အခန်း (၄၇၃-၄၇၄)
Vol. 34 Ch. 473-474
အပိုင်း(၄၇၃)
ဖရန်ကာသည် ဤလေလံပွဲသို့ တက်ရောက်ရသည့် ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်၍ သူမ၏ ခုံနေရာသို့ ခုန်ပေါက်မြူးထူးကာ ပြန်လာခဲ့သည်။
"သွားကြစို့ မိုက်..."
ဖရန်ကာက ကျေနပ်အားရသော အပြုံးဖြင့် ပြောလိုက်သည်။
“...”
ကျိပိုတုန်သည် ထွက်ခွာသွားသော ဖရန်ကာကို ကြည့်ရင်း အတွေးနက်နေမိ၏။ ဖရန်ကာမှာ ရူးသွပ်နေသလား သို့မဟုတ် တည်ငြိမ်နေသလား ဆိုသည်ကို သူ ခဏတာမျှ ခွဲခြားမရနိုင်အောင် ဖြစ်ခဲ့ရသည်။ ထို့နောက် သူသည် အခြားသော ဧည့်သည်များဘက်သို့ လှည့်ကြည့်လိုက်၏။
မစ္စတာလင် ရွေးချယ်ပေးထားသော အစီအစဉ်မှာ အတွေးအခေါ်၊ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် နောက်ဆုံးတွင် ကံကြမ္မာ... ဟူ၍ ဖြစ်သည်။ ရွေးချယ်ခြင်း မခံရသေးသော ပရိသတ်အများစုမှာမူ ၎င်းတို့၏ အတွေးအာရုံများကို ထိန်းချုပ်ခံထားရပြီး ဝိညာဉ်များမှာလည်း ချည်နှောင်ခြင်း ခံထားရလေပြီ။ ဤအချိန်တွင် သူတို့၏ ခြေလက်အင်္ဂါများနှင့် ခန္ဓာကိုယ်များသည် အရည်ပျော်ကျခြင်း သို့မဟုတ် ပြန်လည် ပေါင်းစပ်ခြင်းများ စတင်နေပြီ ဖြစ်သည်။
သို့သော်လည်း ဖရန်ကာမှာမူ ဘာမှမဖြစ်ဘဲ လုံးဝ ပုံမှန်အတိုင်း ရှိနေဆဲပင်။
‘သူက သွေးယဇ်ပူဇော်ခြင်း စာအုပ်ကို ယူဆောင်သွားနိုင်တယ် ဆိုတော့ ဒီစာအုပ်ရဲ့ ပိုင်ရှင်အစစ်အမှန် ဖြစ်နေလို့ပဲနေမှာ...’
ကျိပိုတုန် တွေးတောနေမိသည်။
‘ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို ရင်ဆိုင်နေရတာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာကပဲ သူ့ရဲ့ အရည်အချင်း ဖြစ်လိမ့်မယ်... ဒီလိုလူမျိုးကမှ မိမိနဲ့ အမျိုးအနွယ်တူသူတွေကို နတ်ဘုရားထံ အေးအေးဆေးဆေး ပူဇော်ဆက်သနိုင်မှာပေါ့...’
"မိုက်... လာလေ..."
ဖရန်ကာက လှည့်ကြည့်ပြီး သူမအား စေခိုင်းသူကို ထပ်မံခေါ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မ..."
မိုက်မှာ ဝိညာဉ်ကို စုပ်ထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူသည် ဖရန်ကာကို ငေးကြည့်ရင်း နောက်မှ လိုက်ပါသွား၏။ သွေးယဇ်ပူဇော်ခြင်း စာအုပ်ကို လိုချင်တပ်မက်သောစိတ်ကြောင့် လိုက်သွားခြင်းလား၊ အခြားကြောင့်လား ဆိုသည်ကိုမူ သူကိုယ်တိုင်ပင် မသိတော့ချေ။
ကျိပိုတုန်သည် ဇဝေဇဝါ ဖြစ်နေသော်လည်း ချက်ချင်းပင် သဘောပေါက် နားလည်သွားသည်။ မည်သို့ပင်ဆိုစေ စာအုပ်က ၎င်း၏ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီးပြီ ဖြစ်ရာ ဤသည်မှာ အကောင်းဆုံး ရလဒ်ပင် ဖြစ်ပေတော့မည်။
"ကျွန်တော်တို့ ဆက်လိုက်ကြရအောင်..."
