← Chapters

ကျင့်စဉ်လမ်းကိုနားလည်ခြင်း

Vol. 4 Ch. 328

ကျင့်စဉ်လမ်းကိုနားလည်ခြင်း

Vol. 4 Ch. 328

ကျုပ်တို့အားလုံးက ကျင့်ကြံသူတွေပဲ၊ သဘာဝတရားကို အလေးထားကြတဲ့ သူတွေပဲ မဟုတ်ဘူးလား၊ ကျုပ်က ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်ဆိုပေမယ့် ဘာကိုမှ ဖိအားပေးပြီး မလုပ်ခိုင်းပါဘူး၊ ဒီအလုပ်ကို မင်းတို့ ဆန္ဒရှိမှသာ လုပ်နိုင်ပါတယ်”

ထိုတပည့်၏ အမေးကို ဆန်းလျန်က ဖြေကြားလိုက်သည်။

ဆန်းလျန်၏ စကားကြားရမှ တပည့်များမှာ စိတ်သက်သာရာ ရသွားကြလေသည်။ အချို့ကျင့်ကြံသူများက ချင်းရွှမ် နတ်တံခါး၏ ဂုဏ်ပုဒ်ကို မသုံးဘဲ လူ့လောကသို့ သွားလျှင် အသက်အန္တရာယ် ရင်ဆိုင်ရမည်ကို စိတ်ပူနေကြလေသည်။

ဆန်းလျန်က တပည့်များ၏ ခံစားချက်များကို ဂရုစိုက်မနေတော့ပါ။

"ဘိုးဘိုးဟုန်၊ ကျွန်တော် ပေးထားတဲ့ တာဝန်ကို လုပ်ပြီးသွားပါပြီလား”

ဆန်းလျန်က ဟုန်ချန်းယာကို မေးလိုက်သည်။

ဟုန်ချန်းယာသည် ချင်းရွှမ် နတ်တံခါးတွင် အဆင့်မြင့် ဆရာသခင်တစ်ပါး ဖြစ်ပြီး ညာဘက်ခြမ်းရှိ ဒုတိယမြောက် ကြမ်းခင်း အဝတ်ထက်တွင် ထိုင်နေလေသည်။

လူတိုင်းက ဟုန်ချန်းယာထံမှ အဖြေကို အာရုံစိုက် နေကြလေသည်။ သူတို့က ဟုန်ချန်းယာကို ဂိုဏ်းချုပ်က မည်သည့် တာဝန်များ ပေးအပ်ထားသည်ကို သိချင်နေကြသည်။

ဟုန်ချန်းယာက မတ်တတ် ရပ်လိုက်ပြီး ဆန်းလျန်ကို ဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ် ညွှန်ကြားတဲ့အတိုင်း အကုန် လုပ်ထားပါတယ်၊ တပည့်တွေရဲ့ အမွေဆက်ခံမှု အလိုက် ထည့်ဝင်ထားတဲ့ ဝိညာဉ် စွမ်းအား ပစ္စည်းတွေကို စာရင်း ပြုစုထားပါတယ်"

ဟုန်ချန်းယာက လက်ဖျောက် တစ်ချက် တီးလိုက်လေသည်။

ချင်းရွှမ် ခန်းမဆောင်ထဲတွင် အလင်းနံရံကြီး တစ်ခု ပေါ်လာပြီး ထိုအလင်းနံရံကြီးထက်တွင် စာရင်းတစ်ခုကို ဖော်ပြထားလေသည်။ တပည့်တစ်ဦးချင်းစီ၏ အမည်နှင့် သူတို့ အမွေ ဆက်ခံပိုင်ခွင့်ရှိသည့် ဝိညာဉ် စွမ်းအားပစ္စည်းများကို မှတ်တမ်း တင်ထားခြင်း ဖြစ်လေသည်။

