အခန်း (၁၉၉၁-၁၉၉၂)
Vol. 143 Ch. 1991-1992
အပိုင်း(၁၉၉၁)
“အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုလား...”
အဖြူရောင် ကောင်းကင်၏ သံသယမှာ သိုင်းအရှင်သခင် ကျားနှလုံးသား၏ အတွေးနှင့် ထပ်တူကျနေပေသည်။ ထိုသူသည် ဤနေရာမှ ထွက်ခွာသွားပြီး ကောင်းကင်နှလုံးသား ဂလက်ဆီထဲသို့ ဝင်ရောက်သွားခဲ့သည်ဟူသော အချက်ကို ကြည့်လျှင် ဤသည်မှာ ကျိုးကြောင်းဆီလျော်လှပေသည်။ သူတို့အားလုံး ထိုလူယုတ်မာ၏ အကွက်ထဲသို့ သက်ဆင်းသွားခဲ့ကြပြီ။ ထိန်ကျန့်ဝမ်နှင့် ဤအာရုဏ်ဦး အာဏာရှင် ဧကရာဇ်တို့မှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းနေကြခြင်းလည်း ဖြစ်နိုင်ပေသည်။
“ကျားလေး... ငါတို့ ပြေးသင့်လား...”
လက်ရှိ၌ သူတော်စင် နွေဦးကွင်းပြင်မှာ အဓိက ပစ်မှတ်ဖြစ်နေလောက်သည်။ ထို့အပြင်... အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုသည် သူတော်စင် နွေဦးကွင်းပြင် ဒဏ်ရာရနေချိန်တွင် ဝိုင်းဝန်းတိုက်ခိုက်ရန် သူတော်စင် အများအပြားကို စုဆောင်းထားနိုင်ပေသည်။ ယခု သူတော်စင် နွေဦးကွင်းပြင်ကို မမြင်ရခြင်းမှာ ‘ကမ္ဘာ့အခွံပုလဲ’ ကဲ့သို့သော ပစ္စည်းမျိုးဖြင့် ဖန်တီးထားသည့် သီးခြားလွတ်လပ်သော ဟင်းလင်းပြင်တစ်ခုအတွင်း တိုက်ပွဲဝင်နေရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ဤသည်မှာ ထွက်ပြေးရန် အကောင်းဆုံး အခွင့်အရေးပင်။
သို့သော် သိုင်းအရှင်သခင် ကျားနှလုံးသားကမူ ထိုသို့မတွေးပေ။ အကယ်၍ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုသာ သူတော်စင်များကို စုစည်း၍ တိုက်ခိုက်သည်ဆိုပါက မည်သည့် အစအနမျှ ကျန်ရစ်စေမည်မဟုတ်။ ဤကဲ့သို့ ကြိုတင်စီစဉ်ထားမှုမျိုးတွင် အနည်းဆုံး သူတော်စင် သုံးဦးခန့်နှင့် သူတို့ ထွက်မပြေးနိုင်အောင် တားဆီးမည့် အရာတစ်ခုခု ရှိနေပေလိမ့်မည်။ ထို့ကြောင့် လှောင်အိမ်၏ အစွန်းအဖျားများဆီသို့ တိုးဝင်သွားမည့်အစား သူတော်စင် နွေဦးကွင်းပြင်ကို ရှာဖွေပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် သူ မျှော်လင့်နေမိသည်။
သိုင်းအရှင်သခင် ကျားနှလုံးသား၏ မတင်မကျဖြစ်မှုနှင့် သူမ၏ အကြံပြုချက်အပေါ် သဘောမတူမှုကို ရိပ်မိသကဲ့သို့ အဂ္ဂိရတ် ရှန့်ထို အဖြူရောင်ကောင်းကင်က အလျင်အမြန်ပင်...
“အခြေအနေက တကယ်ပဲ အကျပ်အတည်းဖြစ်လာရင် ငါတို့ အသက်ရှင်ဖို့အတွက် ငါ စေ့စပ်ညှိနှိုင်းပေးနိုင်ပါတယ်...”
