← Chapters

အနာဂတ်အတွက် စိုးရိမ်ပူပန်မိခြင်း

Vol. 7 Ch. 62

အနာဂတ်အတွက် စိုးရိမ်ပူပန်မိခြင်း

Vol. 7 Ch. 62

သူမ စကားပြောနေစဉ်မှာပင် ရှအန်းက ဆေးပန်းကန်လုံး ကိုင်ကာ ရောက်လာလေသည်။ ထိုဆေးမှာ ရေမွန်းထားသည့် ဒဏ်ကို သက်သာစေရန် ဖြစ်သဖြင့် မသောက်ဘဲ နေ၍မရပေ။

သူမက ခေါင်းမော့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ဆီးသီးယိုတစ်လုံးကို လှမ်းယူလိုက်ကာ ဆေး အခါးဓာတ်ပြယ်သွားအောင် ပါးစပ်ထဲ ငုံထားလိုက်သည်။

"စောစောကတင် ချန်အန်းနန်းဆောင်က သတင်းပို့လာတယ်... အရှင်မင်းကြီး နေ့လယ်စာ လာစားမယ်တဲ့... ချွမ်ချီလည်း ဟင်းတွေ ပြင်နေပြီ…အဲဒါကြောင့် ရှောင်လုကျစ်ကို တော်ဝင်စားဖိုဆောင်ဆီ တစ်ခေါက် သွားခိုင်းလိုက်ဦး... အလဟဿ မဖြစ်ရအောင် ဟင်းနည်းနည်းပဲ လာပို့ပေးဖို့ ပြောခိုင်းလိုက်ပါ"

"ဒီအစေခံ သိပါပြီ... အခုပဲ သွားလုပ်လိုက်ပါ့မယ်..."

ချိုးမင် ထွက်သွားတော့ လင်ဝမ်ယိလည်း တည့်တည့်မတ်မတ်ထိုင်နေသည့် ကိုယ်နေဟန်ထားကို လျှော့လိုက်ကာ လက်ထဲရှိ စာအုပ်ကို ကြည့်ရင်း အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေတော့သည်။

ချူတာရင် ထွက်သွားခါနီး ရှန်ယိနန်းဆောင်ကို ကျိန်ဆဲသွားသည့် စကားများကို လင်ဝမ်ယိ စိတ်ထဲတစ်စက်လေးမျှပင် မထားပါ။

သူမအတွက်တော့ ယခုအချိန်တွင် ပိုအရေးကြီးသည့် ကိစ္စများ ရှိနေသည် မဟုတ်လား။

လင်ကွေ့ဖေး က လူလွှတ်ပြီး သူမ၏ အစ်ကို စစ်တပ်ထဲ ဝင်တော့မည်ဟု ပြောပြလာခဲ့သည်။

လင်ဝမ်ယိ ကြားကြားချင်း အလွန် စိုးရိမ်ပူပန်သွားမိသည်။ ဓားနှင့်လှံဆိုသည်မှာ မျက်စိမပါပေ၊ စစ်မြေပြင်က အလွန် အန္တရာယ်များလှသည်။ အကယ်၍ အစ်ကိုသာ ထွက်သွားပြီး ပြန်မလာနိုင်တော့လျှင် သူတို့တစ်မိသားစုလုံး ဘယ်လို ရှေ့ဆက်ကြမည်နည်း။

မူလက သူမ တွေးထားသည်မှာ အစ်ကို အနေဖြင့် မြို့တော်ကင်းစောင့်တပ်တွင်သာ ရာထူးတစ်ဆင့်ချင်း ဖြည်းဖြည်းစီတက်သွားမည်ဟု။ သူက ဤမျှလောက်အထိ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ဘာကြောင့်လဲ ဆိုတာကတော့ စဉ်းစားကြည့်ရုံနှင့် သိနိုင်၍ လင်ဝမ်ယိ ရင်ထဲတွင် စိုးရိမ်စိတ်များ ဝင်လာတော့သည်။ သူမ အနေဖြင့် အခွင့်အရေး ရခဲ့လျှင် အစ်ကိုဖြစ်သူနှင့် ‌‌တွေ့ပြီး မသွားဖို့တားလိုက်ချင်မိ၏။ တားလို့ရခဲ့လျှင်တော့ အကောင်းဆုံးပင်။