အလင်းရောင် နံရံကြီးမှာ အလွန်ကြီးမားပြီး ဆရာဘိုးဘိုး ဟုန်ချန်းယာ၏ တန်ခိုးစွမ်းအား မြင့်မားမှုကို ဖော်ပြနေလေသည်။

ဟုန်ချန်းယာသည် ကျိဝေ့တုန်း ကျင့်စဉ် အဖြေကို ကျင့်ကြံထားသူ တစ်ယောက် ဖြစ်ပြီး တန်ခိုးစွမ်းအား မြင့်မားသူ လည်းဖြစ်လေသည်။ ထို့ပြင် စန့်ကုန်းထန် အဆောင်ကို အုပ်ချုပ်ရသည့် ဆရာသခင် တစ်ပါးလည်း ဖြစ်သည့်အတွက် ဆန်းလျန်က ထိုကဲ့သို့ စာရင်းပြုစုရန် တာဝန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"ဂိုဏ်းချုပ် ဒါက ဘာအဓိပ္ပါယ်လဲ"

ဆရာသခင်အချို့က ဆန်းလျန်ကို မေးမြန်း လိုက်ကြလေသည်။

ဆန်းလျန်က ဆရာသခင်များ၏ အမေးကို အေးဆေးစွာပင် အဖြေပေးလိုက်သည်။

"အရင်က စုဆောင်းထားခဲ့တဲ့ ဝိညာဉ်စွမ်းအား ပစ္စည်းတွေရဲ့ စာရင်းတွေပါ၊ အားလုံးကို သိစေချင်လို့ပါ၊ အရင်တုန်းက ဝိညာဉ်စွမ်းအား ပစ္စည်းတွေ ဘယ်လောက်ရှိတယ် ဆိုတာရယ်၊ ဘယ်လောက်သုံးပြီးပြီလဲ ဆိုတာရယ်၊ မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ဘယ်လောက်အထိ ထပ်ပြီး ရှာဖွေနိုင်ခဲ့လဲ ဆိုတာတွေကို ဖော်ပြပေးထားပါတယ်”

ဆန်းလျန်သည် သူ၏ ဂိုဏ်းသားများ အပေါ်တွင် ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုခဲ့ခြင်း မရှိပါ။ ယခင်က ပတ်သက်ရာ ပတ်သက်ကြောင်း ဆရာသခင်များ စုဆောင်း ပေးသွားသည့် ဝိညာဉ်စွမ်းအား ပစ္စည်းများ အားကိုးဖြင့် သူတို့၏ အချိန်ကို ဖြုန်းတီးနေသော တပည့်များကိုလည်း အပြစ်မတင်ခဲ့ပါ။ သူက အရာအားလုံးကို ပွင့်လင်း မြင်သာစွာ ကြည့်ရှုစေရန် စာရင်း ဖော်ပြပေးပြီး ကိုယ်ပိုင် ခံယူချက်ဖြင့် တွေးတော ဆင်ခြင်စေခဲ့ခြင်းသာ ဖြစ်လေသည်။

အကယ်၍ အရာရာကို လျစ်လျူရှုပြီး တစ်ကိုယ်ကောင်း ဆန်သည့် စိတ်ထားများ ရှိနေပါက ထိုတပည့်မျိုးသည် တာအို ကျင့်ကြံသူ စိတ်ထားရှိသည့် တပည့်မျိုး မဟုတ်ကြပေ။

သို့သော် ဆန်းလျန်က ထိုသို့သော တာဝန်ယူစိတ် မရှိသည့် တပည့်များကိုလည်း ချင်းရွှမ် နတ်တံခါးမှ နှင်ထုတ်မည် မဟုတ်သလို အသိတရား ရလာစေရန်လည်း နားချမည် မဟုတ်ပါ။ ဆန်းလျန်က အဖြစ်အပျက်များကို ကျိုးသင့်ကြောင်းသင့် ထောက်ပြပေးခြင်းသာ ဖြစ်ပြီး အသိတရား မရလာလျှင်လည်း မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။

