကတ်တယာ မိသားစုရဲ့ အဆက်အနွယ် မဟုတ်လား...’
ကျိပိုတုန် အတွေးထဲ နစ်ဝင်သွားမိသည်။ ကတ်တယာ မိသားစု ရှိစဉ်အခါက သူ၏ သမီးဖြစ်သူမှာ စကားပြောပင် ကောင်းကောင်း မတတ်သေးသည့် အရွယ် ဖြစ်သည်။
ကျိပိုတုန်ကိုယ်တိုင်ပင်လျှင် ထိုမိသားစုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မသိရှိပေ။ အကြောင်းမှာ ထိုစဉ်က သူသည် ရိုးလ် သယံဇာတ၏ အာဏာအားလုံးကို အပြည့်အဝ ဆက်ခံရရှိခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
သူ သိထားသည့် တစ်ခုတည်းသော အချက်မှာ ကတ်တယာ မိသားစုသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ နော်ဇင်မြို့၏ အထက်တန်းလွှာများအကြားတွင် နာမည်ကျော်ကြားခဲ့သော ထိပ်တန်း မိသားစု ဆယ်စုထဲမှ တစ်ခုဖြစ်သည့် ထိုမိသားစုမှာ အခြားသော မိသားစုများနှင့် မတည့်သောကြောင့် အမြစ်ပြတ် ချေမှုန်းခံခဲ့ရခြင်း ဖြစ်၏။
‘ဟားဟား... ကောင်းလိုက်တာ... ဒီစာအုပ်နဲ့ ဒီလူ... တကယ့်ကို ကောင်းမွန်တဲ့ ပြကွက်တစ်ခု ဖြစ်လာတော့မှာပဲ...’
ကျိပိုတုန်က စိတ်ထဲမှ ကြွေးကြော်လိုက်သည်။ ပျက်သုဉ်းသွားသော မိသားစုတစ်ခုမှ လက်စားချေမည့်သူ၏ လက်တွင် သေဆုံးရခြင်းထက် ပိုမိုကောင်းမွန်သော သေဆုံးခြင်းမျိုး မရှိနိုင်တော့ပေ။
"လူငယ်လေး... ဒါ မင်းရဲ့ ရွေးချယ်မှုလား"
***
အပိုင်း(၄၇၂)
"လူငယ်လေး... ဒါ မင်းရဲ့ ရွေးချယ်မှုလား"
ကျိပိုတုန်က ကျေနပ်စွာ မေးလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်..."
တွမ်ကတ်တယာက တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။ သူသည် ပျက်သုဉ်းသွားသော မိသားစု၏ နောက်ဆုံးသော အဆက်အနွယ် ဖြစ်ပြီး လက်စားချေရန် မျှော်လင့်ချက် မရှိတော့ဟု လက်ခံထားပြီးသူ ဖြစ်သည်။ သူသည် ဤဖိတ်စာကို မတော်တဆ ရရှိခဲ့ခြင်းဖြစ်ပြီး ထူးဆန်းစွာပင် ဤလေလံပွဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုစာအုပ်ကို မြင်လိုက်ရသည့် ခဏ၌ပင် အတိုင်းအဆမရှိသော စွမ်းအားများက သူ၏ ဝိညာဉ်အတွင်းသို့ ပြည့်နှက်သွားခဲ့သည်။ သူ၏ ဝိညာဉ်မှာ ဆူညံစွာ ကြွေးကြော်နေကြ၏။ ဤသည်မှာ သူ၏ နောက်ဆုံးသော တောက်လောင်နေသည့် မျှော်လင့်ချက်နှင့် တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်သည်။
အခွင့်အရေးဟူသည် ခဏတာမျှသာ ဖြစ်သဖြင့် သူ ဆုပ်ကိုင်ထားရန် လိုအပ်သည်။ သူသည် ဖျာလိပ်စရာ မရှိအောင် ဆင်းရဲနေသော်လည်း သူ့ကို ဤလေလံပွဲသို့ လမ်းညွှန်လာသည့်၊ နံပါတ်ပြားကို မြှောက်ခိုင်းခဲ့သည့် ထူးဆန်းသော စွမ်းအားကပင် သူ့ကို ဆက်လက် တွန်းအားပေးနေသည်။
"ရပါတယ်..."
