← Chapters

အစည်းအဝေး ဆွေးနွေးခြင်း

Vol. 4 Ch. 327

အစည်းအဝေး ဆွေးနွေးခြင်း

Vol. 4 Ch. 327

အားလုံးက ပျော်ရွှင်နေကြသည့် အချိန်တွင် ဆန်းလျန်ကတော့ သက်ပြင်းတစ်ချက် မသိမသာ ချလိုက်မိ လေသည်။ ချင်းရွှမ် နတ်တံခါး၏ ဆောင်ပုဒ်ဖြစ်သည့် "အဆင့်မြင့် ကျင့်စဉ်လမ်းကို တက်လှမ်းချင်ပက စိတ်နှလုံးကို အရင်ဆုံး ပြုပြင်ရမည်" ဆိုသည့်အတိုင်း လိုက်နာကြသည့် ကျင့်ကြံသူက အနည်းငယ်သာ ရှိလေသည်။

ထို့ပြင် ကျင့်ကြံသူ အများစုမှာ ဟိုင်သန်း အဆင့်ပင် တက်ရောက်နိုင်ခြင်း မရှိကြပေ။

ထိုသူများသည် တာအိုဆရာ စန်းဝမ့်ကဲ့သို့ပင် အဆုံးသတ်တွင် သေခြင်းတရားဖြင့် ရင်ဆိုင် ကြရမည့်သူများ ဖြစ်လေသည်။

"ကျုပ်က မိုးကောင်းကင် ဆေးအိုးကို ဖွင့်ပေးမယ်ဆိုပေမယ့် ချင်းရွှမ် နတ်တံခါးက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာအတွင်း ဘာတိုးတက်မှုမှ သိပ်မရှိခဲ့ဘူး၊ ဝိညာဉ်စွမ်းအား ပစ္စည်းတွေကလည်း အသုံးပြုရင်းနဲ့ နည်းပါးနေခဲ့ပြီ၊ ချင်းရွှမ်မှာ မိုးကောင်းကင် ဆေးအိုးကို ဖွင့်ရင်တောင် ချင်းရွှမ်မှာ ဝိညာဉ်စွမ်းအား ပစ္စည်းတွေက မလုံလောက်နိုင်သေးဘူး၊ ဒီတော့ မင်းတို့မှာ ဘာအကြံဉာဏ်များ ရှိကြသလဲ"

ဆန်းလျန်က ဆွေးနွေးခြင်းကို စတင်လိုက်သည်။

ယန်ရွှီးကြောင့် ချင်းရွှမ်နတ်တံခါး ဒုက္ခ ရောက်ပြီးသည့် နောက်ပိုင်း ဆရာသခင် ကျန်းရော့ရွှီးသည် ချင်းရွှမ်နတ်တံခါး ပြန်လည် ထူထောင်ရေး အတွက် အလေးထား လုပ်ဆောင် ခဲ့ရလေသည်။

ချင်းရွှမ်နတ်တံခါး အဖက်ဖက်မှ ကျဆင်း နေခဲ့သည့်တိုင် တောင်ပေါ်တွင် ကျင့်ကြံသူ နှစ်ရာ၊ သုံးရာခန့် အနည်းဆုံး ရှိခဲ့လေသည်။ ထိုကျင့်ကြံသူများ အားလုံးသည် မိုးမြေ စွမ်းအားများကို အသုံးပြု ကျင့်ကြံခဲ့ခြင်းများ အပြင် ချင်းရွှမ်မှ ဝိညာဉ်စွမ်းအား ပစ္စည်းများကိုလည်း အသုံးပြု ကျင့်ကြံ ခဲ့ကြလေသည်။ သို့သော် ချင်းရွှမ်နတ်တံခါးတွင် တန်ခိုး စွမ်းအား မြင့်မားသူများ သိပ်လည်းမရှိခဲ့သည့် အတွက် ဝိညာဉ်စွမ်းအား ပစ္စည်းများ ပြန်လည် ရှာဖွေပေးနိုင်သည့် တပည့်များလည်း မရှိခဲ့ကြပေ။ ထို့ကြောင့် ဂိုဏ်းအတွင်းတွင် ဝိညာဉ်စွမ်းအား ပစ္စည်းများကို ဖြည့်တင်း ပေးသူထက် အသုံးပြုသူက ပိုပြီး များပြားနေခဲ့လေသည်။

