ယီဖေး၏ အာဏာပြမှု
Vol. 7 Ch. 69
ငယ်စဉ်ကတည်းက မကြာခဏ ကြားနေရ၍လားမသိ... လင်ဝမ်ယိအတွက်မူ ဤအလှအပဆိုသည်မှာ သိပ်၍ အရေးကြီးလှသော ကိစ္စမဟုတ်ဟု ခံစားရ၏။
တကယ်တော့ အနည်းငယ်ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသေးသည်။ ဤမျက်နှာလေးကြောင့်သာ မဟုတ်လျှင်... သူမ ယခုကဲ့သို့ မျက်နှာသာရရန်အတွက် နန်းတော်ထဲသို့ အပို့ခံရမည် မဟုတ်ပေ။
မိသားစုနှင့်လည်း ခွဲရ၊ အစ်ကိုဖြစ်သူကိုလည်း အန္တရာယ်ထဲ ဆွဲသွင်းသကဲ့သို့ဖြစ်ရကာ ဘိုးဘိုးတို့ မိသားစုကိုပါ စိတ်ပူစေခဲ့ရပြီဖြစ်သည်။ ဤအကြောင်းကို တွေးမိလိုက်သည်နှင့် သူမပျော်နေသည်များ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားတော့၏။
"ထကြတော့... ငါ နည်းနည်း ပင်ပန်းနေပြီ..."
"ဟုတ်ကဲ့..."
နူးညံ့သည့် အတွင်းဝတ်ရုံကို ဝတ်ပြီးနောက်... ရှအန်းနှင့် ချွမ်ချီတို့က သူမကိုယ်ပေါ်သို့ အသားအရေ စိုပြည်စေသည့် အဆီကို လိမ်းပေးလိုက်ကြသည်။ ထို့နောက် ဆံပင်ပေါ်မှ ရေစက်များကို ပုဝါဖြင့် သုတ်သင်ပေးပြီး ခေါင်းဘီးဖြင့် ဆံနွယ်များကို ဖြည်းဖြည်းချင်း ဖြီးသင်ပေးကြ၏။
လင်ဝမ်ယိမှာ ဆံပင် လုံးဝ ခြောက်သွားသည်အထိပင် မစောင့်နိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
သူမ တစ်ညလုံး အိပ်မက်လှလှ မက်ခဲ့၏။
ဒုတိယနေ့ နံနက်စောစော အိပ်ရာမှ နိုးလာသောအခါ... ခေါင်းအနည်းငယ် ကိုက်နေသလို ခံစားလိုက်ရသည်။ သူမဘယ်ညာ ခါယမ်းကြည့်လိုက်တော့ ပို၍ပင် နေရခက်လာတော့သည်။
"ရှအန်း..."
"ဒီအစေခံ ရှိပါတယ်..."
"ငါ့ကို ဆေး သွားယူပေးပါဦး... မနေ့ညက အအေးမိသွားလို့ ထင်တယ်... ခေါင်းကိုက်တာ အရမ်းဆိုးနေတယ်..."
ရှအန်းက ထိုစကားကို ကြားသည်နှင့် ချက်ချင်း လျှောက်လာပြီး အိပ်ရာခန်းဆီးကို သေသပ်စွာ ချိတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ လင်ဝမ်ယိ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။ ခဏအကြာတွင် ဖြည်းညင်းစွာ ပြောလိုက်သည်။
"သခင်မလေး... နောက်တစ်ခါဆိုရင် ဆံပင်ခြောက်အောင် စောင့်ပြီးမှ အိပ်နော်... မဟုတ်ရင် လေအေးတွေနဲ့ ခြောက်သွားပြီး သေချာပေါက် နေရထိုင်ရ ခက်လိမ့်မယ်..."
ထို့နောက် သူမက ရေနွေးတစ်ခွက်ကို ကမ်းပေးလိုက်ရာ လင်ဝမ်ယိ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"သခင်မလေး မနက်စာ မစားရသေးဘူးလေ... ဗိုက်ဟောင်းလောင်းနဲ့ ဆေး သောက်တာက မကောင်းဘူး... မနက်စာ စားပြီးမှ ဒီအစေခံ နှိပ်ပေးပါ့မယ်..."
"အင်း..."
