ဟွေ့ဖန်းယာခြံဝင်း
Vol. 7 Ch. 68
လင်ဝမ်ယိ ၏ နှုတ်ခမ်းထောင့်များ ကွေ့တက်သွားပြီး မျက်ဝန်းထဲတွင်လည်း နှစ်ခြိုက်မှု အပြည့်ဖြင့် ကြည့်နေမိလေသည်။
"ဒီအစေခံ သခင်မလေးကို ကြိုဆိုပါတယ်..."
"ဒီအစေခံ သခင်မလေးကို ကြိုဆိုပါတယ်..."
ချွမ်ချီ နှင့် ရှောင်လုကျစ် တို့က အမြန် ပြေးလာပြီး လင်ဝမ်ယိကို ဂါရဝပြု နှုတ်ဆက်ကြလေ၏။
"ထကြ ထကြ... နင်တို့ ပြင်ထားတာ တော်တော် ကောင်းတာပဲ..."
ပြောပြီးသည်နှင့် လက်ခပေါ်မှ လက်စွပ် နှစ်ကွင်းကို ချွတ်ပြီး ရှအန်း ကို ပေးလိုက်လေသည်။
နှစ်ယောက်လုံး အလွန် ပျော်ရွှင်သွားကြ၏။ ဆုရသည်က ဒုတိယအချက်…သူတို့ သခင်မလေး ကိုယ်တိုင် သက်တောင့်သက်သာနှင့် ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့က ပထမအရေးကြီးဆုံးပင်မဟုတ်လား။
"သခင်မလေးကို ကျေးဇူးတင်ပါတယ်..."
"သခင်မလေး... ဒီအစေခံ ဝင်းထဲကို လိုက်ပြပေးပါ့မယ်... ဒီဝင်းထဲက ပစ္စည်းတော်တော်များများက အရှင်မင်းကြီး ကိုယ်တိုင် လူလွှတ်ပြီး ပို့ထားတာတွေလေ... သခင်မလေး အနေစိမ်းပြီး မပျော်မှာ စိုးလို့ဆိုပြီး... အိမ်က အပြင်အဆင်အတိုင်း အတိအကျ ပြန်ပေးထားတာပါတဲ့..."
ဝင်ဝင်ချင်း အတော် ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်မျိုး ရခဲ့သည်မှာ မထူးဆန်းတော့ပေ... ဒါကြောင့်ကိုး။
"သွားကြစို့... လိုက်ကြည့်ရအောင်..."
ဤ ဟွေ့ဖန်းယာခြံဝင်း မှာ နွေရာသီအပန်းဖြေနန်းတော် ၏ အနောက်ဘက် ခြမ်းတွင် တည်ရှိပြီး ဇယ့်ဖင်ကျွန်း နှင့် အနီးဆုံး နေရာတွင် ရှိသော ခြံဝင်းလေး တစ်ခု ဖြစ်ပေသည်။
ဇယ့်ဖင်ကျွန်း ပေါ်တွင်မူ ချီချင်းဆောင် ဟု အမည်ရသော သီးသန့် အဆောက်အအုံလေး တစ်ခု ရှိပြီး ထိုနေရာသည် ယခင်ဧကရာဇ် သက်ရှိထင်ရှား ရှိစဉ်အခါက အနှစ်သက်ဆုံး နေရာတစ်ခု ဖြစ်ခဲ့ဖူးလေ၏။
သို့သော်လည်း နောက်ပိုင်း တော်ဝင် ဥယျာဉ်များကို အဆက်မပြတ် တိုးချဲ့လာမှုကြောင့်... ဤနေရာလေးမှာ အနည်းငယ် အလှမ်းဝေးကာ သီးသန့် ဆန်သွားခဲ့ရသည်။
