← Chapters

အခန်း (၄၇၅-၄၇၆)

Vol. 34 Ch. 475-476

အခန်း (၄၇၅-၄၇၆)

Vol. 34 Ch. 475-476

အပိုင်း(၄၇၅)

ဟမ်ဖရီ လျှောက်လှမ်းနေသည်ကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်ရာ၊ အနက်ရောင် ဝတ်ရုံခြုံထားသော ထွားကျိုင်းသည့် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။

အနက်ရောင် ခေါင်းစွပ်က ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ မျက်နှာကို ဖုံးအုပ်ထားပြီး သူစီးထားသော ဖိနပ်များမှာပင် နက်မှောင်နေသည်။ ထို့အပြင် သူ၏ အနက်ရောင် ဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းရောင်များကို စုပ်ယူနေသည့်အလား ထင်ရသည်။ ထိုသူမှာ ခေါင်းမော့လိုက်သည့်တိုင်အောင် သူ၏ မျက်နှာကို မမြင်ရဘဲ လမ်းလျှောက်နေသည့် ဝတ်ရုံကြီးတစ်ခုအလား ထင်မှတ်ရလေသည်။

ဟမ်ဖရီ မျက်မှောင်ကြုတ်သွား၏။ သူ့ရှေ့တွင် ရပ်နေသော ထိုပုဂ္ဂိုလ်ကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ကြောင်း သေချာသော်လည်း၊ ယခုအခါ အခြေအနေအရပ်ရပ်မှာ မကြုံစဖူး ထူးကဲသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ မည်မျှပင် ရက်စက်ကြမ်းကြုတ်သူဖြစ်ပါစေ သူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေသည်။

ထို့ကြောင့် သူက တည်ငြိမ်စွာဖြင့်ပင်...

"ကျွန်တော်ဟာလည်း ခင်ဗျားလိုပါပဲ... ကျွန်တော်တို့အားလုံးဟာ ဒီလောကထဲက မစ္စတာလင်ရဲ့ ဖန်ဆင်းခံတွေပေါ့... ကျွန်တော့်နာမည်က ဟမ်ဖရီပါ... ကျွန်တော်တို့ရဲ့ အရှင်သခင်နဲ့ ဖန်ဆင်းရှင်ဖြစ်တဲ့ မစ္စတာလင် အကြောင်းကို ပြောပြခွင့်ပြုပါဦး..."

"မင်းဆီကနေ အားကောင်းပြီး ရင်းနှီးနေတဲ့ အနံ့အသက်တစ်ခုကို ငါ ရနေတယ်"

ဝတ်ရုံနက်က ဟမ်ဖရီ၏ စကားကို ချက်ချင်းဖြတ်၍ ပြောလိုက်သည်။

"မစ္စတာလင် ဆိုတာ... ဘာလဲ"

"ဒီကမ္ဘာကြီးရဲ့ ဖန်ဆင်းရှင်နဲ့ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပေါ့"

ဟမ်ဖရီက ထိုသို့ပြောရင်း စာအုပ်ကို ထုတ်ယူကာ အသာအယာ လှန်လှောလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်သည် စာအုပ်ကို မြင်လိုက်ရသည့် ခဏမှာပင် ခေါင်းစွပ်အောက်မှ သူ၏ မျက်လုံးအစုံမှာ ပြူးထွက်မတတ် ဖြစ်သွား၏။ ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်၏ မျက်လုံးများကဲ့သို့ ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လက်သွားပြီး စာအုပ်မျက်နှာဖုံးပေါ်မှ စာသားကို အထင်အရှား မြင်လိုက်ရသည်။

‘အပျက်အစီး အိပ်မက်'

"..."

ထိုအနက်ရောင် စာအုပ်ကြီးမှာ ဝတ်ရုံနက်ကို စိုက်ကြည့်နေသည့် အမှောင်ထု နက်ရှိုင်းရာ ချောက်ကမ်းပါးကြီးတစ်ခုနှင့်ပင် တူလှသည်။

"အပျက်အစီးများကြားမှ အပျက်အစီးများ... သင်နှင့်ငါ ခွဲခြားမရနိုင်သော..."

ဟမ်ဖရီသည် စာအုပ်ကို အမှန်တကယ်ပင် ဖွင့်လှစ်ကာ အတွင်းမှ စာသားများကို အသံကျယ်ကျယ်ဖြင့် စတင် ရွတ်ဖတ်တော့သည်။

‘သူ ရူးနေပြီ... ဒီစာအုပ်ကို တကယ်ကြီး ရွတ်ပြနေတာလား...’

ဝတ်ရုံနက်မှာ အံ့အားသင့်သွားသော်လည်း နောက်တွင်မှ နားလည်သွားပုံရသည်။

‘မဟုတ်ဘူး... သူက အစကတည်းက ရူးနေတာပဲ...’