"အခု ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပါး ဖြစ်သွားပြီပဲ၊ စက္ကန့် အနည်းငယ်အတွင်း ဝိညာဉ် စွမ်းအားတွေကို လိုသလောက် စုစည်းနိုင်တယ် မဟုတ်လား၊ ကျုပ်ကြားဖူးတာတော့ ရွှမ်ထုံ နတ်မိစ္ဆာဘုရင်က နတ်ဘုရား ဈေးပွဲတော်မှာ ဝိညာဉ်စွမ်းအား ပစ္စည်းတွေကို ယိယွမ် ပြဒါးဆေးနဲ့ အလဲအလှယ် လုပ်တယ်လို့ ကြားဖူးတယ်၊ ပြီးတော့ ချင်းရွှမ်ရဲ့ တောင်ထိ ငါးခုကလည်း ယွမ်ကျိုးနယ်မှာ မိုးမြေစွမ်းအားတွေ အပြည့်ဝဆုံးပဲ၊ ဒီတော့ ဂိုဏ်းချုပ်ရဲ့ ဝိညာဉ် စွမ်းအားတွေနဲ့ ချင်းရွှမ် တောင်ထိပ်ငါးခုက မိုးမြေစွမ်းအားတွေ ပေါင်းစပ်ပြီး ယိယွမ် ပြဒါးဆေးတွေ ဖော်စပ်လို့ ရတာပဲ၊ ပြီးရင် အဲဒီ ပြဒါးဆေးတွေနဲ့ နတ်ဘုရား ဈေးပွဲတော်မှာ ဝိညာဉ် စွမ်းအားပစ္စည်းတွေ သွားပြီး လဲလှယ်လိုက်ရုံပဲပေါ့”

တပည့်တစ်ယောက်က အကြံပေးလိုက်ခြင်း ဖြစ်လေသည်။

ထိုတပည့်၏ စကားကြောင့် အခြားသော အားလုံးမှာ စကားမပြောနိုင် ဖြစ်သွား ကြလေသည်။ ချင်းရွှမ်တွင် ဝိညာဉ် စွမ်းအားပစ္စည်းများ ပြတ်တောက် နေသည့်အတွက် ရှက်မိသလို ဖြစ်သော်လည်း ထိုတပည့် ပြောသည့် စကားကို သဘောတူချင် သလိုလို ဖြစ်မိကြလေသည်။

တပည့်များ အားလုံးက ဆန်းလျန်ကို ဝိုင်းပြီး ကြည့်နေကြလေသည်။ ထိုတပည့် ဖြစ်သူ၏ စကားကို ဆန်းလျန် လက်ခံရန်လည်း ကြိတ်ပြီး ဆုတောင်းနေမိသြည်။

ဆန်းလျန်မှာ လောက နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ လောက နတ်ဘုရား တစ်ပါးအတွက် ယိယွမ် ပြဒါးဆေး ဖော်စပ်ရန်မှာ ခက်ခဲသည့် အလုပ်မဟုတ်ပေ။

ဆန်းလျန်ကို အကြံပေးစကား ပြောလိုက်သည့် တပည့်မှာ ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်တစ်ပါးနှင့် ဆွေမျိုးတော်စပ်သူ ဖြစ်လေသည်။ ထို့ပြင် ထိုတပည့်ကို အခြားသော ဆရာသခင်များကလည်း အကူအညီများစွာ ပေးကြလေသည်။ ထို့ကြောင့် သူ၏ ကျင့်စဉ်လမ်းမှာ အခက်အခဲမရှိ ချောမွေ့လျက် ရှိလေသည်။ ထို့ကြောင့် သူက မာန်တက်နေသူ ဖြစ်ပြီး ဆန်းလျန်ကိုပင် သတ္တိရှိစွာဖြင့် အကြံပေးရဲခြင်း ဖြစ်လေသည်။