သူမ၏ စကားကြောင့် ကျားနှလုံးသား အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း ယခုကဲ့သို့ မမျှော်လင့်ထားသော အခြေအနေမျိုးတွင် စိုးရိမ်စိတ်တို့က အကုန်အစင် ကင်းစင်မသွားသေးပေ။
ပြင်းထန်လှသော စွမ်းအင်ဂယက်များကြောင့် မည်သည့်နေရာတွင် ‘ကမ္ဘာ့အခွံ’ နယ်မြေများ တည်ဆောက်ထားသည်ကို ခွဲခြားရန် ခက်ခဲနေသလို၊ အမှတ်တစ်ခုထက် ကျော်လွန်၍ မည်သည့်အော်ရာကိုမျှ ရှာဖွေ၍မရနိုင်ချေ။ သူသည် မဆင်မခြင် လှုပ်ရှားရင်း သူတော်စင်အဆင့် အစီအရင် တစ်ခုအတွင်း ပိတ်မိသွားမည်ကို အစိုးရိမ်ဆုံး ဖြစ်နေသည်။
အချိန်တိုင်းတွင် အဂ္ဂိရတ် ရှန့်ထို အဖြူရောင်ကောင်းကင်၏ စိုးရိမ်ပူပန်မှုများမှာ ပို၍ တိုးလာနေသည်။ သူမသည် တိုက်ပွဲဗျူဟာနှင့် ပဋိပက္ခ ဖြေရှင်းရေးတို့တွင် ကျွမ်းကျင်သူ မဟုတ်ပေ။ သူမ၏ အာရုံစိုက်မှုနှင့် ပါရမီအများစုမှာ အဂ္ဂိရတ် တာအို၊ ကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာ တည်ဆောက်ရေးတို့တွင်သာ ရှိသည်။ ကျန်ရှိသော ကိစ္စရပ်များကိုမူ ကျားနှလုံးသားကဲ့သို့သော အစွမ်းထက်သူများကိုသာ လွှဲအပ်ထားလေ့ရှိ၏။
သို့သော် သူမကိုယ်တိုင်လည်း အသုံးဝင်ချင်နေသေးသည်။
“ကျားလေး... ငါတို့...”
ဘုန်း...
ရုတ်တရက်... သိုင်းအရှင်သခင် ကျားနှလုံးသားသည် ခိုင်မာလာသော မာနပလက်ဖောင်းတစ်ခုကို ခြေဖြင့်နင်းကာ ဒေါင်လိုက်အတိုင်း ရုတ်ခြည်း ခုန်ထွက်လိုက်သဖြင့် အဖြူရောင်ကောင်းကင်၏ စကားသံမှာ ရပ်တန့်သွားတော့သည်။ သူ၏ လှုပ်ရှားမှုမှာ အလွန်ပင် ရုတ်တရက်ဆန်လှသဖြင့် အဖြူရောင်ကောင်းကင်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
ဘုန်း... ဘုန်း...
သိုင်းအရှင်သခင် ကျားနှလုံးသားသည် ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် မိုင်ပေါင်းသောင်းချီ၍ ခုန်ကူးနေပြီး၊ သားကောင်ကို ခုန်အုပ်တော့မည့် ကျားတစ်ကောင်အလား အဟုန်ပြင်းလှသည်။ အဂ္ဂိရတ် ရှန့်ထို အဖြူရောင်ကောင်းကင်ကို ပွေ့ပိုက်ထားရင်း သူ၏ မျက်နှာမှာ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေ၏။ သူက ပြေးနေခြင်းမဟုတ်။ ရှောင်တိမ်းနေခြင်း ဖြစ်သည်။
ဘုန်း...
မှန်ပေသည်။ သူ ရှောင်တိမ်းနေရခြင်း ဖြစ်၏။ အဖြူရောင်ကောင်းကင်အနေဖြင့် ဘာကိုမျှ အာရုံမခံနိုင်သော်လည်း၊ ကျားနှလုံးသားက သူမကို ပွေ့ပိုက်ကာ အလျင်အမြန် လှုပ်ရှားနေပုံနှင့် သူ၏ လက်မောင်း၊ ခြေထောက်တို့တွင် ဖောင်းတက်နေသော သွေးကြောများကို ကြည့်ရုံဖြင့် သူသည် မိမိ၏ အကန့်အသတ်ကို ကျော်လွန်၍ ကြိုးစားနေရကြောင်း သိနိုင်ပေသည်။
ရုတ်တရက် သူသည် ဟင်းလင်းပြင်ကို ကန်ကျောက်ကာ လေထဲတွင် ဝှေ့ယမ်းလျက် လမ်းကြောင်းကို အဆမတန် ပြောင်းလဲပစ်လိုက်သည်။
အဖြူရောင်ကောင်းကင်မှာ သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားမိ၏။ ထိုစဉ် ပူနွေးသော အရည်တစ်စက် သူမ၏ မျက်နှာပေါ်သို့ ကျလာသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကျားနှလုံးသား၏ ညာဘက်ပါးပြင်ပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခုကို တွေ့လိုက်ရ၏။ သူသည် နာကျင်မှုကို အံတုလျက် သွားများကို တင်းတင်းစေ့ထားပြီး သွေးများမှာ မြစ်တစ်စင်းအလား စီးကျနေသည်။ သို့သော် သူ မရပ်တန့်ခဲ့ပေ။ သူသည် အမှောင်ဟင်းလင်းပြင်အတွင်း လမ်းကြောင်းပေါင်းစုံမှ ခုန်ထွက်ကာ သူ၏ လျှို့ဝှက်စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးနေတော့သည်။
“ကျားလေး...”