ရွတ်ဖတ်လိုက်သော စကားလုံးများသည် ဟမ်ဖရီ၏ နားထဲသို့ စီးဝင်သွားခြင်း မဟုတ်ဘဲ ဝတ်ရုံနက်၏ စိတ်အာရုံထဲသို့ လျှပ်စစ်စီးကြောင်းတစ်ခုကဲ့သို့ တဖျပ်ဖျပ် တောက်လောင်ကာ ဝင်ရောက်သွားလေသည်။

ဟမ်ဖရီ မော့ကြည့်လိုက်ရာ ဝတ်ရုံနက်မှာ တုန်ရီလာပြီး ဝမ်းနည်းကြေကွဲဖွယ်ရာ ညည်းတွားသံကို လွှတ်လိုက်သည်ကို မြင်ရသည်။ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်း ကိုင်းညွတ်လာပြီး စာအုပ်ထဲမှ အကြောင်းအရာများ ပိုမိုထွက်ပေါ်လာလေလေ၊ ထိုသူမှာ ဆပွားတိုးလာသော ဝေဒနာကို ခံစားရကာ ပုစွန်ထုပ်တစ်ကောင်ကဲ့သို့ တွန့်လိမ်သွားတော့သည်။

ဒါဟာ ကယ်တင်ခြင်းပဲ...’

"ဒီဖြစ်စဉ်က နာကျင်ကောင်း နာကျင်ပါလိမ့်မယ်... ဒါပေမဲ့ မစ္စတာလင်ရဲ့ ဆုံးမဩဝါဒတွေကို နာယူပြီးသွားရင်တော့ ခင်ဗျားဟာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသလို ခံစားရပါလိမ့်မယ်"

အပြင်းအထန် နာကျင်ကာ တွန့်လိမ်နေသည့် ဝတ်ရုံခြုံထားသူကို ကြည့်ရင်း ဟမ်ဖရီ မပြုံးဘဲ မနေနိုင်တော့ချေ။

ဝတ်ရုံနက်မှာ တစ်ဆက်ဆက် တုန်ရီနေပြီးနောက် ရုတ်တရက်ပင် သက်မဲ့တစ်ယောက်ကဲ့သို့ ငြိမ်သက်သွားတော့သည်။

ဟမ်ဖရီသည် စာအုပ်ကို ပြန်ပိတ်ကာ ထိုသူ၏ အနားသို့ လျှောက်သွားလိုက်၏။

"ခင်ဗျားရဲ့ နာကျင်မှုက ဘဝသစ်တစ်ခုပဲ... ဟုတ်တယ်မလား..."

ထိုသူကို စစ်ဆေးရန် ငုံ့ကြည့်လိုက်စဉ်မှာပင် ခန္ဓာကိုယ်က ထပ်မံ တွန့်ခနဲ ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ ထို့ပြင် ခေါင်းစွပ်အောက်မှ အက်ကွဲကွဲဖြင့် ရွတ်ဆိုနေသော အသံကိုလည်း သူ ကြားလိုက်ရ၏။

"အစဦးတို့၏ အစ၊ အရာခပ်သိမ်းတို့၏ အရှင်၊ ဝရုန်းသုန်းကားဖြစ်ခြင်းနှင့် စနစ်တကျရှိခြင်းတို့၏ အရင်းအမြစ်... သင့်ရှေ့မှ အရာအားလုံးသည် သင့်အိပ်မက်တစ်ခုသာ... လျင်မြန်စွာ နိုးထပါ၊ သို့သော် လုံးလုံးလျားလျား မနိုးထပါနှင့်... သင့်မျက်စိထဲတွင်မူ..."

ဟမ်ဖရီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲမှ စာအုပ်ကို စိုက်ကြည့်မိသည်။ ထိုသူ ရွတ်ဆိုနေသည်မှာ သူ ဖတ်လက်စ စာပိုဒ်၏ အဆက် ဖြစ်နေသောကြောင့်ပင်။

"ခင်ဗျားက... နောက်က စာသားတွေကို ဘယ်လိုလုပ် သိနေတာလဲ..."

ဟမ်ဖရီ လုံးဝ အံ့အားသင့်သွားသည်။ သူ မည်ကဲ့သို့ သိနေရသနည်း။ ဤစာအုပ်ကို ပိုင်ဆိုင်ရန် မစ္စတာလင်၏ ရွေးချယ်ခြင်း ခံရသူမှာ သူကိုယ်တိုင် ဖြစ်ပါလျက်နှင့်၊ ဤသူက အဘယ်ကြောင့် ဤမျှ မြန်ဆန်စွာ နားလည်သဘောပေါက်သွားရသနည်း။

ဝတ်ရုံနက်မှာ ထရပ်ကားတစ်စီးဖြင့် တိုက်မိထားသကဲ့သို့ တစ်ကိုယ်လုံး နာကျင်နေသည့်ကြားမှ မြေပြင်ကို အားပြုကာ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ၏ ခေါင်းစွပ်ကို ဖယ်ရှားလိုက်သည်။

ဖော်ပြရန်ပင် ခက်ခဲလှသော ရုပ်ဆိုးအကျည်းတန်လှသည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။

"ဘာလို့လဲ ဟုတ်လား... ဘာလို့လဲဆိုတော့ မင်းတို့လို ယုံကြည်သူအတုတွေက ဆင်ကန်းတောတိုး လုပ်နေကြတဲ့ လူအတွေမို့လို့ပေါ့..."

