← Chapters

စာရင်းမထွက်ခင် ညနေခင်း

Vol. 7 Ch. 63

စာရင်းမထွက်ခင် ညနေခင်း

Vol. 7 Ch. 63

ဆယ်ယောက်ဝန်းကျင်လောက်ဆိုတာ သိပ်မများသေးဘူးပေါ့...။

လင်ဝမ်ယိ တိတ်ဆိတ်သွားလေ၏။

သို့သော် သွမ့်ဝူပွဲတော်နေ့က ပြည့်ကျပ်နေသော လူအုပ်ကြီးကို ပြန်တွေးမိလိုက်သောအခါ ချိုးမင်၏ စကားမှာ အတော်လေး အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရပေသည်။

"ဒီကိစ္စကို ဘယ်သူမှ အပြင်မပြောဖို့ အားလုံးကို မှာထားလိုက်ပါ... အရှင်မင်းကြီးက စိတ်ကောင်းဝင်နေတုန်း ခဏပြောလိုက်တာမျိုးဆိုတော့ အပြင်လူတွေ သိသွားလို့ မကောင်းဘူးလေ... မဟုတ်ရင် ရှန်ယိနန်းဆောင်က လိုက်ချင်လွန်းလို့ အတင်း ကပ်ဖားနေတယ်လို့ ထင်သွားကြလိမ့်မယ်... နားလည်လား..."

"သခင်မလေး စိတ်ချပါ... ဒီကိစ္စကို ဒီအစေခံ သေချာ မှာကြားထားလိုက်ပါ့မယ်..."

ယခုအခါ သူမ၏ ရာထူးမှာ လင်ချန်ကျိုက် အဆင့်သို့ ရောက်နေပြီ ဖြစ်၍ စည်းမျဉ်းအရဆိုလျှင် အောက်ခြေအဆင့် နန်းတွင်းသူ သို့မဟုတ် မိန်းမစိုး တစ်ယောက်နှစ်ယောက်ခန့် ထပ်ခေါ်ထားခွင့်ရှိသည်။

သို့သော် လင်ဝမ်ယိကမူ အစေခံ လေးယောက်နှင့်ပင် လုံလောက်ပြီဟု တွေးမိ၏။ လူများလျှင် စကားများပြီး ပြဿနာများနိုင်သဖြင့် သတိထားပြီး ရှောင်ကြဉ်သည်က အကောင်းဆုံးဟု ယူဆထားပေသည်။

သို့သော် ချိုးမင်က သူမကို ဖျောင်းဖျပြီးနောက် နန်းတွင်းရေးရာဌာန ကို ကြိုတင် ပြင်ဆင်ထားခိုင်းပြီး သင့်တော်သူ တွေ့မှသာ ပို့ပေးဖို့ အကြံပြုခဲ့သည်။ ထို့ကြောင့် ထိုကိစ္စအတွက် တာဝန်ယူပေးမည့်သူမှာ သဘာဝကျကျပင် ချင်ကုန်းကုန်း ဆီအကူအညီ တောင်းရတော့မည်

"သခင်မလေးရဲ့ ရာထူးက ဒီအဆင့်နဲ့တင် ရပ်နေမှာ မဟုတ်ဘူး... နောက်ဆို လူတွေထပ်ခေါ်ရမှာ အသေအချာပဲ... အလုပ်လုပ်ချင်စိတ်ရှိပြီး သင်လွယ်တတ်လွယ်တဲ့ မိန်းမစိုးနဲ့ နန်းတွင်းသူတွေ ရှာရတာ မလွယ်ဘူးလေ... ဒါကြောင့် တခြားလူတွေ ကြားမဝင်နိုင်အောင်လို့ ချင်ကုန်းကုန်းကိုပဲ အရင် ကြည့်ထားခိုင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်..."

ကြားမဝင်နိုင်ဆိုသည်မှာ အရင်တစ်ခေါက်က လင်ကွေ့ဖေး လူလွှတ်ခဲ့သည့် ကိစ္စကို တည့်မပြောရုံတမည်ပင်။ ချိုးမင်၏ ဤသတိပေးစကားကြောင့် လင်ဝမ်ယိ ပြန်သတိရသွားရ၏။

အမှန်ပင်… နန်းတော်ထဲမှာ သခင်ကို သစ္စာဖောက်မည့် အစေခံများ ရှိနေခြင်းဟာ ရန်သူ့ရှေ့တွင် ကိုယ့်ကျောကုန်းကို ထုတ်ပြထားသည်နှင့် အတူတူပင်။

