နန်းဆောင်ရွှေ့ရခြင်း ပြဿနာ
Vol. 7 Ch. 61
တော်ဝင်ကိုယ်လုပ်တော် Book 7 61-70
"ချူတာရင်... ဒီအစေခံတို့ အမြန် သွားကြတာ ကောင်းမယ်... အဲဒီ လက်ဝဲဆောင်ကို ရှင်းလင်းပြီးပြီ ဆိုပေမဲ့... နန်းဆောင် ပြောင်းတယ် ဆိုတာ အသေးအဖွားကိစ္စမဟုတ်ဘူး... အချိန် နည်းနည်းတော့ ယူရဦးမယ်... အချိန်ကြာသွားလို့ အပြင်က ကောလာဟလတွေ အထက်ကို ရောက်သွားရင်... သခင်မလေးအတွက် အခက်တွေ့ပါလိမ့်မယ်..."
"နင်က ငါ့ကို ဆရာလာလုပ်နေတာလား..."
ချူတာရင်မှာ သူမ၏ ဒေါသများကို ဖြေဖျောက်ဖို့ နေရာမရှိဖြစ်နေစဉ် သူမကို ဆရာလာလုပ်နေသူကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။ သူမက လက်လှမ်းမီရာ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးကို ကောက်ပြီး အန်းမားမားထံ ပစ်ပေါက်လိုက်လေ၏။
လက်ဖက်ရည်များ ကြမ်းပြင်ပေါ် ဖိတ်စင်သွားပြီး ပန်းကန်ကွဲစများက အန်းမားမား၏ လက်ကို ရှတော့မလိုပင် ဖြစ်သွားလေသည်။ အန်းမားမားက ရင်ထဲမှ ဒေါသကို မနည်းထိန်းထားလိုက်ပြီး သူမက ချူတာရင်ကို ပို၍ပင် ခပ်တင်းတင်းကြည့်လိုက်၏။
"သခင်မလေး ဒီနေရာမှာ ဒီအစေခံကို ဒေါသထွက်နေလည်း အလကားပါပဲ... နန်းဆောင် ပြောင်းရွှေ့ဖို့ ကိစ္စက အရှင်မင်းကြီး ကိုယ်တိုင် အမိန့်ချထားတာပါ... သခင်မလေး မပြောင်းဘူးဆိုရင် ဒီအစေခံ အထက်ကို သတင်းပို့ရတာကို အပြစ်မတင်ပါနဲ့..."
"နင်လုပ်ရဲတယ်ပေါ့လေ..."
"ဒီအစေခံက နန်းတွင်း စည်းမျဉ်းတွေအတိုင်း အလုပ်လုပ်တာပါ... ကျွန်တော်မျိုးမ မှားယွင်းသွားခဲ့ရင်လည်း ကျွန်တော်မျိုးမကို အပြစ်ပေးမဲ့သူ ရှိပါတယ်... သခင်မလေးက ဒီနေရာကနေ လာခြိမ်းခြောက်နေစရာ မလိုပါဘူး... သခင်မလေး သေချာ စဉ်းစားသင့်တာက... ဒီနန်းတော်ထဲမှာ အိမ်ကလို နေလို့ မရဘူး ဆိုတာပါပဲ... နေရာတိုင်းမှာ ခေါင်းမာနေတော့ကော ဘာထူးမှာလဲ..."
အန်းမားမား၏ ပြင်းထန်သော စကားများကြောင့် ချူတာရင်၏ ဒေါသထွက်နေသည့် အရှိန်များ လျော့သွားတော့၏။ အကျယ်ချုပ်ချခံရပြီး ရာထူးကျသွားသည့် ကိစ္စများက သူမအား အကြီးအကျယ် ထိခိုက်စေခဲ့ပုံရသည်။ ထိုမျှလောက် မာနကြီးသူ တစ်ယောက်ဟာ ယခုမှာတော့ ဝမ်းနည်းပက်လက် ငိုကြွေးနေတော့၏။
သို့သော် စိတ်မကောင်းစရာမှာတော့ အန်းမားမားက အလွယ်တကူ သနားတတ်သူမျိုး မဟုတ်ပေ။ သူမက သည်လိုမိချောင်းမျက်ရည်များအပေါ် အနည်းငယ်မျှပင် ကရုဏာ မသက်ခဲ့ချေ။ ထို့နောက် အပြင်ဘက်ရှိ နန်းဆောင်ပြောင်းရွှေ့ရန် ရောက်နေသော မိန်းမစိုးများအား လှမ်းပြောလိုက်လေသည်။
"သွားကြတော့..."