ထိုသူ၏ အရေပြားပေါ်တွင် မြွေအကြေးခွံကဲ့သို့သော အကြေးခွံများ ဖုံးလွှမ်းနေသည်။ သူ၏ မေးစေ့အောက်တွင် ရေဘဝဲ လက်တံများကဲ့သို့ လက်တံများစွာ ရှိနေပြီး ၎င်းတို့တွင် စုပ်ခွက်များ ပါရှိသည်။ ဆံပင်မှာ ကျဲပါးလှပြီး ဖြူဖွေးသော ဆံပင်အနည်းငယ်သာ ရှိတော့သည်။

"ခင်... ခင်ဗျားက...”

ဤထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် ဟမ်ဖရီ၏ တည်ငြိမ်မှုများ ပြိုကွဲသွားပြီး စာအုပ်ကို ရင်ခွင်ထဲ တင်းတင်းပိုက်လျက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိစက်ဆုပ်ဖွယ် အသွင်အပြင်မှာ လူသားတစ်ယောက်တွင် ရှိအပ်သော ပုံသဏ္ဌာန် မဟုတ်ပေ။ ရှေးကျပြီး ထိတ်လန့်ဖွယ်ကောင်းလှသလို၊ အရုပ်ဆိုး အကျည်းတန်လှသည်။ 'အောက်ပိုင်းခရိုင်' မှ နေထိုင်သူများမှာ မည်သို့သော ရုပ်သွင်ရှိသည်ကို 'နော်ဇင်' မြို့၏ အထက်တန်းလွှာများသာ သိရှိကြပေသည်။

ဝတ်ရုံခြုံထားသူက သူ၏ လက်အိတ်များကို ဖြည်းညင်းစွာ ချွတ်လိုက်ရာ အကြေးခွံများ ဖုံးလွှမ်းနေပြီး မိကျောင်းလက်သည်းများကဲ့သို့ ထူထဲချွန်ထက်သော လက်များကို မြင်တွေ့လိုက်ရသည်။

"ခင်ဗျားက ဘယ်လို သတ္တဝါ... အား..."

ဟမ်ဖရီ၏ စကားမဆုံးမီမှာပင် ဝတ်ရုံခြုံထားသူ၏ ညာလက်မှာ မီးခိုးရောင် ရိပ်ခနဲ လှုပ်ရှားသွားပြီး ဟမ်ဖရီ၏ လည်ပင်းကို ဖမ်းညှစ်လိုက်သည်။ ထို့နောက် ပူနွေးသော ဓားတစ်လက်က ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ သူ၏ လက်ချောင်းများကို ဟမ်ဖရီ၏ လည်ချောင်းထဲသို့ အလွယ်တကူ ထိုးစိုက်လိုက်တော့သည်။

သွေးများ ပန်းထွက်လာပြီး ဟမ်ဖရီမှာ ဒဏ်ရာရသွားသော သားကောင်တစ်ကောင်ကဲ့သို့ ရုန်းကန်နေရှာတော့၏။

"ကျေးဇူးတင်ပါတယ်"

ဝတ်ရုံနက်က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

"ငါ့ရဲ့ အရှင်သခင်ရဲ့ တရားတော်တွေကို ငါ့ဆီ ယူဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အေးအေးချမ်းချမ်းပဲ သေဆုံးသွားပြီး ကိုယ်တော်မြတ်ရဲ့ အိပ်စက်ခြင်းနောက်ကို လိုက်ပါသွားပါတော့..."

"ကျွန်ုပ်အရှင်၏ အိပ်မက်တော် ဘေးကင်းပါစေ..."

ထိုသူက ဆုတောင်းလိုက်ရာ ပါးစပ်ထဲမှ ခွဲထွက်နေသော လျှာဖျားကို ခပ်ရေးရေး မြင်လိုက်ရသည်။

ဝတ်ရုံနက်သည် ဟမ်ဖရီ၏ အလောင်းကို ဘေးသို့ ပစ်ချလိုက်ပြီး ကိုယ်ပေါ်ရှိ သွေးစများကို ခါထုတ်လိုက်၏။ ထို့နောက် စာအုပ်ကို ယူလိုက်သည်။

‘အပျက်အစီး အိပ်မက်...’

စာအုပ်ကို မြင်လိုက်ရသောအခါ သူ မော့ကြည့်လိုက်ရာ ခြောက်ကပ်နေသော ဤလမ်းကြား၏ အစွန်ဆုံး နံရံတွင် မည်းမှောင်သော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ဘုန်း...

ထိုအရိပ်မည်းကို မြင်လိုက်ရသည်နှင့် ဝတ်ရုံနက်မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက် ကျသွား၏။ သူ၏ တစ်ကိုယ်လုံး တုန်ရီနေပြီး ဝါကျင်ကျင် သားရဲမျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။ သူ စာအုပ်ကို နဖူး၌ တင်လိုက်ရာ မျက်ရည်စက်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

သူ၏ အသံမှာ တုန်ရီနေ၏။

"အို... ကြီးမြတ်လှသော အရှင်သခင်၊ အရှင်၏ လမ်းပြမှုအတွက် ကျေးဇူးတော်ကြီးမားလှပါသည်... အရှင်သည် ကျွန်ုပ်ကို အောက်ပိုင်းခရိုင်မှနေ၍ ဤနေရာအထိ လမ်းပြခေါ်ဆောင်လာခဲ့ပါပြီ... ကတိတော်ထားရာ နယ်မြေမှာ အရှင် ပြန်လာမည့်အချိန်ကို ကျွန်ုပ်တို့ စောင့်ကြိုနေပါမည်..."