ထိုသို့ မာန်တက်နေသည့် တပည့်များကြောင့်ပင် ချင်းရွှမ်၏ စန့်ယွမ့် အဆောင်သည် တဖြည်းဖြည်း ကျဆင်းနေရခြင်း ဖြစ်လေသည်။ စန့်ယွမ့် အဆောင်မှ ကျင့်ကြံသူများသည် ကျင့်စဉ်လမ်းကို သိပ်ပြီး အလေးအနက် မထားကြပေ။ သူတို့သည် ဆရာသခင်များနှင့် ဆွေမျိုးတော်စပ်သည့် အတွက်သာ ချင်းရွှမ် နတ်တံခါးတွင် ရောက်ရှိ ကျင့်ကြံနေကြခြင်း ဖြစ်ပြီး သူတို့၏ ဆွေဂုဏ်မျိုး ဂုဏ်များအတွက်လည်း မာန်လည်း တက်လျက် ရှိကြလေသည်။

ထို့ကြောင့် စန့်ယွမ့်အဆောင်မှ တပည့်များ၏ ကိုယ်ကျင့်တရားနှင့် စိတ်နေစိတ်ထား များမှာလည်း ကျေနပ်လောက်စရာ မရှိပေ။

သို့သော် အတိတ် တစ်ချိန်တုန်းကတော့ ချင်းရွှမ် နတ်တံခါး၏ စန့်ယွမ့် အဆောင်တွင် တပည့်ပေါင်း များစွာရှိပြီး အတိုင်းအတာ တစ်ခုအထိလည်း အောင်မြင်မှု ရှိကြလေသည်။ ထို့ကြောင့် စန့်ယွမ့်အဆောင်မှ တပည့်များသည် အုပ်စုဖွဲ့ နေလေ့ရှိကြပြီး ချင်းရွှမ် နတ်တံခါး၏ အရေးကြီးသည့် ဆုံးဖြတ်ချက် များတွင်လည်း လွှမ်းမိုးမှုများ ရှိကြလေသည်။

ယန်ရွှီးက ချင်းရွှမ် နတ်တံခါးကို သွေးချောင်း စီးစေခဲ့သည့် အချိန်တွင် စန့်ယွမ့် အဆောင်မှ ကျင့်ကြံသူများ အများအပြား သေကြေ ပျက်စီး ခဲ့ကြလေသည်။ ထို့ကြောင့် စန့်ယွမ်းအဆောင်မှာ အားနည်း သွားရခြင်း ဖြစ်လေသည်။ မဟုတ်ပါက ဆန်းလျန် ဂိုဏ်းချုပ် အဖြစ် အပ်နှင်းခံရသည့် အချိန်တွင် ဆန့်ကျင်သူများမှာ ဒုနှင့်ဒေးရှိနေမည် ဖြစ်လေသည်။

သို့သော် စန့်ယွမ့် အဆောင်၏ လွှမ်းမိုးမှုက မည်မျှပင် အင်အား ကြီးမားပါစေ လောက နတ်ဘုရား တစ်ပါးကိုတော့ လွှမ်းမိုးနိုင်ခြင်း မရှိပေ။ ချင်းရွှမ်နတ်တံခါးသည် မျိုးဆက် တစ်ခုချင်းစီတွင် လောက နတ်ဘုရားများ ပေါ်ထွက်လေ့ ရှိလေသည်။ ထို့ကြောင့်လည်း ချင်းရွှမ် နတ်တံခါးသည် စန့်ယွမ့် အဆောင်၏ လွှမ်းမိုးမှု အောက်သို့ လုံးလုံးလျားလျား ကျရောက် မသွားရခြင်း ဖြစ်လေသည်။

နတ်ဘုရား တစ်ပါး၏ တန်ခိုးစွမ်းအား ဆိုသည်က အဆုံးမရှိပေ။ လူတစ်စု၊ အုပ်စုတစ်စု အပေါ်တွင် သြဇာလွှမ်းမိုးနိုင်လေသည်။

ထို့ပြင် စန့်ယွမ့်အဆောင်မှ တပည့်များ မည်မျှပင် တော်ပါစေ နှစ်ပေါင်း ငါးဆယ်လျှင် တစ်ခါ ချင်းရွှမ် နတ်တံခါးဖွင့်ပြီး တပည့်ရွေးသည့် အချိန်တွင် ရှယွမ့်အဆောင်သို့ ရောက်ရှိလာသည့် တပည့်များကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ကြပေ။ ဝမ့်ရှင်းလမ်းကို အောင်မြင်စွာ ဖြတ်ကျော် လာနိုင်ကြသည့် ရွေးချယ်ခံရသော တပည့်များသည် မိုးကောင်းကင်မှ ကောင်းချီး ပေးခံရသူများ ဖြစ်ပြီး အရည်အချင်း ပြည့်ဝသူများ ဖြစ်လေသည်။