ကိုယ်လုပ်တော် အများစုကမူ အရှင်မင်းကြီး စံမြန်းရာ ချင်းရှန်းခန်းမ နှင့် အနီးဆုံး ဖြစ်ရန် အရှေ့ဘက်ခြမ်းတွင်သာ နေချင်ကြ၍... ယခုလို နေရာချထားပေးခြင်းက လင်ဝမ်ယိ ၏ ဆန္ဒနှင့် တထပ်တည်း ကျနေတော့၏။
နွေရာသီအပန်းဖြေနန်းတော်၌ တော်ဝင်နန်းမြို့တော် လောက် စည်းကမ်း မတင်းကျပ်သဖြင့် အချင်းချင်း ကူးလူးဆက်ဆံ သွားလာကြသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။
သည်ကို လာရသည့်အကြောင်းအရင်းက နွေရာသီမှာ အနားယူ အပန်းဖြေရန်ဖြစ်ပြီး ကိုယ်လုပ်တော်များ နှင့် ဘယ်လို ဆက်ဆံရမည်ကိုသာ အချိန်ကုန်ခံ တွေးတောနေရမည်ဆိုလျှင် သိပ်နှမြောဖို့ကောင်းလှပေလိမ့်မည်။
ထို့ကြောင့် အဝေးမှာ နေရခြင်းကလည်း သူ့ကိုယ်ပိုင် အားသာချက် ရှိပေသည်။
လင်ကွေ့ဖေး ၏ အကြံအစည်တွေ မရည်ရွယ်ဘဲ လင်ဝမ်ယိ ၏ လွတ်လွတ်လပ်လပ်နေချင်သည့် ဆန္ဒကို ဖြည့်ဆည်းပေးသလို ဖြစ်သွားရလေသည်။
အကယ်၍သာ လင်ဝမ်ယိ ၏ ယခု အတွေးများကို သူမ သိသွားလျှင် ဒေါသထွက်လွန်း၍ မူးမေ့သွားမည်မှာ အသေအချာပင်။
"ဒီဝင်းက သေးတယ် ထင်ရပေမဲ့ ရှုခင်းတွေကတော့ သိပ်လှတာပဲ... ဒီအစေခံ ပတ်ပတ်လည်ကို သွားကြည့်ပြီးပြီ... မြောက်ဘက်ကို ဆက်သွားရင် ကြာကန် တစ်ခု ရှိတယ်... နောက်တစ်လလောက်ဆိုရင် ကန်တစ်ခုလုံး ကြာပန်းတွေ အပြည့် ပွင့်တော့မှာ... သခင်မလေးက လှေစီးရတာ အကြိုက်ဆုံး မဟုတ်လား... ဒီအစေခံတို့ သွားစီးလို့ ရတယ်လေ..."
"တောင်ဘက်ကို သွားရင်တော့ ဇယ့်ဖင်ကျွန်း ကို သွားတဲ့ လမ်းလေး ရှိတယ်... ဒီအစေခံ မေးကြည့်ပြီးပြီ... အခု အဲဒီမှာ ဘယ်သူမှ မနေဘူးတဲ့... တကယ်လို့ ကိုယ်လုပ်တော်တွေ သွားကြည့်ချင်ရင်လည်း ဘာပြဿနာမှ မရှိဘူးတဲ့လေ..."
"ပြီးတော့ ကျွန်မတို့ရဲ့ အနောက်ဘက်က မက်မွန်ခြံ ကလည်း အသီးတွေ သီးခါနီးနေပြီ... မက်မွန်သီးတွေ မှည့်သွားရင် ခူးပြီး သခင်မလေး အတွက် ယိုထိုးပေးမယ်လေ... သခင်မလေးက မက်မွန်သီး သကြားရည် ကြိုက်တယ် မဟုတ်လား... အခုလို လတ်လတ်ဆတ်ဆတ် ခူးပြီး လုပ်တာက ပိုပြီး ချိုနေမှာ အသေအချာပဲ..."