ဘယ်အချိန် နောက်ကျော ဓားထိုးခံရမည်မှန်း မသိနိုင်သလို...သူမလည်း စောစောစီးစီး မသေချင်သေးပေ။ ထို့ကြောင့် သူမက ချိုးမင်၏ အကြံပြုချက်ကို သဘောတူသည့်အနေဖြင့် ချက်ချင်း ခေါင်းညိတ်ပြလိုက်လေသည်။

ငါးလပိုင်း တစ်လလုံး ရှန်းကျင်းမြို့တော် တစ်ခုလုံးဟာ မီးဖိုထဲတွင် ဖုတ်ခံနေရသည့်နှယ် အပူလှိုင်းလုံးကြီးများအောက်တွင် နစ်မြုပ်နေတော့သည်။

တော်ဝင်နန်းမြို့တော် အတွင်းရှိ နေရာအတော်များများတွင် ရေခဲတုံးများ ချထားပေးသော်လည်း အပူသက်သာစေဖို့တော့ သိပ်ပြီး အရာမထင်လှပေ။

ကိုယ်လုပ်တော်များ အားလုံးမှာ မိမိတို့၏ နန်းဆောင်များတွင်သာ အနားယူနေကြသဖြင့် တစ်နန်းတော်လုံး ရှားမှရှားသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုးကို ကြုံနေရလေ၏။

လင်ဝမ်ယိကလည်း ဒဏ်ရာကြောင့် အနားယူနေရရ၍ အပြင်သို့ လုံးဝ ထွက်လေ့မရှိပေ။

ပုံမှန်နေ့ရက်များတွင် အပ်ချုပ်၊ ပန်းထိုးပြီး ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်းမှလွဲ၍ ပြတင်းပေါက် အပြင်ဘက်က ကိစ္စများကို လုံးဝ စိတ်မဝင်စားဘဲ နေလေတော့သည်။

အရှင်မင်းကြီး နွေရာသီအပန်းဖြေနန်းတော် သို့ သွားတော့မည့်သတင်း ထွက်ပလာချိန်မှသာ နန်းတော်ထဲရှိ လူများမှာ တဖန်ပြန်ပြီး လှုပ်လှုပ်ရွရွ ဖြစ်လာကြကာ ပြန် ဆူညံလာကြလေသည်။

အခြား ရည်ရွယ်ချက်ကြောင့်တော့ မဟုတ်။ အားလုံးက အရှင်မင်းကြီးနှင့်အတူ လိုက်ပါခွင့်ရသူများစာရင်းတွင် ပါဝင်ချင်ကြသောကြောင့်ပင်။

လင်ကွေ့ဖေး နှင့် ယီဖေး တို့ကတော့ ပြောစရာပင် မလို။ကိုယ်ဝန်ရှိနေသော လန်ဖေး နှင့် ယင်းကွေ့ဖင် တို့လည်း လိုက်ပါကြမည် ဖြစ်ရာ နေရာလေးနေရာက ချက်ချင်း ပျောက်သွားပြီ။ ကျန်နေသေးသည့် နေရာအနည်းငယ်မှာ လူအများ၏ ပစ်မှတ်များ ဖြစ်လာတော့သည်။

လင်ဝမ်ယိ၏ အမည်မှာလည်း မျှော်လင့်ထားသည့်အတိုင်းပင် လိုက်ပါရမည့် စာရင်းထဲတွင် ပါဝင်လာခဲ့သည်။

သည်လောက်ဆိုလျှင် နေရာအများစုမှာ ပြည့်သွားပြီ ဖြစ်ပေသည်။

တစ်နေ့တွင် ချိုးမင်သည် မီးဖိုချောင်လေးဆီသို့ တန်းတန်းလျှောက်သွားလိုက်ကာ ရေအေးတစ်ခွက်ကို ယူ၍ တကျိုက်တည်း မော့သောက်လိုက်လေသည်။

သူ့နဖူးပေါ်မှ ချွေးပေါက်များမှာ သုတ်လိုက်တိုင်း ပြန်ထွက်လာတတ်ပြီး မျက်နှာဟာလည်း လွန်ခဲ့သော ရက်အနည်းငယ်ကထက် ပို၍ ညိုမဲလာလေ၏။

ချွမ်ချီက အဆူခံရမှာစိုး၍ အပူငြိမ်းစေသည့် ပဲတီစိမ်းပြုတ်ရည် တစ်ပန်းကန်ကို ကပျာကယာ ကမ်းပေးလိုက်သည်။

"ချိုးကုန်းကုန်း... ပဲတီစိမ်းပြုတ်ရည် တစ်ပန်းကန်လောက် သောက်မလားဟင်..."