ကျိပိုတုန်သည် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး ရှေ့မှ ပရိသတ်များကို ပြုံးပြလိုက်သည်။
ကံကြမ္မာ စာအုပ် ဟု အမည်ရသော အခြားစာအုပ်တစ်အုပ်ကို တင်ဆက်တော့မည်ဟု ကြားလိုက်ရသောအခါ၊ ဖရန်ကာမှာ ပြန်တော့မည့်ဆဲဆဲမှာပင် တစ်ချက် လှည့်ကြည့်မိသွားသည်။ ပရိသတ်များကြားတွင် တိုးတိုးတိတ်တိတ် စကားသံများ ထွက်ပေါ်လာစေသည့် ဤစာအုပ်အပေါ် သူမ စိတ်ဝင်စားသွားခြင်း ဖြစ်၏။
သူမ ရပ်တန့်ကာ စာအုပ်ကို ပြန်ကြည့်လိုက်ရာ စာအုပ်၏ အမည်မှာ ‘မင်းပုန်းတောင် သိုင်းသမား’ ဟု ရေးသားထားသည်ကို မြင်လိုက်ရသည်။
သို့သော် ဤသည်မှာ အဘယ်ကြောင့် ဖြစ်ရသည်ကို သူမ ဆက်လက် နားလည်ရန် မကြိုးစားတော့ပေ။ သူမသည်သာ ညံ့ဖျင်းလွန်း၍ ဖြစ်မည်ဟု တွေးမိသည်။ ဖရန်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသဖြင့် လက်ထဲမှ စာအုပ်ကို တင်းတင်းကြပ်ကြပ် ပိုက်ကာ ထွက်ခွာလာခဲ့တော့သည်။
‘ဟူး... ဒီစာအုပ်တွေက ငါတို့လို လူအတွေပဲ နားမလည်နိုင်တဲ့ စာအုပ်တွေ ဖြစ်မှာပါ...’
မိမိကိုယ်မိမိ လူအတစ်ယောက် ဖြစ်နိုင်သည်ဟူသော အချက်ကို ဖရန်ကာ လက်ခံလိုက်ရသည်။ ဤလေလံပွဲသည် သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
သူမသည် အဆင့်အတန်း သိပ်မမြင့်လှသော်လည်း သဘာဝလွန် ပုဂ္ဂိုလ်များ၏ လေလံပွဲများကို အမြဲ တက်ရောက်လေ့ရှိသူ ဖြစ်သည်။ သဘာဝလွန် ပုဂ္ဂိုလ်များဆိုသည်မှာ သာမန်လူများနှင့် အမြဲတမ်း ကွဲပြားခြားနားပြီး ရူးသွပ်မှု၏ အစွန်းတစ်ဖက်တွင် နေ့စဉ် ဝဲလည်နေကြရသည့် သနားစရာ သတ္တဝါများသာ ဖြစ်ကြသည်။
သို့သော်ငြားလည်း ဖရန်ကာသည် ယခုပွဲကဲ့သို့ အသက်ရှူကျပ်စရာ ကောင်းသော လေလံပွဲမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
...
ကျိပိုတုန်သည် ရှေ့မှ ပရိသတ်များကို တည်ငြိမ်စွာ ကြည့်နေ၏။ သူသည် စာအုပ် လေးအုပ်ကို ဆက်တိုက် ဖတ်ကြားပြီးဖြစ်၍ ပရိသတ်ထဲမှ အားနည်းသော သဘာဝလွန် ပုဂ္ဂိုလ်များ၏ ခြေလက်အင်္ဂါများမှာ စတင်ကာ ပေါင်းစည်း နေကြပြီ ဖြစ်သည်။
'အမှန်တရား အသင်းတော်' ၏ ကိုယ်စားလှယ်၊ 'ကက်တရာ' မိသားစုမှ ဆင်းသက်လာသူနှင့် 'ကံကြမ္မာ စာအုပ်’ ၏ ရွေးချယ်မှုကို ခံရသော 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' အဖွဲ့ဝင်တို့သာ ဘေးကင်းကြသည်။
ယခုအခါတွင်မူ အငမ်းမရ ဖတ်ရှုနေကြသူများကြား၌ ကျန်ရှိနေသူများမှာ အမှိုက်သရိုက်များသာ ဖြစ်တော့သည်။
သို့သော်လည်း ဤအမှိုက်သရိုက်များကပင် 'နော်ဇင်' မြို့၏ အထက်တန်းလွှာ တစ်ခုလုံး ဖြစ်နေသည်မှာ အတော်ပင် သရော်စာ ဆန်လှပေသည်။ ခေတ္တမျှအတွင်းမှာပင် သူတို့၏ အတွေးအခေါ်၊ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် ကံကြမ္မာ... အားလုံးတို့သည် မစ္စတာလင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့လေပြီ။
ကျိပိုတုန်သည် လှည့်ကြည့်လိုက်ရာ ကျိကျစ်ရှို့ နှင့် အကြည့်ချင်း ဆုံသွား၏။ သမီးဖြစ်သူက ချက်ချင်းပင် နားလည်လိုက်ပြီး နောက်ထပ် စာအုပ်တစ်အုပ် ထည့်ထားသော သေတ္တာကို စင်ပေါ်သို့ ယူဆောင်လာခဲ့သည်။
"နောက်ထပ် တင်ဆက်မှာကတော့ မစ္စတာလင် ကိုယ်တိုင် ရေးသားထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်..."