ထို့ကြောင့် သူမ ဘယ်လိုပဲ စဉ်းစားစဉ်းစား အရင်ဆုံး အရှင်မင်းကြီး၏ သဘောထားကို စူးစမ်းကြည့်ပြီးမှ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

ထို့အချိန်မှာပဲ ချန်အန်းနန်းဆောင်မှ တိုက်တိုက်ဆိုင်ဆိုင် သတင်း ရောက်လာသဖြင့် လင်ဝမ်ယိက ချွမ်ချီ့ကို စားပွဲတစ်ဝိုင်းစာ ဟင်းများ စောစောပြင်ခိုင်းထားလိုက်၏။ အရှင်မင်းကြီး နှစ်သက်သည့် ဝက်လက်မျှစ်ချဉ်ဟင်း၊ ရှောက်ရှင်းကြက်စွပ်ပြုတ်နှင့် တုန်းဖောတို့ဟူးတို့ အပါအဝင်ပင်။

ထို့ပြင် ပဲနီကလေးနှင့် ဂျုံဆန်ကြမ်းများကိုလည်း ဆန်နှင့်ရောကာ ထမင်းတစ်အိုး ချက်ထား၍ ထမင်းရနံ့လေးကလည်း မွှေးကြိုင်နေတော့၏။

နေ့လယ်အချိန် မရောက်သေးခင်မှာပင် သာမန်ဝတ်ရုံကို ဝတ်ထားသည့် ဧကရာဇ် ယွီဝမ်ဟုန်က ရှန်ယိနန်းဆောင်ထဲသို့ ရောက်လာလေသည်။

လင်ဝမ်ယိမှာ ရေမွန်းသွားရုံမျှသာ ဖြစ်ပြီး ခြေထောက်ပေါ်မှ ဒဏ်ရာများမှာလည်း အများကြီး သက်သာလာပြီ ဖြစ်၍ သူမအတွက် အရှင်မင်းကြီးကို ရိုးရိုးရှင်းရှင်း ကိုယ်လက်သန့်စင်ပေးဖို့ အခက်အခဲ မရှိတော့ပေ။

သူမက ရေနွေးဆွတ်ထားသော ပုဝါလေးဖြင့် သူ၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်များကို တစ်ခုချင်း ဖယ်ရှားပေးလိုက်ပြီးနောက် လက်ကို သန့်စင်ပေးလိုက်လေသည်။ ထိုအရာများ အားလုံး ပြီးမှသာ အစေခံများကို ပူပူနွေးနွေး ဟင်းပွဲများ ယူလာဖို့ ပြောလိုက်လေ၏။

"ဒီနေ့ ပြင်ဆင်ထားတာ အားလုံးက အရှင်မင်းကြီးကြိုက်တာတွေချည်းပါပဲ... မြည်းကြည့်ပါဦး..."

လင်ဝမ်ယိက စကားပြောရင်း အရှင်မင်းကြီးကို ဟင်းခပ်ထည့်ပေးလိုက်သည်။ အရှင်မင်းကြီးက တစ်လုတ် မြည်းကြည့်ပြီး‌နောက် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေသည်။

"မဆိုးဘူး... မင်းရဲ့ မီးဖိုချောင်းက တော်ဝင်စားဖိုဆောင်ထက်တောင် အရသာပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ အရသာရှိသေးတယ်..."

