နွေရာသီအပန်းဖြေနန်းတော်အတွက် စီစဉ်ရခြင်းများ
Vol. 7 Ch. 67
ချိုးမင်ကမူ လင်ဝမ်ယိကို အဓိပ္ပါယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်လေ၏။ နန်းတွင်းသို့ အခုမှ ဝင်လာခါစ အသက်ငယ်ငယ် ကိုယ်လုပ်တော်လေး တစ်ယောက်မှာ သည်လောက် အမြော်အမြင်ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
ထို့ကြောင့် နောက်နောင် ခစားချိန်မှာ ပိုပြီး ဂရုတစိုက် ရှိရမည်ဟု သူ့ကိုယ်သူ အသေအချာ သတိပေးလိုက်တော့သည်။
ရီဟွားနန်းဆောင် ၏ လက်ယာဆောင် အတွင်း၌မူ ယင်အာဟာ ပျော်ရွှင်မြူးထူးစွာဖြင့် ပစ္စည်းသေတ္တာများကို သိမ်းဆည်း နေရာချနေလေ၏။
မုလန်ချွမ်းမှာမူ ရှစ်မြှောင့်စားပွဲခုံရှေ့တွင် ပျင်းရိပျင်းတွဲ ထိုင်နေရင်း သူမ၏ ဆံနွယ်စလေးများကို လက်ဖြင့် လိမ့်ကစားရင်း တစ်ခုခုကို ဆုံးရှုံးသွားသလို ဝမ်းနည်းနေသည့် ဟန်လေးဖြင့် မှိုင်နေ၏။
"သခင်မလေး... ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး... နောက်ရက်နည်းနည်းလောက်ကျရင် အရှင်မင်းကြီးနဲ့အတူ နွေရာသီအပန်းဖြေနန်းတော် ကို လိုက်သွားရတော့မယ် ဆိုတာ တွေးမိပြီး... စိတ်ထဲတစ်မျိုးကြီးခံစားနေရလို့…"
"ဒါက အရမ်းပျော်ဖို့ကောင်းတဲ့ ကိစ္စပဲဟာ... အကယ်၍ သခင်ကြီး နဲ့ သခင်မ တို့သာ သခင်မလေး နန်းတော်ထဲမှာ သည်လောက်ထိ မျက်နှာပွင့်နေမှန်း သိရင်... သေချာပေါက် အရမ်း ဝမ်းသာကြမှာပဲ... ပြီးတော့... နွေရာသီအပန်းဖြေနန်းတော်က ပြန်လာရင် ဒီအစေခံတို့လည်း ယောင်ယွဲ့နန်းဆောင် ကို နန်းဆောင်ပြောင်းဖို့ ရှိနေတယ်လေ... အဲဒီမှာဆို ယင်းကွေ့ဖင် လို သဘောကောင်းတဲ့သူက အဆောင်ရှင် အဖြစ် ရှိနေရင် သခင်မလေးရဲ့ နေ့ရက်တွေက သေချာပေါက် သက်တောင့်သက်သာ ရှိလာတော့မှာပေါ့..."
ယင်အာကတော့ ဘယ်သူ့ထက်မဆို ပို၍ ပျော်ရွှင်နေသော်လည်း... မုလန်ချွမ်းကမူ ထိုစကားကို ကြားသောအခါ သူမ၏ မျက်နှာပေါ်တွင် ဘာ အပြုံးရိပ်လေးမျှပင် မပေါ်လာခဲ့ချေ။
"ဒါတွေက သေတောင် မသေချာသေးတဲ့ ကိစ္စတွေပါ... မောင်းမဆောင်ထဲက ဘယ်သူကများ သူမျက်နှာသာရထားတာကို တခြားလူကို ဘယ်လိုပြန်မျှပေးချင်ပါ့မလဲ… လူတိုင်းက ကိုယ့်နေရာ ကိုယ်ကာကွယ်ဖို့ပဲ တွေးနေကြတာလေ... ယင်းကွေ့ဖင် ဆိုတာလည်း အရူးမှ မဟုတ်တာ... အားနေတုန်း အမှတ်တမဲ့ ပြောလိုက်တဲ့ စကားလေး နှစ်ခွန်းကို... တကယ် နန်းဆောင်ပြောင်းရတဲ့နေ့ မရောက်မချင်း... ငါကတော့ လုံးဝ မယုံဘူး..."