အရိပ်မည်းကြီးမှာ ခေါင်းညိတ်ပြသကဲ့သို့ ရှိသော်လည်း မည်သည့်အရာကိုမျှ မလုပ်ဆောင်သကဲ့သို့ပင်။ ၎င်းမှာ အလင်းနှင့်အမှောင် ရောယှက်နေသော နေရာတွင်သာ ရှိနေပြီး လမ်းမီးတိုင်များ လင်းထိန်လာသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားလေတော့သည်။

***

အပိုင်း(၄၇၆)

နော်ဇင် မြို့တော်၊ ဗဟိုခရိုင်၏ အချက်အချာကျသော နေရာရှိ မြင့်မားသည့် စင်္ကြံပလ္လင်ထက်တွင် ခန့်ညားထည်ဝါသော အဆောက်အအုံကြီးတစ်ခုသည် မားမားမတ်မတ် တည်ရှိနေ၏။

ထိုမြင့်မားသော စင်္ကြံပလ္လင်၏ ဘေးပတ်ပတ်လည်တွင် ဂြိုဟ်ရံအဆောက်အအုံငယ်များသဖွယ် အခြားသော အဆောက်အအုံများ ဝန်းရံလျက်ရှိသည်။ ထိုနေရာများမှာ အဆင့်မြင့်တရားရုံး၊ အဆင့်မြင့်အခွန်ဌာန၊ အဆင့်မြင့်ရဲဌာနချုပ်နှင့် လွှတ်တော် စသည့် အရေးပါသော နေရာများပင် ဖြစ်ကြသည်။

နော်ဇင်မြို့သည် အမှန်စင်စစ် ကြီးမားရှုပ်ထွေးလှသော စက်ယန္တရားကြီးတစ်ခုနှင့် တူလှပေရာ၊ ၎င်း၏ အစိတ်အပိုင်းများနှင့် ဝက်အူများ မစုံလင်ဘဲ မြို့တော်ကြီး လည်ပတ်နိုင်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

အကယ်၍ လင်ကျဲသာ ဤနေရာသို့ ရောက်ရှိလာပါက 'နော်ဇင်ရဲ့ အတွင်းကလီစာတွေက သေးငယ်ပေမဲ့ အစုံအလင်ပဲ' ဟု အံ့ဩတကြီး ရေရွတ်မိပေလိမ့်မည်။

သို့သော်လည်း 'အဆင့်မြင့်' ဟူသော စကားလုံးဖြင့် စတင်သည့် ထိုနေရာများသည် သာမန်အရပ်သားများကို ဝင်ရောက်ခွင့် ပေး၊ မပေး ဆိုသည်မှာမူ အခြားကိစ္စတစ်ခု ဖြစ်သည်။

မြေတစ်လက်မလျှင် ရွှေတစ်လက်မ တန်ဖိုးရှိသော ဗဟိုခရိုင်၏ အလယ်ဗဟို ပလ္လင်ထက်တွင်မူ အထက်တန်းလွှာ မြို့သားများပင် တစ်သက်တွင် တစ်ခါမျှ မြင်တွေ့ခွင့်ရရန် ခဲယဉ်းသော စိမ်းလန်းစိုပြည်သည့် လူလုပ်တောအုပ်တစ်ခုနှင့် ထပ်ပေါင်း ရာနှင့်ချီ မြင့်မားသော အဆောက်အအုံကြီးတစ်ခု ရှိနေသည်။

ထိုတောအုပ်ကို လေထုသန့်စင်ရန် အသုံးပြုသောကြောင့် လူတို့က 'နော်ဇင်ရဲ့ အဆုတ်' ဟု ခေါ်ဝေါ်ကြသည်။

နော်ဇင်၏ အဆုတ်...

သို့သော်ငြားလည်း ၎င်းသည် ဗဟိုခရိုင်၏ အလှပြ ပန်းအိုးလေးတစ်ခုမျှသာ ဖြစ်သည်။ အသက်ရှူခွင့်ဆိုသည့် အခွင့်အရေးမှာပင် ဆင်းရဲသားများ အလွယ်တကူ မခံစားနိုင်သည့် အရာ ဖြစ်နေသည်။ ဗဟိုခရိုင်တွင် နေထိုင်သူများသာလျှင် ထိုတောအုပ်မှ ထွက်ပေါ်လာသည့် လန်းဆန်းသော လေထုကို အမှန်တကယ် ခံစားနိုင်ကြပြီး အခြားသူများမှာမူ စက်မှုလုပ်ငန်းများမှ ထွက်ပေါ်လာသည့် အကြွင်းအကျန် လေဆိုးများကိုသာ ရှူရှိုက်နေကြရသည်။