ချွမ်ချီ က လမ်းလျှောက်ရင်း လင်ဝမ်ယိ ကို တတွတ်တွတ် ရှင်းပြနေလေ၏။
သူမ၏ ရေပက်မဝင်အောင် စကားပြောတတ်သည့်ပံုစံက တကယ်ပင် သူမ၏စရိုက်နှင့် ကွက်တိကျသည်။
ဘယ်နေရာရောက်ရောက် မြန်မြန်ဆန်ဆန် အကျွမ်းတဝင်ရှိအောင် လုပ်နိုင်စွမ်းရှိပြီး... သည်လောက် သေချာ စီစဉ်တတ်သည်ကို ကြည့်ပြီး လင်ဝမ်ယိ မှာ အလွန် သဘောကျနေမိလေသည်။
သူတို့ အပြင်ဘက်တွင် လမ်းလျှောက်နေချိန်မှာ ရှအန်းကတော့ အခန်းထဲတွင် ပစ္စည်းများကို သေချာစွာ နေရာချထားနေလေ၏။
လင်ဝမ်ယိ ၏ နေ့စဉ်သုံး ပစ္စည်းများဖြစ်သည့် ခေါင်းအုံး၊ စောင် နှင့် အပန်းဖြေ ဖတ်ရန် စာအုပ်များ အပါအဝင် အားလုံးကို ယူလာခဲ့သည်။
အရေးအကြီးဆုံးအရာများ ဖြစ်သည့် ဧကရာဇ် အတွက် ဝတ်ရုံချုပ်ရန် ပိုးထည်နှင့် ချည်ခင်များကိုပါ ထွက်မလာခင်ကတည်းက အားလုံးကို သိမ်းဆည်းပြီး ယူလာခဲ့၏။
သူမပေးသည့် အကြောင်းပြချက်ကတော့… နေ အရမ်း ပူလာရင် အပြင်မထွက်ဘဲ အခန်းထဲမှာ ပန်းထိုးနေရတာက ပိုပြီးသက်တောင့်သက်သာ ရှိမှာလေ…တဲ့။
ရှအန်း အသာအယာ ပြုံးလိုက်မိသည်။ သူမ သခင်မလေးကတော့ အပျင်းကျတတ်တာကိုပင် စကားလှည့်ပြီး ပြောလိုက်သေးသည်။
လင်ဝမ်ယိက ချွမ်ချီ နှင့်အတူ ပတ်ပတ်လည်ကို တစ်ပတ်လိုက်ကြည့်ပြီး ပြန်ရောက်လာချိန်မှာေတာ့ သူမ၏ အသွင်အပြင်က တော်ဝင်နန်းမြို့တော် အတွင်း ရှိနေစဉ်ကနှင့် လုံးဝ ခြားနားသွားလေပြီ။
သူမမှာ အရှေ့ဆောင် တွင် နေစဉ်က နေ့ရက်များကို ပြန် ရောက်သွားသကဲ့သို့ပင်။ လင်ဝမ်ယိမှာ အပြုံးမပြတ်နိုင်တော့။
"သခင်မလေး ခဏလောက် ထိုင်ပါဦး... ဒီအစေခံ မီးဖိုချောင်မှာ ဟင်းချို တည်ထားတယ်... နောက်ထပ် ဟင်းနှစ်ခွက်လောက် ထပ်ကြော်လိုက်ရင် စားလို့ရပါပြီ..."
"ဒီမှာလည်း မီးဖိုချောင်လေး ရှိတာလား..."
"ရှိတယ်... ဒီအစေခံ မေးကြည့်ထားတာ... နွေရာသီအပန်းဖြေနန်းတော် ထဲက ခြံတိုင်းမှာ ကိုယ်ပိုင် မီးဖိုချောင်လေးတွေ ပါကြတယ်တဲ့... မယ်မယ် နဲ့ သခင်မလေးတွေ တစ်ခုခုစားချင်လာတဲ့ အချိန်မျိုးအတွက် ထည့်ပေးထားတာတဲ့… ဒီနေရာမှာက နန်းတော်ထဲမှာလို မဟုတ်ဘူးလေ... တော်ဝင်စားဖိုဆောင် က နီးနီးလေး ဆိုတော့ ပစ္စည်းတွေ ပို့ရတာ လွယ်တယ်... ဒါကြောင့် ကိုယ်တိုင် ချက်စားချင်ရင် ဘာပြဿနာမှ မရှိဘူး... နေ့တိုင်း တော်ဝင်စားဖိုဆောင် သွားပြီး လိုတာတွေ ယူလိုက်ရုံပဲ..."