နောက်တစ်ချက်က... ယောင်ယွဲ့နန်းဆောင်သို့ ပြောင်းသွားရုံဖြင့် ရီဟွားနန်းဆောင် တွင် နေရသည်ထက် ပို၍ သက်တောင့်သက်သာ ရှိမည်ဟုလည်း မဆိုနိုင်ပေ။
သူတို့ နေသည့် ဤနန်းဆောင်ကြီး တစ်ခုလုံးတွင် အထက်မှ ဖိနှိပ်ချုပ်ချယ်မည့် ခေါင်းဆောင်ဟူ၍ မရှိပေ။ အကယ်၍သာ သူမသာ ရာထူး အမြန် တက်နိုင်မည် ဆိုလျှင် ထိုခံ့ညားထည်ဝါလှသော ပင်မနန်းဆောင် ကြီးသည်လည်း သူမ၏ လက်အောက်သို့ ရောက်လာမည်မှာ အသေအချာပင်။
သို့သော်လည်း... ယခုတော့ ၎င်းမှာ သူမ၏ လက်အောက်သို့ မရောက်တော့ဘဲ... လင်ဝမ်ယိ ၏ ပိုင်ဆိုင်မှုသာ ဖြစ်လာဖို့ များနေလေပြီ။
ဤအချက်ကိုတော့ သူမကိုယ်တိုင်လည်း ကောင်းကောင်းသိထားလေ၏။
မျက်နှာသာပေး ခံရမှုနှင့် မိသားစု နောက်ခံအင်အားကို ယှဉ်ကြည့်မည် ဆိုပါက... လင်ဝမ်ယိ ကသာလျှင် ရီဟွားနန်းဆောင် ၏ အရှင်သခင်မ ဖြစ်လာဖို့ အလွန် ဖြစ်နိုင်ချေ များနေလေသည်။
သူမလည်း သွားပြီး မိတ်ဆွေဖွဲ့ချင်ခဲ့သော်လည်း တစ်ဖက်လူက လက်မခံခဲ့ချေ။
"ထားလိုက်တော့... ခရီးသွားဖို့ ပစ္စည်းတွေပဲ အမြန် ပြင်လိုက်ပါ... ဒီတစ်ခေါက် နွေရာသီအပန်းဖြေနန်းတော် ကို သွားရမှာ အနည်းဆုံး သုံးလလောက် ကြာမှာဆိုတော့... လိုအပ်တဲ့ ပစ္စည်းတွေကို များများလေး ပြင်ထားလိုက်..."
"သခင်မလေး စိတ်ချပါ... ဒီအစေခံ သိပါတယ်..."