သို့သော် ဆန်းလျန် ပြသခဲ့သည့် စာရင်းများကိုတွေ့မြင်ပြီး လူ့လောကသို့ ထွက်ခွာကာ ဝိညာဉ်စွမ်းအား ပစ္စည်းများ ရှာဖွေပေးလိုသည်ဟု တပည့် အတော်များများက ဝန်ခံခဲ့ကြလေသည်။

သို့သော်... မည်သည့် စကားမှ ဝင်မပြောဘဲ တုံနှိဘာဝေ လုပ်နေသည့် တပည့်အချို့လည်း ရှိနေခဲ့ကြလေသည်။

ထို့နောက်တွင်တော့…

ဆန်းလျန်က တပည့် တစ်ယောက်ချင်းကို ခေါ်ယူကာ သူတို့၏ ကျင့်စဉ်လမ်းနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို သုံးသပ်ပေးကာ သင်ပြမှုများကို ပြုလုပ်ပေးလေသည်။

ထို့နောက် တပည့်များ အားလုံးကို ချင်းရွှမ် ခန်းမဆောင်မှ ပြန်လွှတ်လိုက်လေသည်။

ဆန်းလျန်သည် တပည့်တိုင်း၏ ကျင့်စဉ်လမ်း အခက်အခဲများကို ထောက်ပြပေးခဲ့ပြီး အဖြေပေးခဲ့ခြင်း မရှိသော်လည်း သူတို့ကိုယ်တိုင် ဖြေရှင်းရန် လမ်းပြ ပေးခဲ့သည်။ တပည့်များမှာလည်း ပျော်ရွှင် ဝမ်းမြောက် သွားကြပြီး ဆန်းလျန်ကို လေးစားသည်ထက် လေးစား လာကြလေသည်။

ဆရာသခင်များပင်လျှင် ဆန်းလျန်၏ သင်ပြပေးမှုကို နားလည် ထောက်ခံ ခဲ့ကြလေသည်။

ဆန်းလျန်နှင့် နောက်ဆုံး တွေ့ဆုံရသည့် တပည့်မှာ ချီးစန်းကွမ်း ဖြစ်လေသည်။

ဆန်းလျန်က တမင်သက်သက် ချီးစန်းကွမ်းကို နောက်ဆုံးမှ တွေ့ဆုံခြင်း ဖြစ်လေသည်။

ချီးစန်းကွမ်းသည် ဆန်းလျန်ကို သူ၏ ဒုတိယမိဘသဖွယ် ရိုသေ လေးစားသူ ဖြစ်လေသည်။ သူက ဆန်းလျန်ရှေ့တွင် ဒူးထောက် လိုက်ပြီး လေးစားစွာဖြင့် ဦးသုံးကြိမ်ချကာ ဂါရဝ ပြုလိုက်လေသည်။

ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်က သူ့ကို မတားဆီးတော့ပါ။ သူ့အနေဖြင့် ကန်တော့ ခံထိုက်သူတစ်ဦး ဖြစ်ခဲ့ပြီဟု ယူဆထားပြီ ဖြစ်လေသည်။

"အခုဆို ချင်းရွှမ် ရောက်နေတာ အတော်ကြာခဲ့ပြီ၊ ကျင့်စဉ်လမ်းမှာ တိုးတက်မှုရှိရဲ့လား”

ဆန်းလျန်က ချီးစန်းကွမ်း၏ ဂါရဝပြုမှုကို ခံယူပြီးမှ အေးချမ်းစွာဖြင့် မေးလိုက်သည်။

"ဆရာသင်ပေးထားတဲ့ အတွင်းအား ကျင့်စဉ်ကိုပဲ ကျင့်ကြံ နေပါတယ်၊ ဒါပေမဲ့ လေ့ကျင့်တဲ့အခါ တပည့်ရဲ့ သွေးကြောတွေက ပူနွေးလာတယ်လို့ ခံစားရပြီး သွေးကြော ဆုံချက်နေရာတွေ ဖောင်းပွလာသလို ခံစားရပါတယ်"

ဆရာသခင်များမှာ ချီးစန်းကွမ်း၏ စကားကြောင့် တအံ့တသြ ဖြစ်သွားကြလေသည်။ ချီးစန်းကွမ်း ခံစားနေရသည်မှာ ကျင့်စဉ်လမ်း အဆင့်တက်တော့မည့် လက္ခဏာများ ဖြစ်လေသည်။

ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း...

