မိုးကောင်းကင်ဆေးအိုး
Vol. 4 Ch. 326
ယန်ရွှီးသည် ပကတိ ဖန်ဆင်းခြင်း ပညာကို နတ်ဘုရား အဘိုးအိုထံမှ ရရှိခဲ့ခြင်း ဖြစ်ဟန် တူလေသည်။
ထို့ကြောင့် ယန်ရွှီးက ချင်းရွှမ် နတ်တံခါးကို အဖြစ်ဆိုးနှင့် ကြုံတွေ့စေခဲ့သည့် အချိန်တွင် အဘိုးအိုက အရေး မယူနိုင်ခဲ့ခြင်း ဖြစ်ဟန် တူလေသည်။ နတ်ဘုရား အဘိုးအိုသည် မိုးကောင်းကင် အစစ်ဆေး ခံနေရသောကြောင့် မဖြစ်နိုင်ပေ။
နတ်ဘုရား အဘိုးအိုသည် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် အဖြစ်အပျက် အားလုံးကို သိရှိသည့်သူမှာ ယန်ရွှီး တစ်ယောက်သာ ကျန်တော့သည်။
ဆန်းလျန်သည် သူ၏ အတွေးများကို ရင်ထဲတွင်သာ သိမ်းဆည်း ထားလိုက်လေသည်။
နတ်ဘုရား အဘိုးအိုသည် ကွမ်းချင်း နတ်ဘုရား ငါးပါးကို ပိတ်ဆို့ ပေးထားခဲ့သည့် အတွက်သာ ဆန်းလျန်သည် ကျီမော့ တောင်ထိပ်တွင် အဆင်ပြေစွာဖြင့် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်ကို ကူညီရန်အတွက် ကျီမော့တောင်သို့ ချန်ကျန့်မေ ရောက်ရှိ လာရခြင်းမှာလည်း နတ်ဘုရား အဘိုးအို၏ ညွှန်ကြားမှုကြောင့် ဖြစ်လေသည်။
အဘိုးအိုက တစ်လက်စတည်း ရော့ရှီလေးကိုပါ ကူညီခဲ့လေသည်။
ဤအချက်များကို ကြည့်ခြင်းအားဖြင့် နတ်ဘုရား အဘိုးအိုသည် ချင်းရွှမ်နတ်တံခါးကို ဒုက္ခ ပေးလိုသည့် ဆန္ဒမရှိသည်မှာ ထင်ရှားလေသည်။
သို့သော် ထိုက်ဝေ့ထိုင် ခန်းမဆောင်ထဲတွင် တိတ်တဆိတ် တည်ရှိနေသည့် အစိမ်းသရဲမြို့တော် အတွင်းတွင် ရောက်ရှိနေသည့် ချင်းရွှမ် နတ်တံခါးမှ ဆရာသခင် အချို့၏ ဝိညာဉ်များနှင့် ဆရာသခင် ကျန်းရော့ရွှီး ကွယ်လွန်ခဲ့ရသည့် အကြောင်းများကို စဉ်းစားလိုက်မိသည့် အခါတွင်တော့ ဆန်းလျန်၏ စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရလေသည်။
ဆန်းလျန်၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပြေးလွှား နေသော်လည်း ဆန်းလျန်၏ ပုံစံက တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူက ရော့ရှီလေးကို ကျောက်နံရံထက်တွင် ရေးသားထားသည့် ဟွမ်ထင်ကျမ်းစာကို သင်ကြား ပေးနေလေသည်။
သို့သော်... ရော့ရှီကတော့ ဆန်းလျန်တစ်ယောက် စိတ်နှင့်လူနှင့် မကပ်ဖြစ်နေသည်ကို သတိပြုလိုက်မိ လေသည်။ ဆန်းလျန် စိတ်ထဲတွင် မည်သည့် ကိစ္စများ တွေးတောနေသည်လဲ ဆိုသည်ကိုတော့ သူမလည်း သိနိုင်စွမ်းမရှိခဲ့ပေ။
ရုတ်တရက်...