နောက်ရက်အနည်းငယ်အတွင်းမှာ နွေရာသီအပန်းဖြေနန်းတော်သို့ လိုက်ပါမည့် ကိုယ်လုပ်တော်များ အားလုံး ပစ္စည်းသေတ္တာများကို အသီးသီး သိမ်းဆည်း နေကြလေ၏။ နွေရာသီအပန်းဖြေနန်းတော် တွင် အရာရာ အစုံအလင် ရှိနေမည် ဆိုသော်ငြား ကိုယ်သုံးနေကျ ပစ္စည်းများကတော့ ပိုပြီး သက်တောင့်သက်သာ ရှိကြသည်မဟုတ်လား။
အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားရသော လန်ဖေး နှင့် ယင်းကွေ့ဖင် တို့အတွက်ဆိုလျှင်... အခြေခံအားဖြင့် နန်းဆောင်တစ်ခုလုံး ပြောင်းရွှေ့သွားသကဲ့သို့ပင် ဖြစ်နေတော့သည်။
မြင်းလှည်းတန်းကြီးမှာ ရှည်လျားများပြားစွာဖြင့် ပစ္စည်းသေတ္တာကြီးများကို တင်ဆောင်ကာ ဦးစွာ ထွက်သွားကြလေပြီ။
ထို့နောက်မှသာ လူများက နောက်မှ ပေါ့ပေါ့ပါးပါးအထုပ်အပိုးလေးများဖြင့် လိုက်သွားကြ၏။
ရှောင်လုကျစ် နှင့် ချွမ်ချီ တို့က နွေရာသီအပန်းဖြေနန်းတော် တွင် နေရာချထားဖို့ စောစောစီးစီး ထွက်သွားကြပြီး... ရှအန်း နှင့် ချိုးမင် တို့မှာမူ လင်ဝမ်ယိ နှင့်အတူ နန်းတော်ထဲတွင် ကျန်ရစ်ခဲ့ကာ နောက်တစ်နေ့မှသာ လူအုပ်ကြီးနှင့်အတူ ထွက်လာကြမည်ဖြစ်သည်။
ချန်နင်နန်းဆောင် တွင်မူ... ရာထူးလျှော့ချခံရပြီး အကျယ်ချုပ် ကျခံနေရသော ချူတာရင် မှာ အပြင်ဘက်မှ ဆူညံပွက်လောရိုက်နေသော အသံများကို ကြားရသောအခါ သူမ၏ ရင်ထဲတွင် ကြောင်တစ်ကောင် လာကုတ်ခြစ်နေသကဲ့သို့ တဂျစ်ဂျစ်နှင့် ယားယံပူလောင်နေတော့၏။
သို့သော် အဆိုးဆုံးမှာ ဤနန်းဆောင်မှ အဆောင်အကြီးအကဲမားမားက တကယ့်ကို ဖြောင့်မတ်တည်ကြည်လွန်းလှသူ ဖြစ်နေခြင်းပင်။
ငွေဖြင့် လာဘ်ထိုး၍လည်း မရ၊ အာဏာဖြင့် ခြိမ်းခြောက်၍လည်း မရသဖြင့်... ဘယ်ဘက်ကမှ လှည့်မရအောင် ခေါင်းမာလွန်းသူဖြစ်၍ ဘယ်လို ချဉ်းကပ်ရန် နည်းလမ်းမှပင် မရှိတော့ချေ။
သူမ ဤနန်းဆောင်သို့ ပြောင်းရွှေ့လာခဲ့သည်မှာ ရက်အတော်ကြာခဲ့လေပြီ။ အစတုန်းက သူမမှာ ဒေါသထွက်ထွက်နှင့် ပေါက်ကွဲနေခဲ့သော်လည်း ယခုအခါတွင်မူ စိုးရိမ်ပူပန်မှု နှင့် အကြောက်တရားများကသာ ကြီးစိုးလာတော့သည်။
သူမ အသက်မှာ အများဆုံးတွက်ကြည့်လျှင်ပင် ဆယ့်ခြောက်နှစ်သာ ရှိသေးရာ ဒီလို တိတ်ဆိတ်နေသည့် နန်းဆောင်ထဲတွင် လူမသိသူမသိ ပျောက်ကွယ်သွားရမည့် အဖြစ်ကို ဘယ်လိုလုပ်ပြီး ကျေနပ်နိုင်မည်နည်း။
ထို့ကြောင့် ယခု အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားရသောအခါ ပို၍ပင် မခံစားနိုင်ဖြစ်လာတော့သည်။
အရှင်မင်းကြီးက လူတွေကို ခေါ်ပြီး နွေရာသီအပန်းဖြေနန်းတော် သို့ ထွက်သွားခဲ့လျှင်... တစ်ခေါက်သွားတာနှင့် လပေါင်းများစွာ ကြာမည်ဖြစ်ရာ ပြန်ရောက်လာသည့် အချိန်ဆိုလျှင် သူမကို လုံးဝမေ့သွားတော့မှာမဟုတ်လား။
ထို့ကြောင့် သူမက ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အန်းမားမားကို အသနားခံ တောင်းပန်လိုက်လေ၏။
"မားမား... ကျွန်မ အရင်တုန်းက လွန်ကျူးခဲ့တာတွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ... ကျွန်မမှာ ယီဖေးမယ်မယ် ကို သွားတွေ့ရမယ့် အရေးကြီးကိစ္စလေး ရှိနေလို့ပါ... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ..."