"မင်းက အသက်ကြီးမှ ကျင့်စဉ်လမ်းကို လျှောက်ခဲ့ပေမယ့် တန်ခိုးစွမ်းအားတွေ တဖြည်းဖြည်း ရလာခဲ့ပြီ၊ အချိန်တိုလေး အတွင်းမှာပဲ ကျင့်စဉ်လမ်း အဆင့်တက်မယ့် လက္ခဏာတွေ ပြနေပြီ၊ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာက တိုးတက်မှု မရှိဘူး ဖြစ်နေတယ်၊ ဒါကြောင့် သွေးကြောတွေ ပူနွေးလာပြီး သွေးကြော ဆုံချက်တွေ ဖောင်းပွလာသလို ခံစားရတာပဲ၊ ဘာလို့လဲဆိုတော့ မင်းရရှိထားတဲ့ တန်ခိုးစွမ်းအား ဒဏ်ကို ခန္ဓာကိုယ်က မခံနိုင်ဘူး၊ မင်းရဲ့ တန်ခိုးစွမ်းအားက အရမ်းများလာပြီး ရုပ်ခန္ဓာက မလိုက်နိုင်ရန် တန်ခိုးစွမ်းအားက သွေးကြောတွေကို ညှစ်သလို ဖြစ်ပြီး သွေးကြောတွေ ပေါက်ကုန်နိုင်တယ်”

ဆန်းလျန်၏ စကားကို အခြားသော ဆရာသခင်များက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံ ကြလေသည်။

"တပည့် နားမလည်ပါဘူး၊ ဆရာပြောနေတာ တပည့်က နတ်ဘုရား တစ်ပါး ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူးလို့ ဆိုလိုတာလား”

ချီးစန်းကွမ်းက မေးလိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း...

"မင်းက ရည်မှန်းချက် ကြီးတယ်၊ ဒါပေမယ့် လက်ရှိ အနေအထားအရ ဆိုရင်တော့ နှစ်ပေါင်း တစ်ထောင် ကျင့်ကြံလည်း နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ မလွယ်သေးဘူး၊ ဒါပေမဲ့ မျှော်လင့်ချက် မရှိတာတော့ မဟုတ်ဘူး၊ ပြဿနာရှိရင် အဖြေဆိုတာ ရှိမှာပဲ၊ မင်းရဲ့ ရုပ်ခန္ဓာပိုပြီး ကြံ့ခိုင်လာအောင် လုပ်ဖို့နည်းလမ်းပဲ ရှိနိုင်တယ်၊ ကျုပ်သိထားတဲ့ နည်းလမ်း တစ်ခုတော့ ရှိတယ်၊ အဲဒါက ကူညီကောင်း ကူညီနိုင်ပါလိမ့်မယ်”

"အဲဒီ နည်းလမ်းက ဘာများလဲ၊ သိခွင့်ရှိနိုင်မလား ဆရာ”

ချီးစန်းကွမ်းက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

ဆန်းလျန်က တည်ကြည်သော လေသံဖြင့်...