ဆန်းလျန်သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး လက်ဖျောက် တစ်ချက် တီးလိုက်ကာ ဓားဝိညာဉ်တစ်ခုကို ထုတ်လွှတ် လိုက်လေသည်။
ဓားဝိညာဉ်သည် ချင်းရွှမ်နတ်တံခါး၏ အရံအတားကို ထိုးဖောက်ပြီး ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေသည်။ ကောင်းကင်ထက်မှ သန့်စင်သည့် တန်ခိုးစွမ်းအား တစ်ခု ပြုတ်ကျ လာလေသည်။ ဆန်းလျန်က ထိုအရာကို ဖမ်းဆုပ် ထားလိုက်သည်။
သန့်စင်သည့် တန်ခိုးစွမ်းအားကို ဆုပ်ကိုင်လိုက်မိသည်နှင့် ဆန်းလျန်သည် တစ်ခဏမျှ တိတ်ဆိတ် ငြိမ်သက် သွားလေသည်။ ထို့နောက် သူက ဘာမှ မဖြစ်သလို ပုံစံမျိုးဖြင့် ရော့ရှီလေးကို ဆက်ပြီး သင်ကြား ပေးနေလေသည်။
နောက်တစ်နေ့တွင်တော့....
ထိုက်ယီတောင်ထိပ်တွင် ခေါင်းလောင်းသံများ ထွက်ပေါ်လာလေသည်။
ဂိုဏ်းချုပ်က အကြောင်းကိစ္စ တစ်ခုခု ရှိသောကြောင့် လူစုဝေးရန် ခေါင်းလောင်း တီးခတ်ခြင်း ဖြစ်သည်ကို အားလုံး သိရှိလိုက်ကြပြီး ဆရာသခင်များနှင့် တပည့်များ အားလုံး ထိုက်ယီ တောင်ထိပ်သို့ စုဝေးရောက်ရှိ လာကြလေသည်။
ဆန်းလျန်မှာ နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်သွားပြီ ဖြစ်ကြောင်း ချင်းရွှမ်နတ်တံခါးမှ လူများအားလုံးက သိရှိထားကြပြီး ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ကို အားလုံးက ကြောက်ရွံ့ ရိုသေနေကြလေသည်။
လောကနတ်ဘုရား တစ်ပါးဆိုသည်က ကျင့်ကြံသူများ၏ ကျင့်စဉ်လမ်းကို စဉ်းစားဆုံးဖြတ် သင်ပြပေးနိုင်သူ ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးသည် နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်း ရှည်ကြာခဲ့သည့် နတ်ဘုရား ကျောင်းတော်ကြီး တစ်ခုဖြစ်ပြီး နတ်ဘုရား အပါးလေးဆယ် မွေးထုတ် ပေးနိုင်ခဲ့လေသည်။
အဓိက နတ်ဘုရားကျောင်းတော်ကြီး လေးခုတွင် လောကနတ်ဘုရား အများဆုံး ပေါ်ထွက်ခဲ့ရာ ကျောင်းတော်သည် ချင်းရွှမ်နတ်တံခါးပင် ဖြစ်လေသည်။ လောက နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ မည်မျှခက်ခဲကြောင်းကို ကျင့်ကြံသူတိုင်း နားလည် သဘောပေါက် ကြလေသည်။
ဆန်းလျန်သည် အသက်တစ်ရာ မပြည့်ခင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် သွားနိုင်ခဲ့သည်ဟု ကျင့်ကြံသူလောကတွင် သတင်းများ ပျံ့နှံ့နေလေသည်။
သို့သော် ချင်းရွှမ်နတ်တံခါးမှ လူအများကတော့ ဆန်းလျန် ချင်းရွှမ် နတ်တံခါးသို့ စတင်ဝင်ရောက်သည့် အချိန်မှ နတ်ဘုရား ဖြစ်သည့်အချိန်ထိ အနှစ်သုံးဆယ်မျှသာ ရှိသေးသည်ကို အတွင်းကျကျ သိရှိ ထားကြလေသည်။
လုကျိုးယွမ်ပင်လျှင် နတ်ဘုရား အဆင့် တက်ရောက်ရာတွင် ဆန်းလျန်လောက် လျင်မြန်လွန်းခြင်း မရှိပေ။
ကျင့်စဉ်လမ်းကို အနှစ်သုံးဆယ် လျှောက်လှမ်းပြီး နတ်ဘုရားတစ်ပါး ဖြစ်လာသည်ဆိုသည့် အချက်မှာ ယုံနိုင်စရာပင် မရှိပေ။
