← Chapters

ရှန့်ကျင့်စံအိမ်ရှိ ပွဲတော်

Vol. 7 Ch. 70

ရှန့်ကျင့်စံအိမ်ရှိ ပွဲတော်

Vol. 7 Ch. 70

လင်ဝမ်ယိမှာ သူမနှင့် သွေးသားတော်စပ်သော ညီမဖြစ်ရာ ပိုင်ဖင်၏ အမုန်းတရားများက လင်ဝမ်ယိဆီ ရောက်လာသည်မှာလည်း သဘာဝကျလှသည်။ ထိုအကြောင်းကို တွေးမိရင်း သူမက ခပ်ဖွဖွ ပြုံးကာ ပြောလိုက်လေသည်။

"နောင်တစ်ချိန်ကျရင်တော့... လင်ချန်ကျိုက်ဆီ များများလာလည်ရမယ်... အဲဒီအချိန်ကျရင် ဖြစ်တဲ့ ကျွန်မကို ဒုက္ခပေးတယ်လို့ မထင်လိုက်ပါနဲ့ဦးနော်..."

စကားက နားထောင်ကောင်းသော်လည်း သူမအကြည့်‌ထဲမှ အထင်သေးမှုများနှင့် ကလိမ်ကကျစ်ဉာဉ်များကို လူတိုင်း အထင်းသား မြင်တွေ့နေရသည်။ လင်ဝမ်ယိကတော့ မျက်လုံးချင်းဆံုမကြည့်လိုက်ရ‌သော်လည်း သူမကို စိန်လာခေါ်တာဖြစ်မှန်း တန်းနားလည်လိုက်သည်။

ထို့ကြောင့် သူမက ခေါင်းမော့၍ ပိုင်ဖင်ကို ကြည့်လိုက်ပြီး သူမ၏ အကြည့်များထဲတွင်မူ ကြောက်ရွံ့မှု အလျဉ်းမရှိပေ။

နှစ်ယောက်သား မျက်လုံးချင်း ဆုံလိုက်ချိန်တွင်မှ လင်ဝမ်ယိမှာ သူမ၏ အလှအပကို ပထမဆုံးအကြိမ် သတိပြုမိသွားတော့၏။

ကျန်းနန်ဒေသ၌ အလှပဂေးလေးတေ‌ွ အများကြီးရှိသည်မှာ ရှေးကတည်းက လူသိများသော ကိစ္စတစ်ခုပင်။ သို့သော် အများစုမှာ နူးညံ့သိမ်မွေ့ပြီး ကြည်လင်သန့်စင်သည့် သာမန်မိသားစုမှ ကျောက်စိမ်းလေးလို ဟန်ပန်မျိုးသာ ရှိတတ်ကြသည်။

သို့သော် ဤပိုင်ဖင်ကမူ မွေးရာပါ ဆွဲဆောင်မှုရှိသူ ဖြစ်နေသည်။ ဖရဲစေ့ပုံစံ မျက်နှာကျ၊ မြေခွေးမျက်လုံးများ၊ သေးသေးသွယ်သွယ်နှာတံ၊ နီဆွေးနေသည့် နှုတ်ခမ်းများနှင့် သွားဖြူဖြုလေးများ၊ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ပုံပြင်စာအုပ်များထဲမှ အမြီးကိုးချောင်း မြေခွေးနတ်သမီးနှင့်ပင် ယှဉ်နိုင်လောက်ပေသည်။

လင်ဝမ်ယိနှင့် သူမနှင့် ယှဉ်ရပ်လိုက်လျှင် လင်ဝမ်ယိ၏ အလှက မှိန်ကျသွားသည်မှာ အမှန်ပင်။

အဓိကအားဖြင့် ပိုင်ဖင်၏ အလှက အလွန်ပင် ထင်ပေါ်လွန်းလှပြီး ဘေးပတ်ဝန်းကျင်မှ လူများကို အလွယ်တကူ အရောင်မှိန်သွားစေနိုင်သည်။ လင်ဝမ်ယိ၏ အလှကတော့ တိတ်ဆိတ်ငြိမ်သက်စွာ ဖြန်းပက်ထားသော ရေစက်လေးများလိုပင်... ဖြည်းဖြည်းချင်း အရသာခံဖို့ လိုလေ၏။

ထို့ကြောင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် ပိုင်ဖင်က တစ်နန်းတော်လုံးတွင် အလှဆုံးလူ ဖြစ်နေဆဲပင်။ ဤအချက်ကို လင်ဝမ်ယိ ကိုယ်တိုင်ပင် မငြင်းနိုင်ချေ။ သူမက ပြုံးရင်း ပြောလိုက်သည်။

"ပိုင်ဖင်မယ်မယ်က ကျွန်တော်မျိုးမကို အထင်ကြီးပေးတဲ့အတွက်... ကျွန်တော်မျိုးမကလည်း နွေးနွေးထွေးထွေး ကြိုဆိုရမှာပေါ့..."