နေ့လယ်ကျလျှင် ရှန့်ကျင့်စံအိမ်တွင် စားပွဲတော် သွားတည်ရမည်သာမရှိလျှင် လင်ဝမ်ယိမှာ ကုတင်ပေါ်မှပင် ဆင်းချင်မည် မဟုတ်ပေ။ ရှအန်းက နံနက်စာ စားပြီးနောက် ခေါင်းနှင့် လည်ပင်းကို နှိပ်ပေးသော်လည်း သိပ်ပြီး သက်သာလာခြင်း မရှိချေ။
ရှအန်းက သူမကို ပြုစုပေးပြီး ဆေးတိုက်ပြီးနောက် ချိုးမင်ကိုပါ ခေါ်ကာ သခင်နှင့် အစေခံ သုံးယောက်လုံး အရှေ့ဘက်ရှိ ချင်းရှန်းခန်းမဆီသို့ ထွက်လာခဲ့ကြသည်။
သူတို့၏ ခြေလှမ်းများက နှေးကွေးနေသဖြင့် ထိုနေရာသို့ရောက်ရန် နာရီဝက်ခန့် ကြာပေလိမ့်မည်။ ပုံမှန်နေ့ရက်များတွင်သာဆိုလျှင် လင်ဝမ်ယိက ဘေးဘီဝဲယာကို သိချင်စိတ်ဖြင့် လိုက်ငေးနေမိမည်မှာ အသေအချာပင်။ သို့သော် ယနေ့တွင်မူ ခေါင်းအလွန်ကိုက်နေသဖြင့် အမြန်စားပြီး အမြန်ပြန်လာကာ ကုတင်ပေါ်တွင် လှဲနေရလျှင် နေရထိုင်ရ ကောင်းသွားမည်ဟုသာ တွေးနေမိတော့၏။
ထို့ကြောင့် သူမက ခပ်သုတ်သုတ်သာ လျှောက်လာခဲ့ပြီး ဘေးနားမှ ရှုခင်းများကို စိတ်ဝင်စားခြင်း မရှိတော့ပေ။ ရှအန်းက သူမ၏ မျက်နှာထား သိပ်မကောင်းသည်ကို မြင်သောအခါ စိုးရိမ်တကြီး ပြောလိုက်သည်။
"သခင်မလေး... ကျွန်မတို့ ပြန်သွားကြမလား... သခင်မလေး တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ဒီအစေခံ စိုးရိမ်လို့ပါ..."
ချိုးမင်ကလည်း အခြေအနေမဟန်သည်ကို ရိပ်မိသဖြင့် စကားပြောရန် ပြင်လိုက်စဉ်မှာပင် လင်ဝမ်ယိက ဖြတ်ပြောလိုက်၏။
"ဒီနေ့က နွေရာသီအပန်းဖြေနန်းတော်ကို ရောက်ပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ နန်းတွင်းစားပွဲတော်လေ... လင်ကွေ့ဖေးတောင် အကြောင်းပြချက်မရှိဘဲ မတက်ဘဲနေရဲမှာ မဟုတ်ဘူး... ငါလို နန်းတော်ထဲ အခုမှရောက်ကာစ ချန်ကျိုက် တစ်ယောက်က အကြောင်းပြချက် ပေးပြီး မသွားဘူးဆိုရင်... သူများတွေ အတင်းပြောစရာ ဖြစ်မသွားဘူးလား..."
သူမက ရှအန်း၏ လက်ကို ဖွဖွလေး ပုတ်လိုက်ပြီး ဖျော့တော့တော့ အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"စိတ်ချပါ... ငါက ခေါင်းနည်းနည်း ကိုက်ရုံပဲ... ဘာမှမဖြစစ်ဘူး... ခဏနေ လမ်းလျှောက်လိုက်ရင် သက်သာသွားမှာ"
ရှအန်းသည်လည်း ယနေ့ပွဲ ဘယ်လောက်အရေးကြီးသလဲ သိ၍ လမ်းတစ်လျှောက်လုံး လင်ဝမ်ယိကို တွဲကူပေးလာရသည်။ သူမ ခေါင်းကိုက်နေသဖြင့် ခြေလှမ်းယိုင်ပြီး ချော်လဲသွားမည်ရို စိုးရိမ်နေမိ၏။
"သခင်မလေး... ပြန်လာတဲ့အခါကျရင် ဒီအစေခံ လူထမ်းဝေါယာဉ် တစ်ခုလောက် သွားငှားပေးရမလား... နွေရာသီအပန်းဖြေနန်းတော်ထဲမှာတော့ စည်းကမ်း သိပ်မကျပ်ဘူး... တာရင်တွေ နျန်ဇစ်တွေတောင် စီးခွင့်ရှိတယ်..."