ဆန်းလျန်သည် ယွမ်ကျိုးနယ်တွင် အနှစ်တစ်သောင်းမှ တစ်ခါ ပေါ်ပေါက်သည့် ပါရမီရှင် တစ်ပါး ဖြစ်လေသည်။ ထိုသို့သော ပါရမီရှင်ကို မည်သူက လွန်ဆန် ဝံ့ပါမည်နည်း။
ချင်းရွှမ်နတ်တံခါးမှ လူအများသည် ဆန်းလျန်ကို လေးစားကြရုံသာမက လွန်ခဲ့ပြီဖြစ်သော ဆရာသခင် ကျန်းရော့ရွှီး၏ ကြိုတင်ခန့်မှန်းချက် များကိုပါ လေးစား နေမိကြလေသည်။ ကျန်းရော့ရွှီးသည် ဆန်းလျန်၏ အလားအလာ ကောင်းများကို သိမြင်ပြီး ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ရာထူးကို အပ်နှင်းခဲ့ခြင်း ဖြစ်လေသည်။
ထို့ပြင် သူတို့သည် ချန်ကျန့်မေကိုလည်း သတိရမိကြလေသည်။ ချန်ကျန့်မေသည် ဟိုင်သန်းအဆင့် အောင်မြင်ပြီး ကတည်းက ချင်းရွှမ်မှ ထွက်ခွာသွားခဲ့ပြီး ချင်းရွှမ်သို့ တစ်ကြိမ် တစ်ခါပင် ပြန်လာခဲ့ခြင်း မရှိပေ။
ချင်းရွှမ်နတ်တံခါးမှ ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ချင်းရွှမ် ခန်းမဆောင် အတွင်းသို့ ဝင်ရောက် လာကြလေသည်။
ဆရာသခင်များအတွက် တစ်ယောက်ထိုင် ကြမ်းခင်းအဝတ်လေးများ ချင်းရွှမ်ခန်းမဆောင်ထဲတွင် ပေါ်လာလေသည်။ ဆရာသခင်များက ကြမ်းခင်းအဝတ်လေးများထက်တွင် အသီးသီးနေရာယူလိုက်ကြလေသည်။ သို့သော် ပိုင်စုဟွမ်၏နေရာမှာတော့ လွတ်လျှက်ရှိလေသည်။
အချို့သော တပည့်များကတော့ ပိုင်စုဟွမ်ကို သတိရမိ ကြလေသည်။ ပိုင်စုဟွမ်ဆိုသည်က ချင်းရွှမ်နတ်တံခါးတွင် သက်တမ်း ရှည်ကြာစွာ ရှိနေခဲ့သည့် ဖော့ဝမ့်အဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါလား။ သို့သော် ပိုင်စုဟွမ်သည် ဂိုဏ်းချုပ်ကို ပုန်ကန်ခဲ့သူ ဖြစ်လေသည်။
ဆန်းလျန်က တောင်အနောက်ဘက်တွင် သူ့ကို အကျဉ်းချထားခဲ့ပြီး သေလား ရှင်လားပင် မသိရတော့ပေ။
"ဆရာသခင် လူစောယိ ၊ သူက မင်းရဲ့တပည့် အသစ်လား"
လူစောယိ နောက်တွင်ပါလာသည့် ချီးစန်းကွမ်းကိုကြည့်ပြီး အခြားသော ဆရာသခင်များက စပ်စုမေးမြန်း ကြလေသည်။ သူတို့အမြင်အရ ထိုသူမှာ ကျင့်စဉ်လမ်းကို လိုက်လျှောက်ရန် အသက်ကြီးနေပြီ ဖြစ်လေသည်။ သို့သော် ထိုသူမှာ တစ်ချိန်တုန်းက ချင်းရွှမ် ခန်းမဆောင်တွင် ဆန်းလျန်က ကျင့်စဉ်များ သင်ပြပေးနေချိန် ရောက်ရှိလာသည့် လူဖြစ်ကြောင်း ကောင်းကောင်း မှတ်မိကြလေသည်။
ဆန်းလျန်က ထိုသူကို လူစောယိထံသို့ ပညာသင်ရန် အပ်ထားလိမ့်မည်ဟု ထင်မှတ် မထားခဲ့ကြပေ။
အချို့က အသက်ကြီးသည့် တပည့်တစ်ယောက်ကို သင်ပြပေးနေရသည့် အတွက် လူစောယိကို သနား နေကြလေသည်။
လူစောယိကလည်း အခြားသော ဆရာသခင်များကို ပြန်လည် နှုတ်ဆက်စကား ဆိုနေလေသည်။
လူစောယိသည် ဟိုင်သန်းအဆင့်ကို ထူးဆန်းစွာဖြင့် တက်ရောက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ သူက ဆန်းလျန်လောက် မတော်သည့် တိုင်အောင် ရှားပါးသည့် အရည်အချင်းကို ပိုင်ဆိုင် ထားလေသည်။ ထို့ကြောင့် လူစောယိ အနေဖြင့် အသုံးမကျ အသက်ကြီးသည့် တပည့်တစ်ယောက် ရထားခြင်းမှာ မသင့်တော်လှဟု ယူဆနေကြလေသည်။