"မင်းတို့ အားလုံးရဲ့ ဆန္ဒက ဒီအတိုင်း တစ်ညီတစ်ညွတ်ထဲပဲ ဆိုရင်တော့၊ ကျုပ်လည်း ဒီအတိုင်းပဲ လုပ်ပေးရမှာပေါ့"

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

စန့်ယွမ့်အဆောင်မှ တပည့်တစ်ယောက်၏ စကားကို ဆန်းလျန်က ထိုမျှ လွယ်လွယ်ကူကူ လက်ခံ လိုက်လိမ့်မည်ဟု မည်သူမျှ မျှော်လင့် မထားမိကြပေ။ ထို့ကြောင့် သူတို့အားလုံးမှာ ပြောစရာစကား ရှာမရ ဖြစ်နေကြလေသည်။

"မိုးကောင်းကင်က လုပ်သမျှ အလုပ်တိုင်းက အင်အားရှိတယ်၊ ကျင့်ကြံသူတွေ ဆိုတာ ကိုယ့်အားကိုယ်ကိုး ကြရစမြဲပဲ၊ ဂိုဏ်းချုပ်က မင်းတို့အားလုံး အတွက် အစအဆုံး အကုန်လုံး လိုက်ပြီး လုပ်ပေးနေတာကို မင်းတို့က စိတ်ရှင်းရှင်း လိပ်ပြာသန့်သန့်နဲ့ ငုတ်တုတ်ထိုင်ပြီး လက်ခံ နိုင်ကြသလား၊ ဒါဆိုရင် မင်းတို့နေ့တိုင်း မိုးမြေစွမ်းအားတွေ အသုံးပြုပြီး ကျင့်စဉ်တွေ ကျင့်ကြံနေတာ ဘာများ အဓိပ္ပာယ်ရှိဦးမှာလဲ၊ ဒီလိုသာ တစ်ကိုယ်ကောင်းစိတ် ရှိနေမယ်ဆိုရင် ဘယ်တော့မှ ကျင့်စဉ်လမ်း အောင်မြင်နိုင်ကြမှာ မဟုတ်ဘူး၊ ဒီလို စိတ်ဓာတ်မျိုးတွေနဲ့ ဆိုရင် မင်းတို့ အနေနဲ့ လူ့လောကကိုသာ ပြန်သွားပြီး နေသင့်တယ်”

ထိုစကားများကို ပြောလိုက်သူမှ လူစောယိ ဖြစ်လေသည်။

လူစောယိမှာ ဆန်းလျန်ကိုသာ အစအဆုံး အကုန် အားကိုးနေကြသည့် တပည့်များအတွက် စိတ်မထိန်းနိုင်ဘဲ ဝင်ပြောမိလိုက်ခြင်း ဖြစ်လေသည်။

လူစောယိ၏ စကားများကြောင့် တပည့်အများစုမှာ ရှက်စိတ်များ ဝင်လာပြီး ခေါင်းပင် မဖော်ဝံ့ကြတော့ပေ။

သို့သော် ခေါင်းကိုမော့ကာ လိပ်ပြာသန့်သန့်ဖြင့် ရပ်တည်နေနိုင်သည့် တပည့်ဟူ၍ ဆယ်ယောက်ခန့်သာ ရှိလေသည်။ ထိုတပည့်များသည် ကျင့်ကြံသူ စိတ်ထား အပြည့်ရှိသည့် တပည့်များ ဖြစ်ကြောင်း ထင်ရှားလေသည်။ ထိုတပည့်များထဲမှ ခြောက်ဦးမှာ ဆန်းလျန်၊ လူစောယိတို့နှင့် အတူ ချင်းရွှမ်သို့ ရောက်ရှိ လာကြသည့် ရှယွမ့်အဆောင်မှ တပည့်များ ဖြစ်လေသည်။

သူတို့အားလုံးသည် ရုဟွ အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး သိပ်မကြာမီပင် ဟိုင်သန်း အဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာ ရှိသူများ ဖြစ်ကြလေသည်။

