ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ခြင်း
Vol. 7 Ch. 65
"အမိန့်တော်အတိုင်းအတိုင်းပါ..."
သူတို့နှစ်ဦးသည် အနောက်ဘက်ခြံဝင်းမှ ပင်မနန်းဆောင်ဆီသို့ ပြန်လှည့်လာခဲ့ကြလေသည်။
အလင်းများ ဖြာကျနေသည့် ပြတင်းပေါက်အနားမှာ အရှင်မင်းကြီးအတွက် ချုပ်လက်စဝတ်ရုံကို တင်ထားဆဲပင်။
ဧကရာဇ် ယွီဝမ်ဟုန်ကလည်း အားနာမနေဘဲ ရှေ့တိုးကာ ကောက်ယူ၍ သေချာကြည့်ကြည့်လိုက်သည်။ သည်တစ်ကြိမ် ထိုးထားသည့် ပုံစံက နဂါးပံုမဟုတ်သည်ကို မြင်လျှင် သူက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
"ဒါက ကျက်သရေမင်္ဂလာ… စည်းစိမ်ချမ်းသာနဲ့ သက်ရှည်ကျန်းမာခြင်းတွေကို ကိုယ်စားပြုတဲ့ ပုံစံမျိုးပါ... ကျွန်တော်မျိုးမ အဲဒီထဲမှာ ဘူးသီးပုံလေးတွေလည်း နည်းနည်း ထိုးထည့်ထားတယ်... မပြီးသေးတော့ သေချာကြည့်လို့ မသိသာသေးတာပါ..."
သူမ၏ အရောင်ရွေးချယ်မှု ထူးခြားဆန်းသစ်သောကြောင့်ပင် ဖြစ်မည်။ ဝတ်ရုံတွင် ထိုးထားသည်မှာ ပုံစံတူ ပန်းထိုးကွက်များပင် ဖြစ်သော်လည်း သူမ၏ လက်ရာက ပိုမိုလှပ သေသပ်နေပေသည်။
အရှင်မင်းကြီးပင် ထိုဝတ်ရုံကို ဝတ်ကြည့်ရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်သွားရချေ၏။
"ဘယ်တော့လောက် ပြီးမလဲ..."
"နောက်ထပ် ငါးရက် ခြောက်ရက်လောက်ဆိုရင် ပြီးပါပြီ... ကျွန်တော်မျိုးမ အရှင်မင်းကြီးအတွက် နွေရာသီမှာ ဝတ်ရတာ သက်တောင့်သက်သာ ရှိစေမယ့် ဝတ်ရုံပါးပါးလေးတွေ ချုပ်ပေးထားတယ်... ခဏနေရင် သုန်ကုန်းကုန်းကို ပြန်ယူသွားခိုင်းပြီး အရှင်မင်းကြီး စမ်းဝတ်ကြည့်ပါဦး... အကယ်၍ အဆင်မပြေတဲ့ နေရာရှိရင် ကျွန်တော်မျိုးမ ပြန်ပြင်ပေးလို့ ရအောင်လို့ပါ..."
သူမက ပြောပြီးသည်နှင့် ရှအန်းအား သွားယူခိုင်းလိုက်လေသည်။
ထိုဝတ်ရုံပါးများအတွက် အသုံးပြုထားသည့် ပိုးထည်မှာ ဖန့်မားမား ကိုယ်တိုင် ရက်လုပ်ထားခြင်းဖြစ်ပြီး ရေခဲပိုးချည် အနည်းငယ် ရောနှောထားသဖြင့် စမ်းကိုင်ကြည့်လိုက်လျှင် ခပ်အေးအေးလေးခံစားရလေသည်။
ထို့ပြင် ဤရက်နည်းမှာ ယွင်ပန်းထိုးစံအိမ်၏ လျှို့ဝှက်နည်ူလမ်းဖြစ်၍ ကျွမ်းကျင်တတ်မြောက်သူ အလွန်ရှားပါးလှပေသည်။
ထိုဝတ်ရုံ နှစ်ထည်၏ အလေးချိန်မှာ အခြားဝတ်ရုံ တစ်ထည်စာမျှသာ ရှိသဖြင့် ကိုယ်ပေါ်တွင် ဝတ်ထားရသည်မှာ အလွန်ပင် ပေါ့ပါး သက်တောင့်သက်သာ ရှိလှ၏။
ဝတ်ရုံပါး၏ ပုံစံမှာ ရိုးရှင်းလှပြီး လင်ဝမ်ယိက လက်အနားကွပ်တွင် ဝါးရွက်ပုံစံလေးများ အနည်းငယ် ထိုးပေးထားရာ ထိုဝတ်ရုံလေးအား ပိုမို အေးချမ်းသာယာသည့် အသွင်ကို ဆောင်သွားစေလေသည်။
"ကိုယ်တော် သည်နေရာမှာပဲ စမ်းဝတ်ကြည့်လိုက်မယ်လေ... မင်းလည်း ပြင်ရတာ လွယ်တာပေါ့..."