သူမ၏ နှလုံးသားထဲတွင် စိုးရိမ်စိတ်နှင့်အတူ ထိတ်လန့်မှုများ လွှမ်းမိုးသွားသည်။ ကျားနှလုံးသား၏ လည်ပင်းမှ သွေးကြောများမှာ အဆမတန် ဖောင်းတက်နေ၏။ သူ၏ ဒဏ်ရာများမှာ အပြင်ပန်းအရ သက်သာနေသလို ထင်ရသော်လည်း၊ သူ၏ ခန္ဓာကိုယ်နှင့် သွေးကြောလမ်းကြောင်းများမှာ အကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း ထင်ရှားလှသည်။ မည်သည့် လျှို့ဝှက်အရှင်မျှ ကောင်းကင်ရှန့်ထိုတစ်ပါး၏ ကိုယ်တိုင်ဖောက်ခွဲမှုကို အနီးကပ်ခံစားရပြီး အနာအဆာကင်းကင်းနှင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“အရှင်မ အဖြူရောင်ကောင်းကင်... မစိုးရိမ်ပါနဲ့”
သိုင်းအရှင်သခင် ကျားနှလုံးသားက သွားများကြားမှ လေသံဖြင့် ခက်ခဲစွာ ပြောလိုက်သည်။ အဖြူရောင်ကောင်းကင်၏ နှလုံးခုန်သံမှာ သူမ၏ နားထဲတွင်ပင် ပြန်ကြားနေရလောက်အောင် ပြင်းထန်နေ၏။
ဘုန်း...
သူ၏ လက်မောင်းပေါ်တွင် နောက်ထပ် ဒဏ်ရာနက်ကြီးတစ်ခု ထပ်မံပေါ်ပေါက်လာပြီး သတ္တုချင်း ပွတ်တိုက်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ ချပ်ဝတ်တန်ဆာကို အားတစ်ခုက လာရောက်ရိုက်ခတ်မှုကို ခံစားလိုက်ရသဖြင့် သူမ၏ တစ်ကိုယ်လုံး တုန်ရီသွားလေသည်။
ရုတ်တရက် ကျားနှလုံးသားသည် ၁၈၀ ဒီဂရီ လှည့်လိုက်ရာ သူ၏ ကျောပြင်မှ သွေးများ ပန်းထွက်လာတော့သည်။ သူမသည် ကျားလေး၏ သွေးများ မြစ်သဖွယ် စီးကျလာသည်ကို မြင်လိုက်ရသော်လည်း၊ သူသည် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ပို၍ မြန်သော အရှိန်ဖြင့် ရှောင်ထွက်နေဆဲပင်။
ဘာဆိုဘာကိုမှ မမြင်ရသော်လည်း သူတို့ တိုက်ခိုက်ခံနေရပြီး သူမကိုယ်တိုင်မှာ ပစ်မှတ်ဖြစ်နေကြောင်း နားမလည်ရလောက်အောင် သူမ မအပေ။ ကျားနှလုံးသားက သူမကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။
“ငါ...”
သူမ အသက်ရှူရ ခက်ခဲလာ၏။ ဤသည်မှာ ဒေါသထွက်စရာပင်။ သို့သော် သူမသည်လည်း ‘မူလတရားသူကြီး’ တစ်ဦးဖြစ်သည်မဟုတ်ပါလား။
သူမ သွေးရောင်ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ပြတ်သားသော မျက်လုံးများဖြင့် ကျားနှလုံးသားကို ကြည့်လိုက်သည်။
“ငါ့ကို မင်းရဲ့ အတွင်းပိုင်းလောကထဲကို ပို့လိုက်တော့၊ ပြီးရင် ဒီဆေးကို သောက်... ပြီးမှ ပြန်တိုက်ခိုက်ပါ”
သူမသည် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်နှင့် သေဆုံးသွားရန် ငြင်းဆန်သည်။ အသက်ဘေးအတွက် စေ့စပ်ညှိနှိုင်းရန်လော။ ဤသည်မှာ ကြိုတင်စီစဉ်ထားမှု ဖြစ်ပါက သူမကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရန်သူက သိထားပြီး သတ်ဖြတ်ရန် ကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
မည်သည့် ညှိနှိုင်းမှုမျှ ရှိလာမည်မဟုတ်။ သူမသည် ကလေးတစ်ဦးနှင့် တူကောင်းတူနိုင်သော်လည်း ခိုကိုးရာမဲ့နေသော ကလေးတစ်ဦး မဟုတ်ပေ။
သိုင်းအရှင်သခင် ကျားနှလုံးသားမှာ ထိုဆေးလုံး၏ အော်ရာကို ခံစားလိုက်ရုံဖြင့် ၎င်းမှာ ‘သွေးကပ်ဘေး ဆေးလုံး’ ဖြစ်ကြောင်း သိလိုက်သည်။ ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး အာနိသင်မြန်လှသော ‘လျှို့ဝှက်လောက’ အဆင့် အသက်ကယ်ဆေးလုံး ဖြစ်၏။
၎င်းသည် သူ၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနိုင်ရုံသာမက သူ၏ သန့်စင်သော သွေးများကို လောင်ကြွမ်းခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အဆမတန် မြှင့်တင်ပေးနိုင်သည်။ ၎င်း၏ အာနိသင်မှာ သာမန်သွေးလောင်ကြွမ်းခြင်း ကျင့်စဉ်များထက် ပို၍ ပြင်းထန်ပြီး နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးမှာလည်း ပို၍ နည်းပါးလှသည်။
၎င်းမှာ တန်ဖိုး ဖြတ်၍မရနိုင်ပေ။ ဤဆေးလုံးဖြင့် သူသည် သူတော်စင်တစ်ဦးကိုပင် စိန်ခေါ်နိုင်လောက်သော စွမ်းအားကို ခေတ္တရရှိမည် ဖြစ်သည်။ အဂ္ဂိရတ် တာအို၏ အစွမ်းမှာ တကယ်ပင် အံ့ဩစရာ ကောင်းလှ၏။ ကျားနှလုံးသားမှာ တွေဝေမနေတော့ဘဲ ဆေးလုံးကို ဝါးမျိုလိုက်ကာ တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းရင်း အဂ္ဂိရတ် ရှန့်ထို အဖြူရောင်ကောင်းကင်ကို သူ၏ အတွင်းပိုင်းလောကထဲသို့ ပို့ဆောင်လိုက်တော့သည်။
ဘုန်း...
