အတူလိုက်မည့်သူများ
Vol. 7 Ch. 66
သုန်ယွီကျုံး မျက်မှောင်ကြုတ်လျက် ရေအပူချိန်ကို အသာအယာ စမ်းကြည့်လိုက်သည်။ ပုံမှန် အတိုင်းပင် ရှိနေပြီး နေ့စဉ် ရက်ဆက် ချိုးနေကျ အပူချိန်နှင့် ဘာမှ မကွာပါပေ။
သို့သော် သူက ပါးစပ်ကမူ အကြိမ်ကြိမ် အပြစ်ဝန်ခံလိုက်ရ၏။
"အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ… ဒီအစေခံ အခုပဲ သူတို့ကို ရေလာလဲခိုင်းလိုက်ပါ့မယ်..."
ညအချိန်မှာ တော်တော်ကြာအောင် အလုပ်ရှုပ်သွားပြီး၊ နောက်ဆုံးတွင် အရှင်မင်းကြီးလည်း ကိုယ်လက်သန့်စင်ကာ ပွဲတော်တည်၍ ပြီးစီးသွားချိန်၌ ပြတင်းပေါက် အပြင်ဘက်တွင်မူ ကောင်းကင်ယံက အမှောင်ထု လုံးဝ ဖုံးလွှမ်းသွားလေပြီ။
ထိုအခါမှ ဧကရာဇ်က ယနေ့ လင်ဝမ်ယိဆီ သွားပြီးပြောဖို့ စိတ်ကူးထားခဲ့သော စကားများကို ပြန်သတိရသွားလေတော့သည်။
သူက လက်လှမ်းမီရာရှိ နေ့စဉ်မှတ်တမ်း စာအုပ်ကို ကောက်ကိုင်လိုက်ပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"သုန်ယွီကျုံး... ရှန်ယိနန်းဆောင်ကို တစ်ခေါက်လောက် သွားပြီး လင်ချန်ကျိုက် ချုပ်ထားတဲ့ နွေရာသီဝတ်ရုံပါးတွေကို သွားယူခဲ့ချေ... ပြီးတော့... သူ့ အစ်ကို ကို စတုတ္ထဦးရီးတော် ရဲ့ အနားမှာ ကိုယ်ရံတော်အနေနဲ့ တာဝန်ချထားပေးမယ်လို့ သတင်းပါ တစ်ခါတည်း ပါးလိုက်... သူ့ကို စိတ်ချလက်ချ နေဖို့ သွားပြောလိုက်ဦး..."
"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ..."
သူ ထွက်သွားပြီးမှ အရှင်မင်းကြီးလည်း သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ညီလာခံမှ တင်ပြလာသော မှတ်တမ်းလွှာများကိုသာ အာရုံစိုက်ကာ ဆက်လက် ဖတ်ရှုနေတော့သည်။
ရှန်ယိနန်းဆောင်သို့ သုန်ယွီကျုံး ရောက်လာချိန်မှာ လင်ဝမ်ယိ ညစာ စားသုံးပြီးစ အချိန်နှင့် ကွက်တိသွားတိုက်ဆိုင်နေလေ၏။
သူက ရောက်လာသည့် ကိစ္စကို ရှင်းရှင်းလင်းလင်းပြောပြလိုက်တော့ လင်ဝမ်ယိ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ရှအန်း... နွေရာသီဝတ်ရုံပါးတွေကို သေချာ ထုပ်ပြီး သုန်ကုန်းကုန်းကို ပေးလိုက်ပါ..."
"ဟုတ်ကဲ့..."
"ညကြီးမင်းကြီးမှာ သုန်ကုန်းကုန်း ကို ဒုက္ခပေးသလို ဖြစ်သွားရပါပြီ..."
"သခင်မလေးက အားနာစရာတွေပြောနေပြန်ပါပြီ... ဒါက ဒီအစေခံ လုပ်ရမယ့် တာဝန်ပါပဲ..."