ကျိပိုတုန်က မစ္စတာလင် ထားလေ့ရှိသော ကျွမ်းကျင်ပိုင်နိုင်သည့် အမူအရာမျိုးဖြင့် ပြုံးပြလိုက်သည်။
"မင်းမှာ လေလံဆွဲဝံ့တဲ့ သတ္တိရှိသရွေ့... ဒီစာအုပ်ရဲ့ အရှင်သခင်ကို ပြန်လည် ပေးဆပ်ဖို့အတွက် မင်း အချိန် ဘယ်လောက်ယူယူ ရပါတယ်"
"ကျေးဇူးတင်ပါတယ် မစ္စတာကျိပိုတုန်..."
တွမ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသံများပင် တုန်ရီနေသည်။
"တကယ်ကို ကျေးဇူးတင်ပါတယ်"
တွမ်သည် သူ့ထံသို့ ယူဆောင်လာသော စာအုပ်ကို ဖြည်းညင်းစွာ လှမ်းယူလိုက်ပြီး စာအုပ်၏ မည်းနက်သော အဖုံးပေါ်တွင် တောက်လောင်နေသည့် မီးလျှံများကို အံ့သြတကြီး စိုက်ကြည့်နေမိသည်။
'မွန်တီခရစ္စတို မြို့စားကြီး... ဟား၊ ပျင်းစရာကောင်းလိုက်တဲ့ နာမည်... ဒီလို တော်ဝင်မျိုးနွယ်တွေရဲ့ ဘဝအကြောင်း ရေးထားတဲ့ စာအုပ်တွေက နေရာတိုင်းမှာ ရှိနေတာပဲ... ဘာလို့ လူတွေအားလုံးက ဒီလို ဇာတ်လမ်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးသလိုမျိုး စိတ်လှုပ်ရှားနေကြတာလဲ မသိဘူး...’
ဖရန်ကာလေးသည် တစ်ဖက်သို့ လှည့်ကြည့်ရင်း အတွေးထဲ နစ်ဝင်သွားပြန်သည်။
‘ငါ လိုချင်တဲ့ ဟင်းချက်နည်းစာအုပ်ကိုရော ဘယ်တော့မှ ရမှာလဲ...’
သို့သော် အမှန်စင်စစ် ဖရန်ကာ ကြာရှည်စွာ စောင့်ဆိုင်းစရာ မလိုခဲ့ပေ။ ကျိပိုတုန်သည် လေလံပွဲ၏ တတိယမြောက် စာအုပ်ကို ထုတ်ဖော်ပြသလိုက်လေပြီ။
ယခုတစ်ကြိမ်တွင်မူ ပတ္တမြားများဖြင့် ချိပ်ပိတ်ထားသော ထူးခြားလှပသည့် စန္ဒကူးနံ့သာ သေတ္တာတစ်လုံး ဖြစ်သည်။ မြရတနာက 'စိတ်' ကို ကိုယ်စားပြု၍ ခရမ်းရောင်ကျောက်က 'ဝိညာဉ်' ကို ကိုယ်စားပြုခဲ့ရာ ယခု ပတ္တမြားမှာမူ 'အသွေးအသား' ကို ကိုယ်စားပြုပေသည်။
ယခုအချိန်တွင် တက်ရောက်လာသူ ပရိသတ်အားလုံးမှာ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အကန့်အသတ်သို့ ရောက်ရှိနေကြပြီဖြစ်ရာ အချိန်မရွေး ပြိုလဲသွားနိုင်သော အခြေအနေတွင် ရှိနေကြသည်။ ဤစာအုပ်မှာမူ နောက်ဆုံးနှင့် အပြင်းထန်ဆုံးသော ရိုက်ခတ်မှုပင် ဖြစ်ပေလိမ့်မည်။
စင်နောက်ကွယ်မှ ကျိကျစ်ရှို့သည်ပင်လျှင် အသွေးအသားများ၏ ပွဲတော်တစ်ခုသဖွယ် ဖြစ်နေသော ဤစာအုပ်၏ စွမ်းအားကို ခံနိုင်ရည်ရှိရန် ခဲယဉ်းလိမ့်မည်ကို သိရှိထားသည်။
