← Chapters

တန်ခိုးစွမ်းအား

Vol. 4 Ch. 325

တန်ခိုးစွမ်းအား

Vol. 4 Ch. 325

"နဂါးအသွင်ပြောင်း ရေကန်" ဟူသောအမည်ကို ကြားသည်နှင့် ဘုရင်မသည် အံ့သြ သွားရလေသည်။

သူမက ဟွမ်လုန်ကျီထံမှ ရရှိသည့် နဂါးသွေး တစ်ဝက်ဖြင့် ချင်းဆွေ မြစ်စောင့် နတ်သမီးအဖြစ် အပ်နှင်းခံခဲ့ရသူ ဖြစ်လေသည်။

ထို့ကြောင့်သူမ၏ မှတ်ဉာဏ်ထဲတွင် ဟွမ်လုန်ကျီ၏ နဂါးသွေးထဲမှ မှတ်ဉာဏ်များကို ရယူထားလေသည်။ မိုးနှင့်မြေတွင် နဂါးတိုင်းပြည် များစွာ ရှိလေသည်။ သို့သော် နဂါးသွေး စစ်စစ်မဟုတ်လျှင် နတ်နဂါး တစ်ပါး ဖြစ်လာသည်အထိ ကျင့်ကြံရန် မဖြစ်နိုင်ပေ။

နဂါးသွေးမစစ်ပါက လောကနတ်ဘုရား တစ်ပါးဖြစ်လာရန် ပါရမီပါသည့်တိုင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်မည် မဟုတ်ပေ။

သို့သော် ထိုသို့ နဂါးသွေး မစစ်သူများအတွက် "နဂါးအသွင်ပြောင်း ရေကန်" သည် မျှော်လင့်ချက် တစ်ခု ဖြစ်လေသည်။ ထိုရေကန်က နဂါးသွေး မစစ်သူများကို နဂါးအစစ် တစ်ကောင် အဖြစ် ပြောင်းလဲ ပေးနိုင်လေသည်။

သို့သော် နဂါးအသွင်ပြောင်း ရေကန်သည် နှစ်တစ်ထောင်နေမှ တစ်ခါ ဖွင့်လေသည်။ မဟူရာ အဏ္ဏဝါ တိုင်းပြည်ကို သိမ်းပိုက်ထားသည့် နဂါးသည် အရှေ့ပင်လယ်မှ နဂါးအသွင်ပြောင်း ရေကန်ကို တိုက်ခိုက်မည့် အချိန်မှာ ရေကန်ဖွင့်မည့် အချိန်ပင် ဖြစ်လေသည်။

အရှေ့ပင်လယ်မှ နဂါးတိုင်းပြည် မှာလည်း နဂါးအစစ်များ နေထိုင်သည့် တိုင်းပြည် မဟုတ်ပေ။ မြွေများဖြင့် သွေးနှော သည့်နဂါးများသာ နေထိုင် ကြလေသည်။ သူတို့က နှစ်ပေါင်းများစွာ ကျင့်ကြံပြီးမှ နဂါးခန္ဓာ ရရှိလာကြခြင်း ဖြစ်ပြီး တန်ခိုး စွမ်းအားလည်း သိပ်ပြီး ကြီးမားကြခြင်း မရှိပေ။ ပင်လယ်ဒေသမှ အခြားသော နတ်မိစ္ဆာဘုရင်များသည် သူတို့ကို မကြာခဏ အနိုင်ကျင့်လေ့ ရှိကြလေသည်။

နဂါးအသွင်ပြောင်း ရေကန်သည် အရှေ့ပင်လယ်မှ နဂါးတိုင်းပြည်တွင် တည်ရှိသည်ကို ဘုရင်မက သိရှိခဲ့ခြင်း မရှိပေ။ ယခုမှသာ သိရှိရခြင်း ဖြစ်လေသည်။

နဂါးအသွင်ပြောင်း ရေကန်သည် သူမအတွက် အလွန်မှ အကျိုးရှိ နိုင်လေသည်။ သို့သော် သူမမှာ ချင်းဆွေမြစ်မှ မခွာနိုင်သည့် အတွက် အခက်တွေ့ နေရလေသည်။