"ဒါဆိုရင်တော့ နင့်အတွက် အဆင်ပြေသွားတာပေါ့... ငါတို့လည်း စားကောင်းသောက်ကောင်းတွေ စားရတော့မှာပဲ..."
ချွမ်ချီ ၏ လက်ရာကို အစားအသောက် အလွန်ရွေးတတ်သော အရှင်မင်းကြီး ကိုယ်တိုင်ပင် ချီးကျူးထားဖူးလေ၏။ ထို့ကြောင့် ရှန်ယိနန်းဆောင်တွင် ရှိစဉ်က အားလုံးဟာ သူမ ကိုယ်တိုင် ချက်ပြုတ်သော ဟင်းများကိုသာ စားခဲ့ကြသည်။
ဤနွေရာသီအပန်းဖြေနန်းတော် သို့ ရောက်လာလျှင်တော့ အဆင်မပြေလောက်တော့ဟု ထင်ထားခဲ့သော်လည်း ယခုလို အရင်ကအတိုင်းပင် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
လင်ဝမ်ယိတော့ ဟွေ့ဖန်းယာခြံဝင်း လေးကို ပို၍ပင် နှစ်သက်လာမိလေသည်။ ရှန်ယိနန်းဆောင် တွင် နေခဲ့ရတုန်းကထက်ပိုပြီး ပေါ့ပေါ့ပါးပါး နေရသည်ဟု ခံစားနေရ၏။
ပတ်ဝန်းကျင်မှ စိမ်းလန်းစိုပြည်သည့် သဘာဝ အလှတရားများကို ငေးမောရင်း... သူမ၏ စိတ်အခြေအနေမှာ နန်းတွင်း ဝင်လာကတည်းက ကြုံခဲ့ရသမျှ နေ့ရက်တိုင်းထက် ပိုပြီး ကြည်လင်ရွှင်လန်း နေလေတော့သည်။
သူတို့လေးယောက်လုံး အားပါးတရ ညစာစားပြီးနောက်... ချိုးမင်က နွေရာသီအပန်းဖြေနန်းတော် ၏ စည်းမျဉ်းများ နှင့် စီစဉ်ထားမှု အားလုံးကို ရှင်းပြလေသည်။
"နွေရာသီအပန်းဖြေနန်းတော် မှာဆိုရင် သခင်မလေးတို့ အနေနဲ့ လဆန်းတစ်ရက် နဲ့ ဆယ့်ငါးရက် တွေမှာပဲ ကွေ့ဖေးမယ်မယ် ဆီ သွားပြီး ဂါရဝပြုဖို့ လိုပါတယ်... ကျန်တဲ့ အချိန်တွေမှာတော့ ကိုယ့်ဘာသာ နေလို့ရတယ်တဲ့... နှစ်တိုင်း ကျင်းပတဲ့ ဆောင်းဦးရာသီ ပွဲတော် ကိုတော့ ဝမ်ဟယ်စံအိမ် မှာ ကျင်းပမှာ…ပြီးတော့ လဝက်လောက် အလိုကျရင် နန်းဆောင်တိုင်းကို အသိပေး အကြောင်းကြားစာတွေ ပို့လာလိမ့်မယ်တဲ့... အဲဒီအချိန်ကျရင် သခင်မလေး အနေနဲ့ အရှင်မင်းကြီး အတွက် လက်ဆောင်တစ်ခု ပြင်ရမယ်တဲ့..."