ဤအချိန်တွင် ကျိပိုတုန်၏ လှုပ်ရှားမှုတိုင်းသည် ပရိသတ်များကြား၌ သောင်းသောင်းဖျဖျ အော်ဟစ်သံများနှင့် ညည်းညူသံများကို ဖြစ်ပေါ်စေသည်။ ဝန်းကျင် တစ်ခွင်လုံးတွင် ထူးခြားဆန်းပြားသော အစွန်းရောက် ဝါဒတို့ လွှမ်းခြုံသွားတော့သည်။
မဟူရာ သေတ္တာ၏ အပေါ်တွင် အနက်ရောင် ကျောက်မျက်ရတနာ ကို စီခြယ်ထားသည်။ လုံးဝ နက်မှောင်နေသော ထိုကျောက်မျက်ပေါ်တွင် ခရုပတ်ပုံစံ အစင်းကြောင်းများ ရှိနေပြီး၊ ၎င်းမှာ လေလံပွဲသို့ တက်ရောက်လာသူများကို စူးစိုက်ကြည့်နေသည့် နတ်ဘုရား၏ မျက်လုံးများအလား ထင်မှတ်ရသည်။
အတွေးအာရုံများ ရှုပ်ထွေးကာ၊ ဝိညာဉ်များ ပြိုကွဲလျက်၊ ခန္ဓာကိုယ်များ ပျက်စီးတော့မည့် အခြေအနေတွင် ကံကြမ္မာများ အပိတ်ခံထားရသော ပရိသတ်တို့သည် အဆိုပါ အနက်ရောင် သစ်သားသေတ္တာကို မြင်လိုက်ရသောအခါ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းသော ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားကြသည်။
ထိုငြိမ်သက်ခြင်းသည် မိခင်တစ်ဦးက မွေးကင်းစ ကလေးငယ်ကို ပြုစုယုယသကဲ့သို့ လူတိုင်းကို လွှမ်းခြုံ သက်ရောက်သွားစေသည်။
ကျိပိုတုန်သည် သေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ၊ တစ်စုံတစ်ဦးက လှန်လှောဖတ်ရှုလာမည့် အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ အေးချမ်းစွာ လဲလျောင်းနေသော အနက်ရောင်ဖုံး စာအုပ်ကို မြင်တွေ့လိုက်ရသည်။
ဝေဒနာများမှာ ချက်ချင်းပင် သက်သာသွားကြပြီး ပရိသတ်ထဲမှ တော်ဝင်မျိုးနွယ်များ အားလုံးသည်လည်း နောက်ဆုံး အချိန်ကျမှ ဆင်ခြင်တုံတရားများ ပြန်လည် ရရှိလာကြသည်။ သဲကန္တာရထဲတွင် လမ်းပျောက်နေစဉ် စမ်းရေတွင်းကို တွေ့လိုက်ရသကဲ့သို့ပင်။
မစ္စတာလင် ရေးသားသော ဤစာအုပ်သည် သူတို့၏ အတွေးအခေါ်၊ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် ကံကြမ္မာတို့ကို ပြန်လည် ပုံဖော်ပေးလိုက်သည့်အလား ရှိနေတော့သည်။
"ကဲ... ဒီစာအုပ်ကို လိုချင်တဲ့သူ ရှိသလား"
ကျိပိုတုန်က ဝင်းပသော အပြုံးဖြင့် မေးလိုက်သည်။ ထို့နောက် လူတိုင်းမှာ အရိုအသေပြု ဒူးထောက်လိုက်ကြပြီး ဖန်ဆင်းရှင်၏ အမည်နာမကို ရွတ်ဆို ပူဇော်လာကြသည်ကို သူ ကြည့်နေခဲ့သည်။
ကျိပိုတုန်က ပြုံးလိုက်ပြီး သမီးဖြစ်သူဘက်သို့ လှည့်လိုက်၏။
"စလို့ရပြီ... ကျစ်ရှို့"
လိုက်ကာများ နောက်ကွယ်မှ သာယာသော ရယ်မောသံလေး ထွက်ပေါ်လာပြီး၊ ကြီးမားသော... သတ္တဝါကြီးတစ်ကောင်သည် စင်နောက်ဘက်မှ တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။
ကျိကျစ်ရှို့ သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ညစ်ညမ်းသော သွေးများကို အပြည့်အဝ နှိုးဆွလိုက်ကာ နဂိုက ပြေပြစ်သော သူမ၏ ခန္ဓာကိုယ်ကို ဧရာမ ဝံပုလွေတစ်ပိုင်း ပုံသဏ္ဌာန်သို့ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။ သူမ၏ ငွေရောင် လည်ဆံမွှေးများမှာ ထောင်ထနေပြီး၊ လိမ္မော်ရောင် သားရဲမျက်လုံးများမှာမူ အေးစက်လှသည်။
ဝူး...
သူမက နားလည်ရခက်သော ဟိန်းဟောက်သံ တစ်ခုကို လွှတ်လိုက်လေ၏။ ဤအသံမှာ တောအုပ်ထဲမှ ဝံပုလွေအုပ်စု၏ ခေါင်းဆောင် ဟိန်းသံနှင့် တူသလို၊ ပျားအုံထဲမှ ပျားဘုရင်မ၏ ခေါ်သံနှင့်လည်း ဆင်တူလှသည်။ ဤအမိန့်ပေးသံ တစ်ချက်တည်းဖြင့် ဒူးထောက်နေသော ပရိသတ်အားလုံး၏ မျက်သူငယ်အိမ်များသည် ရွှေရောင်သို့ ပြောင်းလဲသွားကြတော့၏။
ထိန်းချုပ်ခြင်း...