ချင်းရွှမ် နတ်တံခါးမှာလည်း အရှေ့ပင်လယ် ဒေသနှင့် ဆက်စပ် ပတ်သက်နေလေသည်။

ထို့ကြောင့် ဘုရင်မသည် သူမရရှိထားသည့် သတင်းကို ဆန်းလျန်ထံသို့ ပေးပို့ လိုက်လေတော့သည်။

ချင်းရွှမ် နတ်တံခါး…

ထိုက်ယီတောင်ထိပ်…

ကျောက်နံရံကြီး နံဘေးတွင် ဆန်းလျန်သည် ရော့ရှီလေးကို ကျင့်စဉ်များ သင်ကြား ပေးနေလေသည်။

ကျောက်နံရံကြီး ထက်တွင် ရွှေပေလွှာထက်မှ ဟွမ်ထင်ကျမ်း စာပိုဒ်ကို ရေးထိုး ထားလေသည်။

ရော့ရှီလေး၏ ပုံစံမှ အလွန်မှ ဝိညာဉ် ဆန်လေသည်။ ချင်းရွှမ်နတ်တံခါးမှ တပည့်များမှာ သူမကို ကြည့်ပြီး အံ့သြ နေကြလေသည်။ ရော့ရှီလေးမှာ နတ်ဘုရား အဘိုးအို ခေါ်ဆောင်သွားခြင်း ခံရသည့် ဂိုဏ်းချုပ်၏ တူမလေး ဖြစ်သည်ဟုသာ သိရှိထားကြလေသည်။

ရော့ရှီလေးသည် ဂိုဏ်းချုပ်၏ မျိုးနွယ်ဖြစ်သည့် "ဆန်း" မျိုးနွယ်ကိုသာ ယူထားပြီး ဂိုဏ်းချုပ်၏ တစ်ဝမ်းကွဲညီမဖြစ်သူ၏ သမီးလေး ဖြစ်ကြောင်းသာ သိထား ကြလေသည်။

ရော့ရှီ၏ နောက်ကြောင်း မည်မျှ ရှုပ်ထွေးသည်ကိုတော့ သူတို့ သိရှိထားကြခြင်း မရှိပေ။ မည်သူကမှလည်း ရော့ရှီလေး၏ ဇာစ်မြစ်ကို ဂိုဏ်းချုပ်ထံသို့ သွားရောက် မေးမြန်းရဲခြင်း မရှိကြပေ။

အမှန်တော့ ဆန်းလျန်နှင့် ရော့ရှီနှစ်ယောက် စလုံးသည် "ဆန်း" မျိုးနွယ် ဖြစ်သင့် သူများ မဟုတ်ကြပေ။

ဆန်းလျန်မှာ သူ၏ ဖခင်ဖြစ်သူ မည်သူမှန်း မသိရှိရသည့် အတွက် မိခင်ဖြစ်သူ၏ ဆန်းမျိုးနွယ်ကို ယူထားရခြင်း ဖြစ်သလို ရော့ရှီလေးမှာလည်း ဖခင်ဖြစ်သူ မင်းသားချင်း ဟယ်ကျွမ်းဝမ်၏ မျိုးနွယ်ကို ယူထားခြင်း မဟုတ်ဘဲ မိခင်ဖြစ်သူ ဆန်းရော့ရှီ၏ ဆန်းမျိုးနွယ်ကိုသာ ယူထားလေသည်။

တာ့ဝေ့ တိုင်းပြည်၏ ကံကြမ္မာနှင့် ရော့ရှီကို ပတ်သက် စေလိုခြင်း မရှိသည့် အတွက် ဆန်းလျန်က ရော့ရှီလေးကို ဆန်းမျိုးနွယ်ကိုသာ ဆက်ခံစေခဲ့ခြင်း ဖြစ်လေသည်။ အမှန်တော့ ရော့ရှီလေးသည် တာ့ဝေ့ တိုင်းပြည်၏ မင်းမျိုးမင်းနွယ် တစ်ပါးဖြစ်သည် မဟုတ်ပါလား။

ဆန်းလျန်နှင့် ရော့ရှီသာ ဆန်းမျိုးနွယ်ကို ယူထားခြင်း မရှိလျှင် ဆန်းအိမ်တော်သည် မျိုးဆက် ပြတ်သွားပြီ ဖြစ်လေသည်။ သို့သော် ထိုကိစ္စများကို ဆန်းလျန်က သိပ်ပြီး ခေါင်းထဲ မထည့်ပေ။