သူတို့နှစ်ယောက်ကြားမှ ပွတ်တိုက်မှုက မီးပွားများပင် တစ်စနှစ်စ ကျလာလေပြီး ယီဖေးလည်း ပွဲကြည့်၍ ဝသွားပြီဖြစ်သဖြင့် ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ငါ့ကို ကြည့်ပါဦး... ညီမလေးပိုင်နဲ့ စကားပြောနေတာနဲ့... လင်ချန်ကျိုက် ဂါဝရပြုနေတာတောင် မေ့သွားတယ်... ထတော့လေ..."

"ကျေးဇူးတင်ပါတယ် မယ်မယ်..."

လင်ဝမ်ယိမှာ ဒူးကွေးနေရသည်မှာ ကြာပြီဖြစ်၍ ထလိုက်ချိန်တွင် သတိထားပြီး အသက်ရှူလိုက်ရသည်။ သူမမှာ ယီဖေးရှေ့မှာပင် အနည်းငယ် မိုက်ခနဲ ဖြစ်သွားသော်လည်း၊ ယခုတော့ အရှုံးပေးလိုက်လို့မရသေ‌းချေ။

ယီဖေးက လင်ဝမ်ယိနှင့် အချိန်ကြာကြာ အလုပ်ရှုပ်ခံနေမည် မဟုတ်ပေ။ မဟုတ်လျှင် အပြင်လူများ နားထဲရောက်သွားပါက သူမက အငယ်ကို အနိုင်ကျင့်သည်ဟု ဘယ်လောက်တောက် ‌ပြောကြမလဲ။

သူတို့အားလုံး အထဲသို့ ဝင်သွားကြမှသာ လင်ဝမ်ယိတစ်ယောက် အသက်အောင့်လိုက်ပြီး အနောက်သို့ ယိုင်နဲ့နဲ့နှင့်ဆုတ်လိုက်ရသည်။ သူမက ခေါင်းကို ခါယမ်းလိုက်ပြီး လက်ချောင်းထိပ်များဖြင့် နားထင်ကို တင်းတင်းဖိကာ နေမကောင်းဖြစ်နေမှုကို သက်သာအောင် လုပ်လိုက်ရ၏။

"သခင်မလေး..."

ရှအန်း၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသော်လည်း... ဘယ်လို ထုတ်ပြောရမလဲပင် မသိတော့ချေ။

အမတ်ချုပ်အိမ်တော်မှာတုန်းက သခင်မလေး ရုံဟယ့်ဆောင် ခြံဝင်းထဲတွင် ဒူးထောက် အပြစ်ပေးခံရဖူးသည်ကို သူမ ရုတ်တရက် သတိရသွားသည်။ သူမမှာ နေပူထဲတွင် ပါးပြင်လေးများ နီရဲနေပြီး ချွေးများ ရွှဲနစ်နေခဲ့ဖူး၏။

သို့သော် မျက်နှာ ဖြူရော်နေသည့်တိုင် လင်ဝမ်ယိက ညည်းညူပြီး ခွင့်လွှတ်ပေးရန် တောင်းပန်သည်ကို မတွေ့ခဲ့ရပေ။ သူမက သတ်မှတ်ထားသည့် အချိန်ပြည့်အောင် ဒူးထောက်ပြီးမှသာ ထွက်သွားခဲ့သည်။ လမ်းလျှောက်သွားချိန်တွင်လည်း သူမ၏ ကျောပြင်က မတ်မတ်ရပ်နေဆဲပင်။

သူမက အသက်ကို အောင့်ထားပြီး အရှေ့ဆောင်သို့ ရောက်ကာ ပထမသခင်မကို တွေ့မှသာ သတိလစ်သွားခဲ့သည်။ သူမ၏ စိတ်ဓာတ်က ဘယ်လောက်မာသလဲဆိုသည်ကို တွေးကြည့်ရုံမျှဖြင့် သိနိုင်ပေ၏။

သူမ၏ သခင်မလေးက ဤနန်းတွင်းပွဲတော်သို့ မဖြစ်မနေ လာရမည်ဟု ဆုံးဖြတ်ထားမှတော့ သူမ လာရမည့် အကြောင်းပြချက် ရှိပေလိမ့်မည်။ ထို့ကြောင့် ဖျောင်းဖျနေ၍လည်း အပိုပင်။

ထို့ကြောင့် သူမက အနံ့ပြင်းပြင်းနှင့် လိမ်းဆေးဆီကို ထုတ်၍ လင်ဝမ်ယိ၏ နှာခေါင်းအောက်တွင် တေ့ပေးလိုက်ကည ရှူရှိုက်စေလိုက်သည်။ လင်ဝမ်ယိ ရှူလိုက်ပြီးနောက် အတော်လေး လန်းဆန်းသွားလေ၏။

"သွားကြစို့... ငါတို့လည်း ဝင်ရအောင်..."

