မက်မွန်သီးစိမ်းဝိုင်ချက်ခြင်း
Vol. 7 Ch. 64
ပင်မနန်းဆောင် အတွင်းမှာတော့ လင်ဝမ်ယိက 'ဝိုင်ချက်ခြင်း မှတ်တမ်းအထွေထွေ' စာအုပ်ကို လှန်လှောဖတ်ရှုနေလေသည်။
အထဲတွင် မက်မွန်သီးစိမ်းဝိုင် မည်သို့ချက်ရမည်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားရုံသာမက အခြား သစ်သီးဝိုင်များ ချက်လုပ်သည့် နည်းလမ်းများကိုပါ အသေးစိတ် ရေးသားထားလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမမှာ နန်းတော်ထဲတွင် နေနေရသည်မို့ အချိန်တိုင်းနီးပါး အားနေသဖြင့် သည်အရာများကို ဖြည်းဖြည်းချင်း လေ့လာနိုင်သည်။
သူမ ဖတ်၍ အတော်လေး ခရီးရောက်လာချိန်မှာပင် ချွမ်ချီနှင့် ရှအန်းတို့လည်း အခန်းထဲသို့ ဝင်လာကြလေသည်။
"သခင်မလေး မြန်မြန် ကြည့်ပါဦး... ဒါက ရှောင်လုကျစ် တော်ဝင်စားဖိုဆောင် က ယူလာပေးတဲ့ မက်မွန်သီးစိမ်းတွေလေ... ဒီအစေခံ ကြည့်ရတာ အတော်လေး ကောင်းမယ့်ပုံပဲ... လတ်လတ်ဆတ်ဆတ်လေးတွေနော်..."
သူမက စကားပြောရင်းနှင့် ခြင်းတောင်းထဲမှ မက်မွန်သီးစိမ်း အနည်းငယ်ကို ထုတ်ပြလိုက်သည်။
လင်ဝမ်ယိက သေချာကြည့်ကြည့်လိုက်ရာ တကယ်ပင် အရည်ရွှမ်းပြီး စိမ်းလန်းနေကာ အရွယ်အစားပင် တစ်ညီတည်း ဖြစ်နေသဖြင့် သေချာဂရုတစိုက်နှင့် ရွေးချယ်ထားမှန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။
တော်ဝင်စားဖိုဆောင် မှ လူများက အလုပ်သည့်နေရာမှာတော့ အမှန်ပင် စေ့စပ်သေချာကြလေသည်။
"မဆိုးဘူး... တကယ် မဆိုးဘူး... ဆားနဲ့ သကြားခဲတွေ သွားယူချေ... အော်... ဒါနဲ့... အရက်ဖြူနဲ့ ကြွေအိုးလည်း ယူခဲ့ဦးနော်..."
"သခင်မလေးက ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး မက်မွန်သီးစိမ်းဝိုင်ကို ချက်ချင်ရတာလဲ..."
လင်ဝမ်ယိက အသာပြုံးလိုက်ပြီး အစ်ကိုကြီး ယခင်က စစနောက်နောက်နှင့် ပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်သတိရသွားသည်။
"ချန်ချန့် လက်ရာနဲ့ လုပ်ထားတဲ့ မက်မွန်သီးစိမ်းဝိုင်ကို သောက်ရမယ့်နေ့ကျရင်... အစ်ကိုကြီး ဘဝမှာ ဘာမှ နောင်တရစရာ မရှိတော့ဘူး..."
ထိုစကားလေး တစ်ခွန်းကြောင့် လင်ဝမ်ယိ ဤဝိုင်ကို လုပ်ချင်ခဲ့ခြင်းပင်။ နောက်တစ်ခေါက် အစ်ကိုကြီး တော်ဝင်ချပ်ဝတ်စစ်တပ် ကနေ ပြန်ရောက်လာသည့်အချိန်ကျလျှင်... သူ မြည်းကြည့်ဖို့ အတွက် အပြင်ကို ပို့ပေးလို့ရနိုင်သည် မဟုတ်လား။
"အစ်ကိုကြီးက စစ်တပ်ထဲ ဝင်သွားပြီ မဟုတ်လား... သည်ဝိုင်တွေ သောက်လို့ ရလောက်တဲ့ အချိန်ဆိုရင်... အစ်ကိုကြီး အိမ်ပြန်လာလည်တဲ့ အချိန်နဲ့ ကွက်တိပဲ နေမှာ... အဲဒီအချိန်ကျရင် သူ မြည်းကြည့်လို့ရအောင် နန်းတော်အပြင်ကို ပို့ပေးလို့ ရတာပေါ့... ညီမလေး တစ်ယောက်ရဲ့ စေတနာလို့သာ သဘောထားလိုက်ပါ..."