"ဟုတ်ကဲ့..."
နောက်ဆုံးတွင်တော့ ချူတာရင်မှာ အရှက်တကွဲဖြင့် ရီဟွားနန်းဆောင်မှ ထွက်ခွာသွားရပြီး အဝေးမှ ချန်နင်နန်းဆောင်၏ လက်ဝဲဆောင်ဆီသို့ ပြောင်းရွှေ့သွားရတော့သည်။
သူမ ထွက်သွားပြီးနောက် အပျော်ဆုံးသူများမှာ ရှန်ယိနန်းဆောင်မှ လူများနှင့် လက်ယာဆောင်ရှိ မုတာရင်တို့ပင် ဖြစ်လေသည်။ သူမဘေးတွင် ရပ်နေသည့် အစေခံ ယင်အာက ဝမ်းသာအားရ ပြောလိုက်သည်။
"သခင်မလေး... ချူတာရင် ထွက်သွားပြီဆိုတော့... ဒီအစေခံတို့လည်း အရင်လို အရာရာကို သတိထားနေစရာ မလိုတော့ဘူး... ကျွန်မမှာ နန်းဆောင်ထဲမှာ သူရှိနေတာကို တွေးမိတိုင်း... ညဘက်တောင် စိတ်ချမ်းချမ်းသာသာ မအိပ်ရဘူး"
မုလန်ချွမ်းက ယင်အာကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင်လည်း သက်တောင့်သက်သာ ဖြစ်သွားသည့် အရိပ်အယောင်များ အပြည့်နှင့်။
"ဘယ်သူက မဟုတ်ဘူး ပြောရဲမှာလဲ... သူက တစ်နေ့တစ်နေ့ နေရာတကာ လိုက်ပြီး ပြဿနာ ရှာချင်နေတာလေ... အခုတော့ သူလည်း ရာထူးကျသွားတော့... သူ့ကို ကူညီမဲ့သူတောင် တစ်ယောက်မှ မရှိတော့ဘူး..."
"ဟုတ်တယ်... ဟုတ်တယ်... အခု ရီဟွားနန်းဆောင်ထဲမှာ ဒီအစေခံတို့နဲ့ ဟိုဘက်ဆောင်က သခင်မလေးလင် ပဲ ရှိတော့တာဆိုတော့... နောက်ဆို နေရထိုင်ရ ပိုအဆင်ပြေသွားပြီ..."
လင်ဝမ်ယိအကြောင်း ပြောလိုက်သည်နှင့် မုလန်ချွမ်း၏ မျက်ဝန်းထဲတွင် အားကျမှုများ အထင်းသား ပေါ်လာလေသည်။
"ငါ နန်းတွင်း ဝင်လာတာ သူ့ထက်တောင် စောသေးပေမဲ့... အခု သူက မျက်နှာသာပေးခံရတဲ့ လင်ချန်ကျိုက် ဖြစ်နေပြီ... ငါကတော့ ဘယ်သူမှ လှည့်မကြည့်တဲ့ တာရင်လေးပဲရှိသေးတယ်..."
သူမ အားကျစွာ မနာလိုဖြစ်နေသည်များကို ယင်အာပင် သိသာစွာ ခံစားမိလေသည်။
"သခင်မလေးနဲ့ ဟိုဘက်ဆောင်က လင်ချန်ကျိုက် နဲ့က ရင်းနှီးတယ် မဟုတ်လား... ဒီအစေခံတို့သာ နေ့တိုင်း သွားလည်မယ် ဆိုရင်... တစ်ချိန်မဟုတ် တစ်ချိန် အရှင်မင်းကြီးနဲ့ တွေ့ချင် တွေ့နိုင်တာပဲလေ..."
"ငါက မသွားချင်ဘူးလို့များ ထင်နေလား... အဲဒီ ချိုးမင်ကုန်းကုန်း က ရှန်ယိနန်းဆောင်ကို အပ်ဖောက်ရာတောင်မရှိအောင် စောင့်နေတာလေ... နင် ဟိုဘက်ကို သွားလည်ချင်တယ်လို့ သတင်းပို့တာ ဘယ်နှစ်ခါ ရှိပြီလဲ... အခုထိ သွားခွင့် မရသေးဘူး မဟုတ်လား..."