လင်ဝမ်ယိ အံ့အားသင့်သွားရသည်။ အရှင်မင်းကြီးက သူမ၏ နန်းဆောင်မှာ ဝတ်ရုံချွတ်လဲမည် ဆိုတာ သင့်လျော်ပါ့မလား။
အကယ်၍ အပြင်လူများသာ သိသွားလျှင် သူမကို အရှင်မင်းကြီး၏ အချစ်တော် ဖြစ်ချင်နေသည်ဟု အထင်ခံရပေလိမ့်မည်။
သို့သော် သူမ၏ နှုတ်မှ ငြင်းလိုက်ဖို့ပြင်နေဆဲမှာပင် အရှင်မင်းကြီးက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး လင်ဝမ်ယိ အဝတ်လာလဲပေးမည်ကို စောင့်ဆိုင်းနေလေပြီ။
သူမမှာ မတတ်သာဘဲ လိုက်လုပ်ပေးလိုက်ရတော့သည်။
သုန်ယွီကျုံးက အခန်းထဲမှာရှိသည့် အစေခံတွေကို တစ်ချက် လှမ်းကြည့်လိုက်တော့ လူတိုင်းက ချက်ချင်းပင် အပြင်ကို ရှောင်ထွက်သွားကြလေ၏။
သူတို့၏ ခြေသံများမှာ အလွန်ပေါ့ပါးလွန်းလှသဖြင့် လင်ဝမ်ယိပင် သတိမထားလိုက်မိချေ။
အရှင်မင်းကြီး၏ အပြင်ဝတ်ရုံကို ချွတ်ပေးပြီး ဝတ်ရုံပါးလေးကို လဲပေးဖို့ ပြင်လိုက်ချိန်မှသာ အခန်းထဲမှာ သူတို့နှစ်ဦးတည်းသာ ကျန်ရစ်တော့ကြောင်း သတိထားမိလိုက်တော့သည်။
မူလက အေးမြနေသော အခန်းငယ်လေးမှာ ပူပြင်းရှတသည့် အငွေ့အသက်များ ရုတ်တရက် ဖုံးလွှမ်းသွားတော့၏။
လင်ဝမ်ယိ၏ ပါးပြင်လေးများ ရဲတက်သွားပြီး အနည်းငယ် နေရခက်သွားရလေသည်။
သူမ စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောဖို့ ဟန်ပြင်လိုက်စဉ်မှာပင် အရှင်မင်းကြီး၏ ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရတော့သည်။
သူ၏ ခန္ဓာကိုယ်မှ အနွေးဓာတ်နှင့် အသက်ရှူသံကို ခံစားလိုက်မိလျှင် လင်ဝမ်ယိမှာ ထိတ်လန့်တကြား ခေါ်လိုက်မိ၏။
"အရှင်မင်းကြီး..."