အရှင်မင်းကြီးက တကယ့်ကို အားပါးတရ စားသောက်နေသည်ဖြစ်ရာ ဘေးနားမှ ခစားနေသော သုန်ယွီကျုံး ကလည်း ပြုံးရင်း ဝင်ပြောလိုက်သည်။

"သခင်မလေး နန်းဆောင်က အစားအသောက်တွေက တကယ့်ကို ကောင်းတာပဲ... အရှင်မင်းကြီး ဒီကို ရောက်လာတိုင်း ပိုပိုပြီး စားမိနေတာချည်းပါပဲ..."

"အရှင်မင်းကြီး ခံတွင်းတွေ့တယ်ဆိုရင်ကို ရပါပြီ..."

ထို့နောက် သူမက အရှင်မင်းကြီးကို ဂရုတစိုက် အဖော်ပြုပေးပြီး ထမင်းတစ်ပန်းကန်လုံး ကုန်သွားသည်အထိ စောင့်ကာ တခြား စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"အရှင်မင်းကြီး... သွမ့်ဝူပွဲတော် နေ့တုန်းက... ကျွန်တော်မျိုးမ ချော်ကျပြီး ရေထဲ ပြုတ်ကျသွားတဲ့ ကိစ္စကြောင့်... အခြား ကိုယ်လုပ်တော်တွေ စိတ်အနှောင့်အယှက်များ ဖြစ်သွားကြသေးလား..."

သူမက ဂရုတစိုက် မေးလိုက်သော်လည်း အရှင်မင်းကြီးကမူ တူကို ချလိုက်ကာ သူမကို အသေအချာ စိုက်ကြည့်နေတော့သည်။ သူ၏ အကြည့်များထဲမှ သိချင်စိတ်အရိပ်အယောင်များကြောင့် လင်ဝမ်ယိ နေရခက်သွားတော့၏။

သူမမှာ ရိုးရိုးရှင်းရှင်း စကားလေးတစ်ခွန်း ပြောလိုက်ရုံလေးတင်ကို အရှင်မင်းကြီးက ဒီလောက် သတိထားမိတာ မြန်တယ်လား…။

သူမ စဉ်းစားနေဆဲမှာပင် အရှင်မင်းကြီးက ပြန်ဖြေလာသည်ကို ကြားလိုက်ရသည်။

"ချင်းယွမ်စံအိမ် ကိစ္စနဲ့ ပတ်သက်ပြီး... ကိုယ်တော် လူလွှတ်ပြီး သေချာ စုံစမ်းပြီးသွားပြီ... သစ်သားတိုင်တွေ နည်းနည်း ဆွေးနေလို့ ကျိုးလွယ်နေတာ အမှန်ပဲ... ပြိုင်ပွဲ ကြည့်တဲ့အချိန် လူတွေများပြီး ရပ်နေကြလို့... တိုင်တွေယိုင်ပြီး မင်း ပြုတ်ကျသွားတာပဲ ဖြစ်ရမယ်... ကိုယ်တော် အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ နန်းတွင်းရေးရာဌာန က လူတွေကို အပြစ်ပေးပြီးသွားပြီ... မင်း ကျေနပ်သေးဘူး ဆိုရင်လည်း... သူတို့ကို ခေါ်ပြီး တောင်းပန်ခိုင်းလိုက်မယ်လေ..."

အရှင်မင်းကြီး ၏ ယခုလို ရှင်းပြချက်ကြောင့် လင်ဝမ်ယိ ချက်ချင်းပင် ဘာပြောရမှန်း မသိတော့ပေ။

ကြည့်ရသည်မှာ အရှင်မင်းကြီးက သူမ ရေထဲပြုတ်ကျသည့် ကိစ္စကို သွယ်ဝိုက်ပြီး အပြစ်တင်ချင်နေသည်ဟု အထင်လွဲသွားပုံရသည်။

ထို့ကြောင့် သူမလည်း မတတ်သာဘဲ ပြန်ပြောလိုက်ရသည်။

"အရှင်မင်းကြီး အထင်လွဲနေပါပြီ... ကျွန်တော်မျိုးမ ပြောချင်တာ အဲဒါ မဟုတ်ပါဘူး..."