"ဒါကလည်း စည်းကမ်းပဲလား..."
"ဟုတ်ပါတယ်..."
သည်လို လူမြင်ကွင်းမှာ လက်ဆောင် ပေးရသည့် စည်းကမ်းမျိုးကို လင်ဝမ်ယိ အနည်းငယ် နေရခက်မိသည်။
သို့သော် နန်းတွင်း စည်းမျဉ်းများအတိုင်း ဆိုမှတော့... သူမ မကြိုက်လည်း လိုက်နာမည်သာ။
သို့သော် ဘာကိုပေးရမှာလဲ ဆိုသည်က လင်ဝမ်ယိ ကို အနည်းငယ် ခေါင်းခဲစေလေသည်။
အရမ်း ထူးခြားလွန်းအောင် ပေးလို့လည်း မဖြစ်... အရမ်း ပေါ့ပေါ့တန်တန်လည်း ပေးမရသဖြင့် တကယ့်ကို ခေါင်းရှုပ်စရာ ကောင်းလှပေသည်။
တော်သေးသည်မှာ နောက်ထပ် နှစ်လခန့် အချိန်ကျန်နေသေးသဖြင့်... သူမ လောစရာမလိုသေး၍ လောလောဆယ် လက်ထဲမှ ပန်းထိုးလက်စ အလုပ်ကိုသာ ပြီးအောင် အရင် အာရုံစိုက်လိုက်တော့သည်။
မှောင်ရီပျိုးစ အချိန်ရောက်တော့ လင်ဝမ်ယိမှာ တစ်နေ့လုံး ပင်ပန်းထားသဖြင့် ရေချိုးသန့်စင်ပြီး အိပ်ရာဝင်ရန် လိုက်၏။
ထိုအချိန်မှာပင် အပြင်ဘက်မှ သုန်ယွီကျုံး ရောက်လာလေသည်။
ချင်းရှန်းခန်းမ မှ ဟွေ့ဖန်းယာခြံဝင်း သို့ လမ်းလျှောက်လာမည်ဆိုလျှင် အနည်းဆုံး နာရီဝက်ကျော်လောက် ကြာမည်ဖြစ်၍ သူဘာလာလုပ်တာပါလိမ့်။
"သုန်ကုန်းကုန်း... ဘာအရေးကြီး ကိစ္စများ ရှိလို့လဲ..."
"သခင်မလေးကို လျှောက်တင်ပါတယ်... မနက်ဖြန်ကျရင် နေ့လယ်စာကို ချင်းရှန်းခန်းမ က ရှန့်ကျင့်စံအိမ် မှာ အရှင်မင်းကြီးက တည်ခင်းမှာပါ... အဲဒီအခါကျရင် လိုက်လာတဲ့ မောင်းမဆောင်က ကိုယ်လုပ်တော်တွေ အားလုံး တက်ရမှာမို့... ဒီအစေခံက သခင်မလေးဆီ အကြောင်းကြားဖို့ အမြန် လာခဲ့ရတာပါ..."
"သည်လို ညကြီးမင်းကြီးမှာ ကုန်းကုန်း လမ်းလျှောက်လာရတာ အားနာစရာ ကောင်းလိုက်တာ... ချွမ်ချီ... ကုန်းကုန်းကို လက်ဖက်ရည် တစ်ခွက် ယူလာပေးလိုက်ပါဦး..."
"ဟုတ်ကဲ့ပါ..."