မူလကတော့ အရှင်မင်းကြီးကို စိတ်တည်ငြိမ်စေဖို့ သတိပေးချင်တာ ဖြစ်သော်လည်း ဧကရာဇ် ယွီဝမ်ဟုန်၏ နားထဲမှာတော့ ယစ်မူးဖွယ် ကလူ၏မြှူ၏အသံလေးလို ခံစားလိုက်ရပြီး အသက်ရှူသံများ ပိုမို ပြင်းထန်မြန်ဆန်လာတော့သည်။
လင်ဝမ်ယိ သတိပြန်ဝင်လာချိန်တွင် သူမ၏ ခန္ဓာကိုယ်လေးမှာ ကုတင်ထက်သို့ ရောက်နေလေပြီ။
သာယာလှပသော နွေဦး၏ အရသာကို ခံစားနေရသော်ငြား အပြင်ဘက်တွင် လူများ ရပ်စောင့်နေမည်ကို လင်ဝမ်ယိ သိနေသဖြင့် သူမကိုယ်သူမ အတင်းအကျပ် ထိန်းချုပ်ကာ အသံတစ်ချက်မျှပင် မထွက်ရဲပေ။
သို့သော် သူမ၏ ထိုသို့သော ပုံစံလေးကို မြင်ရသောအခါ အရှင်မင်းကြီး၏ ရင်ထဲမှာ မုန်တိုင်းဆင်သကဲ့သို့ ပို၍ပင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ချေ။
အပြင်ဘက်တွင် သုန်ယွီကျုံးက လက်ကို ဝှေ့ယမ်းပြလိုက်တော့ ချိုးမင် ရှေ့တိုးလာသည်ကို တွေ့လိုက်ရ၍ ချက်ချင်း တိုးတိုးလေး အမိန့်ပေးလိုက်သည်။
"လူတွေကို အခန်းတစ်ခန်း အမြန်ရှင်းခိုင်းထားလိုက်... ခဏနေရင် အရှင်မင်းကြီးနဲ့ သခင်မလေး ရေချိုးပြီး အဝတ်လဲဖို့ လိုလိမ့်မယ်..."
"ဟုတ်ကဲ့ပါ... ဒီအစေခံ နားလည်ပါပြီ..."
ထို့နောက် သူကိုယ်တိုင်လည်း ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်လိုက်ပြီး စင်္ကြံအောက်တွင် ရပ်နေလိုက်လေ၏။
သူက ပင်မနန်းဆောင် တံခါးကို ကျောပေးရပ်ကာ ခြံဝင်းအတွင်းရှိ ဘေးဘယ်ညာ အရပ်လေးမျက်နှာကို ဂရုတစိုက် လှည့်ပတ် အကဲခတ်ကြည့်လိုက်၏။
မည်သူတစ်ဦးတစ်ယောက်မျှ အရမ်းကာရော အနားသို့ ကပ်မလာရဲသည်ကို မြင်မှသာ မျက်လုံးများ မှိတ်ကာ တည်ငြိမ်စွာ အနားယူနေလိုက်တော့သည်။
ကောင်းကင်ယံကြီး တဖြည်းဖြည်း မှောင်ရီပျိုးလာကာ အပြင်ဘက်တွင် မီးအိမ်များ တစ်လုံးပြီးတစ်လုံး ထွန်းညှိလိုက်ချိန်ရောက်မှသာ လင်ဝမ်ယိတစ်ယောက် ပင်ပန်းနွမ်းနယ်မှုများကြားမှ နိုးထလာခဲ့လေသည်။
သူမက လက်လှမ်းလိုက်လိုက်ချိန်တွင် အရှင်မင်းကြီး၏ နွေးထွေးနေသည့် ခန္ဓာကိုယ်အား ထိမိသွားသဖြင့် လန့်ဖျပ်ပြီး ချက်ချင်း နောက်ဆုတ်သွားရ၏။
ထို့နောက် သူမက ခေါင်းကို စောင်ထဲသို့ တိုးဝှေ့ဖွက်ထားလိုက်ပြီး မည်သို့ခေါ်ခေါ် အပြင်သို့ ထွက်မလာတော့ချေ။
ဧကရာဇ်က သူမ၏ ထိုအမူအရာလေးကို မြင်ရသောအခါ သဘောတကျ ရယ်မောလိုက်မိလေသည်။
"မင်းက ပထမဆုံးအကြိမ် အိပ်ဆောင်ဝင်ရတာမှ မဟုတ်တာ... ဘာတွေ ရှက်နေတာလဲ..."