ပြောရင်းနှင့် သူမ လက်ကောက်ဝတ်ပေါ်မှ ပတ္တမြားစီ ရွှေစင်လက်ကောက်ကို ချွတ်ကာ အန်းမားမား ထံ ကမ်းပေးလိုက်သည်။
သို့သော် စိတ်မကောင်းစရာကတော့ အန်းမားမား၏ မျက်နှာထားမှာ ယခင်ကလိုပင် ခံစားချက်ကင်းမဲ့နေပြီး အနည်းငယ်မျှ ယိမ်းယိုင်သွားခြင်း မရှိချေ။
"သခင်မလေးက ဒီအစေခံကို အခက်တွေ့အောင် လုပ်နေတာပဲ... အရှင်မင်းကြီး ကိုယ်တိုင် သခင်မလေးကို သုံးလ အကျယ်ချုပ် ချထားဖို့ အမိန့်ပေးထားတာပါ... တကယ်လို့ ဒီအစေခံကသာ သခင်မလေးကို အပြင်ထွက်ခွင့် ပေးလိုက်မယ်ဆိုရင်... အရှင်မင်းကြီးရဲ့ အမိန့်ကို လွန်ဆန်တဲ့ ပြစ်ဒဏ်အနေနဲ့ ဒီအစေခံအပေါ် ကြိမ်ဒဏ်တွေ ချက်ချင်းရောက်လာတော့မှာပါ... အဲဒီအချိန်ကျရင် သခင်မလေး ကိုယ်တိုင်လည်း လွတ်မှာမဟုတ်ပါဘူး... ဒါကြောင့် စိတ်အေးအေးထားပြီးသာ ဒီမှာပဲဆက်နေပါ..."
သူမက ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့ သူမ၏ ကျောပြင်ကို ကြည့်ရင်း ချူတာရင် တစ်ယောက် အံကိုတင်းတင်း ကြိတ်ထားမိလေသည်။
"ဒီအောက်တန်းစား အစေခံမ... ငါ ခဏလောက်လေး ရာထူးကျသွားတာကို ဒီလောက်တောင် အနိုင်ကျင့်ရဲတယ်ပေါ့လေ... စောင့်ကြည့်နေလိုက်... ငါတို့ ချူအိမ်တော်ကို သာမန်အိမ်တော်များ မှတ်နေလား..."
အကယ်၍ အပြင်ဘက်မှ အဖေနှင့် အစ်ကိုတို့သာ သူမ၏ လက်ရှိ အခြေအနေကို သိသွားလျှင် သေချာပေါက် နည်းလမ်းရှာပြီး လာကူညီပေးလိမ့်မည်ဟု သူမ ယုံကြည်သည်။
ထို့ကြောင့် သူမ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ အနည်းငယ် လျော့ပါးသွားပြီး လေးထောင့်စပ်စပ် ပုံစံဖြင့်သာ မြင်နေရသော အထက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကာ သူမ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ပေါ်လွင်နေတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်... တိမ်လွှာများ လွင့်မျောကာ လေအေးလေးများ သွေးနေသဖြင့် အလွန်ပင် သာယာလှပသော အချိန်အခါလေး ဖြစ်နေလေသည်။
နန်းတော်ထဲမှ လူအုပ်ကြီးက တော်ဝင်နန်းမြို့တော် မှတစ်ဆင့် နွေရာသီအပန်းဖြေနန်းတော် ရှိရာဘက်သို့ ဦးတည် ထွက်လာခဲ့ကြလေ၏။