သူတို့ထဲမှ တစ်ယောက်မှာ နှင်းပွင့်ထက်ပင် ဖြူစင်သည့် ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူက တပည့်များ ကြားတွင် အလွန်တော်သည်ဟု ထင်ရှားသူ တစ်ယောက် ဖြစ်လေသည်။ ထိုသူမှာ အခြားသူ မဟုတ်ပေ။ အစပိုင်းတွင် လူစောယိနှင့် ပြဿနာတက်ခဲ့သည့် ကျေက်စစ်မင်ပင် ဖြစ်လေသည်။

"ကျုပ်တို့အားလုံး တောင်ပေါ်မှာ ကျင့်ကြံနေကြတဲ့ သူတွေပဲ၊ နေ့တိုင်း မိုးမြေစွမ်းအားတွေကို စုပ်ယူပြီး ကျင့်စဉ် ကျင့်ကြံနေကြတယ်၊ ဒါပေမဲ့ တာအိုကျင့်စဉ်အကြောင်း ဆွေးနွေး တာလောက်နဲ့တော့ ကျုပ်တို့ လိုအပ်ချက်တွေ မပြည့်စုံနိုင်ပါဘူး၊ ထိုင်နေရုံနဲ့လည်း ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူး၊ ဂိုဏ်းချုပ်… ကျုပ်တို့တွေ တောင်အောက်ကို ဆင်းပြီး ဝိညာဉ် စွမ်းအား ပစ္စည်းတွေ ရှာခွင့်ပြုပါ၊ ကျုပ်တို့ ကြိုးစားပြီး ရှာမယ်ဆိုရင် ရှားပါးတဲ့ ပစ္စည်းတွေ အများကြီးရမှာပါ၊ ဂိုဏ်းချုပ်အတွက် အသုံးမဝင်ဘူး ဆိုရင်တောင်မှ အခြားသူတွေ အတွက်တော့ အသုံးဝင်နိုင်ပါတယ်"

ဆန်းလျန်က ကျောက်စစ်မင်၏ စကားကို သဘောတူသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ကျောက်စစ်မင်သည် သူ၏ စကားအတွက် ဂုဏ်ယူစွာဖြင့် မတ်တတ် ရပ်နေခဲ့လေသည်။

"ကျောက်စစ်မင်က ဒီလိုပြောမှတော့ မင်းတို့အားလုံးကို လူ့လောကကို ထွက်ခွာပြီး ဝိညာဉ်စွမ်းအား ပစ္စည်းတွေ ရှာဖွေဖို့ အချိန်သုံးနှစ် သတ်မှတ် ပေးလိုက်မယ်၊ ရှာလို့ရတဲ့ ပစ္စည်းတွေကို ချင်းရွှမ်ကို ပြန်ပြီးယူလာကြပါ၊ အဲဒီ ပစ္စည်းတွေကို ကိုယ်တိုင် သုံးချင်ရင်လည်း သုံးလို့ရတယ်၊ ချင်းရွှမ် နတ်တံခါးအတွက် ပေးအပ်လိုတယ် ဆိုရင်တော့ ဘိုးဘိုးဟုန် ချန်းယာဆီမှာ စာရင်း ရေးသွင်းကြပါ၊ ဘိုးဘိုးဟုန်ချန်းယာက ရရှိလာတဲ့ ဝိညာဉ်စွမ်အား ပစ္စည်းတွေကို ရှာဖွေတွေ့ရှိသူရဲ့ အမည်နှင့်တကွ မှတ်တမ်း တင်ထားပါလိမ့်မယ်၊ ဒါပေမဲ့ လူ့လောကို သွားတဲ့ အခါမှာ မင်းတို့တွေဟာ ချင်းရွှမ်နတ်တံခါးက ဖြစ်တယ် ဆိုတာကို မဖော်ပြမိပါစေနဲ့၊ မင်းတို့ထဲက ဒီစည်းကမ်းကို ဖောက်ဖျက် ခဲ့သူရှိခဲ့ရင် ကျုပ်က မသိဘူးလို့ မထင်နဲ့နော်”

ဆန်းလျန်က ပြောလိုက်လေသည်။

"ဒါပေမယ့် တခြားသူတွေက ကျုပ်တို့ရဲ့ တာအိုကျင့်စဉ်တွေကို ကြည့်ပြီး ချင်းရွှမ်ကမှန်း သိသွားရင် ဘယ်လိုလုပ်မလဲ"