"ဒါဆို မင်း ဘာပြောချင်တာလဲ..."

အရှင်မင်းကြီး၏ ရုတ်တရက် တည့်တိုးဆန်လှသော အမေးစကားကြောင့် လင်ဝမ်ယိ ဘာပြန်ဖြေရမှန်း မသိဖြစ်သွားရသည်။ သူမက ခေတ္တစဉ်းစားကြည့်လိုက်ပြီးနောက် တည့်သာ ပြောလိုက်တာ ကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် ဟိုတွေးသည်တွေးနှင့် ပြဿနာ ဖြစ်လာနိုင်သည်လေ။

"ကွေ့ဖေးမယ်မယ် က လူလွှတ်ပြီး အစ်ကိုကြီး စစ်တပ်ထဲ ဝင်တော့မယ့်အကြောင်း သတင်းပါးလိုက်လို့... ကျွန်တော်မျိုးမ နည်းနည်း စိတ်ပူသွားလို့ အရှင်မင်းကြီးကို မေးကြည့်တာပါ..."

အရှင်မင်းကြီးမှာ တခြား ဘာများလဲဟု တွေးနေသော်လည်း ထိုအကြောင်းမှန်း သိလိုက်ရသောအခါမှာတော့ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

"မင်း အစ်ကို တော်ဝင်ချပ်ဝတ်စစ်တပ်ထဲ သွားပြီး အတွေ့အကြုံယူနိုင်တာ သူ ကံကောင်းလို့ပဲ..."

ထိုစကားမှာ အလကားပြောနေခြင်း မဟုတ်မှန်း လင်ဝမ်ယိ သိသည်။ သူမ အနေနှင့် တော်ဝင်ချပ်ဝတ်စစ်တပ်၏ အကြောင်းကို သိပ်မသိသော်လည်း တာ့ဝေ့ပြည်၏ စွမ်းရည်ထက်မြက်သူနှစ်ဦး အကြောင်းကိုတော့ ကြားဖူးခဲ့ပါ၏။

အထူးသဖြင့် စတုတ္ထမင်းသားပင်။ သူ့အကြောင်းကို အစ်ကိုကြီး ကိုယ်တိုင်တောင် ပါးစပ်ဖျားက မချဘဲ အမြဲ ချီးကျူးနေတတ်တာ မဟုတ်လား။ သူ၏ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရမည်ဆိုသည်မှာ ဝမ်းသာမဆုံး ဖြစ်ရမည့်ကိစ္စပင် မဟုတ်လား။

"ကျွန်တော်မျိုးမ သိပါတယ်... ဒါပေမဲ့..."

"သူ ဒဏ်ရာရမှာကို စိတ်ပူနေတာလား..."

"ဟုတ်ကဲ့..."

"ဒဲ့ပါလားကွ... မင်းရဲ့ လက်ရှိအဆင့်ကိုမေ့နေတာလား"

လင်ဝမ်ယိ နားမလည်နိုင် ဖြစ်သွားရသည်။ ဧကရာဇ်၏ ဇနီးမယား ဖြစ်လာလျှင် ကိုယ့်မိသားစုကိုတောင် ဂရုမစိုက်ရတော့ဘူးလား။ ထို့အပြင် သူမပြောနေသည်မှာလည်း အပြင်လူ မှ မဟုတ်ပဲ... သူမ၏ အစ်ကိုအရင်းလေ။

သူမ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်ကို မြင်သောအခါမှ အရှင်မင်းကြီးက အသာပြုံးရင်း ပြောလိုက်လေသည်။