မှန်ပေသည်။ တောရိုင်းတိရစ္ဆာန်တို့၏ နိယာမကို အသုံးပြု၍ ထိန်းချုပ်လိုက်ခြင်းပင်။
‘အစီအစဉ်က အတိုင်းထက်အလွန် အောင်မြင်သွားပြီ...’
ကျစ်ရှို့သည် အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်မိသည်။ မစ္စတာလင်၏ ပထမဦးဆုံးသော မျက်နှာသာပေးမှုကို ခံရသူများထဲမှ တစ်ဦးဖြစ်သည့်အတိုင်း၊ ကျိကျစ်ရှို့သည် သူမ၏ ညစ်ညမ်းသော သွေးများမှတစ်ဆင့် ရရှိသော အစွမ်းထက် လှုံ့ဆော်မှုနှင့် 'ရစ်သ်' မျိုးနွယ်စုကြီး၏ စိတ်ပိုင်းဆိုင်ရာ အတူယှဉ်တွဲနေထိုင်မှု ဝိသေသတို့ကို အသုံးပြုကာ၊ ထိုသူများ မစ္စတာလင်ထံတွင် ဝပ်တွားသွားသည့် အခိုက်အတန့်၌ပင် အားလုံးကို ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်။
ယခုအခါတွင် သားအဖနှစ်ဦး၏ ဗဟိုခရိုင် တစ်ခုလုံးကို ထိန်းချုပ်ရန် ရည်မှန်းချက်မှာ တစ်ဝက်တစ်ပျက် အောင်မြင်သွားခဲ့လေပြီ။
"အဖေ... အောင်ပွဲက ကျွန်မတို့လက်ထဲမှာပဲ..."
ကျိကျစ်ရှို့ ထံမှ သားရဲတစ်ကောင်၏ လည်ချောင်းသံကဲ့သို့ နက်ရှိုင်းလှိုက်မောသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ကျိပိုတုန်သည်လည်း မထိန်းနိုင်ဘဲ တဟားဟား ရယ်မောမိတော့သည်။ သူ၏ ရယ်သံမှာ ပြင်းထန်ရူးသွပ်လာပြီး လူသားပုံသဏ္ဌာန်ကိုပင် မနည်းထိန်းထားရသည့် အခြေအနေသို့ ရောက်ရှိနေ၏။
"ဟမ်..."
ပရိသတ်များကြားမှ ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခုကြောင့် ကျိပိုတုန်၏ ရယ်သံ ရပ်တန့်သွားသည်။ သူ မော့ကြည့်လိုက်ရာ ဒူးထောက်နေကြသော လူအုပ်ကြီးအလယ်တွင် တစ်ကိုယ်တည်း မတ်တပ်ရပ်နေသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။
သားအဖနှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ ထို့နောက် ကျိပိုတုန်က ခပ်ထန်ထန်ပင် မေးလိုက်၏။
"မင်းက ဘယ်သူလဲ"
ထိုသူသည် မစ္စတာလင်၏ စာအုပ်ငါးအုပ်၏ လွှမ်းမိုးမှုကို ခံထားရရုံသာမက ကျိကျစ်ရှို့၏ ညစ်ညမ်းသော သွေးစွမ်းအားဖြင့် ထိန်းချုပ်ခြင်းကိုလည်း ခံထားရသူ ဖြစ်သည်မှာ သိသာလှသည်။ သို့သော် သူသည် ဤအချိန်တွင် တစ်စုံတစ်ခုကို ပြောဆိုရန် ကြိုးစားနေပုံရသည်။
"ကျွန်တော်က... ဟမ်ဖရီ ပါ... ဗဟိုအုပ်ချုပ်ရေးအဖွဲ့ရဲ့... ကိုယ်စားလှယ်တစ်ဦးပါ"
***
အပိုင်း(၄၇၄)
"ကျွန်တော်က... ဟမ်ဖရီ ပါ... ဗဟိုအုပ်ချုပ်ရေးအဖွဲ့ရဲ့... ကိုယ်စားလှယ်တစ်ဦးပါ"
ထိန်းချုပ်ခြင်းခံထားရသော ဟမ်ဖရီက သူ၏ မျက်ဝန်းအစုံကို ဟာလာဟင်းလင်း ထားလျက် ပြန်လည် ဖြေကြားသည်။
ကျိပိုတုန် မျက်မှောင်ကြုတ်လိုက်မိ၏။ နော်ဇင်မြို့ကို အုပ်ချုပ်သူများဟု မိမိကိုယ်မိမိ သတ်မှတ်ထားကြသော ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကလည်း လူလွှတ်ထားသည်မှာ သေချာသွားပြီ ဖြစ်သည်။
"သူတော်ကောင်းယောင်ဆောင်တဲ့ ဒီအမှိုက်တွေကတော့ တကယ်ကို ရွံစရာကောင်းတာပဲ"
သူက တိုးတိုးလေး ဆဲရေးလိုက်သည်။
"မင်း ဘာပြောချင်တာလဲ"
ကျိကျစ်ရှို့က ထိုသူကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိအလိုအလျောက် စကားပြောနိုင်ခြင်းမှာ ထူးခြားမှုများထဲမှ အထူးခြားဆုံးပင် ဖြစ်သည်။
"ကျွန်တော်... အဲဒီစာအုပ်ကို လိုချင်တယ်"
"ဟမ်..."