အကယ်၍ တစ်စုံတစ်ဦးသာ ကံကောင်းထောက်မစွာဖြင့် ထိုစင်္ကြံပလ္လင်ထက်သို့ တက်လှမ်းနိုင်ခဲ့ပါက၊ တောအုပ်၏ ရှေ့တည့်တည့်မှနေ၍ တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသော အဆောက်အအုံကြီးကို မြင်တွေ့ရပေလိမ့်မည်။

ထိုအဆောက်အအုံအတွင်း၌ တော်ဝင်မျိုးနွယ်များ၏ စစ်မှန်သော အာဏာစက်နှင့် 'တော်ဝင်မျိုးနွယ် ၁၂ ဦး' ဦးဆောင်သော တရားစီရင်ရေးရုံး တည်ရှိသည်။

သို့သော် ဤသည်မှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်ပြီး သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ရှိပါသေးသည်။ ထိုအဆောက်အအုံကြီး၏ အောက်ဘက် မီတာထောင်ပေါင်းများစွာ နက်ရှိုင်းသော မြေအောက်၌... မာကျောသော မြေလွှာနှင့် ကျောက်လွှာပေါင်းများစွာကို ဖြတ်ကျော်သွားပြီးနောက် ကြီးမားလှသော ဟင်းလင်းပြင်ကြီးတစ်ခု ရှိနေသည်ကို မည်သူမျှ မသိကြချေ။

ထိုနေရာသည် အဆုံးအစမရှိသော အိပ်မက်ကမ္ဘာတစ်ခုနှင့် တူလှသည်။ ပြာလွင်လွင် မိုးကောင်းကင်လည်းမရှိ၊ နေနှင့်လလည်း မရှိဘဲ၊ ကတ္တရာစေးကဲ့သို့ နက်မှောင်နေသော လိုဏ်ဂူကြီးနှင့် ဖော်ပြရန်ပင် ခက်ခဲလောက်အောင် ကြီးမားလှသည့် 'ပြောင်းပြန်သစ်ပင်' ကြီးတစ်ပင်သာ ရှိသည်။

ထိုသစ်ပင်သည် မည်မျှပင် ကြီးမားသနည်းဆိုပါက ၎င်း၏ ပုံသဏ္ဌာန်အပြည့်အစုံကို စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ချေ။ သို့သော် ထိုမရေမတွက်နိုင်သော သစ်ကိုင်းကြီးများအောက်တွင် စုဝေးနေကြသည့် သက်ကြီးရွယ်အိုများကမူ သိကြသည်။

ဤပြောင်းပြန်သစ်ပင်ကြီးသည် သံမဏိမြို့တော်ကြီးတစ်ခုလုံးကို ထိုးဖောက်သွားခြင်းပင် ဖြစ်သည်။

ဝတ်ရုံဖြူခြုံထားသော သက်ကြီးရွယ်အို တစ်စုသည် သစ်ပင်အောက်တွင် ရှိနေကြသည်။ သူတို့သည် အသက်အရွယ်ကြီးရင့်လွန်းသဖြင့် အရေပြားများမှာ အထပ်ထပ် အခေါက်ခေါက် တွန့်လိပ်နေပြီး၊ သူတို့၏ ရုပ်ရည်၊ ကျားမ ခွဲခြားမှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကိုပင် ခွဲခြား၍ မရနိုင်တော့ချေ။ ထို့ကြောင့် သူတို့ကို သက်ကြီးရွယ်အိုများ ဟုသာ ခေါ်ဆိုနိုင်ပေတော့မည်။

သူတို့သည် တရားစီရင်ရေးရုံး၏ စစ်မှန်သော အရှင်သခင်များပင် ဖြစ်ကြသည်။

အသက်အရွယ်ကြောင့် တွန့်လိပ်နေသည့် လောက်ကောင်ကြီးတစ်ကောင်နှင့် တူသော နှာခေါင်းကြီးရှိသည့် မုတ်ဆိတ်ရှည် အဘိုးအိုတစ်ဦးက သူ၏ မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်၏။

"လေလံပွဲကို ငါတို့ လွှတ်လိုက်တဲ့ ဟမ်ဖရီ သေသွားပြီ... ကြည့်ရတာ ငါတို့က စာအုပ်ဆိုင်ပိုင်ရှင်ကို အထင်သေးခဲ့မိပုံပဲ"

ထိုစကားကြောင့် အခြားသူများ၏ တွဲကျနေသော မျက်ခွံများ ချက်ချင်း ပွင့်လာကြသည်။ သူတို့သည် ဝါကျင်ကျင် မျက်လုံးများပေါ်တွင် ဖုန်မှုန့်လွှာတစ်ခု ဖုံးအုပ်နေသည့်အလား ရှိနေပြီး ကြည့်ရသူကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။

"အင်း... စောင့်ကြည့် စစ်ဆေးရေးမှူး ကပ္ပတိန် ဟမ်ဖရီ အပြင်၊ အခြားသူတွေလည်း မိစ္ဆာနတ်ဘုရားရဲ့ မျိုးစေ့တွေ ကူးစက်ခံလိုက်ရတယ်"

နှာခေါင်းကြီး အကြီးအကဲက ဆက်ပြောသည်။

"ဘာရ်... ဟမ်ဖရီကို သတ်လိုက်တာ အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်လား..."