ရုတ်တရက် သူ၏ ရုပ်ပိုင်းဆိုင်ရာ အော်ရာမှာ သုံးဆခန့် မြင့်တက်လာတော့သည်။
ဝရား...
ကျားတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ မိုင်ပေါင်း သောင်းနှင့်ချီသော ဝန်းကျင်ရှိ မန်နာစီးဆင်းမှုများမှာ ရပ်တန့်သွားပြီး ပြင်းထန်သော စွမ်းအင်ဂယက်များမှာလည်း လွင့်စဉ်သွားတော့သည်။ အမှောင်ဟင်းလင်းပြင်အတွင်း ဖြစ်သော်လည်း ထိုအသံလှိုင်းများမှာ ယုတ္တိဗေဒကို ဖီဆန်လျက် အာကာသကိုပင် ထိုးဖောက်သွား၏။
ရက်စက်ကြမ်းကြုတ်သော သွေးနံ့များ လွှမ်းခြုံနေသည့် အနီရောင် အော်ရာများမှာ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သူ၏ အရွယ်အစားမှာ သုံးဆခန့် ပိုမိုကြီးမားလာသည်။ သူ၏ ကြွက်သားများမှာ မာကျောလာပြီး နက်ရှိုင်းသော ဒဏ်ရာကြီးများမှာလည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည်ပျောက်ကွယ်သွားကာ သွားများမှာ ကျားစွယ်များအဖြစ် ရှည်ထွက်လာတော့၏။ သူ၏ ကျားမျက်လုံးများသည် နေရာတစ်ခုသို့ စူးစိုက်ကြည့်လိုက်၏။ ဖောက်ပြန်နေသော စွမ်းအင်များကို ဖယ်ရှားပြီးနောက်တွင် သူသည် တိုက်ခိုက်သူကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
ဝေဝူယင်၏ ပုံရိပ်မှာ မိုင်ရာဂဏန်းခန့်အကွာတွင် ပေါ်လာသည်။ သူ၏ ငွေရောင်မျက်လုံးများမှာ တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ ခြေလှမ်းများမှာ ပန်းခြံတစ်ခုအတွင်း လမ်းလျှောက်နေသကဲ့သို့ အေးဆေးလွန်းလှသည်။ သူ၏ ပေါ့ပါးလှသော အမူအရာမှာ တစ်ဖက်လူအတွက် စိတ်မသက်မသာ ဖြစ်စရာပင်။
***
အပိုင်း(၁၉၉၂)
“ဆိုတော့... မင်းက ငါ့ကို ကိုင်တွယ်ဖို့ လွှတ်လိုက်တဲ့လူပေါ့လေ...”