ဆရာသခင် ကျန်းရော့ရွှီးသည်လည်း တူဖြစ်သူ ကျန်းလင်ရှန့်ကို ချင်းရွှမ် နတ်တံခါးတွင် ပညာသင်ရန် ခေါ်ဆောင် လာခဲ့ဖူးလေသည်။ ထို့ကြောင့် ဆန်းလျန်က ရော့ရှီလေးကို ခေါ်လာခြင်း အတွက် မည်သူကမှ ဆန်းလျန်ကို အပြစ်မတင်ကြပေ။

သို့သော် ရော့ရှီလေး၏ တန်ခိုးစွမ်းအား များကတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်း လှလေသည်။

ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်တိုင်းသည် ဂိုဏ်းချုပ်သာ ခွင့်ပြုမည်ဆိုလျှင် ရော့ရှီလေးကို တပည့်အဖြစ် မွေးရန် မျက်စိကျ နေကြလေသည်။ ရော့ရှီလေးကဲ့သို့ အရည်အချင်း ရှိသည့် တပည့်မျိုးကို ရလျှင် သူတို့လည်း ဂုဏ်တက်မည် ဖြစ်လေသည်။

ရော့ရှီသည် နတ်ဘုရား အဘိုးအို ပြန်လည် ပြုလုပ်ပေးထားသည့် ဝိညာဉ် ပြဒါးဆေးဖြင့် တာအို ရုပ်ခန္ဓာပြန်လည် တည်ဆောက် ထားသူ ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ ပုံစံမှာ အသက်ခုနစ်နှစ် အရွယ် ဖြစ်နေရခြင်း ဖြစ်လေသည်။ အမှန်တော့ သူမ၏ အသက်သည် ခုနစ်နှစ် အရွယ် မဟုတ်ခဲ့ပေ။

သို့သော် ဆရာသခင်များအမြင်တွင် အသက်ခုနစ်နှစ် အရွယ် မိန်းကလေးငယ်လေး၏ တန်ခိုး စွမ်းအားများမှာ မယုံကြည် နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည့် အတွက် တပည့်အဖြစ် မွေးလိုကြသည်မှာ သဘာဝကျလေသည်။

ကလေးငယ်များသည် တန်ခိုးစွမ်းအားကို ကျင့်ကြံရန် မဖြစ်နိုင်သေးပေ။ အနည်းဆုံး အသက် ဆယ်နှစ်ပြည့်မှသာ တန်ခိုးစွမ်းအားကို ကျင့်ကြံနိုင်စွမ်း ရှိကြလေသည်။ အသက်ဆယ်နှစ်တွင် တန်ခိုးစွမ်းအားရအောင် ကျင့်ကြံနိုင်လျှင်ပင် အလွန် အရည်အချင်းရှိသည့် ပါရမီရှင်ဟု သတ်မှတ်နိုင်ပြီ ဖြစ်လေသည်။

ယခု ရော့ရှီက အသက် ခုနစ်နှစ်ခန့်ဖြင့်ပင် ရုဟွအဆင့် တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်နေပြီ ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးမှ ရုဟွအဆင့် ကျင့်ကြံသူ မည်သူ့ကိုမဆို ရော့ရှီက ကောင်းကောင်း ယှဉ်ပြိုင်နိုင်လေသည်။

နတ်ဘုရားတစ်ပါး ပြန်လည် ဝင်စားလျှင်တောင်မှ သူမလောက် ကျင့်စဉ်လမ်းတွင် လျင်မြန်မည် မဟုတ်ပေ။

သူမအနေဖြင့် မည်သည့် ကျင့်စဉ်ကို သယ်ယူ ကျင့်ကြံသည် ဖြစ်စေ အနာဂတ်တွင် ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ရှစ်ဆင့်နှင့် အထက်ဖြင့် တက်ရောက် နိုင်မည်မှာ သေချာ သလောက် ရှိလေသည်။