အစ်ကိုဖြစ်သူ၏ တာဝန်ကျရာ နေရာကို သိလိုက်ရသောအခါ လင်ဝမ်ယိက ၎င်းမှာ အရှင်မင်းကြီး ကိုယ်တိုင် သူမကို ထောက်ထားညှာတာ၍ ထိုသို့ စီစဉ်ပေးခဲ့ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူမက စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေ၏။
"ကျွန်မ ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ကြောင်း ကုန်းကုန်း ပြန်လျှောက်တင်ပေးပါဦး..."
သုန်ယွီကျုံး အသာအယာ ပြုံးလိုက်လေသည်။ ယခုအခါ လင်ချန်ကျိုက်ဟာ မျက်နှာသာ အပေးခံရဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီမို့ သူမ၏ မှာလိုက်သည်များကိုတော့ အကောင်းဆုံး ဆောင်ရွက်ပေးရမည်ပင်။
ထို့အပြင် ဤသည်မှာ အရှင်မင်းကြီးအား ကျေးဇူးတင်ကြောင်း ပြောပေးဖို့ မှာသည်လည်းဖြစ်ရာ သူကိုယ်တိုင်ပင် ကြည်ဖြူစွာ ပြန်တင်ပြပေးဖို့ အသင့်ရှိနေပေသည်။
"သခင်မလေး စိတ်ချပါ... ဒီစကားတွေကို ဒီအစေခံ သေချာပေါက် ပို့ဆောင်ပေးပါ့မယ်..."
ရှအန်းကလည်း အချိန်ကိုက်ပင် ဝတ်ရုံပါးလေးကို ယူဆောင်လာရာ သုန်ယွီကျုံးသည် ပစ္စည်းကို ရသည်နှင့် ဂါရဝပြု နှုတ်ဆက်ကာ ချက်ချင်း ပြန်ထွက်သွားတော့၏။
သူထွက်သွားတော့ လင်ဝမ်ယိက ခေါင်းလေး ငဲ့ပြီး အပြင်ဘက် ကောင်းကင်၏ အမြင့်တစ်နေရာတွင် သာယာနေသော လမင်းကြီးကို ငေးမောကြည့်နေလိုက်သည်။
သူမ၏ မျက်နှာထက်တွင် စိတ်အေးချမ်းမှုအပြည့်နှင့် လှပတောက်ပသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာတော့၏။
နောက်တစ်နေ့ နေ့လယ်ခင်း…။
လင်ကျစ်နန်းဆောင် အတွင်း လင်ကွေ့ဖေး သည် မောင်းမဆောင် နေ့စဉ်မှတ်တမ်း စာအုပ်ကို ကြည့်နေရင်း သူမ၏ မျက်နှာထားမှာ တွေး၍ မရနိုင်လောက်အောင် တင်းမာနေမှန်း ပေါ်လွင်နေချေသည်။
သူမက မှတ်တမ်းစာအုပ်ကို ပိတ်လိုက်ပြီး မောင်းမဆောင်မှတ်တမ်းဌာန မှ ဟယ့်ကုန်းကုန်း ကို လှမ်းမေးလိုက်၏။
"ဒီရက်ပိုင်းတွေအတွင်း အရှင်မင်းကြီးက လင်ချန်ကျိုက် တစ်ယောက်ဆီပဲ သွားခဲ့တာလား... ကျန်တဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်ဆီမှတောင် မရောက်ဘူးလား..."
"ကွေ့ဖေးမယ်မယ် အမိန့်ရှိတဲ့အတိုင်းပါပဲ... မင်ချန်ကျိုက် နဲ့ မုတာရင် ဆီကို အရှင်မင်းကြီးက နှစ်ခေါက်လောက် သွားခဲ့ပေမဲ့... တောင်ဝင်စာကြည့်ဆောင်မှာ မင်သွေးပေးဖို့ ခစားခိုင်းရုံသက်သက်ပါပဲ... လန်ဖေး နဲ့ ယင်းကွေ့ဖင် ဆီကိုလည်း ရောက်တော့ရောက်ပေမဲ့ ခဏလောက် ထိုင်ပြီး ပြန်ထွက်သွားတာချည်းပါပဲ... လင်ချန်ကျိုက် တစ်ယောက်ပဲ အနီးကပ် လိုက်ပါခစားခွင့်ရပြီး မနေ့ညနေကတော့ အိပ်ဆောင်ကို ဝင်ရောက် ခစားခွင့်ပါ ရရှိခဲ့ပါတယ်..."