"ဒီနည်းလမ်းက စစ်မှန်တဲ့ တာအို ကျင့်စဉ်လမ်းတော့ မဟုတ်ဘူး၊ ကျုပ်လည်း အမှတ်မထင် သိရှိခဲ့ရတာ၊ အဲဒီကျင့်စဉ်က ရုပ်ခန္ဓာ ကြံ့ခိုင်မှုအတွက် အရမ်း အသုံးဝင်တယ်၊ ကျင့်စဉ်လမ်း အောင်မြင် သွားတဲ့ အခါမှာလည်း မူလဝိညာဉ် ခန္ဓာရအောင် ကျင့်ကြံစရာ မလိုဘဲ နတ်ဘုရား တစ်ပါးအဖြစ် တက်လှမ်း နိုင်မယ်၊ ရုပ်ခန္ဓာကိုလည်း ပြန်ပြီး ငယ်ရွယ် နုပျိုသွားစေတယ်၊ ဒါပေမဲ့ ဒီကျင့်စဉ်ကို ကျင့်ကြံမယ် ဆိုရင် အန္တရာယ်တော့ များတယ်၊ မင်းစိတ်ဝင်စားရင် ကျုပ်သင်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ ကျင့်စဉ်ကို နည်းနည်းလေး လွဲမှားပြီး ကျင့်ကြံမိတာနဲ့ တစ်ခါတည်း အမှုန့် ဖြစ်သွားနိုင်တယ်၊ ဒါမှမဟုတ် ရုပ်ပျက် သွားနိုင်တယ်၊ ဒါကြောင့် ဒီကျင့်စဉ်ကို မကျင့်ကြံခင် အရင်ဆုံး သေသေချာချာ စဉ်းစားသင့်တယ်၊ အခုချိန်မှာတော့ အတွင်းအားကိုပဲ သေချာလေ့ကျင့်ပြီး စိတ်ကို တည်ငြိမ်အောင် ထားပါ၊ ချင်းရွှမ်ဟာ မိုးမြေစွမ်းအားတွေနဲ့ ပြည့်ဝနေတဲ့ နေရာတစ်ခုပဲ၊ နောက်ထပ် အနှစ် ခုနစ်ဆယ် ရှစ်ဆယ်တော့ မင်းအတွက် အသာလေး အသက်ရှည်ဦးမှာပါ၊ ဒီတော့ စဉ်းစားရမယ့်အချိန်တွေ အများကြီး ရှိပါသေးတယ်၊ သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ”

ဆန်းလျန်က စကားဆုံး သွားသည်နှင့် လေပွေတစ်ခု ဖန်ဆင်းကာ ချီးစန်းကွမ်းကို ချင်းရွှမ် ခန်းမဆောင် အပြင်ဘက်သို့ ပို့ဆောင် ပေးလိုက်လေသည်။

ယခုတော့ ချင်းရွှမ် ခန်းမဆောင်ထဲတွင် ဟိုင်သန်းအဆင့်နှင့် အထက် ဆရာသခင်များသာ ကျန်ရစ် ခဲ့ကြလေသည်။ ဆရာသခင်များ အားလုံးသည် ခန်းမဆောင်ထဲတွင် ကိုယ်ကို မတ်မတ်ထားကာ ထိုင်နေကြရင်း ဆန်းလျန်ပြောမည့် စကားကို နားစွင့်နေကြလေသည်။

ဆန်းလျန်က….

“ကျုပ်တို့ ချင်းရွှမ်နတ်တံခါးဟာ နှစ်ပေါင်းရာနဲ့ ချီပြီး ကျဆင်း နေခဲ့တယ်၊ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ တောင်ပေါ်က ဆင်းသွားပြီးတဲ့ နောက်ပိုင်းမှ ဂုဏ်သိက္ခာကို ပြန်တက် လာခဲ့တယ်၊ ဒါပေမဲ့ အချို့သူတွေက ချင်းရွှမ် နတ်တံခါးကို ကျဆင်းနေဆဲပဲလို့ ထင်မြင် နေကြတုန်းပဲ၊ ဒါကြောင့်လည်း ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ကျုပ်တို့ ရရှိထားတဲ့ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုရဲ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ကြိုးစားခဲ့တာပဲ၊