သို့သော် ဆန်းလျန်၏ ရင်ထဲတွင်တော့ စိုးရိမ်မှုများဖြင့် ပြည့်နှက် နေလေသည်။

နတ်ဘုရား အဘိုးအို၏ ဝိညာဉ် ပြဒါးဆေးသည် ရော့ရှီလေး၏ ရုပ်ခန္ဓာကို တာအို ရုပ်ခန္ဓာဖြင့် အစားထိုးထားခြင်း ဖြစ်လေသည်။ ထိုနည်းလမ်းက ရော့ရှီလေး၏ ယွမ်ကျွင်း ဧကရီနှင့် ဆက်သွယ် နေသည့် ကံကြမ္မာကို ဖြတ်တောက် နိုင်ခဲ့သော်လည်း ရော့ရှီလေး၏ ရုပ်ခန္ဓာမှာ အသွေးအသားများဖြင့် တည်ရှိသည့် ရုပ်ခန္ဓာ မဟုတ်တော့ပေ။ ထို့ကြောင့် သူ့အနေဖြင့် ခုနစ်နှစ် အရွယ်ထက် ပိုပြီး ကြီးထွား လာတော့မည် မဟုတ်ပေ။

ဆန်းလျန် ယခင်ခေတ်ပေါ်ကမ္ဘာတွင် ဖတ်ခဲ့ဖူးသည့် နတ်ဘုရားများ၏ ဒဏ္ဍာရီများထဲမှ စေတီရှင် လီထျန်းဝမ်၏ တတိယ သားတော် နီကျားကဲ့သို့ပင် ဖြစ်လေသည်။

နီကျားသည် ပင်လယ်သုံးခုကို အပိုင်စားရသည့် တတိယ ကြာပန်း သခင်လေး ကျုန်းထန်ယန်ရွှိုက် ဘွဲ့ကို ရသည့် နတ်ဒေဝါ တစ်ပါး ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ ကြာပန်းဖြင့် ပြန်လည် တည်ဆောက်ထားသည့် တာအို ရုပ်ခန္ဓာ ဖြစ်လေသည်။

တာအိုရုပ်ခန္ဓာသည် လူသား ခန္ဓာထက်ပိုပြီး ကောင်းမွန် လေသည်။ တန်ခိုးစွမ်းအားများကို ကျင့်ကြံလျှင် ရယူလွယ်သည့် အတွက်ကြောင့် ရော့ရှီအနေဖြင့် ကျင့်စဉ်လမ်းတွင် အောင်မြင်မှု ရရှိရန် လွယ်ကူမည် ဖြစ်လေသည်။ သို့သော် လူသား ရုပ်ခန္ဓာကဲ့သို့ ဆက်လက် ကြီးထွား လာတော့မည် မဟုတ်ပေ။

တာအိုရုပ်ခန္ဓာသည် အဆိုးနှင့် အကောင်း ဒွန်တွဲနေသည့် ရုပ်ခန္ဓာတစ်ခု ဖြစ်လေသည်။

"ဆရာဘိုးဘိုးရဲ့ အိပ်မက် လိပ်ပြာ ကျင့်စဉ်က ချင်းရွှမ်မှာတောင် ကျင့်ကြံသူ သိပ်မရှိတဲ့ ခက်ခဲရှားပါးတဲ့ ကျင့်စဉ်ပဲ၊ သမီး ဒီကျင့်စဉ်ကို ကျင့်ကြံလို့ အဆင့်မြင့်လာရင် ကောင်းမွန်တဲ့ အနာဂတ် တစ်ခုကို ရလာလိမ့်မယ်၊ အဲဒီ ကျင့်စဉ် အဆင့်မြင့်လာရင် သမီးရဲ့ ကျင့်စဉ်လမ်း အတွက် ဦးဦးက ကူညီနိုင်မှာ မဟုတ်တော့ဘူး၊ ဒါပေမဲ့ အိပ်မက် လိပ်ပြာ ကျင့်စဉ်က စိတ်ကို မြင့်မြတ်အောင် လုပ်ရတဲ့ သဘော သဘာဝ ရှိတယ်၊ သမီးသာ သတိ ဝိရိယထားပြီး သေသေချာချာ မကျင့်ကြံဘူးဆိုရင် လမ်းမှားကို ရောက်သွားနိုင်တယ်၊ ဒီကျောက်နံရံကြီး ပေါ်မှာ ရေးထားတဲ့ စာတွေက ဆရာဘိုးဘိုးရဲ့ ရွှေပေလွှာထဲက စာတွေပဲ၊ အဆင့်မြင့် တာအို ကျမ်းစာတစ်ခုလည်း ဖြစ်တယ်၊ သမီးကျင့်ကြံနေတဲ့ ကျင့်စဉ်ကို အထောက်အကူ ပေးနိုင်တယ်"