မုလန်ချွမ်း၏ မျက်ဝန်းထဲတွင် နောင်တရသည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားလေသည်။
အစောပိုင်း နှစ်ကြိမ်က သူမ ကိုယ်တိုင် အလျင်စလို နိုင်လွန်းခဲ့သည်ကိုပင် အပြစ်တင်ရမည်။ အနောက်ဆောင်ထဲတွင် အားကိုးရာမဲ့နေသူချင်း အတူတူ ပူးပေါင်းလိုက်လျှင် မျှော်လင့်ချက် ရှိလာမှာပဲဟု သူမ ထင်ခဲ့မိသည်။ လင်ဝမ်ယိက ရုတ်တရက် အမြင့်သို့တက်သွားပြီး သူမကတော့ ရွှံ့နွံထဲ နစ်မြုပ်နေဆဲပင် ဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
ယင်အာက မျက်မှောင်ကြုတ်ကာ ဟိုတွေးသည်တွေး လုပ်နေရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်နှယ် ချက်ချင်း ပြောလာသည်။
"သခင်မလေး... ဒါဆို ဒီအစေခံတို့ တခြား အဆင့်မြင့်တဲ့သူဆီ ကပ်ရင်ရော..."
"ပြောတော့သာ လွယ်တာ... အနောက်ဆောင်ထဲက မျက်နှာသာရနေတဲ့ ကိုယ်လုပ်တော်တွေက ငါတို့ကို လက်ခံပြီးတွေ့မယ် ထင်နေလား... ချူတာရင်ကိုပဲ ကြည့်လေ... သူ ရာထူးကျသွားတော့ ယီဖေးမယ်မယ် ကတောင် ဘာစကားမှ ဝင်မပြောပေးဘူး မဟုတ်လား..."
"ဒါဆို ဒီအစေခံတို့ ယင်းကွေ့ဖင်ဆီ သွားပြီး မျက်နှာလုပ်ကြည့်ကြမလား..."
ယင်အာ၏ စကားကြောင့် မုလန်ချွမ်းကို သတိရသွား၏။ ယင်းကွေ့ဖင်က ယခုအချိန်မှာ အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို အများဆုံး ရရှိနေပြီး ကိုယ်ဝန်လည်း ရှိနေသည် ဖြစ်ရာ သူမ၏ နန်းဆောင်သို့ ဝင်ထွက်ခွင့်ရမည်ဆိုလျှင် နည်းလမ်းကောင်း တစ်ခု ဖြစ်နိုင်ပေသည်။
ချက်ချင်းပင် သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး ယင်အာအား ပြောလိုက်လေသည်။
"အမေ ငါ့ကို ပေးထားတဲ့ ကျောက်စိမ်းပြားကို သွားယူချေ... ငါတို့ အခုပဲ ယင်းကွေ့ဖင်ဆီ သွားကြည့်ရအောင်..."
ထိုကျောက်စိမ်းပြားသည် မုလန်ချွမ်း လက်ထဲတွင် ရှိသည့် တန်ဖိုးအကြီးဆုံး ပစ္စည်းတစ်ခုဖြစ်၍ ယခုလို သူများလက်ထဲ လွယ်လွယ်ကူကူ ထည့်ပေးရမှာကို ယင်အာက အလွန် နှမြောနေမိသည်။
"ဘာမှမရင်းနှီးဘဲနဲ့တော့ အမြတ်မရနိုင်ဘူးလေ... ငါတို့ ဒီအခွင့်အရေးကို သုံးပြီး ယင်းကွေ့ဖင်ဆီကတစ်ဆင့် တက်လှမ်းဖို့ နေရာတစ်ခု ရခဲ့မယ်ဆိုရင်... အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရလာတဲ့အခါ... ပစ္စည်းကောင်းတွေ မရမှာ ပူနေရဦးမလား..."