ကျိကျစ်ရှို့နှင့် ကျိပိုတုန်တို့ နှစ်ဦးစလုံး အံ့အားသင့်တကြီး ရေရွတ်လိုက်မိကြသည်။ မစ္စတာလင် ပေးအပ်ထားသော စာအုပ်ငါးအုပ်အနက် ဤအနက်ရောင် စာအုပ်မှာ အရေးအကြီးဆုံး ဖြစ်သည်မှာ ထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မစ္စတာလင် ကိုယ်တိုင် ရေးသားထားသော စာအုပ်ဖြစ်သောကြောင့်ပင်။ လေလံပွဲတွင် ဤစာအုပ်ကို မည်သူမျှ ရရှိနိုင်မည်မဟုတ်ဟု သားအဖနှစ်ဦးလုံးက ယူဆထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ နောက်ဆုံးစာအုပ်မှာ ပိုင်ရှင်ကို တွေ့ရှိသွားပုံရလေပြီ။
အမှန်စင်စစ် ကျိပိုတုန်တွင် အတ္တအနည်းငယ် ရှိနေခဲ့သည်။ ဤစာအုပ်ကို ယူမည့်သူ မရှိဘဲ သူတို့သားအဖနှစ်ဦးသာ ပိုင်ဆိုင်လိုသည့် ဆန္ဒ ရှိနေခဲ့ခြင်းဖြစ်သည်။
သို့သော် မစ္စတာလင်က ဤစာအုပ်ကို ဗဟိုအုပ်ချုပ်ရေးအဖွဲ့ထံ အမှန်တကယ် ပေးအပ်လိုခြင်းလော။ အဘယ်ကြောင့်နည်း။ ပိုမိုနက်ရှိုင်းသော အကြောင်းပြချက်များ ရှိနေ၍လော။
သူတို့သည် ဤကိုယ်စားလှယ်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း သူက စာအုပ်ကို ယူဆောင်သွားတော့မည် ဖြစ်သည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု နည်းပညာကို ဗဟိုအုပ်ချုပ်ရေးအဖွဲ့က ရိပ်မိပြီး ဖျက်ဆီးပစ်နိုင်မလား ဆိုသည်ကိုလည်း ကျိကျစ်ရှို့ မသေချာတော့ချေ။
ကျိပိုတုန်မှာ အဖြေရှာမရ ဖြစ်နေသော်လည်း ငြင်းပယ်ရန်ကား မဖြစ်နိုင်ပေ။
"ကောင်းပြီ... ဒါဆိုရင် ဒီစာအုပ်က မင်းအပိုင်ပဲ"
ကျိကျစ်ရှို့က တည်ငြိမ်စွာ ပြောလိုက်သည်။
ဤသည်မှာ မစ္စတာလင်၏ အလိုဆန္ဒပင် ဖြစ်သည်။ ရန်သူ့လက်ထဲသို့ စာအုပ်ကို ထိုးအပ်ရမည် ဖြစ်သော်လည်း သူမအနေဖြင့် မစ္စတာလင်ကို မည်သည့်အခါမျှ အာခံမည်မဟုတ်ပေ။
ထိုစကားကို ကြားသည်နှင့် ဟမ်ဖရီသည် စင်ပေါ်သို့ လျှောက်လှမ်းလာကာ စာအုပ်ကို ယူလိုက်သည်။ ထို့နောက် ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများဖြင့်ပင် သေတ္တာနက်ကို ကိုင်ဆောင်ကာ သူ၏ ခုံနေရာသို့ ရိုရိုသေသေ ပြန်သွားလေတော့သည်။
စိတ်မပါသော်လည်း မစ္စတာလင်နှင့် စာအုပ်ကိုယ်တိုင်က ရွေးချယ်မှု ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း ကျိပိုတုန် လက်ခံလိုက်ရသည်။ အနည်းဆုံးတော့ သူတို့၏ အစီအစဉ်က အောင်မြင်ခဲ့သည် မဟုတ်ပါလား။
"လူကြီးမင်းတို့... ဒီလေလံပွဲကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... လူတိုင်း တစ်ခုခုတော့ ရရှိသွားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
ကျိပိုတုန်က ပြောလိုက်သည်။ သူ၏ ရှေ့တွင် ဒူးထောက်နေသူများမှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း မရှိကြတော့သော်လည်း သူကတော့ ပြောဖြစ်အောင် ပြောလိုက်ခြင်းပင်။
ဖျောက်...