သိုင်းအရှင်သခင် ကျားနှလုံးသားမှာ သူ၏ ဟိန်းဟောက်သံအပြီးတွင် လူတစ်ဦးတည်း ပေါ်လာသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် လျှို့ဝှက်အရှင် အများအပြား သို့မဟုတ် သူတော်စင်တစ်ဦး ပေါ်လာမည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဤကျင့်ကြံသူ၏ စွမ်းအားမှာ ဟင်းလင်းပြင်ကြီးကဲ့သို့ နက်ရှိုင်းကျယ်ပြောလှသဖြင့် သူ၏ အစစ်အမှန် စွမ်းအားကို ခန့်မှန်းရန် ခက်ခဲနေပေသည်။ သို့သော် သူ၏ ဗီဇစိတ်က ဤလူသည် အန္တရာယ်ရှိကြောင်း သတိပေးနေ၏။
သူ၏ ရုပ်သွင်မှာ ယာယီ ကပ္ပတိန် ပြောပြထားသော ‘အာရုဏ်ဦး အာဏာရှင် ဧကရာဇ်’ နှင့် ထပ်တူကျနေသော်လည်း ကျားနှလုံးသားက ထိုအချက်ကို ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ ဤသူမှာ အာဏာရှင် ဧကရာဇ်၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန်အတွက် အယောင်ဆောင်ထားသော ‘တာအိုစောင့်ရှောက်သူ’ တစ်ဦးသာ ဖြစ်မည်ဟု သူ ယူဆလိုက်သည်။
ယခုအခြေအနေကို သေချာတွက်ချက်ထားသော အကွက်တစ်ခုအဖြစ် မှတ်ယူထားဆဲ ဖြစ်သဖြင့် ကျားနှလုံးသားသည် တိုက်ပွဲအတွက်ရော မမျှော်လင့်ထားသော အခြေအနေများအတွက်ပါ အသင့်ပြင်လိုက်သည်။ သူတော်စင် နွေဦးကွင်းပြင်အနေဖြင့် သူ၏ အခြေအနေကို အမြန်ဆုံး ဖြေရှင်းပြီး အဂ္ဂိရတ် ရှန့်ထို အဖြူရောင်ကောင်းကင်အတွက် ရောက်လာပါစေရန်သာ သူ ဆုတောင်းနေမိတော့သည်။
တစ်ဖက်တွင်... ဝေဝူယင်သည် သိုင်းအရှင်သခင် ကျားနှလုံးသားကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။ သူ၏ ပထမဆုံးသော လျှို့ဝှက်အရှင် ပြိုင်ဘက်မှာ သိုင်းပညာ လမ်းစဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ပြင် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်မှာလည်း ပြင်ပအစွမ်းတစ်ခုကြောင့် အဆင့်အတန်းတစ်ခုထက် ပိုမိုမြင့်မားနေပေသည်။
တစ်ချိန်တည်း၌... ဝေ့ဝူယင်သည် သူတော်စင် နွေဦးကွင်းပြင်မှာ ကောင်းကင်ရတနာတစ်ခုကို အသုံးပြုကာ ပုန်းကွယ်လျက် ဝန်းကျင်အား အကဲခတ်နေသည်ကို အာရုံခံမိသည်။ ထိုသူသည်လည်း ကျားနှလုံးသားကဲ့သို့ပင် သူတော်စင် အများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရမည်စိုးသဖြင့် အလွယ်တကူ ပေါ်မလာခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ဝေဝူယင်အတွက် တစ်ဦးချင်းစီကို အေးဆေးစွာ ကိုင်တွယ်ရန် အခွင့်အရေး ဖြစ်နေသည်။ သို့သော်လည်း... အကယ်၍ သူတို့ နှစ်ဦး ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့အတွက် ဘာမျှ ထူးခြားသွားမည် မဟုတ်ချေ။
သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
အစစ်အမှန် နဂါးအသွင်ပြောင်းခြင်း...
ဘုန်း...
ဝေ့ဝူယင် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ဝေဝူယင်၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲလာကာ သူ၏ အသားအရေမှာ ဆဋ္ဌဂံ မီးခိုးရောင် အကြေးခွံများအဖြစ်သို့ ကူးပြောင်းသွား၏။ လက်သည်းများမှာ ငွေရောင်အဆင်းဖြင့် ရှည်ထွက်လ၏။ သူ၏ သူငယ်အိမ်များမှာလည်း ဒေါင်လိုက်ပုံစံ စူးရှတောက်ပြောင်လာကာ အထက်စီးဆန်သော အရှိန်အဝါတို့ ကိန်းဝပ်လာပေသည်။
ဝရား...
ဒုတိယခြေလှမ်းတွင်မူ ဟင်းလင်းပြင်အတွင်းမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။ ထိုအသံမှာ လည်ချောင်းသံပါကာ မြင့်မြတ်လွန်းလှသဖြင့် တစ်သက်စာ မေ့ပျောက်နိုင်ဖွယ် မရှိချေ။
ဘုန်း... ဘုန်း...
ဝေ့ဝူယင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ဟင်းလင်းပြင်ကိုပင် လောင်ကျွမ်းစေနိုင်သော မမြင်ရသည့် မီးတောက်များ ထွက်ပေါ်လာသည်။ ထိုမီးတောက်များကို ကြည့်ရုံရုံဖြင့်ပင် ဝိညာဉ်များကို တုန်လှုပ်စေကာ မတွန်းလှန်နိုင်သော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေ၏။ သူ၏ အစွယ်များမှာ အထက်မြက်ဆုံးသော ဓားထက်ပင် ပို၍ စူးရှစွာ ရှည်ထွက်လာသည်။ သူ၏ နဂါးအော်ရာမှာ ရက်စက်ကြမ်းကြုတ်မှု၊ ခန့်ညားထည်ဝါမှုနှင့် မည်သူ့ကိုမျှ ဒူးမထောက်တတ်သော မာန်မာနတို့ ပေါင်းစပ်ထားသည့် ပြည့်စုံသော ရလဒ်တစ်ခုပင် ဖြစ်၏။
ဝရား...