သည်လိုဆိုမှပဲ အားလုံး နားလည်သွားကြတော့သည်။
"ပထမသခင်လေးအတွက် လုပ်ပေးတာဆိုတော့ အကောင်းဆုံးကိုပဲ သုံးရမှာပေါ့..."
ချွမ်ချီက လူလည်မလေးလို ပြုံးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က တော်ဝင်စားဖိုဆောင် က ပို့ပေးထားတဲ့ အကောင်းစားသေရည်တစ်အိုး ရှိတယ်... အရှင်မင်းကြီးက မသောက်လိုက်လို့... ဒီအစေခံ သိမ်းထားလိုက်တာ... ဒီဝိုင် လုပ်တဲ့ထဲ ထည့်လိုက်ရင် အကောင်းဆုံးပဲ..."
စကားပြောပြီးသည်နှင့် သူမက ပါဝင်ပစ္စည်းများရန် လှည့်ထွက်သွားတော့သည်။
ရှအန်းက အသာပြုံးရင်း ပိုးချည်များကို ကမ်းပေးလိုက်တော့ လင်ဝမ်ယိက လှမ်းယူကြည့်လိုက်ပြီး မျက်ဝန်းများလင်းလက်ကာ ပျော်ရွှင်သွားရလေသည်။
"ဖန့်မားမား အမြဲ ပို့ပေးတဲ့ ပိုးချည်တွေက ငါ့စိတ်တိုင်းကျတွေချည်းပဲ... ဘွားဘွား ကိုယ်တိုင် သေချာ သင်ပေးထားတဲ့ တပည့်လို့မပြောရဘူး..."
သူမကပြောပြီးသည်နှင့် ရှအန်းကို အရောင်အလိုက် သေချာ ပြန်စီခိုင်းလိုက်ကာ... နောက်ပိုင်း သုံးဖို့အတွက် သေတ္တာထဲထည့်သိမ်းထားခိုင်းလိုက်သည်။
ချွမ်ချီက လိုအပ်သည့် ပစ္စည်းများအားလုံးကို ခြံဝင်းထဲရှိ စံအိမ်လေးထဲသို့ ယူသွားလေသည်။ ဤနေရာကို ရှောင်လုကျစ်က နေ့တိုင်း သန့်ရှင်းရေး လုပ်ထားသဖြင့် အလွန် သန့်ရှင်းသပ်ရပ်နေ၏။
လင်ဝမ်ယိနှင့် ရှအန်းတို့ အတူတူ ထွက်လာခဲ့ပြီး သူမတို့နှစ်ယောက် အတူ ကြလေသည်။
အနောက်ဆောင် မှ စပျစ်နွယ်ပင်များမှာ ချွမ်ချီနှင့် ရှောင်လုကျစ်တို့ နေ့တိုင်း ဂရုတစိုက် ရေလောင်းပေါင်းသင်ပေးထား၍ လက်နှစ်ဝါးစာလောက် အမြင့် ရောက်နေလေပြီ။
အပေါ်မှ စင်များပေါ်တွယ်တက်လာဖို့တော့ လိုသေးသော်လည်း... ရှင်သန်တက်ကြွနေသော ထိုအပင်များကို ကြည့်ရင်း လူတိုင်း၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နူးနေကြလေသည်။
ဒီမောင်းမဆောင် အတွင်းမှာ ကိုယ်လုပ်စရာ တစ်ခုခု ရှာမထားဘူးဆိုလျှင်... တစ်ရက် တစ်ရက်ကို ဖြတ်သန်းရသည်မှာ တစ်နှစ်လောက် ကြာနေသလို ခံစားရမည်ကိုပင် စိုးရိမ်ရ၏။
အကယ်၍ မျက်နှာသာပေးခံရဖို့ အပြိုင်အဆိုင် ကြိုးစားရင်း အိပ်ဆောင်ဝင်ရဖို့သာ အမြဲ စောင့်စားနေရမည်ဆိုလျှင်... မရူးသွားတာကပင် အံ့ဩစရာပေ။
လင်ဝမ်ယိက သူမကိုယ်သူမ လင်ကွေ့ဖေးတို့လို တစ်နေ့လုံး တစ်ယောက်နှင့် တစ်ယောက် အမြဲ အပြိုင်အဆိုင် အကွက်ချနေသူမျိုး ဖြစ်သွားမည်ကို စိုးရိမ်၍ အားလပ်ချိန်များမှာ သူမ၏ စိတ်အေးချမ်းစေဖို့အတွက် ကိုယ်တိုင် ဖန်တီးရသည့် လက်မှုအတတ်များကိုသာ ပြုလုပ်လေ့ရှိသည်။
မက်မွန်သီးစိမ်းများမှာ ရေသန့်ဖြင့် နှစ်ခါ ဆေးကြောပြီးနောက် ဆားထည့်ကာ အကြိမ်ကြိမ် ပွတ်နယ်ပေးရသည်။
ချွမ်ချီနှင့် ရှအန်းတို့က လင်ဝမ်ယိ၏ လက်များ ဆားရေစိမ်ရသည့် ဒဏ်ကို မခံနိုင်မည်စိုးသဖြင့် သူတို့နှစ်ယောက်ဝင်ကာ အားပါးတရ ပွတ်နယ်ပေးနေကြ၏။ သူမတို့က ပွတ်ရင်းနှင့်ပင် မေးလာကြသည်။
"သခင်မလေး... အခု ဘာလုပ်နေတာလဲဟင်..."