"စောစောကတည်းက မပြောဘူး..."

ချိုးမင်က မျက်မှောင်ကြုတ်လျက် လှမ်းယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထိုပဲတီစိမ်းပြုတ်ရည်မှာ လည်ချောင်းထဲ ရောက်သွားသည်နှင့် ရိုးရိုး ရေအေး သောက်ရသည်ထက် အများကြီး ပိုမို သက်သာသွားစေပြီး ခန္ဓာကိုယ်မှ အပူများ ချက်ချင်း လျော့ကျသွားသလို ခံစားလိုက်ရသည်။

"ဟီးဟီး... အချိန်မမီလိုက်တာလေ... အဘိုးကြီးက အထဲဝင်ဝင်ချင်း ရေအေးကို သောက်ချလိုက်တာဆိုတော့... ဝမ်းလျှောမှာ မကြောက်ဘူးလား..."

ယခုအခါ ချွမ်ချီ နှင့် ချိုးမင်တို့ နှစ်ယောက်မှာ အတော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့လေပြီ။ အဘိုးကြီးလို နာမည်ပြောင်များပင် ခေါ်နေကြပြီဖြစ်၏။

"ခုလေးတင် ဟယ့်နျန်ဇစ် ကို ဖြောင်းဖြပြီး ပြန်လွှတ်လိုက်ရတာ... လည်ချောင်းတွေတောင် နာနေပြီ..."

သည်ရက်ပိုင်းအတွင်း ချိုးမင်က လင်ဝမ်ယိကို လာတွေ့ချင်သည့် အခြား ကိုယ်လုပ်တော်များကို အကြိမ်ပေါင်းမနည်း တားခဲ့ရသည်။ ရည်ရွယ်ချက်က ဘာအတွက်လဲ ဆိုတာတော့ ပြောနေဖို့ပင် မလိုတော့ပေ။

"ရှောင်လုကျစ်ကော... တော်ဝင်စားဖိုဆောင် ကနေ ပြန်မရောက်သေးဘူးလား..."

"မရောက်သေးဘူး... သခင်မလေးက သူ့ကို အပြန်ကြုံရင် ပိုးထည်ဂိုဒေါင် ကနေ ပိုးချည်တွေ ဝင်ယူလာခိုင်းလိုက်လို့လေ... အရှင်မင်းကြီးရဲ့ ဝတ်ရုံက ပိုးချည်ပိုသုံးရတော့... လက်ကျန် မလောက်တော့လို့တဲ့..."

မူလက သူ့ကို တခြားကိစ္စအတွက် လွှတ်လိုက်ခြင်း ဖြစ်သော်လည်း ပိုးထည်ဂိုဒေါင် သို့ပါ ထပ်ပြေးရသဖြင့် သည်လောက်ကြာနေသည်မှာ မဆန်းတော့ချေ။

သူတို့ နှစ်ယောက် စကားပြောနေဆဲမှာပင် ရှအန်းက အပြင်ဘက်မှ ဝင်လာလေသည်။ သူမက ပုံမှန်ဆိုလျှင် ချွေးထွက်နည်းသူဖြစ်သော်လည်း ယခုနှစ်ရက်အတွင်းမှာတော့ အရမ်းပူလွန်း၍ နဖူးနှင့် ဆံစပ်များကို လက်ကိုင်ပဝါဖြင့် အမြဲတမ်း သုတ်နေရသဖြင့် အတော်လေး စိတ်မွန်းကြပ်နေရ၏။

"ချိုးကုန်းကုန်းလည်း ရှိနေတာလား..."

"အင်း... ပဲတီစိမ်းပြုတ်ရည် လာသောက်တာလေ..."

သူတို့ စကားပြောနေသည်ကို ကြားသောအခါ ချွမ်ချီက ရှအန်းအတွက်လည်း တစ်ပန်းကန် အသင့် ကမ်းပေးလိုက်သည်။

"နင့်ရဲ့ ပဲတီစိမ်းပြုတ်ရည်က သက်သက် ကြိုထားပေးတာ... သကြားမထည့်ထားဘူး... သောက်ကြည့်ပါဦး..."