တတိယခြေလှမ်းတွင်မူ မွေးရာပါ မြင့်မြတ်မှု အရှိန်အဝါတို့ ပေါ်လွင်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား သူ၏ ရောက်ရှိလာမှုကို ကြေညာလိုက်တော့သည်။
အစစ်အမှန် ဟင်းလင်းပြင်နဂါးနှင့် လူသားတို့ ပေါင်းစပ်ထားသော ပုံသဏ္ဌာန်မှာ ပြည့်စုံသွားခဲ့လေပြီ။ တောင့်တင်းခိုင်မာသော ကြွက်သားများမှအစ တဖျပ်ဖျပ် လှုပ်ရှားနေသော ဆံပင်တစ်ပင်ချင်းစီအထိ အပြစ်ပြောစရာ မရှိချေ။ အကြေးခွံ တစ်ခုချင်းစီတိုင်းမှ မီးခိုးရောင် ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေ၏။ ၎င်းတို့မှာ နေအလင်းရောင်နှင့် နဂါးအော်ရာတို့ ပေါင်းစပ်ထားသည့် တောက်ပမှုပင်။
ဝေဝူယင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပို၍ သွယ်လျသွားသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရုပ်ပိုင်းဆိုင်ရာ အော်ရာမှာမူ ဆယ်ဆခန့် ပိုမိုပြင်းထန်လာသဖြင့် အာရုံခံစားမှုတွင် သူသည် ဧရာမဘီလူးကြီး တစ်ကောင်အလား ထင်မှတ်ရပေသည်။
ဤသည်မှာ ဝေဝူယင်အနေဖြင့် အထွတ်အထိပ်သို့ ရောက်ရှိပြီး ပြည့်စုံစွာ သန့်စင်ထားသည့် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်နှင့် လျှို့ဝှက်ဒဏ္ဍာရီ ပထမအဆင့်ရှိ သွေးမျိုးဆက်တို့ဖြင့် ပထမဆုံးအကြိမ် အစစ်အမှန် နဂါးအသွင်ပြောင်းခြင်းကို ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုပေါင်းစပ်မှုမှာ စိတ်ကူးကြည့်ရုံဖြင့်ပင် အံ့ဩစရာ ကောင်းလှ၏။ ထို့ပြင် ‘ချီပျစ်ခဲခြင်းအဆင့်’ ၏ ယန်ဖွံ့ဖြိုးမှု အဆင့်မှ စ၍ အဆင့်တိုင်းတွင် သွေးမျိုးဆက်နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို အစွမ်းကုန် ကျင့်ကြံခဲ့မှုများက ယခုရလဒ်ကို ပိုမိုအားကောင်းစေခဲ့သည်။
သိုင်းအရှင်သခင် ကျားနှလုံးသားသည် ဆေးလုံးကို သောက်သုံးပြီးနောက် ဒဏ်ရာများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ အော်ရာမှာ အစစ်အမှန် သူတော်စင် တစ်ဦးကိုပင် ယှဉ်နိုင်လောက်အောင် ကြမ်းကြုတ်ပြင်းထန်နေ၏။ သို့သော် ဝေဝူယင်၏ နဂါးအရှိန်အဝါက ဟင်းလင်းပြင်အတွင်းသို့ ဖိနှိပ်လာသောအခါ ကျားနှလုံးသား၏ အရှိန်အဝါမှာ အနည်းငယ် နိမ့်ပါးသွားရသည်။ ဝေဝူယင်၏ ခြေလှမ်းတိုင်းမှာ သူ၏ ပုခုံးပေါ်သို့ ရိုက်ချလိုက်သည့် လက်ဝါးချက်များနှယ် ပြင်းထန်လှပြီး သူ့အား ဒူးထောက်သွားအောင် ဖိအားပေးနေသည့်အလား ခံစားရ၏။
သူ၏ ကျားမျက်လုံးများမှာ အလွန်ပင် တည်ကြည်လေးနက်သွားသည်။ သို့သော် သူ၏ ခြေထောက်များမှာ ခိုင်မြဲနေဆဲ၊ ကျောရိုးမှာလည်း ဖြောင့်တန်းနေဆဲဖြစ်ကာ သူ၏ နှလုံးသားထဲတွင်လည်း သားရဲတစ်ကောင်၏ တိုက်ခိုက်လိုစိတ်တို့ ကိန်းဝပ်နေဆဲပင်။
ဤသည်မှာ ထူးခြားသော ရန်သူတစ်ဦးနှင့် သူ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း မဟုတ်ပေ။ ကျင့်ကြံသူတစ်ဦးအဖြစ် သူ၏ ဘဝတစ်လျှောက်လုံးမှာ တိုက်ပွဲများ၊ ပဋိပက္ခများနှင့် ပြည့်နှက်နေခဲ့ပြီး ထိုအရာများကပင် သူ့အား ကြံ့ခိုင်သော ယောက်ျားတစ်ဦး ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ဤမျှသော ဖိအားမှာ သူ့အား ကြောက်ရွံ့သွားစေရန် သို့မဟုတ် ထွက်ပြေးသွားစေရန် မလုံလောက်သေးချေ။ သူသည် ခေါင်းကို မော့၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သွားများကို တင်းတင်းစေ့လျက် ဟိန်းဟောက်လိုက်၏။
ဂါး...