ဤစကားကို ပြောလိုက်ချိန်တွင် ဟယ့်ကုန်းကုန်း က ကွေ့ဖေးမယ်မယ် သေချာပေါက် ပျော်ရွှင်နေလိမ့်မည်ဟု ထင်ထားခဲ့မိလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် လင်ချန်ကျိုက်က သူမ၏ ညီမအရင်းပင်မဟုတ်လား။
သို့သော် သူ ခေါင်းမော့ကာ လင်ကွေ့ဖေး အား လှမ်းကြည့်လိုက်ချိန်တွင်တော့ သူမ၏ မျက်နှာထားမှာ ပုံမှန်ထက် ပို၍ပင် တင်းမာအုံ့မှိုင်းနေသည်ကို တွေ့လိုက်ရ၏။
လန့်ဖျပ်သွားသော ဟယ့်ကုန်းကုန်းမှာ အပေါ်သို့ တွန့်ကွေးနေသော နှုတ်ခမ်းထောင့်များကို ချက်ချင်း ပြန်ချလိုက်ပြီး မည်သည့် အမူအရာမျှ မရှိသည့် တည်ငြိမ်သော ပုံစံမျိုးကို အမြန် ဆင်လိုက်ရတော့သည်။
အချိန်ခေတ္တမျှ အကြာမှသာ လင်ကွေ့ဖေး ၏ အမိန့်ပေးသံကို ကြားလိုက်ရလေသည်။
"သည်တစ်ခေါက် နွေရာသီအပန်းဖြေနန်းတော်ကို လိုက်ပါမယ့် ကိုယ်လုပ်တော်တွေရဲ့ အမည်စာလွှာ အကုန်လုံး ပြင်ဆင်ပြီးသွားပြီလား..."
"ဟုတ်ကဲ့ပါ မယ်မယ်... အကုန် အသင့် ပြင်ထားပါပြီ..."
"အင်း... ပိုင်ဖင် ရဲ့ အမည်စာလွှာကိုလည်း တစ်ပါတည်း ယူသွားဖို့ မမေ့နဲ့..."
ဟယ့်ကုန်းကုန်း မျက်မှောင်ကြုတ်သွားရသည်။ အဘယ်ကြောင့် ရုတ်တရက်ကြီး ပိုင်ဖင် ၏ နာမည်ကို ထည့်ပြောနေရသနည်းဟု တွေးမိလိုက်၏။
သို့သော် လင်ကွေ့ဖေး ၏ အမိန့်ကို သူက ဘယ်လို လွန်ဆန်ရဲမည်နည်း။ ထို့ကြောင့် ချက်ချင်းပင် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ..."
သူမဟာ အရာအားလုံးကို စီစဉ်ပေးပြီးနောက် ဟယ့်ကုန်းကုန်းကို ပြန်လွှတ်လိုက်လေသည်။
အပျိုတော် ချင်ဟယ့် က သူမအတွက် လက်ဖက်ရည် တစ်ခွက် ယူလာပေးပြီးနောက် တိုးတိုးလေး မေးလိုက်၏။
"မယ်မယ်... ပိုင်ဖင် က အရင်တုန်းက မယ်မယ့်ကို အရမ်း ရိုင်းခဲ့တာလေ... အဲဒါကြောင့် ဒီအစေခံတို့ မနည်း သူ့ကို ရာထူးက ဖယ်ပြီဏ္ဌ ကျုံးချွေ့နန်းဆောင် မှာ အကျယ်ချုပ် ကျအောင် လုပ်ထားနိုင်ခဲ့တာ မဟုတ်လား... ဘာလို့ ယခုကျမှ သူ့ကို အပြင် ထုတ်ပေးရဦးမှာလဲ..."