လင်ဝမ်ယိ၏ နေရခက်နေမှုကို ချိုးမင်က မြင်နေရသဖြင့် ယခုလို အကြံပြုလိုက်သည်။
"ပြန်လာမှပဲ ကြည့်ကြတာပေါ့... အခုတော့ အရင်သွားကြစို့..."
"ဟုတ်ကဲ့..."
လေးယောက်လုံး လမ်းတစ်လျှောက်လုံး ခက်ခက်ခဲခဲ လျှောက်လာခဲ့ရပြီး ချင်းရှန်းခန်းမ၏ တံခါးဝသို့ ရောက်ချိန်မှာေတာ့ ကျက်သရေရှိစွာရောက်လာသည့် ယီဖေးနှင့် အချိန်ကိုက် တွေ့လိုက်ရသည်။
သူမ၏ အနောက်တွင် လိုက်ပါလာသော သူနှစ်ယောက်မှာတော့ အရင်တုန်းက ချူကွေ့ရန်ထက်ေတာင် ပိုပြီးပျော်နေကြသေးသည်။
တစ်ယောက်မှာမူ ယခုတစ်ခေါက် မျက်နှာသာရလာသည့် ဟယ့်နျန်ဇစ်ပင် ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် ဝင့်ကြွားသောဟန်ပန်များအပြည့်နှင့်မို့ မြင်ရသူအဖို့ အမြင်ကတ်ချင်စရာပင်။
နောက်တစ်ယောက်ကိုမူ လင်ဝမ်ယိ ယခင်က တစ်ခါမျှ မမြင်ဖူးပေ။ သို့သော် သူမ၏ အနောက်တွင် ရပ်နေသော ချိုးမင်က ထိုလူကို မြင်လိုက်ရသောအခါ ရုတ်တရက် မျက်နှာတည်သွားတော့၏။
သူ၏ အကြည့်များကပါ လေးနက်သွားပြီး လင်ဝမ်ယိ၏ နောက်ကြောကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဒီနေ့ကတော့ ပေါ့ပေါ့ပါးပါးနဲ့ပြီးသွားမှာမဟုတ်ဘူးပဲ ဟုတွေးနေမိ၏။
လင်ဝမ်ယိကတော့ ချူတာရင်ကိစ္စကြောင့် ယီဖေးက သူမအပေါ် အမြင်မကြည်ဖြစ်နေမှန်း သိထားသည်။
ရန်သူလာလျှင် စစ်သူကြီးနှင့် ကာကွယ်မည်... ရေလာလျှင် ဆည်ဆောက်ပြီး တားဆီးမည်...။ တွေ့နေရမှတော့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိပေ။
ထို့ကြောင့် စကားအများကြီး ပြောမနေတော့ဘဲ စည်းကမ်းနှင့်အညီ ပြုမူနေထိုင်ခြင်းက အကောင်းဆုံးပင်။
ထို့ကြောင့် သူမက ချက်ချင်းပင် စည်းကမ်းနှင့်အညီ ယီဖေးကို ဒူးတစ်ဖက်ကွေး၍ ဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုးမ လင်ချန်ကျိုက် ယီဖေးမယ်မယ်ကို ဂါရဝပြုပါတယ်..."