"ဒီလို အတော်ကြာကြာ လမ်းလျှောက်လာရတော့ ကျွန်တော်မျိူ တကယ်လည်း ရေဆာနေတာပါ... သခင်မလေး ဆုချတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သုန်ယွီကျုံးက အသာပြုံးလျက် လက်ခံယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။
သူနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက်... ချိုးမင်ကို သူ့ကို ပြန် လိုက်ပို့ရန် ပြောလိုက်သည်။ မပြန်ခင် သည်လို မှောင်မည်းနေသည့် လမ်းမှာ ချော်လဲပြီး ဒဏ်ရာမရစေဖို့ မီးအိမ် ကိုင်သွားဖို့လည်း ဂရုတစိုက် မှာလိုက်လေသည်။
ထို့နောက်မှသာ သူမ ရေချိုးခန်းထဲသို့ ဝင်၍ ရေချိုးဖို့ရန် ပြင်လိုက်သည်။
ရေနွေးစည်ပိုင်းထဲသို့ ဝင် စိမ်လိုက်ချိန်ရောက်မှ သူမမှာ ဒီနေ့ ပင်ပန်းသမျှ အားလုံး အငွေ့ပျံ သွားသကဲ့သို့ ခံစားလိုက်ရတော့၏။
ရေစည်ပိုင်းထဲတွင် ချွမ်ချီ အိမ်မှ ယူလာသည့် အလှဆီ အနည်းငယ် ထည့်ထားလေသည်။
၎င်းမှာ သခင်မသုန် ကိုယ်တိုင် အပြင်ဘက်မှ ဈေးကြီးပေးကာ ဝယ်ယူလာခဲ့သော အကောင်းစား တံတိုင်းမွှေးပန်း အဆီများ ဖြစ်ပြီး... အမြဲတမ်းသုံးလျှင် ကိုယ်သင်းနံ့ မွှေးကြိုင်နေစေရုံသာမက အသားအရေကိုလည်း နူးညံ့ဖြူဝင်းလာစေနိုင်သည်။
တံတိုင်းမွှေးပန်းး ၏ ရနံ့ကို အလွန်အမင်း ချိုအီနေတာမျိုး မဖြစ်စေဘဲ စိတ်အေးချမ်းမှုရစေဖို့ အချိုးအစားချိန်ပြီး ဖော်စပ်ထားတာ ဖြစ်လေသည်။
ဆံပင်ကိုလည်း ရှအန်း က ထို တံတိုင်းမွှေးပန်း အဆီဖြင့်ပင် လိမ်းပေးလေ၏။
မှင်ရည်ကဲ့သို့ မည်းနက်ပြီး ရေတံခွန်ကဲ့သို့ ကျဆင်းနေသော ဆံနွယ်များကို ကြည့်ရင်း ရှအန်း တစ်ယောက် အလွန်ပင် အားကျမိတော့သည်။
"သခင်မလေးက တကယ့်ကို လှတာပဲ..."
လင်ဝမ်ယိ ကို ပထမဆုံးအကြိမ် စတင် မြင်တွေ့ခဲ့ရစဉ်က... သူမ၏ ဆွဲဆောင်မှုရှိသော အလှအပများကြောင့် အံ့ဩမှင်တက် ခဲ့ရသည်ကို ယခုထိပင် မှတ်မိနေသေးသည်။
ဤသို့သော အလှမျိုးသည် ထိန်းသိမ်းတတ်သော ကျက်သရေမျိုးရှိပြီး မြင်သူတိုင်း မျက်စိမလွှဲနိုင်အောင် ဖမ်းစားထားနိုင်စွမ်း ရှိပေသည်။
မျက်နှာ အချိုးအစား ပြည့်စုံလှပရုံသာမက စိတ်သဘောထား နူးညံ့ပြီး လှုပ်ရှားမှုတိုင်းတွင်လည်း တည်ငြိမ်မှုများ ပါဝင်နေသည်။
ဤအလှတရားဟာ လူများအကြား ထင်နေသလို မဖြစ်စေခးဘဲ မာနကြီးသည့် အမူအရာမျိုးလည်း မရှိဘဲ ပို၍ပင် ရင်းနှီးချစ်ခင်လိုဖွယ် ကောင်းနေလေသည်။ အရှင်မင်းကြီး က သခင်မလေး ထံသို့ မကြာခဏ အရောက်လာတတ်သည်မှာ မထူးဆန်းလှချေ။