ခရီးအကွာအဝေးမှာ အလွန်မဝေးလှသော်လည်း... လူဦးရေ များပြားလွန်းသဖြင့် ခရီးတစ်ဝက်ရောက်ဖို့ကိုပင် အချိန် တော်တော်လေး ကြာ၏။
လင်ဝမ်ယိက နန်းတွင်း စည်းမျဉ်းများအတိုင်း လူအုပ်ကြီး၏ နောက်ပိုင်းရှိ မြင်းလှည်းထဲတွင် လိုက်ပါလာခဲ့သည်။
မြင်းလှည်းက သိပ်မကျယ်လှသော်လညိး သူမနှင့် ရှအန်း နှစ်ယောက်သား ထိုင်ရန်အတွက်တော့ လုံလောက်သည်။
မြင်းလှည်းလေးက တအိအိနှင့် သွားနေစဉ် လင်ဝမ်ယိ က ပြတင်းပေါက်ကန့်လန့်ကာကို မကာ တော်ဝင်နန်းမြို့တော် အပြင်ဘက်ရှိ တောင်တန်း ရေပြင်များ၏ သဘာဝ အလှတရားများကို ငေးမောကြည့်ရှု နေလိုက်၏။
ခံစားချက်များ ပြောင်းလဲသွားသောကြောင့်လား မပြောတတ်၊ သူမ မျက်စိရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းများကလည်း ယခင်ကနှင့် မတူညီတော့သလို ခံစားရလေသည်။
"ငါ နန်းတွင်း မဝင်ခင်တုန်းက... ဘိုးဘိုး တို့ မိသားစုနဲ့အတူ ခရီးတွေ လိုက်သွားခဲ့ဖူးတယ်... အဲဒီတုန်းက ဒီတောင်တွေ ရေတွေကို မြင်ရတာ လုံးဝသာမန်ပဲလို့ထင်ခဲ့တာ... အခုတော့ နန်းတော်ထဲက ခမ်းနားတဲ့ အရာတွေကို မြင်ဖူးလာမှ… တောတောင်ရေမြေတွေရဲ့ သဘာဝအလှအပတွေက သူ့နည်းသူ့ဟန်နဲ့ လှပနေတာမှန်း သိလာရတယ်..."
"သခင်မလေး ပြောတာ မှန်ပါတယ်... အခုချိန်က ပန်းပေါင်းစုံ ပွင့်နေတဲ့ အချိန်ဆိုတော့... တောင်တန်းတွေ ရေပြင်တွေနဲ့အတူ လိုက်ဖက်ညီပြီး ရှုမငြီးနိုင်လောက်အောင် လှပနေတာပဲ..."
လင်ဝမ်ယိ အသာအယာ ပြုံးလိုက်ပြီး မျက်လုံးများ မှိတ်ကာ လွတ်လပ်မှု၏ အရသာကို သူမ၏ ငါးပါးသော အာရုံများဖြင့် အပြည့်အဝ ခံစားနေလိုက်တော့သည်။
ခရီးတစ်ဝက်ခန့်ရောက်ပြီး… မြင်းလှည်းပေါ်တွင် မုန့်နှင့် သစ်သီးတွေကို နှစ်ခါလောက် စားပြီး အမောဖြေပြီးချိန်မှာတော့ နောက်ဆုံးတွင် နွေရာသီအပန်းဖြေနန်းတော် သို့ ရောက်သွားကြလေပြီ။
ထို့နောက် ကိုယ်လုပ်တော်များအားလုံးကို သူမတို့နှင့် သက်ဆိုင်ရာ နန်းဆောင် ခြံဝင်းများဆီသို့ အသီးသီး နေရာချထား ပေးလိုက်ကြလေ၏။
ဧကရာဇ်ကတော့ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ရာ ချင်းရှန်းခန်းမ တွင်နေရသည်။
ထိုနေရာက နွေရာသီအပန်းဖြေနန်းတော် တစ်ခုလုံး၏ ဗဟိုချက်ဖြစ်ပြီး... တောတောင်ရေမြေများ ဝိုင်းရံကာ ပန်းမန် သစ်ပင်များ အထပ်ထပ် ဖုံးလွှမ်းနေလေသည်။