ဟင်းလင်းပြင်ကြီး တုန်ခါသွားကာ မန်နာများ ပြန့်ကျဲသွားတော့သည်။ ပုန်းကွယ်နေသော ဟင်းလင်းပြင် သားရဲများမှာလည်း ဗီဇစိတ်ထက် ပိုမိုသော ကြောက်ရွံ့မှုဖြင့် အလန့်တကြား ထွက်ပြေးကုန်ကြ၏။ ဤသည်မှာ သူတော်စင်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် လွှမ်းမိုးမှုပင် ဖြစ်သည်။
ဝေဝူယင် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နဂါးမျက်လုံးများမှာ တဖျတ်ဖျတ် လက်သွားသည်။ သူ၏ စတုတ္ထမြောက် ခြေလှမ်းမှာ ပြင်ပအားတစ်ခုကြောင့် ဟင်းလင်းပြင်အတွင်း ရပ်တန့်သွားခဲ့ရ၏။
‘သူက ငါ့ရဲ့ စုဆောင်းထားတဲ့ အဟုန်ကို အလွယ်တကူပဲ တားဆီးလိုက်နိုင်တာလား...’
ဝေဝူယင် တွေးတောရင်း ပြိုင်ဘက်အပေါ် အထင်ကြီးမှု ပိုလာသည်။ ထိန်ကျန့်ဝမ်ကို သတ်ဖြတ်ပြီးနောက်ပိုင်း ဝေဝူယင်သည် အဟုန်ဥပဒေသ အပေါ် နားလည်မှုမှာ နှစ်ပေါင်းများစွာ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကြောင့် သိသိသာသာ တိုးတက်လာခဲ့သည်။ ၎င်းမှာ ‘သာမည အာဏာ’ အဆင့်သို့ မရောက်သေးသော်လည်း အလွန်ပင် နက်ရှိုင်းလှ၏။
သို့သော် သိုင်းအရှင်သခင် ကျားနှလုံးသားမှာ ဟိန်းဟောက်သံ တစ်ချက်တည်းဖြင့် ဝေဝူယင် စုဆောင်းထားသော အဟုန်ကို ဖျက်ဆီးလိုက်နိုင်ကာ၊ အရှိန်အဝါသက်သက်ဖြင့် ဒူးထောက်စေမည့် စတုတ္ထခြေလှမ်းကို တားဆီးလိုက်နိုင်ခြင်း ဖြစ်သည်။
ဝေဝူယင်၏ နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ ဝေးကွာနေသော စိတ်လှုပ်ရှားမှုတို့ ပြန်လည် နိုးထလာ၏။ ဤမျှလောက်သော ဖိအားမျိုးကို မခံစားရသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့လေပြီ။ သူ၏ စိတ်မျက်လုံးအတွင်း၌ ‘ဖီဆန်ပေါက်စ’ က နေမီးတောက်လှိုင်းများကို ထုတ်လွှတ်ပေးလျက် သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေ၏။ ၎င်းသည်လည်း စိတ်လှုပ်ရှားနေပုံရလေသည်။
သူတို့၏ အကဲစမ်းသည့် အဆင့်မှာ ပြီးဆုံးသွားခဲ့လေပြီ။
နှစ်ယောက်ကြားရှိ အကွာအဝေးမှာ မိုင်ရာဂဏန်းခန့်သာ ရှိတော့၏။ ၎င်းမှာ မပြောပလောက်သော အကွာအဝေးသာ ဖြစ်သည်။
ဘုန်း...