ထိုအချိန်တွင် ချင်းရွှမ် ခန်းမဆောင် အတွင်းသို့ ကူးချိုင်ဝေ့ ဝင်လာလေသည်။
လူအများက သူမကို ယဉ်ကျေး သိမ်မွေ့စွာဖြင့် ဝိုင်းဝန်း နှုတ်ဆက်ကြလေသည်။
ဆန်းလျန် ခရီးထွက်နေသည့် အချိန်များတွင် ကူးချိုင်ဝေ့ကသာ ချင်းရွှမ်နတ်တံခါး၏ ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ပေးရသူ ဖြစ်လေသည်။ ထို့ပြင် ကူးချိုင်ဝေ့သည် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ဖြင့် ဟိုင်သန်းအဆင့် တက်ရောက်ခဲ့သူ ဖြစ်သည့်အတွက် ချင်းရွှမ် နတ်တံခါးတွင် ထိပ်တန်းအဆင့် ဆရာသခင် တစ်ယောက် ဖြစ်လာခဲ့ပြီ။ သူမကို မည်သူမှ မလေးမစား မလုပ်ရဲကြတော့ပေ။
လက်ရှိအချိန်တွင် ချင်းရွှမ် နတ်တံခါး၏ အင်အားစုသည် ဆန်းလျန်နှင့် မျိုးဆက် တစ်ဆက်တည်းမှ လူငယ်များ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်ကြောင်း ဆရာသခင် အများစုက နားလည် ထားကြလေသည်။
ချန်ကျန့်မေ၊ ကူးချိုင်ဝေ့၊ ယန့်ပုကွေးနှင့် လူစောယိ…
သူတို့လေးယောက်လုံးသည် ဆန်းလျန်၏ ဂိုဏ်းတူ မောင်နှမများ ဖြစ်ကြသလို ဆန်းလျန်၏ ဘက်တော်သားများလည်း ဖြစ်ကြလေသည်။ သူတို့လေးယောက်၏ စုပေါင်းအင်အားကို ချင်းရွှမ် နတ်တံခါးတွင် မည်သည့်ဆရာသခင်မှ ဆန့်ကျင်နိုင်ခြင်း မရှိကြပေ။
သူတို့လေးယောက်သာ အနည်းငယ် ကြိုးစားပြီး ကျင့်ကြံမည်ဆိုလျှင် နောက်ထပ် နှစ်ပေါင်းတစ်ရာ အတွင်းတွင် ချင်းရွှမ် နတ်တံခါးတွင် လောကနတ်ဘုရား လေးပါးပင် ပေါ်ထွက် လာနိုင်လေသည်။ ထိုသို့တွေးမိပါက အလွန်မှ အားရ ကျေနပ်ဖွယ်ရာ ဖြစ်လေသည်။
ဆရာသခင်အဆင့် ကျင့်ကြံသူများ အချင်းချင်း နှုတ်ဆက်စကား ဆိုပြီးကြသည်နှင့် သူတို့အားလုံး ဆန်းလျန်ကို တညီတညွတ်တည်း ဂါရဝ ပြုလိုက်ကြသည်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ၊ နှစ်ပေါင်း တစ်သောင်း အသက်ရှည်ပါစေ"
ဆန်းလျန်သည် ကျောက်သလွန်ထက်တွင် ထိုင်နေလေသည်။ သူ၏ ဘေးတစ် ဖက်တစ်ချက်စီတွင် ကျင်းချင်းနှင့် ရော့ရှီတို့ ရပ်နေကြလေသည်။
ဆန်းလျန်က အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
သူ၏အကြည့်က စူးရှထက်မြက်နေပြီး လူတိုင်း၏ စိတ်နှလုံးကို သိမြင်နေသည့် အလား ခံစားလိုက်ကြရလေသည်။ ချင်းရွှမ်ခန်းမဆောင် အတွင်းမှ လူအားလုံးမှာ ဂိုဏ်းချုပ်ဖြစ်သူ၏ မခန့်မှန်း နိုင်လောက်အောင် မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားများကို ကြောက်ရွံ့ သွားကြလေသည်။
"ကျုပ် ဂိုဏ်းချုပ်နေရာ ရယူပြီးကတည်းက ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ် နေခဲ့တယ်၊ ချင်းရွှမ် နတ်တံခါးအတွက် ဘာမှ သိပ်ပြီး အလုပ် လုပ်မပေးခဲ့ရဘူး၊ အဲဒီအတွက် အရင်ဆုံး တောင်းပန်ချင်တယ်၊ ပြီးတော့ လွန်ခဲ့ပြီဖြစ်တဲ့ ဆရာသခင် ကျန်းရော့ရွှီးကိုလည်း အားနာမိတယ်"