လင်ကွေ့ဖေး က မျက်ခုံးပင့်ကာ ခပ်ဟဟ ရယ်မောလိုက်လေသည်။
"မောင်းမဆောင်ထဲက လူတိုင်းက ကိုယ့်အတွက် ရန်သူချည်းပဲလေ... ဒါပေမဲ့ လိုအပ်ချက် ရှိလာပြီဆိုရင်တော့ မဟာမိတ် လုပ်လို့လည်း ရတာပဲ မဟုတ်လား..."
ချင်ဟယ့် နားမလည်သေးတော့ လင်ကွေ့ဖေး က ဆက်ရှင်းပြလိုက်သည်။
"နန်းတော် တစ်ခုလုံးမှာ ရှိတဲ့ ကိုယ်လုပ်တော်တွေ အကုန်လုံး ရှေ့ထွက်ရပ်ကြရင်တောင် လင်ဝမ်ယိ ရဲ့ ရုပ်ရည်ကို ယှဉ်နိုင်မယ့်သူက ဘယ်သူ ရှိသေးလို့လဲ..."
ချင်ဟယ့် ချက်ချင်း သဘောပေါက်သွားတော့၏။
လင်ကွေ့ဖေး အတွက် လိုအပ်နေသည်မှာ သားသမီး မွေးဖွားပေးနိုင်မည့် ရာထူးနိမ့် ကိုယ်လုပ်တော် တစ်ပါးမျှသာ ဖြစ်ပေသည်။ အရှင်မင်းကြီး၏ အချစ်တော် ဖြစ်လာမည့်သူမျိုးမဟုတ်။
ထို့ကြောင့် မျက်နှာသာရသည်ကို ခွင့်ပြုထားနိုင်သော်လည်း အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားတာတော့ အဖြစ်မခံနိုင်ချေ။
ပိုင်ဖင် နန်းတွင်း ဝင်လာတုန်းက အရှင်မင်းကြီး၏ အချစ်တော်အဖြစ် ခေတ်စားခဲ့သည်ကို ပြန်တွေးမိရင်း လင်ကွေ့ဖေး၏ နှုတ်ခမ်းထောင့်များ မြင့်တက်လာတော့၏။
သူမ၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားစရာပွဲတစ်ခုကို ကြည့်ရတော့မယ် ဟူသည့် အဓိပ္ပာယ်များ ပေါ်လွင်နေလေ၏။
အချိန်မကြာလိုက်ခင်မှာပင် လိုက်ပါမည့် စာရင်းမှာ နန်းဆောင်အသီးသီးဆီသို့ ပျံ့နှံ့သွားလေသည်။
လင်ဝမ်ယိ အပြင် အတူလိုက်ပါမည့် သူများထဲတွင် ယဲ့ကွေ့ရန်၊ မင်ချန်ကျိုက်၊ တုချန်ကျိုက်၊ မုတာရင် နှင့် ဟယ့်နျန်ဇစ် တို့လည်း ပါဝင်လေသည်။
တုချန်ကျိုက် သည် လင်ကွေ့ဖေး ၏ အထောက်အပံ့ဖြင့် ပါဝင်ခွင့်ရခြင်းဖြစ်ပြီး ယဲ့ကွေ့ရန် နှင့် မင်ချန်ကျိုက် တို့မှာ မောင်းမဆောင်ထဲတွင် မျက်နှာသာ မရလှသော်လည်း ဧကရာဇ် ကိုယ်တိုင် မှတ်မိနေသော ကိုယ်လုပ်တော်များ ဖြစ်ကြသဖြင့် လိုက်ပါခွင့် ရသည်မှာ မထူးဆန်းချေ။
သို့သော် မုတာရင် နှင့် ဟယ့်နျန်ဇစ် တို့ကတော့ ဘယ်လမ်းကြောင်းကနေ အချိတ်အဆက် ရသွားသည်လဲ။
ထိုအရာက လင်ဝမ်ယိ ကိုယ်တိုင်ပင် အနည်းငယ် သိချင်စိတ်ဖြစ်သွားရသည်။
ချိုးမင် က ထိုစာရင်းအကြောင်း ကြားသောအခါ ဟိုတစ်နေ့က ယောင်ယွဲ့နန်းဆောင် အပြင်ဘက်တွင် မုတာရင် နှင့် တွေ့ခဲ့ရသည်ကို ချက်ချင်း သတိရသွားလေ၏။
ထို့ကြောင့် သူက စကား အစဖော်လိုက်လေသည်။
"တကယ်ကို မသိသာဘူးနော်... သခင်မလေးမု က ဒီလောက် ပါးစပ်အရသာခံ ပြောတတ်မယ်လို့ မထင်ထားဘူး... သစ်ပင်ပေါ်က ငှက်တောင် အောက်ဆင်းလာအောင် ချော့မြှူနိုင်မယ့် ပုံစံမျိုးပဲ..."