ယီဖေးက ယနေ့တွင် ပေါ့ပါးတက်ကြွနေပြီး… ငွေရောင်ချည်ဖြင့် ပန်းပွင့်များအစုလိုက် ထိုးထားသော မြရောင် ဝတ်ရုံရှည်ကို ဝတ်ထားရာ သူမ၏ ပုံစံမှာ လောကကြီး၏ အညစ်အထေးများမှ ကင်းစင်နေသကဲ့သို့ တင့်တယ်နေ၏။
လက်ထဲတွင်လည်း ၁၈လုံးရှိသည့် လက်ပတ်တစ်ကွင်းကို ဝတ်ထားသည်။ တစ်ကုံးလုံးကို ပုံဆောင်ခဲများနှင့် ပြုလုပ်ထားပြီး အလယ်တည့်တည့်ရှိ အလုံးနှစ်လုံးမှာမူ ရှားပါးလှသော အနီရောင် ပုလဲလုံးများ ဖြစ်ကြသည်။ ကျောက်မျက်ရတနာများကို ဆွဲသီးအဖြစ် အသုံးပြုထားပြီး ကြွေထည်ကြိုးများဖြင့် ဘေးပတ်လည်တွင် ရစ်ပတ်ထားလေသည်။
နေရောင်အောက်တွင်မူ တကယ့်ကို ကြည်လင်တောက်ပနေတော့၏။
လင်ဝမ်ယိက စည်းကမ်းတကျ ဒူးညွှတ်ကာ ဂါရဝပြုနေသည်ကို မြင်သော်လည်း ယီဖေးက ထဖို့ မပြောပေ။ ထိုအစား သူမက ဘေးနားရှိ မျက်နှာစိမ်း ကိုယ်လုပ်တော်ဘက်လှည့်ပြီး ပြောလိုက်လေသည်။
"ညီမလေး ပိုင်ဖင်က အပြင်မထွက်တာ ကြာပြီဆိုတော့... အရှင်မင်းကြီး အသစ်တော်ကောက်ထားတဲ့ ဒီလင်ချန်ကျိုက်ကို မြင်ဖူးမှာ မဟုတ်ဘူး... သူ့အလှက နတ်သမီး လူ့ပြည်ဆင်းလာသလိုပဲ... ဒီအရှင်မ ကြည့်ရသလောက်တော့ တစ်နန်းတော်လုံးမှာ မင်းနဲ့ သူပဲ အလှချင်း ပြိုင်နိုင်လောက်တယ်..."
လင်ဝမ်ယိ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။
နွေရာသီအပန်းဖြေနန်းတော်သို့ လာရလျှင် အေးအေးဆေးဆေး နေရမည်ဟု သူမ ထင်ထားခဲ့သော်လည်း… ပြဿနာက အလိုလို ရောက်လာလိမ့်မည်ဟု ဘယ်သူက သိမည်နည်း။ သို့သော် လက်ရှိ သူမ၏ ရာထူးအရ ပြန်ပြော၍လည်းမရသေး၍ ခေါင်းငုံ့ခံလိုက်ခြင်းကသာ အကောင်းဆုံးပင်။
"အို... မယ်မယ် ပြောတဲ့စကားကြောင့် ကျွန်တော်မျိုးမတောင် သိချင်သွားတယ်… လင်ချန်ကျိုက်... မြန်မြန် ခေါင်းမော့ပြပါဦး... တစ်နန်းတော်လုံးက လူတိုင်း အားကျရလောက်အောင် ဘယ်လိုတောင် ထူးကဲပြီး လှတာလဲ သိချင်မိပါရဲ့..."
သူမ၏ မျက်နှာကိုပင် သေချာ မမြင်ရသေးသော်လည်း လင်ဝမ်ယိ အန္တရာယ်အငွေ့အသက်ကိုခံစားမိနေပြီ။
ကြည့်ရသည်မှာ ဒီပိုင်ဖင်ဆိုသူက လွယ်လွယ်ကူကူ ရင်ဆိုင်၍ရမည့်သူ မဟုတ်နိုင်။
ကံကောင်းတာဆိုလျှင် ဘေးဒုက္ခ မဟုတ်နိုင်သလို၊ ဘေးဒုက္ခ ဆိုလျှင်လည်း ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့် သူမက ခါးကို မတ်မတ်ဆန့်လိုက်ပြီး ခေါင်းငဲ့ကြည့်လိုက်၏။
သို့သော် အထင်သေးစွာ ခနဲ့တဲ့တဲ့ ရယ်သံတစ်ခုကို ကြားလိုက်ရပြီး ပိုင်ဖင်က လေသံအေးအေးဖြင့် ပြောလာ၏။
"ကျွန်တော်မျိုးမကများ တွေ့ရခဲတဲ့ နတ်သမီးလေးလို့ ထင်နေတာ... ဒီလောက်လေးပဲလား... လှတော့လှပါတယ်... ဒါပေမဲ့ ပြိုင်ဘက်ကင်းတဲ့ အလှမျိုးတော့ မဟုတ်ဘူးပဲ..."
ယီဖေးက ခပ်ဖွဖွ ရယ်မောလိုက်သည်။ ပိုင်ဖင်၏ မောက်မာဝင့်ကြွားပြီး အထင်သေးနေသည့် ပုံစံကို ကြည့်ရင်း ပွဲကြည့်ရတော့မည်ဟု တွေးကာ ကျေနပ်နေမိ၏။
"ညီမလေးပိုင်က ကျန်းနန်ဒေသရဲ့ နံပါတ်တစ် အလှဆုံးမိန်းကလေးပဲဟာ… လင်ချန်ကျိုက်ကို အထင်မကြီးတာလည်း မဆန်းပါဘူး..."