အထူးသဖြင့် ထိုနေရာတွင် အထပ်သုံးထပ်ပါသော အဆောက်အအုံငယ်လေး တစ်ခုကိုပါ ဆောက်ထားရာ... အပေါ်ဆုံးထပ်ကို တက်ကြည့်လိုက်လျှင် နွေရာသီအပန်းဖြေနန်းတော် တစ်ခုလုံး၏ အလှတရားများကို အပေါ်စီးမှ တွေ့မြင်နိုင်ရုံသာမက... အဝေးရှိ လူနေအိမ်ခြေများမှ မီးရောင်များကိုပင် လှမ်းမြင်နိုင်လေ၏။
လင်ကွေ့ဖေး နေရမည့်နေရာကတော့ အရှင်မင်းကြီးနှင့် အနီးဆုံးဖြစ်သည့် ယောင်ထိုင်စံအိမ်တွင်ဖြစ်ကာ ရှုခင်း အလှဆုံး နေရာလည်း ဖြစ်လေ၏။
ကျန်တဲ့ ကိုယ်လုပ်တော်များကလည်း မိမိတို့အတွက် သတ်မှတ်ထားသည့် ခြံဝင်းအသီးသီးသို့ ရောက်သွားကြလေသည်။
လင်ဝမ်ယိ က နွေရာသီအပန်းဖြေနန်းတော် မှ လမ်းပြပေးသော နန်းတွင်းသူလေး၏ နောက်မှ လိုက်ပါသွားရာ အနောက်ဘက်သို့ ဆက်တိုက် လျှောက်သွားရပြီး... ကွေ့ကောက်နေသော ကျောက်စရစ်ခဲ လမ်းကလေးများကို အလီလီ ဖြတ်သန်းပြီးမှသာ... အလွန် အေးချမ်း ဆိတ်ငြိမ်သော နေရာလေး တစ်ခုသို့ ရောက်လာခဲ့လေ၏။
"ဟွေ့ဖန်းယာခြံဝင်း ကို ရောက်ပါပြီ သခင်မလေး..."
ရှအန်းက လင်ဝမ်ယိကို တွဲကူပြီး ခြံဝင်းထဲ တန်းဝင်သွားတော့ ခြံဝင်း၏ ပုံစံမှာ အဆင့်နှစ်ဆင့်ဖြင့် ဖွဲ့စည်းထားပြီး အဝင်ဝတွင် အကာအရံ တစ်ခု ရှိကာ နောက်တွင် ပန်းခြံလေး ရှိသည်ကို တွေ့ရလေသည်။
ခြံဝင်းမှာ မကျယ်ဝန်းသော်ငြား သန့်ရှင်းသပ်ရပ်ပြီး ကျက်သရေရှိလှပေသည်။
ပင်မအိမ်ဆောင်မှာ အခန်းသုံးခန်းပါရှိပြီး... အဖြူရောင် နံရံ၊ အနက်ရောင် အုတ်ကြွပ်မိုး၊ အနီရောင် တိုင်လုံးများ နှင့် သစ်သားတံခါးများဖြင့် တည်ဆောက်ထားရာ... နန်းတော်ထဲက ပုံစံနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်ပင် ရိုးရှင်း တည်ငြိမ်နေလေသည်။
လင်ဝမ်ယိ ဘေးဘီဝဲယာကိုကြည့်ကြည့်လိုက်တော့ ဘေးတစ်ဖက်တစ်ချက်စီတွင် သိပ်မကြီးလှသော အခန်းငယ် တစ်ခန်းစီ ရှိနေသည်ကို တွေ့ရပြီး... ၎င်းတို့မှာ အစေခံများ နေရန် ဖြစ်ဟန်တူပေသည်။
သူမ အနှစ်သက်ဆုံးမှာ ဤခြံဝင်း အနောက်ဘက်တွင် စိုက်ပျိုးထားသော ငှက်ပျောပင်များပင် ဖြစ်သည်။ ၎င်းက သူမအား အမတ်ချုပ်အိမ်တော် ရှိ အရှေ့ဆောင် တွင် နေခဲ့ရသော နေ့ရက်များကို အမှတ်ရသွားစေလေ၏။