ကျိပိုတုန်သည် သစ်သားသေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ 'လက်စားချေ ဝိညာဉ်' က သူ့ကို အနည်းငယ် သက်ရောက်မှု ရှိခဲ့သော်လည်း နောက်ထပ် စာအုပ်မှာမူ ထိုသို့ ဖြစ်နိုင်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖတ်ရှုသူကို မစ္စတာလင်၏ ယုံကြည်သူအဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲပစ်နိုင်သောကြောင့် ဖြစ်၏။
သို့သော် ကျိပိုတုန်မှာမူ မစ္စတာလင်၏ ယုံကြည်သူ ဖြစ်နေခဲ့သည်မှာ ကြာပြီ မဟုတ်ပါလား။
ဤကဲ့သို့သော အရာများနှင့် ထိတွေ့ရလေလေ၊ မစ္စတာလင်ကဲ့သို့သော မဟာနတ်ဘုရား တည်ရှိမှုအပေါ် သူ ပိုမို၍ ယုံကြည်လာလေလေ ဖြစ်ပေသည်။
စာအုပ်ကို ထုတ်ပြလိုက်သည့်အခါ ခန်းမတစ်ခုလုံးမှာ အသွေးအရောင်များဖြင့် လွှမ်းမိုးသွားသယောင် ထင်မှတ်ရလေ၏။
စာအုပ်၏ အမည်မှာ ‘သွေးယစ်ပူဇော်ခြင်း’ ပင် ဖြစ်သည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေသော အီသာ စွမ်းအားများက အရာအားလုံးကို ပရမ်းပတာ ဖြစ်စေခဲ့ပြီး လူတိုင်း၏ စိတ်ထဲတွင် ထူးဆန်းသော အသိစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
စားပွဲနှင့် ကုလားထိုင်များမှာ 'အသည်း' များအဖြစ် ပြောင်းလဲသွားပြီး နံရံများမှာလည်း အဆီများဖြင့် ပြည့်နှက်နေသော 'အသားစ' များ ဖြစ်သွားကြသည်။ ကြမ်းပြင်မှာ 'အစာအိမ်ရည်' များ ပြည့်နေသော ရေကန်ကြီးတစ်ခု ဖြစ်သွားကာ မျက်နှာကြက်ပေါ်မှ မီးဆိုင်းများမှာ 'မျက်လုံး' အစုံများအဖြစ် ပြောင်းလဲသွားသည်။ မျက်နှာကြက် ယက်မများမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသော 'အူမကြီး' များ ဖြစ်သွားကြပြီး ဝါယာကြိုးများမှာမူ 'သွေးကြော' များအဖြစ် ပြောင်းလဲသွားကာ စာအုပ်မှာမူ...
၎င်းသည် စာအုပ်တစ်အုပ် မဟုတ်တော့ဘဲ အခြားသော အသားစများနှင့် သွေးကြောပေါင်းများစွာဖြင့် ဆက်နွှယ်နေသည့် ခုန်လှုပ်နေသော 'နှလုံးသား' ကြီးတစ်ခု ဖြစ်နေလေပြီ။
အချို့လူများမှာ ကျေနပ်အားရစွာ သက်ပြင်းချနေကြပြီး အချို့မှာမူ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။ ခန်းမတစ်ခုလုံးမှာ ခဏချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ အချို့သော လူများမှာမူ ထိုနေရာမှာတင် ခန္ဓာကိုယ်များ ဗီဇပြောင်းလဲသွားကာ ပျက်စီးသွားကြတော့သည်။
ထိုစဉ် ဖရန်ကာ တစ်ဦးတည်းသာ လက်ကို အမြင့်သို့ မြှောက်လိုက်၏။
"အဲဒီစာအုပ်ကို ကျွန်မ လိုချင်တယ်..."