ရာသီဥတုက နဂိုကတည်းက ပူအိုက်နေသည်ဖြစ်ရာ လင်ဝမ်ယိမှာ စောင်ထဲတွင် ခွေအိပ်နေရင်း အချိန်ခဏလေးအတွင်းမှာပင် အသက်ရှူရ ကြပ်လာတော့သည်။
သို့တိုင်အောင် သူမက အပြင်ကို လုံးဝ မထွက်လာခဲ့ချေ။
"ရပြီ... ရပြီ... ကိုယ်တော် ညီလာခံကိစ္စတွေ ကြည့်ဖို့ ရှိသေးတယ်... မင်း ဒီနေရာမှာပဲ ပုန်းနေတော့... ကိုယ်တော် ထွက်သွားရင်တော့ ညစာစားဖို့ မမေ့နဲ့ဦးနော်..."
ပြောပြီးသည်နှင့် ကုတင်ပေါ်မှဆင်းကာ ညအိပ်ဝတ်ရုံကို ကိုယ်တိုင် ယူဝတ်လိုက်လေသည်။
ထို့နောက် အပြင်ဘက်သို့ လှမ်းခေါ်လိုက်၏။
"သုန်ယွီကျုံး..."
"ဒီအစေခံ ရှိပါတယ်..."
"ဝင်လာပြီး ခစားလှည့်..."
"ဟုတ်ကဲ့ပါ..."
အချိန်မကြာလိုက်ခင်မှာပင် ပင်မနန်းဆောင် တံခါးပွင့်လာပြီး သုန်ယွီကျုံး တစ်ယောက်တည်း ဝင်လာလေသည်။
သူက အရှင်မင်းကြီးကို ပြင်ဆင်ပေးလိုက်ပြီး ရိုးရိုးရှင်းရှင်း မျက်နှာသစ်သန့်စင်ပြီးနောက် တိုးတိုးလေး လျှောက်တင်လိုက်၏။
"အရှင်မင်းကြီး... စားပွဲတော် ပြင်ဖို့ ဒီအစေခံ အမိန့်ပေးလိုက်ရမလား..."
"ပြင်လိုက်... ချန်အန်းနန်းဆောင်ကို တစ်ပွဲ ပို့ခိုင်းလိုက်ပြီး ရှန်ယိနန်းဆောင်ကို တစ်ပွဲ ပို့ပေးလိုက်... ကိုယ်တော် အလုပ်လုပ်စရာ ရှိသေးလို့ သည်နေရာမှာပဲ မစားတော့ဘူး..."
ထိုသို့ပြောပြီးနောက် ယခုထိ ဖွင့်မလာသေးသော အိပ်ရာခန်းဆီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူက ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောလိုက်၏။
"သွားကြစို့..."
သုန်ယွီကျုံးက ခေါင်းကိုသာ တောက်လျှောက် ငုံ့ထားခဲ့ပြီး အပြင်ပြန်ထွက်မည့် အချိန်ရောက်မှသာ ပင်မနန်းဆောင် တံခါးကို ပြန်လှည့်ကြည့်ပြီး နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်အထိ ပြုံးလိုက်မိလေသည်။
ရှအန်း နှင့် ချွမ်ချီတို့မှာမူ ကိုယ့်အခန်းလေးထဲတွင်သာ ထိုင်နေခဲ့ကြ၏။
အပြင်ဘက်မှ ရှောင်လုကျစ်က လာခေါ်သည့် အချိန်ရောက်မှသာ သူတို့နှစ်ယောက်လုံး ပင်မနန်းဆောင်သို့ ကမန်းကတန်း သွားရောက် ခစားကြလေသည်။
သူတို့မှာ တံခါးဝသို့ ဝင်လိုက်သည်နှင့် အခန်းအတွင်းမှ ရီဝေယစ်မူးဖွယ် ကောင်းလှသော အငွေ့အသက်များကို ခံစားလိုက်ရပေသည်။
သူတို့နှစ်ဦးလုံးက ထိုကိစ္စများတွင် အတွေ့အကြုံ မရှိသေးသူများ ဖြစ်သော်လည်း ဤအရာက မည်သို့သော အဓိပ္ပါယ်ဖြစ်ကြောင်း နားလည်ကြသဖြင့် ဝမ်းသာအားရ ပြုံးဖြီးနေကြတော့၏။
အထူးသဖြင့် ချွမ်ချီပင်... သူမက လင်ဝမ်ယိကို ချက်ချင်း လှမ်းပြောလိုက်လေသည်။
"ကျွန်မတို့ရဲ့ သခင်မလေးရယ်... အခုထိ အထဲမှာ ဘာလုပ်ဖို့ ပုန်းနေသေးတာလဲ... အရှင်မင်းကြီး ထွက်သွားတာတောင် ကြာပြီ... ထွက်ခဲ့ပါတော့..."