ကျိပိုတုန်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် လွှမ်းမိုးနေသော ထူးဆန်းထိတ်လန့်ဖွယ် ကောင်းသည့် အငွေ့အသက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
တက်ရောက်လာသူ အားလုံးမှာလည်း ထုံထိုင်းနေရာမှ တစ်ပြိုင်နက်တည်း နိုးထလာကြသည်။ သူတို့တွင် ကိုယ်ပိုင်အသိစိတ်များ ပြန်လည်ကိန်းအောင်းလာသော်လည်း မှတ်ဉာဏ်အချို့ ပျောက်ဆုံးနေသကဲ့သို့ ခံစားနေကြရသည်။
"လေလံပွဲ ပြီးဆုံးပါပြီ"
ကျိပိုတုန်က နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။
"အားလုံးပဲ... အိမ်ပြန်ဖို့ အချိန်တန်ပါပြီ... မိသားစုဝင်တွေကို ဖက်လှဲတကင်း နှုတ်ဆက်ပြီး ကောင်းမွန်တဲ့ ညစာကို သုံးဆောင်ကြပါဦးခင်ဗျာ..."
...
ဟမ်ဖရီ...
ဟမ်ဖရီသည် အသက် ၂၁ နှစ်အရွယ်တွင် ဗဟိုခရိုင်၏ 'ဗဟိုအုပ်ချုပ်ရေးအဖွဲ့' သို့ စတင်ဝင်ရောက်ခဲ့သည်။ ဤအလုပ်မှာ လူတိုင်းလိုလို မနာလိုဖြစ်ရလောက်သည့် အလုပ်အကိုင်မျိုး ဖြစ်၏။
ဗဟိုအုပ်ချုပ်ရေး အမည်ခံထားသည့် အဖွဲ့ဆိုသည်မှာ 'နော်ဇင်' မြို့၏ အမည်မဖော်သော ဘုရင်များပင် ဖြစ်ကြသည်။ သူတို့သည် အစကတည်းက အာဏာကို ချုပ်ကိုင်ထားသူများဖြစ်ပြီး သရဖူကိုသာ ဝှက်ထားကြခြင်း ဖြစ်သည်။ အထက်တန်းလွှာ လူကုံထံ (၁၂) ဦးဖြင့် ဖွဲ့စည်းထားသော 'တရားစီရင်ရေးရုံး' သည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး နော်ဇင်မြို့တစ်ခုလုံးကို အထက်မှအောက်သို့ စီမံခန့်ခွဲနေခြင်း ဖြစ်သည်။
သူတို့သည် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' နှင့် 'အမှန်တရား အသင်းတော်' ကဲ့သို့သော သဘာဝလွန် အဖွဲ့အစည်းများကို ပေါ်ထွန်းခွင့် ပေးထားသော်လည်း ထိုအဖွဲ့အစည်းများအားလုံးမှာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကိုသာ နာခံကြရသည်။
သာမန်လူသားများ၏ အဖွဲ့အစည်းများ ကြီးပွားလာမှုကိုလည်း သူတို့ ခွင့်ပြုထား၏။ ဥပမာအားဖြင့် ရိုးလ် သယံဇာတ ကဲ့သို့သော အဖွဲ့မျိုး ဖြစ်သည်။ သို့သော်လည်း ရိုးလ် သယံဇာတ အဖွဲ့အစည်းသည် ယခင် ဘုရင်လက်ထက်က စစ်တပ်ဟောင်းတစ်ခုသာ ဖြစ်ပြီး ယခုအခါတွင်မူ တော်ဝင်မျိုးနွယ်များ၏ လက်ပါးစေများသာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ထို့ကြောင့် ဗဟိုခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ အလုပ်တစ်ခု ရရှိခြင်းသည် စစ်မှန်သော 'သံထမင်းအိုး' (ခိုင်မာသော အလုပ်အကိုင်) ကို ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ နော်ဇင်မြို့ကြီး မွေးဖွားချိန်မှစ၍ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကပင် စီမံခန့်ခွဲနေခြင်းမှာ ကျောက်စာပေါ်တွင် ရေးထွင်းထားသကဲ့သို့ မပြောင်းလဲနိုင်သော အမှန်တရားတစ်ခု ဖြစ်ပေသည်။
ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုမှာ ရက်စက်ကြမ်းကြုတ်ခြင်း မရှိပေ။ နော်ဇင်မြို့၏ အသက်သွေးကြောကို ထိန်းချုပ်ကာကွယ်ပေးထားသည့် သဘာဝလွန် အစွမ်းသတ္တိများနှင့် ပုဂ္ဂိုလ်များစွာကို သူတို့ ပိုင်ဆိုင်ထားသောကြောင့် မည်သူမျှလည်း ကန့်ကွက်ခြင်း မပြုကြချေ။