တုတ်ကောက်ကိုင်ထားသော အခြား အဘိုးအိုတစ်ဦးက မေးလိုက်သည်။ သူ၏ မျက်နှာမှာ အလေး မထားသကဲ့သို့ပင် တွဲကျနေ၏။

နှာခေါင်းကြီး ဘာရ် က တည်ကြည်စွာဖြင့် ပြန်ဖြေလိုက်၏။

"မဟုတ်ဘူး... အောက်ပိုင်းခရိုင်က လူတွေ လုပ်လိုက်တာ"

"ဘာ...."

သက်ကြီးရွယ်အိုများမှာ ထိတ်လန့်ဖွယ် သတင်းတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး အချို့မှာ မတ်တပ်ပင် ရပ်မိသွားကြသည်။ လေလံပွဲသို့ လွှတ်လိုက်သည့် အသုံးမကျသော လူများ သေဆုံးသွားသည်ထက် ဤသတင်းက သူတို့ကို ပို၍ အံ့အားသင့်စေခဲ့သည်။

သူတို့သည် စာအုပ်ဆိုင်ပိုင်ရှင် မည်မျှ အစွမ်းထက်သည်ကို သိရှိထားကြသော်လည်း၊ ဟမ်ဖရီနှင့် အခြားသူလျှိုများ သေဆုံးမှုက မစ္စတာလင်၏ အစွမ်းကို သူတို့၏ မှတ်ဉာဏ်ထဲ၌ တစ်ဖန် ထပ်မံ အားဖြည့်ပေးလိုက်ခြင်းပင်။

သို့သော် ပို၍ အရေးကြီးသည်မှာ...

‘အောက်ပိုင်းခရိုင်က လူတွေက... အပေါ်ကို တက်လာကြတာလား...’

"သူ ဘယ်လိုလုပ်လိုက်တာလဲ..."

အဘွားအိုတစ်ဦးမှာ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ရီနေပြီး ကြောက်လန့်နေပုံပင် ရသည်။

"အောက်ပိုင်းခရိုင်က အဲဒီ တိရစ္ဆာန်တွေက ဘယ်လိုလုပ်ပြီး အပေါ်ကို တက်လာနိုင်ရတာလဲ"

ဘာရ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ချော့မော့သည့် လေသံဖြင့်...

"စိတ်အေးအေးထားပါ အက်စမိုဒီးယပ်စ်... အံ့ဩမနေပါနဲ့ဦး"

အက်စမိုဒီးယပ်စ် ဟု ခေါ်သော အဘွားအိုသည် ဘာရ်၏ စကားကြောင့် အသက်ပြင်းပြင်းရှူကာ စိတ်ကို ထိန်းလိုက်သည်။ သို့သော် ဘာရ် ဆက်ပြောလိုက်သည့် စကားကြောင့် သူမ ပို၍ တုန်လှုပ်သွားရပြန်သည်။

"ဘာလို့လဲဆိုတော့... နောက်ထပ်ကြားရမယ့် အကြောင်းအရာက မင်းကို ပိုပြီး ထိတ်လန့်သွားစေမှာမို့လို့ပဲ"

အက်စမိုဒီးယပ်စ် "..."

ဘာရ်က အေးအေးဆေးဆေးပင် ဆက်ပြောသည်။

"ဘာလို့လဲဆိုတော့ အောက်ပိုင်းခရိုင်က လူတွေကို... ဒီမစ္စတာလင်ကပဲ လမ်းပြခေါ်ဆောင်လာခဲ့တာလို့ ငါ သံသယရှိတယ်... မဟုတ်ဘူး... ငါ သေချာပေါက် သိနေတယ်"

ဘာရ်၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။

ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းရန် ဘာရ်က တစ်စုံတစ်ခုကို ဖော်ထုတ်ပြသကဲ့သို့ ဆက်ပြောလိုက်သည်။

"အောက်ပိုင်းခရိုင်က အဲဒီလူက အထက်ပိုင်းခရိုင်ကို ဘယ်လိုရောက်လာလဲဆိုတာ ကျွန်တော် မသေချာပေမဲ့၊ သူက လျှို့ဝှက်လမ်းပြမှုကို ရရှိခဲ့ပုံရတယ်... ဟမ်ဖရီကို သတ်ပြီး မစ္စတာလင် ကိုယ်တိုင် ရေးသားထားတဲ့ အဲဒီ လက်ရာမွန်ကို ရယူသွားဖို့ပေါ့...”

“ဒီဖြစ်ရပ်တွေက တိုက်ဆိုင်မှုတွေနဲ့ ပြည့်နေတယ်... လေလံပွဲက စာအုပ်တွေက သူတို့ရဲ့ ပိုင်ရှင်ကို သူတို့ဘာသာ ရွေးချယ်ကြတာ... အဲဒါက စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ လက်ရာ ဖြစ်နေတဲ့အတွက် သူ့ရဲ့ ခံစားချက်တွေကို အဖော်ပြနိုင်ဆုံး ဖြစ်မှာပဲ... အဲဒီတော့ အသုံးမကျတဲ့ ဟမ်ဖရီကို စာအုပ်က ဘာလို့ ရွေးချယ်ပါ့မလဲ...”