ထို့နောက် အိပ်ရာခန်းဆီးကို သွားတင်လိုက်မှ စောင်ပုံအောက်၌ ကွေးကွေးလေး ဖြစ်နေသော လင်ဝမ်ယိကို မြင်လိုက်ရ၏။
သူမက စောင်လေးကို ဖွဖွလေး ဆွဲဖယ်လိုက်သော်လည်း လင်ဝမ်ယိက ချက်ချင်း ပြန်ဆွဲလုသွားလေသည်။
ရှအန်းကမူ ဘေးမှနေ၍ ညင်သာစွာ ပြောလိုက်၏။
"သခင်မလေး အမြန် ထွက်ခဲ့ပါတော့... သခင်မလေး ရေချိုးဖို့ ဒီအစေခံ ရေနွေး ပြင်ပေးထားပါတယ်... ရာသီဥတုက ပူအိုက်ပြီး တစ်ကိုယ်လုံး ချွေးတွေနဲ့ ဆိုရင် ဘယ်လိုလုပ် အိပ်ပျော်မှာလဲ..."
လင်ဝမ်ယိ ထိုစကားကိုကြားလိုက်တော့ ဆက်ပုန်းနေလျှင်လည်း အလကားပင်ဖြစ်မှာကို သိလိုက်ရတော့သည်။
ထို့ကြောင့် စောင်အောက်မှ လူးလွန့်ကာ ထွက်လာခဲ့လေ၏။
သူမတို့ နှစ်ဦးလုံး ပါးစပ်ကို ပိတ်ကာ ခိုးရယ်နေကြသည်ကို မြင်သောအခါ သူမက ရုတ်တရက် ခပ်မာမာပြောလိုက်သည်။
"နင်တို့နော် ကိုယ့်သခင်မကိုများ လှောင်ရဲတယ်ပေါ့လေ... ချိုးကုန်းကုန်းကို ခေါ်ပြီး နင်တို့ကို နန်းတွင်းစည်းမျဉ်းတွေ အလွတ်ကျက်ခိုင်းဖို့ ပြစ်ဒဏ်ပေးခိုင်းရမလား..."
"ပေးပါ... ပေးပါ... တကယ်လို့ အရှင်မင်းကြီးသာ ရှန်ယိနန်းဆောင်က သခင်မလေးဆီ နေ့တိုင်း ရောက်လာမယ် ဆိုရင်... ဒီအစေခံတို့ကို အခေါက် ရှစ်ရာလောက် အလွတ်ကျက်ခိုင်းလည်း ကျေကျေနပ်နပ်ကြီးကို ကျက်လိုက်ဦးမှာ..."
ချွမ်ချီ၏ ပြောင်တောင်တောင်။စကားကြောင့် လင်ဝမ်ယိ ခစ်ခနဲ အသံထွက်ကာ ရယ်မောလိုက်မိသည်။
ယခုအချိန်တွင် သူမ၏ နှုတ်ခမ်းအစုံမှာ ယောင်ရမ်းနီရဲနေပြီး ပြင်းပြင်းထန်ထန် နမ်းရှိုက်ခံထားရကြောင်း သိသာလွန်းနေ၏။
ရှအန်းက သူမ၏ မျက်ခုံးနှင့် မျက်လုံးများအကြား ဆံနွယ်လေးများ ကပ်ညိနေသည်ကို မြင်သောအခါ အမြန် ပြောလိုက်လေသည်။
"သခင်မလေး... အမြန် ထပါတော့... ဒီအစေခံတို့ အရင် ရေသွားချိုးရအောင်လေ... ပြီးမှ ညစာစားတာပေါ့... မဟုတ်ရင် နောက်ကျသွားပြီး အစာမကြေ ဖြစ်နေဦးမယ်..."