ထိုစကားကို ပြောလိုက်ချိန်တွင် မုလန်ချွမ်း၏ ခေါင်းထဲမှာ လင်ကွေ့ဖေး ၏ နန်းဆောင်အတွင်းရှိ အဆင်တန်ဆာများကို မြင်ယောင်လာလေသည်။ သူမကိုယ်သူမလည်း လူတကာ၏ အထက်တွင် ရှိနေမည့် ဘဝမျိုးကို မဖြစ်မနေ ရအောင် ယူမည်ဟု စိတ်ထဲမှ တေးမှတ်ထားလိုက်၏။
ထို့နောက် သခင်ရော အစေခံပါ နှစ်ယောက်သား ပြင်ဆင်ခြယ်သပြီးနောက် ယောင်ယွဲ့နန်းဆောင်ဆီသို့ ထွက်သွားကြတော့သည်။
ထိုအချိန်… ယောင်ယွဲ့နန်းဆောင်ထဲမှာတော့ ရီဟွားနန်းဆောင်မှ ရောက်လာသော ချိုးမင်ကို ဧည့်ခံနေလေ၏။
လင်ဝမ်ယိမှာ ဒဏ်ရာရထားပြီး နေမကောင်းဖြစ်နေသဖြင့် ချိုးမင်ကိုသာ နန်းတွင်း စည်းမျဉ်းများနှင့်အညီ ယင်းကွေ့ဖင်ထံ လက်ဆောင်ပဏ္ဏာများ သွားရောက် ဆက်သခိုင်းခြင်းပေ။
သို့သော် ယောင်ယွဲ့နန်းဆောင် တစ်ခုလုံးရှိ လူများကမူ ချိုးမင်ကို တွေ့လိုက်သည်နှင့် ရိုရိုသေသေ ဆက်ဆံကြလေ၏။
ပထမတစ်ချက်ကတော့ သူက ယခင်တုန်းက အရှင်မင်းကြီး၏ ရှေ့တော်မှောက်မှာ အမှုထမ်းခဲ့ဖူးသူဖြစ်၍ အရှင်မင်းကြီးရှေ့သို့ အချိန်မရွေး ပြန်ရောက်သွားနိုင်သဖြင့် ရိုရိုသေသေဆက်ဆံသည်က မမှားနိုင်ပေ။ ဒုတိယ အကြောင်းရင်းမှာမူ လင်ဝမ်ယိ သူမကို ကယ်ခဲ့၍ပင်။ အကယ်၍သာ လင်ဝမ်ယိ ပြုတ်မကျခင် ယင်းကွေ့ဖင်ကို အပေါ်ကို တွန်းမတင်ပေးခဲ့လျှင် သူမလည်း ယခုလို ကွေ့ဖင် ရာထူးကို ရရှိရန် အခွင့်အရေး ရှိခဲ့မည် မဟုတ်ချေ။
"ညီမလေးလင် နေကောင်းရဲ့လား... ရေမွန်းသွားလို့ အရင် ရောဂါဟောင်းတွေပါ ပြန်ထလာတယ်လို့ ဒီအရှင်မ ကြားရတော့... ရင်ထဲမှာ အတော်လေး စိတ်မကောင်းဖြစ်ရတယ်..."
"မယ်မယ် စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... သခင်မလေးရဲ့ ရောဂါက အေးအေးဆေးဆေး အနားယူဖို့ လိုပါတယ်... သမားတော်ကတော့ အလွန်ဆုံး တစ်လလောက်ဆိုရင် အရင်လို ပြန်ကောင်းသွားပါလိမ့်မယ်လို့ ပြောပါတယ်... အဲဒီအချိန်ကျမှ သခင်မလေး ကိုယ်တိုင် မယ်မယ့်ဆီ အဖော်လာလုပ်ပေးပါလိမ့်မယ်..."
"ကောင်းပြီ... ကောင်းပြီ..."
ထို့နောက် ယင်းကွေ့ဖင်က အပျိုတော် ရုံလဲ့ကို အားဖြည့်ဆေးများ ယူလာခိုင်းလိုက်ပြီး ချိုးမင်ကို သေချာ မှာလိုက်သည်။
"ဒီပစ္စည်းတွေ ယူသွားပြီး ညီမလေးလင် ကို အားမွေးဖို့ သောက်ခိုင်းလိုက်ပါ... ဒီအရှင်မ ဘက်က အခြေအနေလေး နေသားကျသွားပြီဆိုရင် ညီမလေးဆီ ကိုယ်တိုင် လာကြည့်ပါ့မယ်..."
"ဟုတ်ကဲ့... ဒီအစေခံ သခင်မလေး ကိုယ်စား ကွေ့ဖင်မယ်မယ့်ကို ကျေးဇူးတင်ပါတယ်..."