ဆန်းလျန်က ရော့ရှီလေးကို သင်ပြပေးနေခြင်းကို ခဏ ရပ်နားလိုက်သည်။

ပြီးမှ သိမ်မွေ့သည့်လေသံဖြင့်…

"ဒီတာအိုကျမ်းပိုဒ်က တကယ် နက်နဲ ကျယ်ပြန့်တယ်၊ ဦးဦးတောင်မှ လောက နတ်ဘုရားတစ်ပါး ဖြစ်သွားပေမယ့်  ဒီကျမ်းပိုဒ်ကို အပြည့်အဝ နားမလည်နိုင်သေးဘူး၊ တစ်စိတ်တစ်ပိုင်း လောက်ကိုပဲ နားလည်နိုင်တယ်၊ ဒါကြောင့် ဦးဦးက သမီးကို ရှင်းပြမယ် ဆိုရင် ဦးဦး သိသလောက်ကိုပဲ ရှင်းပြနိုင်မယ်၊ ဒါကြောင့် ဒီကျမ်းပိုဒ်က စာတွေကို သမီး ကိုယ်တိုင် လေ့လာကြည့်ပါ၊ နားလည်နိုင်မှု အပိုင်းကိုလည်း သမီးကိုယ်တိုင် အရင် စဉ်းစားကြည့်တာ ပိုပြီး ကောင်းလိမ့်မယ်၊ အချိန်ခဏလေးနဲ့တော့ ဒီကျမ်းပိုဒ်ကို သမီး နားလည်နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ အလွတ်ရအောင် ကျက်မှတ်ထားပါ ၊ သမီးဘဝက အမြဲတမ်း ကံကောင်းမှာပါ ၊ ဒါပေမဲ့ ကံဆိုးမှုနဲ့ အန္တရာယ်တွေ ကျရောက်လာမယ် ဆိုရင်လည်း သတိဝိရိယနဲ့ ကျော်ဖြတ်နိုင်တဲ့ အစွမ်းကို ရလိမ့်မယ်"

ဆန်းလျန်၏ စကား ဆုံးသွားသည်နှင့် ရော့ရှီလေးက ဆန်းလျန်၏ လက်မောင်းများကို ဖက်တွယ် လိုက်ပြီး ရယ်မော လိုက်လေသည်။

"ကောင်းပါပြီ ဦးဦး၊ ဦးဦးပြောတာ အကုန်လုံးကို သမီး သဘောပေါက်ပါတယ်၊ သမီးက ကလေး မဟုတ်တော့ပါဘူး၊ ပြီးတော့ ဘိုးဘိုးနဲ့လည်း နေရာ အနှံ့လျှောက်သွား နေခဲ့တာပါ"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဟုတ်ပါပြီ၊ ဦးဦးက သမီးကို လွန်ခဲ့တဲ့ ဆယ်နှစ်ကလိုပဲ ကလေးလေးလို့ ထင်နေမိတာ၊ သမီးရဲ့ ပုံကလည်း ကလေးပုံလေး ဖြစ်နေတာကိုး"

ရော့ရှီမှာ ဆန်းလျန်၏ စကားကြောင့် စိတ်ပျက် သွားရလေသည်။

"ဦးဦးက သမီးကို အသက်ကြီး သွားစေချင်သလား ၊ ဒါမှမဟုတ် ခုလိုမျိုး ကလေးပုံလေးပဲ သဘောကျတာလား"

ဆန်းလျန်က ရော့ရှီ၏ ခေါင်းလေးကို ပုတ်လိုက်ရင်း…

"ဦးဦးမှာ ဆွေမျိုးသားချင်းဆိုလို့ သမီးတစ်ယောက်ပဲ ကျန်တော့တာ၊ သမီးစိတ်ချမ်းသာ သလိုနေပါ ၊ ဒါပေမဲ့ ကျင့်စဉ်လမ်းမှာသာ လမ်းမှားကို မလိုက်မိစေနဲ့နော်"