"ဟုတ်ကဲ့..."

ယခုအကြိမ်မှာ လင်ဝမ်ယိ ချင်းရှန်းခန်းမကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

နန်းတော်ထဲရှိ ချန်အန်းနန်းဆောင်နှင့် တစ်ပုံစံတည်း ဖြစ်ပြီး အောက်ခြေကို စကျင်ကျောက်ဖြူများဖြင့် ခင်းကျင်းထားကာ အခန်းကိုးခန်းစာ အကျယ်အဝန်းရှိပြီး ခမ်းနားထည်ဝါလှသည်။ သို့သော် ပတ်ဝန်းကျင်တွင် သစ်ပင်များ အများအပြား စိုက်ပျိုးထားသဖြင့် ပိုပြီးလန်း‌ဆန်းသွားစေသလို ထင်ရစေသည်။

သူတို့သည် လမ်းပြပေးသည့် နန်းတွင်းသူ‌ေလး၏ နောက်သို့ လိုက်ပါသွားရင်း ရှန့်ကျင့်စံအိမ် အောက်သို့ ရောက်သွားကြသည်။

အထပ်သုံးထပ်ရှိသော ဤအဆောက်အအုံငယ်လေး၏ အပေါ်တွင် နီလာရောင် စဉ့်ကြွေပြားများကို မိုးထားပြီး အထပ်ထပ်ဖြစ်နေသော ခေါင်မိုးပေါ်တွင် ကြေးခေါင်းလောင်းလေးများ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ပတ်ပတ်လည်တွင် စင်္ကြံလမ်းများ ရှိပြီး အနိမ့်အမြင့် မညီညာသော နေရာများတွင် ထင်းရှူးပင်နှင့် ဆိုက်ပရပ်စ်ပင်များကို သပ်ရပ်စွာ စိုက်ပျိုးထား၏။ ရှားပါးလှသော ကျောက်ဆောင်များကိုလည်း စနစ်တကျ နေရာချထားလေသည်။

အဝေးမှ လှမ်းကြည့်လိုက်လျှင် နတ်ပြည်မှ စံအိမ်လေး တစ်ခုနှင့်ပင် တူနေတော့၏။

ရှန့်ကျင့်စံအိမ်ဟု အမည်ပေးထားသည်မှာလည်း မဆန်းတော့ပေ။ တကယ်ကို နတ်ပြည်နှင့်ပင် ယှဉ်နိုင်လောက်ပါပေသည်။

ယနေ့ နန်းတွင်းစားပွဲတော်ကို ဒုတိယထပ်ရှိ လသာဆောင်ပေါ်တွင် ကျင်းပမည် ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်ရှိ အဆောင်ငယ်လေးများမှာ စားဖိုဆောင်များ ဖြစ်သွားကာ ထမင်းဟင်းနံ့များ မွှေးပျံ့နေတော့သည်။

လင်ဝမ်ယိမှာတော့ ခေါင်းကိုက်နေသဖြင့် စားချင်သောက်ချင်စိတ်မရှိပေ။ ထို့ကြောင့် သူမက ချောင်ကျကျ နေရာတစ်ခုကို ရှာ၍ ထိုင်နားနေလိုက်သည်။

သည်နေရာ၏ အရှေ့တွင် အနီရောင် တိုင်ကြီးတစ်တိုင် ကွယ်နေသဖြင့် သေချာ မကြည့်လျှင် လူရှိမှန်း မသိနိုင်။ သို့သော် သူမထိုင်နေသည့်ဘက်မှမူ ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်ရုံမျှဖြင့် အဆက်မပြတ် ဝင်လာသော လူများကို တွေ့နိုင်လေသည်။

ယခု လက်ရှိ နေရာတွင် ရာထူးအကြီးဆုံးမှာ ယီဖေး ဖြစ်သဖြင့် ဝင်လာသမျှ ကိုယ်လုပ်တော်တိုင်းက သူမကို အရင် ဂါရဝပြုကြရသည်။ သဘာဝကျကျပင် သူမ၏ နောက်တွင် အမြဲရှိနေသည့် ပိုင်ဖင်နှင့် ဟယ့်နျန်ဇစ်တို့လည်း ဝင်လာကြသည်။