ဒါပေမယ့် မကြာခင်ကပဲ ဆရာဘိုးဘိုးရဲ့ အကူအညီနဲ့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို တွန်းလှန်နိုင်ခဲ့တယ်၊ ကျုပ်လည်း နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ခဲ့တော့ ကျင့်ကြံသူ လောကမှာ ချင်းရွှမ်နတ်တံခါးကို ပြန်ပြီး အသိအမှတ် ပြုလာကြပြီ”

ဒါပေမယ့် ဆရာဘိုးဘိုး ကွယ်လွန်သွားတော့ ချင်းရွှမ်ဟာ အင်အား နည်းသွား ပြန်တယ်၊ ဆရာဘိုးဘိုး ကွယ်လွန်သွားတဲ့ အချိန် ကျုပ်က နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့ အတွက် နည်းနည်းတော့ ခံသာတယ်လို့ ပြောလို့ရပေမယ့် ကျုပ်ကလည်း နတ်ဘုရား ဖြစ်ကာစပဲ ရှိသေးတယ်၊ တခြား နတ်ဘုရားတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်သေးဘူး၊

ဒါကြောင့် ကျုပ်တို့အားလုံး ပူးပေါင်းပြီး ချင်းရွှမ် နတ်တံခါး တိုးတက်အောင် ဆောင်ရွက် ကြရမယ်၊ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ဖော့ဝမ့် အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါးဟာ ပျောက်ချင်းမလှ ပျောက်သွား ကြတယ်လို့ သတင်းရတယ်၊ ခုချိန်မှာ ကွမ်းချင်းနတ်ဘုရား ဂိုဏ်းဟာ ကျုပ်တို့ကို အာရုံ မစိုက်နိုင်တော့ဘူး၊ သူတို့ ပြဿနာနဲ့ သူတို့ ရှုပ်ထွေးနေလောက်ပြီ၊ ဒီအချိန်က ကျုပ်တို့အတွက် အောင်မြင်မှုရအောင် ကြိုးစားရမယ့် အချိန်ကောင်းပဲ၊ အစ်ကို ချန်ကျန့်မေကလည်း နောက်နှစ် အနည်းငယ်ဆိုရင် နတ်ဘုရား တစ်ပါး ဖြစ်လာတော့မယ်၊

ဒါပေမယ့် ငြိမ်းချမ်းတဲ့ အချိန်တွေ ကုန်လွန် သွားတဲ့အခါ မိုးကောင်းကင် တရားစီရင်မှု ရောက်လာမှာကို ကျုပ် စိုးရိမ်မိတယ်၊ ပြီးတော့ မိုးကောင်းကင် တရားစီရင်မှု ဆိုတာ ရှောင်လွှဲနိုင်တဲ့ အရာမဟုတ်ဘူး၊ ဒါကြောင့် ကျုပ်က မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်ဖို့ ဆုံးဖြတ် လိုက်တာပဲ၊ ကျုပ်က ချင်းရွှမ် နတ်တံခါးကို ဘက်ပေါင်းစုံက တိုးတက် လာစေဖို့ ရည်ရွယ် ထားတယ်၊ ဆရာသခင်တွေ အားလုံးလည်း နတ်ဘုရားတစ်ပါး အဖြစ် တက်ရောက်နိုင်ခြင်း မရှိသေးရင်တောင်မှ ကိုယ်ကျင့်တရား ကောင်းမွန်စွာ နေထိုင်ပြီး တာအိုကျင့်ကြံသူ စိတ်ထားကို မပျက်စီး ကြပါစေနဲ့၊ တကယ်လို့ ကျင့်ကြံသူ စိတ်ထားသာ ပျက်စီးခဲ့မယ် ဆိုရင် မိုးကောင်းကင် တရားစီရင်မှုနဲ့ ရင်ဆိုင်ရလို့ ကျဆုံးခဲ့ရင် လူပြန်ဝင်စားပြီး ကျင့်စဉ်လမ်းကို လျှောက်လှမ်း နိုင်ကြမှာ မဟုတ်တော့ဘူး”

***

All Chapters