ဟမ်ဖရီ၏ နောက်ခံမှာ သာမန်မျှသာ ဖြစ်သည်။ သူ၏ မိသားစု ဂုဏ်သတင်းမှာ အံ့ဩလောက်စရာ မရှိသော်လည်း သာမန်အရပ်သားများထက်မူ များစွာ ပိုမို အဆင့်အတန်း မြင့်မားသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဟမ်ဖရီ၌ သဘာဝလွန် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာမည့် ပါရမီ မပါရှိခဲ့ပေ။ သူကဲ့သို့ နောက်ခံမျိုးရှိသူများသည် ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အောက်ခြေအဆင့်များတွင်သာ အများစု ရှိနေတတ်ကြသည်။
သို့သော်လည်း ဟမ်ဖရီမှာ အလွန် ကံကောင်းခဲ့သူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထူးခြားဆန်းပြားသော ဖြစ်စဉ်တစ်ခုကို မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက် သဘာဝလွန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သောကြောင့်ပင်။ ထိုဖြစ်စဉ်မှာ သူ၏ မိသားစု သွေးမျိုးဆက်အတွင်း၌ ကာလရှည်ကြာ ပျောက်ကွယ်နေခဲ့သော စွမ်းအားများ ပြန်လည် နိုးထလာခြင်းပင် ဖြစ်သည်။
ထုံးစံအတိုင်း သူသည် ဗဟိုအုပ်ချုပ်ရေးအဖွဲ့တွင် လေ့ကျင့်မှုများကို ခံယူခဲ့သည်။ ထိုစဉ်အတွင်း သူ၏ ထောက်လှမ်းခြင်းနှင့် တန်ပြန်စောင့်ကြည့်ခြင်း အစွမ်းများကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ရာမှ သူသည် အထက်လမ်း မှော်ဆရာ တစ်ဦး ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် သူသည် 'စောင့်ကြည့်စစ်ဆေးသူ' တစ်ဦး ဖြစ်လာခဲ့တော့သည်။
သူသည် နော်ဇင်မြို့ အနှံ့အပြားသို့ မတူညီသော ရုပ်ဖျက် အသွင်အပြင်များဖြင့် လှည့်လည်သွားလာရသည်။ နော်ဇင်မြို့၏ ငြိမ်းချမ်းရေးနှင့် ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အုပ်ချုပ်မှုကို ခြိမ်းခြောက်နိုင်သည့် ဆန့်ကျင်ဘက် လုပ်ရပ်မှန်သမျှကို စုံစမ်းထောက်လှမ်းရန်မှာ သူ၏ အဓိက တာဝန်ပင် ဖြစ်သည်။
ကျိကျစ်ရှို့၏ ယခု လေလံပွဲမှာ စာအုပ်ဆိုင်နှင့် ပတ်သက်နေသောကြောင့် အန္တရာယ်ရှိနိုင်သော လုပ်ရပ်တစ်ခုဟု သတ်မှတ်ခံထားရသည်။
ဗဟိုခရိုင်၏ လျှို့ဝှက်အေဂျင်စီမှ အေးဂျင့်တစ်ဦး ဖြစ်သည့်အတိုင်း ဟမ်ဖရီသည် စာအုပ်ဆိုင် တည်ရှိမှုကို သဘာဝကျကျပင် သိရှိထားသည်။ သို့သော်လည်း ဗဟိုအုပ်ချုပ်ရေးအဖွဲ့သည် ထိုဆိုင်အပေါ်တွင် အမြဲတမ်း လွှတ်ထားသည့် ပုံစံမျိုးဖြင့်သာ တုံ့ပြန်ခဲ့သည်။
ထိုစာအုပ်ဆိုင် တည်ရှိလာမှုသည် နော်ဇင်မြို့ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်မှာ ထင်ရှားသည်။ ၎င်းမှာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့အတွက် အနည်းငယ်သော ပြဿနာလေးများကို ဖန်တီးရုံမျှသာ မဟုတ်ဘဲ နော်ဇင်မြို့ကြီး မီးလောင်နေသည်ကို ရပ်ကြည့်နေသည့် မီးရှို့သမားတစ်ဦးနှင့်ပင် ပို၍ တူနေတော့သည်။
ဟမ်ဖရီသည် ဤအချက်ကို အမြဲတမ်း ဇဝေဇဝါ ဖြစ်နေခဲ့မိသည်။ ဗဟိုအုပ်ချုပ်ရေးအဖွဲ့သည် အဘယ်ကြောင့် ဤမျှအထိ လျစ်လျူရှုထားရသနည်း။ သို့သော် ယနေ့တွင်မူ သူ အဖြေကို သိရှိသွားခဲ့လေပြီ။
မစ္စတာလင်သည် အတိုင်းအထက်အလွန် ကြီးမြတ်ပြီး အစွမ်းသတ္တိ တွက်ဆ၍မရနိုင်သော ပုဂ္ဂိုလ်ထူးကြီး ဖြစ်နေသောကြောင့်ပင်။