ချိုးမင် အပြန်လမ်းတွင် ယောင်ယွဲ့နန်းဆောင် တံခါးဝသို့ အရောက်မှာ မုတာရင် နှင့် ကွက်တိသွားဆုံ၏။ သူမက ချိုးမင်ကို မြင်လိုက်တာနှင့် စိတ်ထဲမှ ကြောက်လန့်သွားသော်လည်း အပြင်ပန်းတွင်မူ ပုံမှန်အတိုင်း ယဉ်ကျေးသိမ်မွေ့သည့်ဟန်ကို ဆောင်ထားလိုက်ရ၏။
"ချိုးကုန်းကုန်း... တိုက်ဆိုင်လိုက်တာ... ကုန်းကုန်းက မမလင် ကိုယ်စား ကွေ့ဖင်မယ်မယ့်ကို လာကြည့်တာလား..."
"ဟုတ်ပါတယ် သခင်မလေး... ဒါပေမဲ့ ဒီအစေခံ နန်းဆောင်ပြန်ပြီး အလုပ်လုပ်ရဦးမှာမို့... အရင် သွားခွင့်ပြုပါဦး..."
"ချိုးကုန်းကုန်း ဖြည်းဖြည်းသွားပါ... မ()လင် နေကောင်းလာတဲ့အခါကျမှ... လာကြည့်လှည့်ပါ့မယ်လို့..."
"ဟုတ်ကဲ့ပါ..."
ထို့နောက် ချိုးမင်က လူများကို ခေါ်ကာ ပစ္စည်းများ ယူပြီး ရှန်ယိနန်းဆောင်သို့ ပြန်သွားလေသည်။ မုလန်ချွမ်းကမူ ဝတ်ရုံစကို မကာ ယောင်ယွဲ့နန်းဆောင်ထဲသို့ ဝင်သွား၏။
ရှန်ယိနန်းဆောင်တွင်တော့ လင်ဝမ်ယိမှာ ယင်းကွေ့ဖင် ပေးလိုက်သော အားဖြည့်ဆေးများကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် မသိုးမသန့်ဖြစ်နေမိသည်။
တစ်ဖက်လူက သူမအပေါ် အမှန်တကယ် စေတနာအပြည့်ဖြင့် ကျေးဇူးတင်နေသော်လည်း... သူမမှာမူ အစကတည်းက တခြားရည်ရွယ်ချက်များ ရှိခဲ့သဖြင့် အားနာမိသွားခြင်းပင်။
ပြောရမည်ဆိုလျှင် သူမ၏ ချန်ကျိုက် ရာထူးနှင့် သည်အသက်ကယ်လိုက်သည့် ကျေးဇူးတရားဆိုသည်မှာ မထင်မှတ်ထားသော အမှားတစ်ခုသာပင်။
ချိုးမင်တို့ကတော့ ထိုအကြောင်းများကို မသိရှာသဖြင့် လင်ဝမ်ယိကို ပြုံးရွှင်စွာ ပြောလိုက်ကြသည်။
"ဒီအစေခံ နန်းတွင်းထဲ အမှုထမ်းလာတာ နှစ်ပေါင်းများစွာ ကြာပြီ... ကွေ့ဖင်မယ်မယ် ကတော့ တွေ့ရခဲတဲ့ စိတ်ထားနူးညံ့သိမ်မွေ့သူ တစ်ယောက်ပါ... သခင်မလေး အနေနဲ့ သူမနဲ့ ရင်းနှီးခွင့် ရတာ ကောင်းတဲ့ကိစ္စ တစ်ခုပါပဲ..."
လင်ဝမ်ယိ တစ်ခါမျှ ချိုးမင်က အခြားသူတစ်ယောက်ကို ယခုကဲ့သို့ တိုက်ရိုက် ချီးကျူးသည်ကို မကြားဖူးခဲ့ချေ။ အထူးသဖြင့် သူ၏ စကားများထဲတွင် ယင်းကွေ့ဖင်နှင့် မိတ်ဆွေဖွဲ့ရန် တိုက်တွန်းနေသည့် အဓိပ္ပါယ်များ ပါဝင်နေသည်။
ထိုအချက်က လင်ဝမ်ယိကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ကြည့်ရသည်မှာ နန်းတော်ထဲမှ ယင်းကွေ့ဖင်၏ နာမည်ကောင်းက တကယ့်ကို ခိုင်မာနေပုံပင်။
သူမက ပြုံးရင်း ပြန်ဖြေလိုက်လေသည်။
"ချိုးကုန်းကုန်း ကိုယ်တိုင် ဒီလို ပြောမှတော့ ကျွန်မလည်း သဘောပေါက်ပါပြီ... ကျွန်မသက်သာလာတဲ့အခါကျ ယောင်ယွဲ့နန်းဆောင်ကို မကြာခဏ သွားလည်ရမှာပေါ့..."