သူတို့နှစ်ယောက်က တစ်ယောက်တစ်ခွန်းပြောရင်း လင်ဝမ်ယိကို တမင်သက်သက် အရှက်ခွဲနေကြသည်။
လင်ဝမ်ယိမှာ မူလကတည်းက နေမကောင်းဖြစ်နေသည့်အပြင် ယခုလို ဒူးတစ်ဖက်ကွေးကာ အကြာကြီး နေရသဖြင့် ခြေထောက်များပင် ထုံကျဉ်လာပြီး ကိုယ်နေဟန်ထားမှာ ယိုင်လာတော့သည်။ သို့သော် ယီဖေး၏ ရှေ့တွင် အမူအကျင့်ပျက်ယွင်း၍ မဖြစ်ပေ။ မဟုတ်လျှင် နောက်ထပ် ပြဿနာများ တက်လာဦးမည်။
ထို့ကြောင့် သူမက ပါးစပ်ပိတ်ကာ မကြားချင်ယောင်သာ ဆောင်နေပြီး အပြစ်ရှာမရအောင် ရိုရိုသေသေ နေနေလိုက်သည်။
"မမပိုင် မသိလို့... ကျွန်မတို့လို အသစ်ရောက်လာတဲ့ ရွေးချယ်ခံမိန်းမပျိုတွေထဲမှာ လင်ချန်ကျိုက် တစ်ယောက်တည်းကပဲ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို အများဆုံး ရထားတာလေ… နန်းတော်ထဲ ဝင်လာတာ နှစ်လပဲ ရှိသေးပေမယ့် ချွင်းချက်အနေနဲ့ တာရင် အဆင့်ကနေ ချန်ကျိုက် အဆင့်ကို ရောက်လာတာ… ဒီလို ဂုဏ်ကျက်သရေမျိုးကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး..."
စကားပြောလိုက်သူမှာ ဟယ့်နျန်ဇစ်ပင်။ အပေါ်ယံ နားထောင်ကြည့်လျှင် လင်ဝမ်ယိကို မြှောက်ပင့်နေသလိုနှင့်… တကယ်တမ်းတွင်မူ သွေးခွဲဖို့ ကြိုးစားနေခြင်းသာ။
ပိုင်ဖင်၏ မျက်နှာထားက ချက်ချင်းပင် မည်းမှောင်သွားတော့၏။ သူမက လင်ဝမ်ယိ၏ မျက်နှာကို စူးစိုက်ကြည့်ရင်း ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်သည်။
"ငါ အရင်တုန်းက နန်းတော်ထဲ စဝင်လာတော့ တာရင် ရာထူးလောက်ပဲ... နှစ်ပေါင်းများစွာ ကြိတ်မှိတ်သည်းခံခဲ့ရပြီးမှ ဖင် ရာထူးကို ရခဲ့တာ... တစ်ချက်က အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့်… နောက်တစ်ချက်ကတော့ ယီဖေးမယ်မယ်ရဲ့ ကူညီစောင့်ရှောက်မှုကြောင့်ပဲ... လင်ချန်ကျိုက်က ဒီလောက် အရည်အချင်းရှိနေတာ ကြည့်ရတာတော့ ကွေ့ဖေးမယ်မယ်က နောက်ကွယ်ကနေ အများကြီး ကူညီပေးထားလို့ ထင်တယ်..."
ပိုင်ဖင်တစ်ယောက် ကျုံးချွေ့နန်းဆောင်တွင် အကျယ်ချုပ် ကျခံရခြင်းမှာ လင်ကွေ့ဖေး၏ ထောင်ချောက်ထဲသို့ မတော်တဆ ကျဆင်းသွားခဲ့၍ပင်။ အရှင်မင်းကြီးကို ဒေါသထွက်စေခဲ့သဖြင့် ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပြန်ခံရခြင်း။
ထို့ကြောင့် ယခု အကျယ်ချုပ်မှ လွတ်လာပြီဖြစ်ရာ လင်ကွေ့ဖေးအပေါ် အငြိုးအတေး ရှိနေသည်မှာ သဘာဝပင်။
---