သိုင်းအရှင်သခင် ကျားနှလုံးသား၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်မှာ ပေါက်ကွဲသွား၏။ သူ၏ ခြေထောက်ကြွက်သားများမှာ ဖောင်းတက်လာကာ ရှေ့သို့ ခုန်ထွက်လိုက်ရင်း အစစ်အမှန် သိုင်းလမ်းစဉ်၏ ‘အာဏာရှင် ကျင့်စဉ်’ တစ်ခုဖြစ်သော “ရှေးဦးကျားပုံသဏ္ဌာန်... တောင်တန်းကိုးထပ်ကျော် ခြေလှမ်းကျင့်စဉ်” ကို ထုတ်ဖော်လိုက်သည်။
လျှို့ဝှက်လမ်းစဉ်၏ အစွမ်းများမှာ ရည်ရွယ်ချက်တစ်ခုတည်းအောက်တွင် စုစည်းသွားပြီး လျှို့ဝှက် လမ်းစဉ် ကိုးခုစလုံး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
မန်နာ ၊ ဝိညာဉ် ၊ ရောင်စဉ် ၊ အာကာသ ၊ အချိန် ၊ သမုဒ္ဒရာ ၊ ပေါင်းစပ်ခြင်း၊ တည်မြဲခြင်း နှင့် ပြောင်းလဲခြင်း... တစ်ခုမျှ လိုလေသေးမရှိချေ။
ဤသည်မှာ လျှို့ဝှက်ခြင်း နည်းလမ်းကိုးမျိုးစလုံးကို နည်းမျိုးစုံဖြင့် အသုံးပြုထားသော အထွတ်အထိပ် အာဏာရှင် ကျင့်စဉ် ဖြစ်သည်။ ၎င်းမှာ လှုပ်ရှားမှု ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ကျားနှလုံးသား ရှေ့သို့ ခုန်တက်လိုက်သောအခါ ဝေဝူယင်အနေဖြင့် ကြီးမားလှသော အာကာသ၊ အချိန်၊ မန်နာနှင့် ရောင်စဉတို့မှာ သူ့ထံသို့ ထာဝရအင်အားကြီးတစ်ခုအဖြစ် ပြေးဝင်လာသကဲ့သို့ ခံစားရသည်။ တစ်ချိန်တည်းမှာပင် ထိုစွမ်းအားများက ကမ္ဘာလောကအတွင်းသို့ စီးဝင်သွားပြီး ဝေဝူယင်၏ ရုပ်ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့ကို ဖိနှိပ်ကာ ဝန်းကျင်ရှိ စွမ်းအားများကိုပါ ပြောင်းပြန်လှန်၍ သူ့ကို ပြန်လည် တိုက်ခိုက်စေတော့သည်။
သိုင်းအရှင်သခင် ကျားနှလုံးသားမှာ တစ်ချက်ကြည့်ရုံနှင့်ပင် စိတ်ဓာတ်ကို ချိုးနှိမ်နိုင်လောက်သော အရှိန်အဝါမျိုး ရှိပေသည်။ ဤသည်မှာ လျှို့ဝှက်လမ်းစဉ်၏ အရှင်သခင် ပင် ဖြစ်၏။ သူတို့၏ အာဏာရှင် ကျင့်စဉ်တိုင်းမှာ လျှို့ဝှက်ခြင်း နည်းလမ်းကိုးမျိုးစလုံးကို ဆင့်ခေါ်နိုင်စွမ်းရှိသဖြင့် ကိုးခုမြောက် လမ်းစဉ် ခြေချခြင်း နည်းလမ်းကိုသာ ထုတ်ဖော်နိုင်ကြခြင်း ဖြစ်သည်။
ဝေဝူယင်အနေဖြင့် ယခင်က ဤကဲ့သို့ ပြင်ပ၊ အတွင်းပိုင်းနှင့် ဝန်းကျင်ပတ်ဝန်းကျင် အဖက်ဖက်မှ အလုံးစုံ ဖိနှိပ်ခံရသည့် ခံစားချက်မျိုး တစ်ခါမျှ မကြုံဖူးခဲ့ချေ။
“...”
ကောင်းကင်စစ်ဝိညာဉ်မှာ ထိတ်လန့်တုန်လှုပ်သွား၏။ ဤသူမှာ လျှို့ဝှက်အရှင် တစ်ဦး ဖြစ်ပေသည်။ သူတို့သည် အသက်တစ်ချက် ရှူလိုက်ရုံဖြင့် ကြယ်ကွင်းပြင်များကို ဖျက်ဆီးနိုင်သည်။ သူတို့ တည်ရှိနေမှုသက်သက်သည်ပင် ဂလက်ဆီများကို သိမ်းပိုက်နိုင်ရန် လုံလောက်ပေသည်။ သူတို့၏ အစွမ်းမှာ နတ်ဘုရားတို့နှင့် မည်သို့လျှင် မခြားနားဘဲ ရှိပါအံ့နည်း။
ဝှစ်...
သိုင်းအရှင်သခင် ကျားနှလုံးသားသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေဝူယင်၏ ရှေ့သို့ ရောက်ရှိလာ၏။ အပြင်လူတစ်ဦး၏ အမြင်တွင်မူ သူသည် အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ ရောက်ရှိလာသကဲ့သို့ ဖြစ်နေပြီး၊ တောင်ပေါ်မှနေ၍ စကြာဝဠာကြီးကို စောင့်ကြည့်နေသော၊ ဖန်ဆင်းခြင်းလောကတစ်ခုလုံးကို ဆင်းသက်တိုက်ခိုက်နိုင်သော ကျားကြီးတစ်ကောင်နှင့် တူလှပေသည်။
ကျားနှလုံးသားက စကားတစ်လုံးမျှ မဆိုချေ။ သူသည် နောက်ထပ် အဆင့်ကိုး အာဏာရှင် ကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။
“ရှေးဦးကျားပုံသဏ္ဌာန် ... တောင်ဖြိုလက်ဝါး...”
***