ကျိပိုတုန် ပြောခဲ့သကဲ့သို့ပင်။ ဤနေရာတွင် ရှိနေကြသူအားလုံးသည် ယခုအကြိမ်တွင် မစ္စတာလင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ကြသည်။ လေလံပွဲအပြီးတွင် မစ္စတာလင် ကိုယ်တိုင် ရေးသားထားသော စာအုပ်ကို ရရှိခဲ့သည့် ဟမ်ဖရီမှာ အခြားသူအားလုံး၏ မနာလိုဖြစ်ဖွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
၎င်းမှာ သူ၏ ဘဝတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားချက်မျိုးဖြစ်ပြီး နတ်ဘုရားတစ်ပါး၏ ဘေးတွင် ရပ်နေရင်း သန့်စင်သော အလင်းတန်းများဖြင့် ရေချိုးနေရသကဲ့သို့ပင်။
ဟမ်ဖရီကိုယ်တိုင်လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို မသိသော်လည်း၊ ထိုစာအုပ်ကို စားပွဲပေါ်တွင် တင်လိုက်သောအခါ သူ၏ ဘဝတွင် အကြီးမားဆုံးသော ရည်မှန်းချက်မှာ ဤစာအုပ်ကို ရရှိရန် ဖြစ်သည်ဟူသော ယုံကြည်ချက် တစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့်ပင် သူသည် ခေါင်းမာစွာဖြင့် မတ်တပ်ရပ်ခဲ့ပြီး သူ၏ ဘဝတွင် အထူးခြားဆုံးသော စကားတစ်ခွန်းကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်... အဲဒီစာအုပ်ကို လိုချင်တယ်"
ဟူ၍...။
ယခုအခါ လေလံပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ၊ ဟမ်ဖရီသည် ထူးခြားစွာ ငြိမ်သက်အေးချမ်းနေသည့် မျက်နှာဖုံးရှိသော ‘အပျက်အစီး အိပ်မက်' အမည်ရ စာအုပ်ကို ပိုက်ထားသည်။
ဝရုန်းသုန်းကား အိပ်မက်။ ဤစာအုပ်သည် မစ္စတာလင် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ရာ၊ အဆုံးမဲ့သော အိပ်မက်ကမ္ဘာတစ်ခုအကြောင်းကို အသေးစိတ် ဖော်ပြထားခြင်းလည်း ဖြစ်နိုင်ပေသည်။
စာအုပ်ကို ရင်ခွင်ထဲတွင် တင်းတင်းပိုက်လျက် ဟမ်ဖရီသည် လမ်းမများပေါ်တွင် ဗြောင်ကျကျ လျှောက်လှမ်းလာခဲ့သည်။ စောင့်ကြည့်စစ်ဆေးသူ တစ်ဦးအနေဖြင့် သူသည် ဤကဲ့သို့ ပြုလုပ်ခဲလှသည်။ အမှန်စင်စစ် သူသည် လေလံပွဲကို စောင့်ကြည့်ရန်နှင့် မစ္စတာလင်၏ စာအုပ်အနည်းဆုံး တစ်အုပ်ကို ရရှိရန် တာဝန်ပေးခြင်း ခံထားရသူ ဖြစ်သည်။
သို့သော်လည်း စာအုပ်တစ်အုပ်စီ၏ ပိုင်ရှင်ကို မစ္စတာလင်က ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုစာအုပ်များထဲမှ တစ်အုပ်ကို ရရှိရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နိုင်၏။
သို့ပါလျက်နှင့် ဟမ်ဖရီက ထိုစာအုပ်ကို ရရှိခဲ့သည်။
သို့သော်လည်း ယခုအခါ သူ၏ ရည်မှန်းချက်မှာ ပြောင်းလဲသွားခဲ့လေပြီ။ သူသည် ဗဟိုအုပ်ချုပ်ရေးအဖွဲ့အတွက် ဆက်လက် အလုပ်လုပ်ရန် စိတ်မရှိတော့ဘဲ လမ်းပေါ်တွင်သာ ပိုမို လျှောက်လှမ်းနေချင်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရင်ခွင်ထဲတွင် မစ္စတာလင်၏ စာအုပ်ကို ပိုက်ထားပြီး ယခုအခါ သူသည် ထိုနတ်ဘုရား၏ အလိုတော်ကို သယ်ဆောင်လာသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
သူသည် ဆင်းရဲသားများ နေထိုင်ရာ ရပ်ကွက်များ၊ ရက်စက်အေးစက်လှသော အရင်းရှင် စက်ရုံအလုပ်ရုံများ သို့မဟုတ် အောက်ပိုင်းခရိုင်များဆီသို့ သွားရောက်ကာ မစ္စတာလင်၏ တရားတော်များကို မပြတ်မတောက် ပြန့်ပွားစေသင့်သည်ဟု တွေးတောနေမိသည်။
"မင်း... မင်းလက်ထဲက အဲဒါ ဘာလဲ... ပြီးတော့ မင်းက ဘယ်သူလဲ"
ရုတ်တရက်... ဟမ်ဖရီ၏ နောက်ဘက်ဆီမှ မရင်းနှီးသော လေယူလေသိမ်းဖြင့် တစ်စုံတစ်ဦးက အော်ဟစ်မေးမြန်းလိုက်သည်။
***