"အဖန်ရည် ထုတ်နေတာလေ..."
"အော်..."
"နင်တို့ ပွတ်နေတာ တော်တော်ရပြီဆိုရင်... အဲဒီအတိုင်း စိမ်ထားလိုက်တော့... နာရီဝက်လောက် ကြာရင် မက်မွန်သီးရဲ့ အညှာတွေကို ဖယ်ပြီး ရေနဲ့ ပြောင်အောင် ဆေးရမယ်..."
"ဟုတ်ကဲ့ပါ..."
သူတို့ နှစ်ယောက်ကို တာဝန်ပေးပြီးနောက် လင်ဝမ်ယိလည်း အားမနေတော့ပေ။ သူမက ကြွေအိုးများကို အသေအချာ သန့်စင်ဆေးကြောလိုက်ပြီးနောက် ရေစက်အနည်းငယ်မျှ မကျန်တော့သည်အထိ ပဝါခပ်သန့်သန့်လေးဖြင့် လိုက်သုတ်ပေးလိုက်လေသည်။
ဒီမက်မွန်သီးစိမ်းတွေက အိုးသုံးလုံးလောက် ထည့်မှ ဆံ့လောက်မည့်ပုံပင်။
လင်ဝမ်ယိ အနေဖြင့် ပထမဆုံးအကြိမ် လုပ်ကြည့်ခြင်း ဖြစ်ရာ အကယ်၍ တစ်အိုး ပျက်သွားလျှင်တောင် နောက်ထပ် နှစ်အိုး ကျန်နေသေးသည် ဟု တွေးလိုက်ပြီး ပါဝင်ပစ္စည်းများကို ခွဲခြား၍ ထည့်လိုက်လေသည်။
ဥပမာအားဖြင့် တစ်အိုးကို သကြားလုံးများ ထည့်ပြီး နောက်တစ်အိုးကို သကြားခဲများ ထည့်လိုက်သည်။ ကျန်တစ်အိုးကိုမူ အဆင်သင့် ဖျော်ထားသည့် သကြားရည် ထည့်လိုက်ပြီး အခြောက်လှန်းထားသော ဇီစူးရွက် အချို့ကို ပါ ထည့်လိုက်လေသည်။
(ဇီစူးရွက် = နှမ်းရွက်
T/N ကိုရီးယား BBQ တွေမှာပါတတ်တဲ့ နှမ်းရွက်ပါ)
စာအုပ်ထဲမှ မှတ်တမ်းများအရ ဇီစူးရွက်များက အရသာကို ပိုမို ကောင်းမွန်စေသည်ဟု ဆိုသော်လည်း လင်ဝမ်ယိကတော့ သေချာ မသိ၍ တစ်အိုးထဲတွင်သာ ထည့်စမ်းကြည့်လိုက်သည်။
လက်ကို အလုပ်ပေးရင်း တစ်ခုခုလုပ်နေလျှင် အချိန်ကုန်သည်မှာ လျင်မြန်လှပေသည်။ အချိန် နာရီဝက်မျှ ကုန်သွားပြီးနောက်… ချွမ်ချီက ဝါးဖြင့် ရက်လုပ်ထားသော ဇကောတစ်ချပ် ယူလာပြီး မက်မွန်သီးစိမ်းများကို အပေါ်တွင် တင်ကာ ရေစစ်ထားလိုက်သည်။
လင်ဝမ်ယိကမူ အသီးများကို တစ်လုံးချင်းစီ ပဝါဖြင့် ခြောက်သွေ့အောင် သုတ်ပေးပြီး နေရောင်အောက်တွင် မက်မွန်သီးပေါ်မှ အမွေးနုလေးများကို တွေ့ရသည်အထိ သန့်စင်ပြီးမှသာ အိုးထဲသို့ ထည့်လိုက်လေသည်။
ထို့နောက် အထဲသို့ သေရည် လောင်းထည့်လိုက်လေသည်။ မက်မွန်သီးစိမ်းများ ထည့်ထားသည့် အိုးများမှာ သိပ်မကြီးသဖြင့် သုံးအိုးလုံး အပြည့် ထည့်ပြီးတာတောင် သေရည်မှာ ခွက်တစ်ဝက်ခန့် ကျန်နေသေးသည်။