"မင်းကို ဒီတိုင်း စလိုက်တာပါ...စိတ်မပူနဲ့... တော်ဝင်ချပ်ဝတ်စစ်တပ်က ဒီနှစ်တွေထဲမှာ ဘာစစ်ပွဲမှ တိုက်စရာ မရှိဘူး... စစ်တပ်ထဲမှာ လေ့ကျင့်ရတာဆိုတော့ ထိခိုက်ဒဏ်ရာ ရနိုင်ချေ ရှိတာလောက်တော့ ရှောင်လွှဲလို့ မရဘူးလေ... ယောက်ျားကောင်းဆိုတာ အရပ်လေးမျက်နှာကို ခြေဆန့်ချင်ကြတာပဲ... တကယ်လို့ သူကသာ စစ်တပ်ထဲ တကယ် ဝင်ချင်နေရင်... မင်းတို့ စိတ်ပူနေလည်း အလကားပါပဲ..."

အရှင်မင်းကြီး၏ စကားတစ်ခွန်းက လင်ဝမ်ယိကို အသိဝင်သွားစေသည်။

အကယ်၍ အစ်ကိုကြီးကိုယ်တိုင်၏ ဆန္ဒက သည်လိုဖြစ်ချင်ပါသည်ဆိုလျှင် သူတို့ စိတ်ပူပြီးတားနေလည်း အလကားပင် ဖြစ်ပေလိမ့်မည်။ အစ်ကိုကြီးက နဂိုကတည်းက ခေါင်းမာတတ်တာမဟုတ်လား။

လင်ကွေ့ဖေး ကိုယ်တိုင်ပင် သတင်းလာပို့ပေးသည် ဆိုမှတော့ သည်ကိစ္စက အတည်ဖြစ်နေပြီဟု ပြော၍ရသည်။ သူမလည်း ဘာမှ မတတ်နိုင်တော့သဖြင့် သက်ပြင်းတစ်ချက်သာ ချလိုက်မိတော့သည်။

အရှင်မင်းကြီးက ဟင်းရည်ကို သောက်ရင်း သူမ၏ ပြန်ပြောလာမည်ကို စောင့်နေသော်လည်း အတန်ကြာသည်အထိ သူမဆီမှ စကားတစ်ခွန်းမျှ ထွက်မလာပေ။

သူမ သူမ အမူအရာကို သေချာ ကြည့်ကြည့်လိုက်လျှင် သူမမှာ စိုးရိမ်သောကရောက်နေသည့်ပုံပင်။ ထို့ပြင် လွန်ခဲ့သည့် ရက် ဝမ်ကုအဆောင်မှာ သူမ အိပ်မောကျနေတုန်းက အမေဟု ယောင်နေသည်ကို သူ ပြန်သတိရသွားပြီး သူ့စိတ်ထဲတွင် အနည်းငယ် စိတ်မကောင်းဖြသ်သွားရသည်။ ထို့ကြောင့် သူက ရှားရှားပါးပါးပင် စိတ်ရှည်လက်ရှည်ဖြင့် လင်ဝမ်ယိကို နှစ်သိမ့်ပေးလိုက်လေသည်။

"မင်း အစ်ကိုက တကယ် အရည်အချင်းရှိတဲ့ လူငယ်လေးပါ... အမြဲတမ်း အိမ်မှာပဲ ချုပ်ထားမယ်ဆိုရင် သူ့ကိုယ်သူအတွက်လည်း အကျိုးမရှိသလို... မင်းတို့ မိသားစုအတွက်လည်း အားကိုးစရာ မရှိတော့မှာ မဟုတ်ဘူးလား..."