ရှအန်းက ပြုံးလိုက်သည်။ ချွမ်ချီမှာ အပြင်ပန်းတွင် အသံဆာဆာနှင့် ပေါ့တန်တန် နိုင်သယောင် ထင်ရသော်လည်း တကယ်တမ်းမှာတော့ အပ်ဖျားထိပ်လေးလို သိမ်မွေ့သေချာသူ ဖြစ်၏။ အထူးသဖြင့် အစားအသောက်ကိစ္စများတွင် လူတစ်ယောက်ချင်းစီ၏ အကြိုက်နှင့် မတည့်သည့် အစားအစာများကို အသေးစိတ် မှတ်သားထားတတ်လေသည်။

သကြားမပါသည့် ပဲတီစိမ်းပြုတ်ရည် တစ်ပန်းကန် ဗိုက်ထဲ ရောက်သွားသောအခါ ရှအန်းလည်း အများကြီး နေသာထိုင်သာ ရှိသွားတော့သည်။

"သခင်မလေးက နိုးနိုးချင်း နင့်ကို ရှာနေတယ်... မက်မွန်သီးစိမ်းတွေ ပြီးပြီလားလို့ မေးနေတာ..."

"ရှောင်လုကျစ် မှ ပြန်မရောက်သေးတာ... မက်မွန်သီးစိမ်း ဘယ်လောက် ပါလာမယ်ဆိုတာ မသိရသေးဘူးလေ..."

ချွမ်ချီက နှုတ်ခမ်းစူကာ ရှအန်းကို သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"သခင်မလေးက ဘာစိတ်ကူးပေါက်ပြီး မက်မွန်သီးစိမ်းဝိုင် လုပ်ချင်ရတာလဲ..."

"ဘယ်သူ သိမှာလဲ... အရင်တုန်းက အကြောင်းတွေကို သတိရသွားလို့နေမှာပေါ့..."

အရင်တုန်းက အကြောင်းဆိုလျှင် ရှအန်း မသိသည့် ကိစ္စများ အများအပြား ရှိနေပေသည်။ အမှန်ဆိုလျှင် ချွမ်ချီကမှ လင်ဝမ်ယိနှင့် အတူတူ ကြီးလာသည့်သူဖြစ်၍ ပိုသိသင့်သည် မဟုတ်လား။ သို့သော် သူမ ပါးစပ်မှ ထွက်လာသော စကားကြောင့် အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားရတော့သည်။

"လာပါပြီ... လာပါပြီ... နောက်ဆုံးတော့ ပြန်ရောက်လာပါပြီ..."

ရှောင်လုကျစ်၏ ပုံရိပ်ဟာ နန်းဆောင်အပြင်မှ လေဆင်နှာမောင်းလို တဟုန်ထိုး ဝင်လာပြီး သူ၏ လက်ထဲတွင် သေချာ ထုပ်ပိုးထားသော ပိုးချည်များကို ကိုင်ထားကာ ကျောပေါ်‌တွင်မူ သိပ်မကြီးလှသော ခြင်းတောင်းတစ်ခုကို လွယ်ထားလေသည်။ ထိုအထဲတွင်တော့ လင်ဝမ်ယိ လိုချင်နေသော မက်မွန်သီးစိမ်းများ ပါဝင်လေ၏။

လူသုံးယောက်စလုံး ရှိနေသည်ကို မြင်သောအခါ ရှောင်လုကျစ်က သူ၏ အင်္ကျီလက်ဖြင့် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ပိုးချည်ထုပ်ကို ရှအန်းထံသို့ ချက်ချင်း ကမ်းပေးလိုက်သည်။

"အစ်မရှအန်း သခင်မလေးဆီ ယူသွားပေးလိုက်ပါဦး... ဒီအစေခံ မှာ ချွေးနံ့တွေ ထောင်းထောင်းထနေတာမို့... သခင်မလေးအနှောင့်အယှက် ဖြစ်မှာစိုးတယ်..."

"အေးအေး... နင်လည်း ခဏ နားလိုက်ပါဦး... ဒီလောက် ပူတဲ့အချိန်ကြီးမှာ အကြာကြီး ပြေးလွှားနေရတာ..."

"ကိစ္စ မရှိပါဘူးဗျာ... အပြင်ဘက်က နည်းနည်း ပူလွန်းနေတာပဲ ရှိတာပါ... နွေရာသီအပန်းဖြေနန်းတော် ကို ရောက်သွားရင်တော့ ကောင်းသွားမှာ..."

ချိုးမင်က ရှောင်လုကျစ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာမှာ ပြန်လည် တင်းမာသွားလေ၏။

"အရင်တုန်းက ငါ ဘယ်လို မှာထားတာလဲ... မေ့သွားပြန်ပြီလား..."