ပိုင်ဖင်က နဂိုကတည်းက နန်းတော်ထဲတွင် နာမည်ကြီး အချစ်တော် ကိုယ်လုပ်တော် တစ်ပါး ဖြစ်ပြီး သူမ၏ ညှို့ဓာတ်ပြင်းပြင်း အလှအပကြောင့် လူအများ၏ အာရုံစိုက်မှုကို ခံရသည်မှာ သဘာဝကျလှပေသည်။

သို့သော် ထိုဟယ့်နျန်ဇစ်က ယီဖေး၏ နောက်ကိုလိုက်နေသည်ကတော့ လင်ဝမ်ယိအတွက် အနည်းငယ် စိတ်ဝင်စားစရာ ကောင်းနေသည်။ ရှီးပေမြို့စားမင်းရဲ့ မြေးမလေးက ဘယ်လောက်တောင် ဩဇာအာဏာ ကြီးမားတာမို့လို့လဲ။ အဲဒါကို ဘယ်လိုဖြစ်ပြီး ကုန်သည်မိသားစုက လာတဲ့ ဟယ့်နျန်ဇစ်ကို သဘောကျသွားရတာလဲ။

သိထားရမည်မှာ အရင်တုန်းက သူမဘေးတွင် ဤသို့ လိုက်နေသူက စစ်သူကြီး၏ သမီး ဖြစ်လေသည်။

ထို့ကြောင့် လင်ဝမ်ယိ ဟယ့်နျန်ဇစ်ကို သိချင်စိတ်ဖြင့် လိုက်ကြည့်နေမိသည်။ သူမ အတော်လေး စိတ်ဝင်စားနေချိန်မှာပင် ပခုံးကို အပုတ်ခံလိုက်ရ၍ လန့်ဖျပ်သွားရသည်။

သူမ လှည့်ကြည့်လိုက်ရာ လူနှစ်ယောက်ကို တွေ့လိုက်ရပြီး နှစ်ယောက်လုံးက ပြုံးရွှင်နေကြသည်။

"မမလင် ဘယ်လိုလုပ် ဒီမှာ ပုန်းနေရတာလဲ... ညီမဖြင့် လိုက်ရှာနေရတာ အတော်ကြာသွားပြီ..."

စကားပြောလိုက်သူမှာ မုလန်ချွမ်းပင်။ သူမကတော့ အရင်ကလိုပင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေဆဲပင်။ မျက်လုံးဝိုင်းဝိုင်းလေးများ ပြူးကာ လင်ဝမ်ယိကို ကြည့်နေပြီး အကင်းပါးသည့်ပုံစံလေးလည်း ပေါ်လွင်နေ၏။

"ညီမလေးကလည်း နောက်နေပြန်ပြီ... အစ်မက ဘယ်မှာ ပုန်းနေလို့လဲ..."

ထို့နောက် သူမဘေးတွင် ရပ်နေသော ယင်းကွေ့ဖင်ကို နေရာမှထ၍ ဂါရဝပြုလိုက်ကာ ညင်ညင်သာသာလေး ပြောလိုက်လေသည်။

"ကျွန်တော်မျိုးမ ယင်းကွေ့ဖင်မယ်မယ်ကို ဂါရဝပြုပါတယ်... မယ်မယ် ကျန်းမာပါစေ..."

"ညီမလေးကလည်း အားနာစရာတွေ လုပ်နေပြန်ပြီ... မင်းက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ..."

သူမ ပြောရင်းနှင့် ကိုယ်ကို အနည်းငယ် ကိုင်းကာ ဆွဲထူလိုက်သဖြင့် လင်ဝမ်ယိလည်း မတ်တပ်ရပ်လိုက်သည်။

ယနေ့ ယင်းကွေ့ဖင်၏ ဝတ်စားထားပုံက အနည်းငယ် ကြီးကျယ်ခမ်းနားနေသည်။ အတိတ်တုန်းက နှိမ့်ချပြီး ရိုးရိုးရှင်းရှင်း နေခဲ့သည်နှင့် ယှဉ်လျှင် ယခု သူမ၏ ရာထူးနှင့် ပိုမို ကိုက်ညီနေသလိုပင်။

ကိုယ်ဝန်ရှိနေပြီး ယခုမှ ရာထူးတိုးထားသည် မဟုတ်လား။ ဗိုက်ထဲမှ ကလေးလေး မွေးဖွားလာသည်ကို စောင့်ကြည့်ရုံဖြင့် ဖေး ရာထူးကို အလွယ်တကူ ရနိုင်ပြီဖြစ်၍ သူမသည်လည်း လူတိုင်း အားကျရသည့် သူများထဲမှ တစ်ယောက် ဖြစ်နေတော့သည်။