ကျောက်စစ်မင်က ပြန်မေးလိုက်လေသည်။

"ဒါကတော့ သူတို့ကိစ္စပါပဲ၊ ကျုပ်ဖြစ်စေချင်တာက မင်းတို့ကို ချင်းရွှမ် နတ်တံခါးရဲ့ ဂုဏ်ပုဒ်ကို အရမ်းမှီခိုတာမျိုး မဖြစ်စေချင်တာပါ၊ ဒါကိုပဲ စိတ်ထဲ မှတ်ထားကြပါ"

ဆန်းလျန်က လေသံ အေးအေးဖြင့်ပင် ပြန်ပြော လိုက်လေသည်။

ဆန်းလျန်၏ စကားကြောင့် ချင်းရွှမ် ခန်းမဆောင်ထဲမှ တပည့်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား ကြလေသည်။

ဆန်းလျန်က ကျောက်စစ်မင်၏ စကားကို သဘောတူလိုက်ပြီ ဖြစ်လေသည်။

သူတို့သာ ချင်းရွှမ်နတ်တံခါး၏ အမည်နှင့် ဂုဏ်သတင်းကို မှီခိုခြင်းမရှိလျှင် တန်ခိုးစွမ်းအား မြင့်မားသူများနှင့် တွေ့လျှင် အသက်ဆုံးကြရမည် ဖြစ်လေသည်။ စန့်ယွမ့် အဆောင်မှ တပည့်အချို့မှာ တောင်ပေါ်တွင်ပင် တစ်သက်လုံး နေရန် ဆုံးဖြတ် ထားကြသူများ ဖြစ်လေသည်။ တောင်ပေါ်တွင် အဆင်မပြေမှသာ ချင်းရွှမ်နတ်တံခါး၏ ဂုဏ်ပုဒ်ကို အသုံးပြုပြီး လူ့လောကတွင် ရပ်တည်ရန် ဆုံးဖြတ်ထားကြသူများ ဖြစ်လေသည်။

သို့သော် ဆန်းလျန်က ချင်းရွှမ် နတ်တံခါး၏ ဂုဏ်ပုဒ်ကို မဖော်ပြခိုင်းဘဲ လူ့လောကတွင် ဝိညာဉ်စွမ်းအား ပစ္စည်း ရှာဖွေခိုင်းခြင်းက သူတို့ကို ကိုယ့်သေတွင်းကိုယ် တူးခိုင်းသကဲ့သို့ ဖြစ်နေသည်ဟု ခံစားနေကြရလေသည်။

"ဒီအလုပ်ကို မလုပ်ချင်ရင်ရော ရသလား"

တပည့်တစ်ယောက်က မေးလိုက်လေသည်။

ထိုတပည့်မှာလည်း စန့်ယွမ့်အဆောင်မှ တပည့် တစ်ယောက်ပင် ဖြစ်လေသည်။

သူတို့နှင့် ဆွေမျိုးတော်စပ်ခဲ့ကြသူ ဆရာသခင်များသည် ချင်းရွှမ် နတ်တံခါးကို အကျိုးပြုခဲ့ ကြသူများ ဖြစ်လေသည်။ ထို့ကြောင့် သူတို့နှင့် ဆွေမျိုး တော်စပ်သူများက ယန်ရွှီး၏ လက်ချက်ဖြင့် သေဆုံး သွားကြသည့်တိုင် ထိုဆရာသခင်များ ရှာဖွေ ပေးသွားကြသည့် ဝိညာဉ် စွမ်းအား ပစ္စည်းပေါင်း များစွာကို သူတို့က အမွေဆက်ခံနိုင်ခွင့် ရှိနေကြလေသည်။ ထို့ကြောင့် သူတို့က တောင်အောက်ဆင်းကာ ဝိညာဉ် စွမ်းအား ပစ္စည်းများ မရှာဖွေနိုင်လျှင်လည်း ပြဿနာမရှိကြပေ။

ထိုတပည့်မေးသည့် မေးခွန်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ရှင်းလွန်းလေသည်။ သူတို့က တောင်အောက်သို့ သွားကာ ဝိညာဉ် စွမ်းအားပစ္စည်းများ ရှာဖွေခြင်းကို မပြုလုပ်လိုကြပေ။

***

All Chapters