ရှောင်လုကျစ်မှာ ချက်ချင်း ပါးစပ်ပိတ်သွားရပြီး ဆက်၍ အတင့်မရဲတော့ပေ။

ချိုးမင်မှာ အလွန်အမင်း စည်းကမ်းတင်းကြပ်သူတော့မဟုတ်ပေ။ ဒီတိုင်း… သည်ကိစ္စကို နန်းတော်တစ်ခုလုံး သိပြီးသားဖြစ်သော်လည်း သူတို့၏ ပါးစပ်မှ ထွက်လာသည်ကို တတ်နိုင်သမျှ ရှောင်ရှားစေချင်ခြင်းပင်။

မဟုတ်လျှင် ဘဝင်မြင့်နေသည့်ပုံပေါက်သွားပြီး တခြားသူများ၏ မျက်စိစပါးမွှေးစူးစရာဖြစ်သွားပေလိမ့်မည်။

ချွမ်ချီနှင့် ရှအန်းတို့သည်လည်း ချိုးမင်၏ စည်းကမ်းရှိကို အထင်ကြီး လေးစားသွားမိကြ၏။ အချိန်မရွေး နေရာမရွေး နန်းတွင်းစည်းမျဉ်းများကို ကိုယ်တိုင် အသေအချာ လိုက်နာတတ်သလို သူများတွေကိုလည်း လိုက်နာစေသည်။

"ကဲပါ... ပဲတီစိမ်းပြုတ်ရည် သောက်ပြီးရင် နန်းဆောင်တံခါးဝမှာ သွားစောင့်နေတော့... ဟယ့်နျန်ဇစ် က အလွယ်တကူ ပြန်မယ့်သူ မဟုတ်ဘူး... ဘယ်အချိန် ထပ်ရောက်လာမယ်ဆိုတာ မပြောနိုင်ဘူး..."

"ဟုတ်..."

ချိုးမင် အရင်ထွက်သွားပြီးတော့ ရှောင်လုကျစ်က လျှာလေးထုတ်ကာ တော်သေးတာပေါ့ဆိုသည့် မျက်နှာပေးလေးလုပ်ပြလိုက်တော့ ချွမ်ချီနှင့် ရှအန်းတို့ ရယ်ပွဲကျသွားရ‌သည်။

"ချိုးကုန်းကုန်းရဲ့ လူတွေကို ပြန်လွှတ်တဲ့ အရည်အချင်းကတော့ တကယ်ကို အံ့မခန်းပဲ... ငြင်းလည်းငြင်းရမယ်... ဟိုဘက်လူကိုလည်း စိတ်မခုစေရဘူး ဆိုတော့... အစ်မတို့သာ ဘေးကနေ သေချာ မကြားဖူးလို့ပါ... သူပြောသွားတဲ့ စကားမျိုးကို... ကျွန်တော်ဆိုရင် နောက်တစ်ဘဝ ပြန်မွေးလာရင်တောင် ပြောတတ်မှာ မဟုတ်ဘူးဗျ..."

ရှောင်လုကျစ်၏ ထိုစကားမှာ ရင်တွင်းဖြစ်ခံစားချက်များပင် ဖြစ်လေသည်။

ချိုးမင် လက်အောက်တွင် အမှုထမ်းရသည်မှာ တကယ်ကို အကြောင်းအရာများစွာ သင်ယူနိုင်၍ သူလည်း ကပျာကယာ ပဲတီစိမ်းပြုတ်ရည် သောက်ပြီးသည်နှင့် အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

ရှအန်းက သူ၏ ကလေးဆန်လှသော အပြုအမူကြောင့် ခေါင်းခါလိုက်မိသည်။

"ငါတို့ သခင်မလေးဆီ သွားပြီး ဒီပစ္စည်းတွေ ပြကြတာပေါ့..."

"အေးလေ... ဒီမက်မွန်သီးစိမ်းလေးတွေ အရောင်တကယ်လှတယ်... သခင်မလေး သဘောကျမှာ အသေအချာပဲ..."

သူတို့ နှစ်ယောက်က ပင်မနန်းဆောင် ဘက်သို့ လမ်းလျှောက်သွားလိုက်ကြပြီး တစ်ယောက်က ခြင်းတောင်းကို ကိုင်ထားကာ ကျန်တစ်ယောက်ကမူ ပိုးချည်များကို ကိုင်ထားကြလေသည်။

All Chapters