သူမ၏ ကိုယ်လုံးက ပိန်ပိန် ပါးပါးလေး ဖြစ်နေသည်ကို တွေ့ရပြီး ကိုယ်ဝန်က ငါးလတောင် ရှိနေပြီ ဖြစ်သော်လည်း သေချာ မကြည့်လျှင် တကယ်ကို သိနိုင်မည် မဟုတ်ပေ။

"ကွေ့ဖင်မယ်မယ့် မျက်နှာလေး ကြည့်ရတာ အတော်လေး ကြည်သာနေပါလား... ကြည့်ရတာ သေချာပေါက် စားကောင်းအိပ်ပျော် ဖြစ်နေတဲ့ပုံပဲ..."

လင်ဝမ်ယိအနေဖြင့် ယင်းကွေ့ဖင်အပေါ် မည်သည့်အခါမျှ ရန်လိုသည့် စိတ်ထားမျိုး မရှိခဲ့ဖူးပေ။ သူမအပေါ် ပစ်မှတ်ထားပြီး မတိုက်ခိုက်ခဲ့ဖူးလို့လားပဲ ဒါမှမဟုတ် သူတို့နှစ်ယောက်လုံး လင်ကွေ့ဖေး၏ မျက်လုံးထဲတွင် ဆူးငြောင့်ခလုတ် ဖြစ်နေကြလို့လား မသိ… နှစ်ယောက်လုံးမှာ အချင်းချင်း အနည်းနှင့်အများဆိုသလို သနားကြင်နာမိ၏။

ယင်းကွေ့ဖင်က လင်ဝမ်ယိကို ကြည့်ရင်း အလိုလို ရင်းနှီးချင်စိတ် ပေါက်လာမိသည်။ သူမက ကိုယ်တိုင်ဦးဆောင်၍ လင်ဝမ်ယိ၏ လက်ကို ဆွဲကာ ပြောလိုက်လေသည်။

"ညီမလေးက ဂရုစိုက်ပေးလို့ပါ... ကလေးလေးက သိပ်မဆိုးတော့ အစ်မလည်း နေလို့ထိုင်လို့ ကောင်းတယ်..."

သူမက နူးညံ့စွာ ပြုံးပြလိုက်တော့ မိခင်မေတ္တာများဖြင့် နူးညံ့နေသယောင်။

မုလန်ချွမ်းက သူတို့နှစ်ယောက်ကြားတွင် ရပ်နေသဖြင့် သဘာဝကျကျပင် ဝင်ပြောလိုက်သည်။ သူမက ပြုံးရင်း ယင်းကွေ့ဖင်၏ လက်ကို တွဲကာ ပြောလိုက်လေသည်။

"မမလင် မသိလို့ပါ... ကွေ့ဖင်မယ်မယ်က အရမ်းစားနိုင်တယ်... တစ်နပ်ကို ဖက်ထုပ် ခုနစ်လုံး ရှစ်လုံးလောက် စားနိုင်တယ်... တကယ်လို့ တော်ဝင်သမားတော်ကသာ သားတော်လေး ကြီးထွားလွန်းပြီး မွေးရခက်မှာစိုးလို့ အစားလျှော့စားဖို့ မပြောထားရင်လေ... မယ်မယ်က ပန်းကန်လုံးအကြီးတစ်ပန်းကန်စာလောက်ရှိတဲ့ ဟင်းချိုတွေကိုတောင် အကုန်သောက်ချင်နေတာ..."

မုလန်ချွမ်း၏ စကား အဆုံးတွင် ယင်းကွေ့ဖင်က ဆူဆူပူပူလေးပြောလိုက်သည်။

"မင်းနော်... တစ်နေ့လုံး အပြင်မှာ ငါ အစားမက်တဲ့အကြောင်းပဲ လျှောက်ပြောနေတယ်... နောက်ဆို ယောင်ယွဲ့နန်းဆောင်ထဲ အဝင်မခံဘဲ နေလိုက်မှာနော်... အဲဒီအခါကျရင် ငါ့ကို ဘယ်လိုလာနောက်ဦးမလဲ ကြည့်ရသေးတာပေါ့..."

"ဟုတ်ပါပြီ…မယ်မယ်…ဟုတ်ပါပြီ... ကျွန်တော်မျိုးမ နောက်ဆို လျှောက်မပြောရဲတော့ပါဘူး..."

All Chapters