“ငါ စိုးရိမ်တာကတော့..."

ဘာရ် မျက်လုံးများကို မှိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဒါတွေအားလုံးက စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ အကွက်ချ စီစဉ်မှုတွေ ဖြစ်နေမှာကိုပဲ"

"ကြည့်ရတာ သူနဲ့ ထိပ်တိုက်တွေ့ဖို့က ရှောင်လွှဲလို့မရတော့ဘူးပဲ... သူက အောက်ပိုင်းခရိုင်ကိုပါ လက်ဖျားနဲ့ ထိလာပြီဆိုမှတော့ နော်ဇင်မြို့တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ကို လာကလိနေတာပဲ..."

သက်ကြီးရွယ်အိုများထဲတွင် အသက်အငယ်ဆုံးဖြစ်သော အဘိုးအိုက ပြတ်သားစွာ ပြောလိုက်သည်။

"အာဂါသယ်... မင်းကတော့ အမြဲတမ်း တိုက်ခိုက်ဖို့ပဲ စဉ်းစားနေတာပဲ"

ဘာရ်က မျက်မှောင်ကြုတ်ကာ အနည်းငယ် သရော်သလို ပြောလိုက်သည်။

"ဒါပေမဲ့ တိုက်ပွဲမစခင်မှာ မင်းရဲ့ ဦးနှောက်ကို အရင် သုံးသင့်တယ်... အခု အချိန်မှာ ငါတို့က စာအုပ်ဆိုင်ပိုင်ရှင်ကို အနိုင်တိုက်နိုင်မယ်လို့ မင်း ထင်နေတာလား..."

အာဂါသယ်မှာ ဆွံ့အသွားသည်။ ဘာရ်က စာအုပ်ဆိုင်ပိုင်ရှင်ကို အနိုင်မတိုက်နိုင်ကြောင်း ဤမျှ မြန်မြန်ဆန်ဆန် ဝန်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤလူကတော့ သိက္ခာကိုပင် ငဲ့မနေတော့ချေ။

"ဟမ့်... ကြွက်လိုပဲ ကြောက်တတ်လိုက်တာ..."

အာဂါသယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

"သူက မီးလျှံဓားလမ်းစဉ်ကိုတောင် ပူးပေါင်းအောင် လုပ်နိုင်ခဲ့သူပဲ... အမိုးခုံး ဘုရားကျောင်းတော်ကိုလည်း ဖျက်ဆီးခဲ့တဲ့သူ... အခရာ အဆင့် နှစ်ယောက်ကို မွေးထုတ်ပြီး နော်ဇင်မြို့ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် မြှောက်ပင့်ပေးခဲ့သေးတယ်... ဒါတွေကို မင်းတို့ မေ့ကုန်ကြပြီလား... ပြီးတော့ အချိန်ပြန်နောက်ဆုတ်သွားတာလည်း ရှိသေးတယ်... အဲဒီ ပုဂ္ဂိုလ်သာ မရှိခဲ့ရင် ငါတို့ ဘာမှ သိလိုက်မှာ မဟုတ်ဘူး"

အုပ်စုထဲတွင် အရပ်အပုဆုံးဖြစ်သူက ဝင်ပြောသည်။

"အခရာအဆင့် နှစ်ယောက်ကို တိုက်ခိုက်ခိုင်းတာက လှည့်စားတာလို့ ကျွန်တော် ထင်တယ်... သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က သူ့ရဲ့ အစွမ်းကို ငါတို့ကို ပြချင်တာပဲ"

သူက ခေတ္တရပ်ကာ ဆက်ပြောလိုက်သည်။

"နောက်ပြီး သူက အရာအားလုံးကို တိတိကျကျ ခန့်မှန်းနိုင်စွမ်း ရှိတယ်... ဘယ်အရာကမှ သူ့ရဲ့ တွက်ချက်မှုအပြင်ဘက်ကို ရောက်မသွားဘူး... သူက အတိတ်နဲ့ အနာဂတ်ကို ကောင်းကောင်းကြီး သိနေတာ ဖြစ်ရမယ်... ဖြစ်နိုင်တာကတော့..."

သူသည် စကားကို ခဏ ဆိုင်းငံ့လိုက်ပြီးမှ...

"သူက ငါတို့ အခု ဒီမှာ ဘာတွေ ကြံစည်နေသလဲ ဆိုတာကိုပါ မြင်နေနိုင်ရင်ကော... ဘာဖြစ်မလဲ"

"အဓိပ္ပာယ်မရှိတာ... ဒါက တမင်သက်သက် ကြောက်အောင် ခြောက်နေတာပဲ... မင်းကတော့ တကယ်ကိုပဲ အာမွန်ရေ"

အာဂါသယ်က ဒေါသတကြီး ပြန်ချေပလိုက်သည်။ ထို့နောက် ကြီးမားလှသော ပြောင်းပြန်သစ်ပင်ကြီးကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ဆဲရေးလိုက်တော့သည်။