မည်သို့ပင်ဖြစ်စေ ထိုကိစ္စကို ရှောင်လွှဲ၍ မရနိုင်တော့သည်မို့ ရှေ့တိုးသည်ဖြစ်စေ နောက်ဆုတ်သည်ဖြစ်စေ ကြုံရမည်သာပင်။
ထို့ကြောင့် လင်ဝမ်ယိသည် မျက်လုံးများ မှိတ်ထားလိုက်ပြီး ထိုအစေခံကောင်မလေး နှစ်ယောက် သဘောတကျ ပြုစုသမျှကိုသာ ငြိမ်ခံနေလိုက်တော့သည်။
သူမ သစ်သားစည်ပိုင်းထဲတွင် ဝင်ထိုင်ကာ ရေနွေးနွေးလေးဖြင့် စိမ်လိုက်ချိန်ရောက်မှသာ ခန္ဓာကိုယ်ပေါ်ရှိ ချွေးစေးများ ကပ်ညိနေသော အထိအတွေ့နှင့် ညောင်းညာကိုက်ခဲမှုများက တဖြည်းဖြည်း သက်သာလာတော့၏။
ယနေ့ အရှင်မင်းကြီး ဘယ်လိုများ ဖြစ်နေလဲ မသိပေ။ သူမ အနေဖြင့် ပထမဆုံးအကြိမ် အိပ်ဆောင်ဝင်ရခြင်း မဟုတ်သော်ငြား ယနေ့မှာမူ အလွန်ပင် ပင်ပန်းနွမ်းနယ်နေရချေသည်။
အရှင်မင်းကြီးသာ ထမသွားဘဲ သူမလည်း တစ်ရေး အိပ်ပျော်သွားလျှင် မိုးလင်းသည်အထိ အိပ်ပျော်သွားမည်ကိုပင် စိုးရိမ်ရလေ၏။
တစ်ဖက်တွင် ချန်အန်းနန်းဆောင်သို့ ပြန်ရောက်လာသော ဧကရာဇ်ကတော့ ချက်ချင်း ပွဲတော် မတည်သေးဘဲ ရေေနွးဖြင့် သေချာ ရေချိုး သန့်စင်လိုက်လေသည်။
ရေနွေးငွေ့များကြားမှ ပူနွေးနေမှုက သူ့အား လင်ဝမ်ယိကို ပြန် မြင်ယောင်သွားစေသယောင် ရှိနေတော့၏။
သူမမှာ အသွင်အပြင် အနည်းငယ် လှပရုံမျှရှိသော ကိုယ်လုပ်တော် တစ်ပါးမျှသာ ဖြစ်ပါလျက် သူ၏ စည်းမျဉ်းများကိုပင် မေ့လျော့ပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် ဘာကြောင့် ဖမ်းစားနိုင်ခဲ့သနည်း။
မျက်လုံးမှိတ်ကာ အသက်ရှူ မှန်စေရန် ကြိုးစားနေသော်လည်း သူ့ခေါင်းထဲတွင်မူ အံကြိတ်၍ အသံမထွက်အောင် အတင်းအကျပ် အောင့်အည်းနေသော လင်ဝမ်ယိ၏ ပုံစံလေးသာ အပြည့်ရှိနေရာ... သူကိုယ်တိုင်ပင် မရည်ရွယ်ဘဲ တံတွေးမြိုချလိုက်မိလေသည်။
ရေနွေးထဲတွင် စိမ်ထားလေ ပိုပို ပူအိုက်လာလေ ဖြစ်သဖြင့် နောက်ဆုံးတွင်မူ သူက ဒေါသတကြီးဖြင့် အော်လိုက်လေတော့၏။
"သုန်ယွီကျုံး... လူတွေကို ရေအေး သွားယူခိုင်းလိုက်စမ်း... ယနေ့ ရေက ဘယ်လိုလုပ် ဒီလောက်တောင် ပူလွန်းနေရတာလဲ..."