ချွမ်ချီက သည်လို မကောင်းသည့် နည်းလမ်းတွေနှင့် အမြင့်ရောက်အောင် ကြံသူများကို အလွန်မုန်းတီးပေသည်။ သို့သော်လည်း မောင်းမဆောင်ထဲတွင် ရှင်သန်နိုင်ရန် ထိုကဲ့သို့သော လူမျိုးတွေ အလွန်များပြားလှကြောင်း သူမ စိတ်ထဲတွင် သိထားလေ၏။
ထို့ကြောင့် သူမက မနှစ်သက်သော်ငြား တစ်လုံးမှ ဝင်၍ မပြောခဲ့ချေ။
"သခင်မလေး... အစေခံတွေ အချင်းချင်း ပြောနေတဲ့ ကိစ္စတစ်ခု ကြားထားတာ ရှိတယ်... သေချာတော့ မသိဘူး..."
ချိုးမင်ကူ စကားပြောရာတွင် အလွန် သတိထားတတ်သူ ဖြစ်ပြီး ဘယ်သောအခါမှ အခြေအမြစ် မရှိဘဲ မစွပ်စွဲတတ်ပေ။
ထို့ကြောင့် လင်ဝမ်ယိ ပို၍ပင် သိချင်စိတ်ပြင်းပြ လာတော့သည်။
"ဘာကိစ္စလဲ..."
"ကြားရတာတော့ မုတာရင် က ယင်းကွေ့ဖင် နဲ့ အရမ်း ရင်းနှီးသွားပြီး... ရီဟွားနန်းဆောင် ကနေ ယောင်ယွဲ့နန်းဆောင် ဘက်ကို ပြောင်းရွှေ့ဖို့ လုပ်နေတယ်လို့ ဆိုကြတယ်..."
ထိုစကားကို ကြားသောအခါ လင်ဝမ်ယိ တစ်ယောက် တွေးဆဆ ဖြစ်သွားရ၏။
မုတာရင် ၏ အတွေးတွေကို ဦးနှောက်ပါသူတိုင်း တစ်ချက် ကြည့်လိုက်ရုံနှင့် သဘောပေါက်နိုင်ပေသည်။
သူမက အရှင်မင်းကြီး ယင်းကွေ့ဖင်ထံ သွားးချိန်များမှာ သူမကိုယ်တိုင်လည်း အရှင်မင်ကြီးကို မျက်နှာပြခွင့် ရဖိုဘ အသုံးချချင်ရုံ သက်သက်ပင်။
ထိုအရာက အလွန်အရေးကြီးသော ကိစ္စတော့ မဟုတ်ချေ။
သို့သော် လင်ဝမ်ယိ နားမလည်နိုင် ဖြစ်နေရသည်မှာ မုတာရင် ၏ အကြံအစည်များက ဤမျှ ထင်ရှားသိသာနေပါလျက်နှင့် နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ နေလာခဲ့သူ ယင်းကွေ့ဖင် အနေဖြင့် လုံးဝ မရိပ်မိဘူးဆိုသည်ကို သူမမယုံနိုင်ဖြစ်နေမိသည်။
"ယင်းကွေ့ဖင် ဘက်ကရော ဘာတွေ လှုပ်ရှားလဲ..."