"မင်းက သူ့ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးပြီး ငါတို့ရဲ့ သိက္ခာကို ဖျက်ဆီးနေတာပဲ... ပြီးတော့ မင်းရဲ့ စကားတွေရဲ့ သစ်ပင်တွေရဲ့ မူလ စုန်းမကြီးကို စော်ကားတာလို့ ငါ မှတ်ယူလို့ ရမလား"

အာမွန်က ပခုံးတွန့်ကာ သရော်လိုက်ပြီး ပြန်လည် ချေပရန် ပြင်လိုက်စဉ်မှာပင် ဘာရ်က ကြားဖြတ် တားမြစ်လိုက်သည်။

"တော်ကြတော့... မင်းတို့ နှစ်ယောက်က 'မြူတံတိုင်း' ကို တစ်ကိုယ်တည်း တိုက်ခိုက်နေတဲ့ နော်ဇင်ရဲ့ မိခင်ကြီး၊ နော်ဇင် တစ်ခုလုံးကို စောင့်ရှောက်နေပြီး အခု အိပ်ပျော်နေတဲ့ သစ်ပင်တွေရဲ့ မူလစုန်းမကြီး ဖရက်ဆီးနပ်စ် ကိုပါ သွားပြီး သက်ရောက်မှု ရှိအောင် လုပ်နေကြတာလား"

ဘာရ်၏ စကားကြောင့် ငြင်းခုံနေသူ နှစ်ဦးမှာ ဆွံ့အသွားပြီး တိတ်ဆိတ်သွားကြသည်။

ဘာရ်က သက်ပြင်းချကာ သစ်ပင်မှ တွဲလောင်းကျနေသော အသီးတစ်ခုဆီသို့ လျှောက်သွားရာ၊ အခြားသူများကလည်း ရိုသေစွာ နောက်မှ လိုက်ပါသွားကြသည်။

"ဘာပဲဖြစ်ဖြစ်... အခုအချိန်မှာ သူနဲ့ စစ်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... 'မီးလျှံဓားလမ်းစဉ်' က အိပ်မက် အက်ကြောင်းကို ဖွင့်လိုက်ကတည်းက မီးခိုးရောင် မြူတွေက စတင် ပျံ့နှံ့နေပြီ... နော်ဇင်မြို့တောင် အန္တရာယ် ရှိနေပြီ... လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့... 'မီးလျှံဓားလမ်းစဉ်' က တစ်ခုခု လှုပ်ရှားလာတဲ့အထိ ငါတို့က ဘေးကနေ ထိုင်ကြည့်ပြီး အကျိုးအမြတ်ကိုပဲ ယူရမယ်...”

“ဒါပေမဲ့ အဲဒီအချိန်ကျရင်တော့ စုန်းမကြီး ဖရက်ဆီးနပ်စ် ရဲ့ နှစ်ရှည်လများ အိပ်စက်ခြင်းကို နှောင့်ယှက်ဖို့ကလွဲလို့ ငါတို့မှာ အခြား ရွေးချယ်စရာ ရှိမှာမဟုတ်ဘူး..."

ဘာရ်က လူတစ်ယောက်စာ အရွယ်အစားရှိသော အသီးကြီး၏ အနားသို့ လျှောက်သွားလိုက်သည်။ အသီး၏ အပေါ်ဘက်တွင် ကြည်လင်သော အပေါက်တစ်ခု ပါရှိရာ၊ သူက အပြင်ဘက်မှနေ၍ အတွင်းသို့ ငုံ့ကြည့်လိုက်သည်။

စိမ်းပြာရောင် ဆံပင်များနှင့် ကောင်းကင်တမန်တစ်ပါးကဲ့သို့ လှပသော မျက်နှာရှိသည့် မိန်းကလေးတစ်ဦးသည် အလယ်ဗဟိုတွင် ဗလာကျင်းလျက် လဲလျောင်းနေသည်။ သူမ၏ အသားအရေမှာ ဖြူဝင်းပြီး နုနယ်လှသော်လည်း၊ သူမ၏ ကိုယ်ပေါ်တွင် စိမ်းပြာရောင် သစ်ကိုင်းအချို့ ပေါက်ရောက်နေသည်က သူမ၏ အလှကို ပို၍ပင် တိုးစေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဖရက်ဆီးနပ်စ်သည် နော်ဇင်မြို့၏ တည်ဆောက်ပုံနှင့် ခိုလှုံရာ အားလုံးတို့အတွက် စွမ်းအင် အရင်းအမြစ်ပင် ဖြစ်သည်။ နော်ဇင်မြို့သည် သူမ၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားတစ်ခုကဲ့သို့ ဖြစ်နေပြီး သူမထံမှ အာဟာရများကို အမြဲမပြတ် စုပ်ယူနေခြင်းပင်။

သူမ၏ ရှည်လျားသော မျက်တောင်စိမ်းလေးများမှာ အိပ်မက်ရှည်ကြီးတစ်ခုကို မက်နေသည့်အလား အနည်းငယ် လှုပ်ခတ်သွားသည်။ သူမ၏ လှပသော မျက်လုံးထောင့်လေးများမှာ အနည်းငယ် ကွေးညွတ်နေပြီး ငယ်ရွယ်သော မိန်းကလေးတစ်ဦး၏ အပြုံးမျိုးကို ဆောင်နေပေတော့သည်။

***

All Chapters