လင်ဝမ်ယိက ခွက်ကို ယူ၍ အနံ့ခံကြည့်လိုက်တော့ မွှေးကြိုင်ပြီး အရသာလေးနက်နေသလို ခံစားရသဖြင့် တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။
သူမ၏ သေရည်သောက်နိုင်စွမ်းကို အပြင်လူများ မသိသော်လည်း ချွမ်ချီနှင့် ရှအန်းတို့ကမူ အသေအချာ သိ၏။
လင်မိသားစုက သားအဖ နှစ်ယောက်လုံး ပေါင်းသောက်လျှင်တောင် သူမ တစ်ယောက်တည်း နိုင်မည် မဟုတ်ပေ။ လင်ဝမ်ယိ၏ ဘိုးဘိုးက သေရည်သောက်ရတာကိုကြိုက်ပြီး အတော်လည်းသောက်နိုင်သည်။
သူက အကောင်းစားသေရည်များကို အိမ်တွင် အမြဲ စုဆောင်းထားလေ့ရှိပြီး သူအားသည့်အချိန်ဆိုလျှင် လင်ဝမ်ယိကို ခေါ်ပြီး အနည်းငယ်သောက်လေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ လင်ဝမ်ယိ၏ သေရည်သောက်နိုင်စွမ်းမှာလည်း အလိုအလျောက် တိုးတက်လာတော့၏။
"တကယ်ကို သေရည်ကောင်းပဲ... အရှင်မင်းကြီးကတော့ အရှင်မင်းကြီးပဲ... ဒီသေရည်က သာမန်သေရည်နဲ့ကို မတူတာ..."
ချွမ်ချီက ဒီပုံစံကို ကြည့်ပြီး ပြုံးလိုက်လေသည်။ သူမက လက်ထဲမှာတော့ ဝိုင်အချဉ်ဖောက်တာ ပိုကောင်းစေရန် အိုးဝများကို ဆီစိမ်စက္ကူဖြင့် ပိတ်နေလေ၏။
"အေးပြီး ခြောက်သွေ့တဲ့ အရိပ်အောက်မှာ သွားထားထားလိုက်... လဝက်လောက် နေရင် သကြားနည်းနည်း သွားထပ်ထည့်လိုက်ပေါ့..."
ထို့နောက် သူမ ကိုယ်တိုင် စုတ်တံကို ကိုင်ကာ အနီရောင် စက္ကူပေါ်တွင် မက်မွန်သီးစိမ်း ဟူ၍ စာလုံး နှစ်လုံးကို ရေးကာ အိုးများပေါ်တွင် ကပ်ထားလိုက်သည်။
အဖြူရောင် ကြွေအိုးပေါ်မှ အမည်းရောင် စာလုံးလေးများက အတော်လေး ကြည့်ကောင်းနေ၏။
အရာအားလုံး သေချာ ပြီးစီးသွားချိန်တွင် နေမင်းကြီးလည်း တဖြည်းဖြည်း ဝင်သွားလေပြီ။ လင်ဝမ်ယိက ခေါင်းမော့ကာ လိမ္မော်ရောင်နှင့် အနီရောင်များ ရောယှက်နေသော ညနေဆည်းဆာ ကောင်းကင်ကြီးကို ကြည့်ရင်း...
စိတ်ထဲတွင် ဝမ်းနည်းသလို ခံစားလိုက်ရသည်။
"တကယ်လို့များ နန်းမြို့ရိုးပေါ်ကနေ နေဝင်တာကို တစ်ခေါက်လောက် သွားကြည့်ခွင့်ရရင် သိပ်ကောင်းမှာပဲနော်..."
"မင်းက နေဝင်တာ ကြည့်ချင်လို့လား..."