"အဲဒီသတင်းက ယောင်ယွဲ့နန်းဆောင် ထဲကနေ ထွက်လာတာလေ... သူတို့တွေ အနောက်ဆောင် ကို ရှင်းလင်းရေး စလုပ်နေပြီလို့လည်း ကြားရတယ်..."
အနောက်ဆောင် ဟုတ်လား...။
အဲဒီနေရာက ချန်ကျိုက် အဆင့်ရှိတဲ့သူတွေပဲ နေခွင့် ရှိတာလေ... ဆိုလိုတာက မုလန်ချွမ်း ကို ချန်ကျိုက် ရာထူးတိုးပေးဖို့များ ရည်ရွယ်ထားတာလား...။
ရှအန်း နှင့် ချွမ်ချီ တို့လည်း ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားကြပြီး ချက်ချင်းပင် လင်ဝမ်ယိ ကို မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်ကြလေသည်။
မျက်နှာသာ ရမှုကို ယှဉ်ရမည်ဆိုလျှင်... အခုမှ နန်းတွင်း ရောက်ခါစ ကိုယ်လုပ်တော်တွေ အထဲမှာ သူတို့ သခင်မလေး ကို ယှဉ်နိုင်မည့်သူ တစ်ယောက်မှ မရှိချေ။
သည်မုတာရင် က အရှင်မင်းကြီး၏ ရှေ့မှာ မျက်နှာပြခွင့် အနည်းငယ် ရရုံဖြင့် ဘယ်လိုလုပ်ပြီး ဤမျှလောက် မြန်မြန်ဆန်ဆန် ရာထူးတက်သွားရသနည်း။
"သခင်မလေး... အဲဒါက ဘယ်လိုဖြစ်တာလဲ..."
"အရှေ့ညီလာခံ နဲ့ မောင်းမဆောင် ဆိုတာ အမြဲတမ်း ဆက်စပ်မှုတွေ ရှိနေတာပဲ... ကိုယ်လုပ်တော် တစ်ယောက် ရာထူးတိုးတယ် ဆိုတာ သူကိုယ်တိုင် မျက်နှာသာရလို့ချည်းပဲတော့ မဟုတ်ဘူး... သူ့ရဲ့ မိသားစု အသိုင်းအဝိုင်းနဲ့လည်း ပတ်သက်မှုတွေ ရှိနိုင်တာပဲ... ကြည့်ရတာ မုတာရင် ရဲ့ အဖေနဲ့ အစ်ကို က ညီလာခံမှာ တာဝန်တစ်ခုခု အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့လို့ သည်လိုသတင်းတွေ ထွက်လာတာပဲ ဖြစ်ရမယ်..."
မုလန်ချွမ်း ၏ ဖခင်မှာ ဟွိုင်ယန် နယ်မှ သာမန် စီရင်စုတရားသူကြီး တစ်ဦးမျှသာ ဖြစ်၏။
ကြီးကြီးမားမား အောင်မြင်မှုတစ်ခု ရရှိဖို့ ဆိုသည်မှာလည်း ပြောသလောက် မလွယ်ကူပေ။
ထို့ကြောင့် နောက်ထပ် ဖြစ်နိုင်ချေ ရှိသည်မှာ မုမိသားစုက အခြား မင်းစိုးရာဇာ တစ်ဦးဦးနှင့် အဆက်အသွယ် ရသွားခြင်းသာ ဖြစ်နိုင်ပေမည်။ ထို့ကြောင့်လည်း အမြင့်သို့ တက်လမ်း ပွင့်သွားတာပင်ဖြစ်ရမည်၊ အရင်က ချူမိသားစုက ရှီးပေမြို့စားမင်း ဖြစ်သည့် လျိုမိသားစု နှင့် မဟာမိတ် ဖွဲ့ခဲ့သည့်အတိုင်းပင် ဖြစ်ပေလိမ့်မည်။
လင်ဝမ်ယိ၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါမှသာ အခြားလူများအားလုံး သဘောပေါက် သွားကြတော့သည်။