ဖရန်ကာက တခြားသူများ ဦးသွားမည်ကို စိုးရိမ်သကဲ့သို့ အကျယ်ကြီး အော်ပြောလိုက်သည်။
‘ငါ ဒါကို လိုချင်တယ်... ဘယ်လောက်ပဲ ပေးရပေးရ... ဒီဟင်းချက်နည်း စာအုပ်ကို ငါယူမယ်’
ယခုတစ်ကြိမ်တွင် ဖရန်ကာသည် စာအုပ်ပေါ်တွင် '၃၆၅ ရက်စာ အစုံအလင် ရောင်စုံမိတ္တူ’ ဟု ရေးထားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုအရာက တကယ်ကို အံ့ဩစရာ ကောင်းပေသည်။ အမှတ်တရ သိမ်းဆည်းထားဖို့အတွက် ဝယ်ယူလျှင်တောင် သူမအနေဖြင့် လုံးဝ အရှုံးမရှိနိုင်ချေ။ နော်ဇင်မြို့တွင် ထိုကဲ့သို့ စာအုပ်မျိုး တစ်ခါမှ မရှိဖူးချေ။
"မင်း... ဒါကို လိုချင်တာလား"
ကျိပိုတုန်က အံ့သြတကြီး မေးလိုက်၏။
"ဟုတ်ကဲ့"
ဖရန်ကာက ပြုံးရင်း ပြောလိုက်သည်။
"ဘယ်လောက်ပဲ ပေးရပေးရ ကျွန်မ ယူမယ်"
“...”
ကျိပိုတုန် သူ့ကို သိသည်။ ကျော်ကြားလှသော အထက်လမ်း မှော်ဆရာမျိုးနွယ်စု ကာတစ်မိသားစု၏ တစ်ဦးတည်းသော အမွေခံ။ သို့သော် သူမကို လူတိုင်း သိထားကြသည်မှာ... 'အသုံးမကျသူ' တစ်ဦး အဖြစ်သာ ဖြစ်သည်။
‘သွေးယဇ်ပူဇော်ခြင်း' စာအုပ်မှာ မစ္စတာလင် ပေးအပ်ထားသော စာအုပ်ငါးအုပ်ထဲတွင် ဒုတိယမြောက် အကြောက်မက်ဖွယ် အကောင်းဆုံးနှင့် အစွမ်းထက်ဆုံး စာအုပ်ဟု ဆိုနိုင်သည်။
‘ဖရန်ကာ... မဖြစ်နိုင်တာ... ဟုတ်တယ်မလား... ဒါပေမဲ့ တခြား ဘယ်သူမှလည်း လက်မမြှောက်ကြဘူး... စာအုပ်က သူ့ကို ရွေးချယ်လိုက်တာလား...’
"ကောင်းပြီ... ဒီစာအုပ်က မင်းအတွက်ပဲ..."
ကျိပိုတုန်မှာ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သော်လည်း စာအုပ်၏ အလိုဆန္ဒအတိုင်းသာ ဆောင်ရွက်လိုက်ရတော့သည်။
ဖရန်ကာမှာ စာအုပ်ကို ယူရန်အတွက် ဝမ်းသာအားရနှင့် ခုန်ဆွခုန်ဆွ လျှောက်သွားသည်။ ဤကဲ့သို့ ခုန်ဆွခုန်ဆွ သွားတတ်သည့် အမူအရာမှာ ဖရန်ကာကို ငယ်စဉ်ကတည်းက မြင်ဖူးသည့် တော်ဝင်များအတွက်တော့ ရင်းနှီးနေသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ အားလုံး၏ အမြင်တွင် ဤအဖြူရောင် ဂါဝန်နှင့် မိန်းကလေးမှာ အသွေးအသားများပေါ်တွင် ခုန်ပေါက်ကခုန်နေသည့် လှပသော 'သေမင်း' တစ်ဦးနှင့် တူနေတော့သည်။
သူမသည် ခုန်လှုပ်နေသော ထိုနှလုံးသားကြီးကို ယူ၍ သူမ၏ ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်လိုက်သည်။ ထို့နောက် သူမ အနှစ်သက်ဆုံး ဝက်ဝံရုပ်လေးကို ဖက်ထားသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ ကျေနပ်အားရစွာ ပြုံးလိုက်လေတော့သည်။
***