ရော့ရှီက သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"ဦးဦး၊ အခု သမီးရဲ့ တာအိုရုပ်ခန္ဓာက အသွေးအသားနဲ့ တည်ဆောက်ထားတာ မဟုတ်တော့ဘူးနော် ၊ ဒါကြောင့် သမီးနဲ့ ဦးဦးက ဘာသွေးသား တော်စပ်မှုမှ မရှိတော့ဘူး"

ရော့ရှီလေး၏ စကားကြောင့် ဆန်းလျန်မှာ တစ်ချက် တုန်လှုပ် သွားလေသည်။

"ရော့ရှီ ၊ လာ … ဒီ ကျောက်နံရံပေါ်က စာပိုဒ်ကို သမီးကို သင်ပေးမယ်"

ရော့ရှီ၏ ဝိညာဉ် စွမ်းအားနှင့် နားလည်နိုင်မှု စွမ်းအားမှာ အလွန်မြင့်မားလေသည်။

သူမ၏ ဉာဏ်ရည်မှာ ဟိုင်သန်း အဆင့်ကျင့်ကြံသူ တစ်ယောက်ထက်ပင် မြင့်မား နေသေးသည်။ သူမသည် ဆန်းလျန်၏ သင်ကြားပေးမှုများကို တစ်လုံးမကျန် အကုန်မှတ်မိနေလေသည်။ တစ်ခါတစ်ရံ သူမ၏ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးပြုကာ ဆန်းလျန်နှင့်ပင် အငြင်းအခုံ လုပ်လိုက်သေးသည်။

ဆန်းလျန်မှာ ရော့ရှီလေး၏ ဉာဏ်ရည် မြင့်မားမှုကို အထင်မကြီးဘဲ မနေနိုင်ခဲ့ပေ။

ရော့ရှီသည် နတ်ဘုရား အဘိုးအိုထံမှ ကျင့်စဉ်လမ်း အတွေ့အကြုံများကို လက်ဆင့်ကမ်း ဆက်ခံခဲ့သူ ဖြစ်လေသည်။

ထို့ကြောင့် ရော့ရှီမှာ အလွန်မှ စိတ်ဝင်စားစရာ ကောင်းသူ တစ်ယောက် ဖြစ်နေလေသည်။

ဆန်လျန်နှင့် ရော့ရှီ ဝိညာဉ် စွမ်းအားအကြောင်း ဆွေးနွေးကြသည့် အခါတွင်တော့ ရော့ရှီက "နှလုံးခွဲကျင့်စဉ်" အကြောင်း ဆန်းလျန်ကို ပြောပြလေသည်။ ထိုကျင့်စဉ်မှာ လူများ၏ နှလုံးသား အတွင်းသို့ ခိုးဝင်ပြီး ထိုသူများကို မိမိ၏ ကိုယ်ပွားအဖြစ် ပြောင်းလဲ ပစ်သည့် ကျင့်စဉ် ဖြစ်လေသည်။

ထိုကျင့်စဉ်ကို စတင် ကျင့်ကြံမည်ဆိုလျှင် ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်သူ တစ်ယောက်၏ ခန္ဓာကိုယ် အတွင်းသို့ ခိုးဝင်ပြီး အရင်ဆုံး ကျင့်ကြံရမည် ဖြစ်လေသည်။

ထိုကျင့်စဉ်သည် ကျင့်ကြံရန်သင့်တော်သည့် ကျင့်စဉ်တစ်ခုမဟုတ်ပေ။ ဆန်းလျန်သည် ရော့ရှီထံမှ ထိုကျင့်စဉ် အကြောင်းကို နားလည်ခဲ့ရလေသည်။

ထိုကျင့်စဉ် အသေးစိတ်ကို လေ့လာကြည့်သည့် အခါတွင်တော့ ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာနှင့် ဆင်တူနေလေသည်။

ရော့ရှီထံမှသိရသည့် နတ်ဘုရားအဘိုးအို၏ နှလုံးခွဲကျင့်စဉ်နှင့် ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာသည် ဆက်စပ်မှု ရှိနေလေသည်။

ဆန်းလျန်၏ ရင်ထဲမှ သံသယများသည် ပိုပြီး ခိုင်မာ လာလေတော့သည်။

***

All Chapters