နောက်ကျောဘက်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသဖြင့် လင်ဝမ်ယိ အလန့်တကြား ဖြစ်သွားရသည်။
အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သာမန်အဝတ်အစားများကို ဝတ်ထားသည့် အရှင်မင်းကြီးက လက်ကိုနောက်ပစ်ကာ အနောက်ဆောင် ထဲတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
သူတို့ နှစ်ယောက် ကြား အကွာအဝေးမှာ ခြေနှစ်လှမ်းခန့်သာ ရှိသော်လည်း သူမ၏ အနောက်တွင် လူရှိနေသည်ကို သူမ လုံးဝ သတိမထားမိခဲ့ပေ။
အရှင်မင်းကြီး ရောက်လာတာကို ဘာဖြစ်လို့ ငါ့လာမပြောကြတာလဲ…။
သို့သော် ချိုးမင်နှင့် ရှောင်လုကျစ်တို့က ခေါင်းငုံ့လျက် သုန်ယွီကျုံး ၏ အနောက်တွင် ရပ်နေကြပြီး ချွမ်ချီနှင့် ရှအန်းတို့ကမူ အနောက်ဆောင် စင်္ကြံအောက်၌ ဒူးညွှတ်ကာ အရိုအသေပြုနေသည်ကို မြင်သောအခါ သူမလည်း အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားတော့သည်။
"ကျွန်တော်မျိုးမ သတိမထားလိုက်မိတာ... အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ..."
"ထပါ... ကိုယ်တော်က ဒီတိုင်း လာကြည့်တာမို့လို့... သူတို့ကို လာမပြောခိုင်းလိုက်တာ..."
လင်ဝမ်ယိ မတ်တပ်ရပ်လိုက်သော်လည်း စံအိမ်ထဲတွင် မက်မွန်သီးစိမ်းဝိုင် လုပ်ထားသော ရှုပ်ပွနေသည့် ပစ္စည်းများ ရှိနေသဖြင့် အနည်းငယ် နေရခက်သွားသည်။
ထို့ကြောင့် အရှင်မင်းကြီးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အရှင်မင်းကြီး ပင်မနန်းဆောင် ဘက်ကိုလာခဲ့ပါလား... ဒီနေရာက ရှုပ်ပွနေလို့ပါ..."
"မင်း ဘာတွေ လုပ်နေတာလဲ..."
"မက်မွန်သီးစိမ်းဝိုင် ချက်နေတာပါ... အခုက မက်မွန်သီးစိမ်းတွေ စားလို့ အကောင်းဆုံး အချိန်လေ... သစ်သီးဝိုင် လုပ်ထားလိုက်ရင် အကြာကြီး သိမ်းထားလို့ ရမယ်လို့ တွေးမိလို့ပါ..."
"မင်းက တကယ့်ကို စိတ်ကူးယယတတ်တာပဲ... ကိုယ်တော် မှတ်မိသလောက် အရင်တစ်ခေါက် မင်းနန်းဆောင်မှာ သောက်ရတာလည်း သစ်သီးလက်ဖက်ရည်ပဲ မဟုတ်လား..."
လင်ဝမ်ယိ ပြုံးလိုက်ရာ သူမ၏ မျက်နှာလေးမှာ နှစ်လပိုင်းတွင် ပွင့်သည့် မက်မွန်ပန်းလေးများနှယ် နူးညံ့လှပေနေလေ၏။
"အရှင်မင်းကြီးက မှတ်ဉာဏ် တကယ် ကောင်းတာပဲ..."
"အင်း... ဒီမက်မွန်သီးစိမ်းဝိုင် ရသွားရင်... ကိုယ်တော့်ဆီ လာပို့ပေး... ကိုယ်တော်မြည်းကြည့်မယ်…သစ်သီးဝိုင် ဆိုတာတော့ တွေ့ရခဲသားပဲ..."
လင်ဝမ်ယိ ရင်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သည်ဟာကို အစ်ကိုကြီးအတွက်ရည်ရွယ်ပြီး လုပ်နေပါသည်ဆိုကာမှ…အခုတော့ အရှင်မင်းကြီး ဖြတ်ခုတ်သွားလေပြီ။
သူမ ဘယ်လောက်ပဲ မကျေနပ်စေကာမူ ထုတ်ပြောပြီး ငြင်းပိုင်ခွင့်လည်း မရှိပေ။
သူမ ကိုယ်တိုင် ကြိုတွေးပြီး သုံးအိုး လုပ်ထားမိ၍သာ တော်သေးသည်။ မဟုတ်လျှင် အရှင်မင်းကြီးသာ သဘောကျသွားလျှင် သည်ဝိုင်ကို အစ်ကိုကြီး ဆီသို့ ဘယ်လိုလုပ်ပြီး ပို့ပေးနိုင်တော့မည်နည်း။