ဆန်းလျန်၏ စကားသံသည် နွေဦးလေပြည်လေးအလား အားလုံး၏ စိတ်နှလုံးကို အေးချမ်း သွားစေလေသည်။
"ချင်းရွှမ် နတ်တံခါးကို ဂိုဏ်းချုပ်စပြီး တာဝန်ယူခဲ့ ကတည်းက ချင်းရွှမ်က တိုးတက် လာခဲ့တာပဲ၊ ဒါကို လူတိုင်းသိကြပါတယ်"
တပည့်ငယ် အချို့က ရိုသေစွာဖြင့်ပင် ချက်ချင်း ပြန်ပြောကြလေသည်။ စကားသံများမှာ ချင်းရွှမ် ခန်းမဆောင်ထဲတွင် ဆူညံ သွားလေသည်။
ဆန်းလျန်က လက်တစ်ဖက် ကာပြလိုက်ပြီး လူတိုင်းကို ငြိမ်သက် စေလိုက်သည်။
ဆန်းလျန်သည် တောင်းပန် စကားကို စိတ်ရင်းအမှန်ဖြင့် ဆိုလိုက်ခြင်း ဖြစ်လေသည်။ အမှန်တကယ်လည်း သူသည် ချင်းရွှမ်နတ်တံခါး၏ အရေး ကိစ္စများထက် သူကိုယ်တိုင်၏ အရေးများဖြင့် လုံးထွေး နေခဲ့သည့် မဟုတ်ပါလား။
"အခုအချိန်မှာ ကျုပ်လည်း နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက် သွားခဲ့ပြီဆိုတော့ အချိန်လည်း နည်းနည်း ရလာပါပြီ၊ ဒါကြောင့် မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်ပြီး မှော်ဝင် ပစ္စည်းတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်၊ မှော်ဝင်ပစ္စည်းတွေ ရလာရင် ချင်းရွှမ်အတွက် အဖိုးတန် ပစ္စည်းတွေ ပြန်လည် ပြည့်ဝ လာနိုင်တယ်၊ ခင်ဗျားတို့ အားလုံးလည်း ကိုယ့်ရဲ့ ကုသိုလ်ကံအတိုင်း သင့်တော်တဲ့ မှော်ဝင် ပစ္စည်းကို ရရှိနိုင်မယ်"
ဆန်းလျန်က ဆက်ပြော လိုက်လေသည်။
မိုးကောင်းကင် ဆေးအိုးဆိုသည်မှာ သူ၏ အမည်အတိုင်းပင် မိုးကောင်းကင်မှ ဖန်ဆင်း ပေးထားသည့် ဆေးအိုးတစ်ခု ဖြစ်လေသည်။ ထိုက်ယီ တောင်ထိပ်ကို ဆေးအိုးကဲ့သို့ အသုံးပြုပြီး ဝိညာဉ် စွမ်းအားနှင့် မိုးမြေစွမ်းအား များကို မီးအဖြစ် အသုံးပြုကာ လောက နတ်ဘုရား တစ်ပါး၏ တန်ခိုး စွမ်းအားဖြင့် မှောဝင်ပစ္စည်းများ ပြုလုပ်ပေးခြင်း ဖြစ်လေသည်။ ရရှိလာသည့် ရတနာ ပစ္စည်းတိုင်းသည် အဖိုးတန် ပစ္စည်းများ ဖြစ်လေသည်။
မှော်ဝင်ပစ္စည်းများမှာ ရရှိရန်မှာ အလွန်မှ ခက်ခဲသည့် ကိစ္စ ဖြစ်လေသည်။
ထို့ပြင် ကျိလင် နတ်သမီးမှာလည်း လူပြန်ဝင်စားပြီး နတ်ဘုရား ပြန်ဖြစ်အောင် ကျင့်ကြံ နေခဲ့ရသလို ထိုက်ဝေ့ထိုင်မှ ဆရာဘိုးဘိုးမှာလည်း မိုးကောင်းကင် တရားစီရင်မှုဖြင့် ရင်ဆိုင်နေရသည့် အတွက် ချင်းရွှမ်တွင် မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ် ပေးနိုင်သည့် လောက နတ်ဘုရား မပေါ်ပေါက် ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာခန့်ပင် ရှိခဲ့ပြီဖြစ်သည်။
ယခု ဆန်းလျန်က မိုးကောင်းကင် ဆေးဖိုကို ဖွင့်လှစ်ပေးမည် ဆိုသည့်အခါ ဆရာသခင် များရော တပည့်ငယ်များပါ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွား ကြလေတော့သည်။
***