အရှင်မင်းကြီးက ဤသို့ ပြောလာသောအခါ လင်ဝမ်ယိ ငြိမ်ကျသွားရလေသည်။

အစ်ကိုကြီး၏ ဆန္ဒကို သူမ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ သို့သော် သိနေသည့်အတွက်ကြောင့်ပင် ပို၍ ဝမ်းနည်းရသည်။ သူမအနေဖြင့် သူမကိုယ်တိုင် အင်အားကြီးလာပြီး သူမ၏ မိသားစုကို အကာအကွယ် ပေးနိုင်ချင်မိသည်။ သူမ မိသားစုက သူမအတွက် အချိန်တိုင်း စိုးရိမ်ပူပန်ပေးနေရပြီး အသက်စွန့်ကာ ရှေ့တန်းထွက်ရသည့် အခြေအနေမျိုး မဖြစ်ချင်ပေ။

သူတို့မှာ နှစ်ယောက်လုံး စကားဆက်မပြောတော့လေရာ မူလက ကောင်းမွန်နေသော ထမင်းစားပွဲလေးမှာ နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့သည်။ အရှင်မင်းကြီးက ပြန်မထွက်သွားခင် နေရောင်ခြည်ဖြာနေသော ပြတင်းပေါက်နားမှ ချုပ်လက်စ အဝတ်အစားများကို မြင်လိုက်သဖြင့် စကားတစ်ခွန်း ထပ်ပြောလိုက်လာသည်။

"မင်း အခုချိန် ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်သင့်တယ်... ဒီဝတ်ရုံတွေက နောက်မှ ဆက်လုပ်လည်း ရတယ်..."

သူ သူမအပေါ် ဂရုစိုက်ပေးမှန်း သိသဖြင့် လင်ဝမ်ယိ နေရာမှ ထကာ အသာပြုံးလိုက်လေပြီး သူမ၏ စိတ်အခြေအနေမှာလည်း တွေဝေငေးမှိုင်နေသည်မှ အနည်းငယ် ရုန်းထွက်လာနိုင်ခဲ့သည်။

"အရှင်မင်းကြီး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ သိပါပြီ..."

"အင်း... အမြန် သက်သာအောင် လုပ်... နောက်ရက် အနည်းငယ် နေရင် နွေရာသီအပန်းဖြေနန်းတော် ကို အတူတူ လိုက်လာဖို့ ကောင်းတာပေါ့..."

ထိုစကားကို ပြောပြီးသည်နှင့် ဧကရာဇ်က ရှန်ယိနန်းဆောင်ထဲမှ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားတော့ရာ လင်ဝမ်ယိမှာ တစ်ယောက်တည်း ရပ်နေရင်း ကြောင်အမ်းအမ်း ဖြစ်နေခဲ့တော့သည်။

နွေရာသီအပန်းဖြေနန်းတော် ဟုတ်လား... ဘယ်လို အခြေအနေကြီးလဲ...။

သူမက ချက်ချင်းပင် ချိုးမင်ကို သွားခေါ်လိုက်ပြီး မေးကြည့်မှသာ နားလည်သွားတော့သည်။

"အရှင်မင်းကြီးက နှစ်တိုင်း ခြောက်လပိုင်းကနေ ဆယ်လပိုင်းအထိ နွေရာသီအပန်းဖြေနန်းတော်မှာ နွေရာသီကို ဖြတ်သန်းလေ့ရှိပါတယ်... အဲဒီနန်းတော်က မြို့ရဲ့ မြောက်ဘက် မိုင်သုံးဆယ် အကွာမှာ ရှိပြီး ရွှင်တောင်ကြီး ကို ကျောပေးတည်ထားတာပါ... ပြီးတော့ အထဲမှာ လူလုပ် မြစ်လက်တက် တွေ အများကြီး ဖောက်ထားတော့ နွေရာသီမှာ နေလို့ အကောင်းဆုံးပါပဲ..."

ထို့နောက် သူက တစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။

"အရှင်မင်းကြီးနဲ့ အတူလိုက်ရမဲ့ ကိုယ်လုပ်တော် အရေအတွက်ကလည်း မများပါဘူး... ယခင်နှစ်တွေက ထုံးစံအရဆိုရင်... ဆယ်ယောက်ဝန်းကျင်လောက်ပဲ ရှိတတ်ပါတယ်..."

All Chapters