← Chapters

ဆရာဘွားဘွား

Vol. 4 Ch. 329

ဆရာဘွားဘွား

Vol. 4 Ch. 329

ဆရာသခင်များက သူပြောသည့် စကားများကို အလေးအနက်ထားကာ နားထောင် နေကြလေသည်။

ကျင့်စဉ်လမ်းဆိုသည်က စတင် လျှောက်လှမ်းကတည်းက သဘာဝတရားကို ဆန့်ကျင်သည့် နည်းလမ်းပင် ဖြစ်လေသည်။ ထို့ကြောင့် မိုးကောင်းကင် တရားစီရင်မှုကို ခံရသည်မှာ အဆန်း မဟုတ်ပေ။ သို့သော် ကမ္ဘာ့ကပ်ဘေးကြီးကို ရင်ဆိုင်ရမည် ဆိုလျှင်တော့ မိုးကောင်းကင် တရားစီရင်မှုနှင့် တူညီနိုင်မည် မဟုတ်ပေ။ ကျင့်ကြံသူအားလုံး ဒုက္ခ ရောက်ကြရမည် ဖြစ်လေသည်။

ကမ္ဘာ့ကပ်ဘေးကြီးနှင့် ပတ်သက်ပြီး လုကျိုးယွမ်ကလည်း ပြောခဲ့သည့် စကားတစ်ခွန်း ရှိလေသည်။

“ကျင့်ကြံသူများသည် ကမ္ဘာကြီး၏ အနာဖေးများကဲ့သို့ ဖြစ်ကြပြီး အချိန်တန်လျှင် အများစုသည် ဖယ်ရှားခံကြရမည်”

ဟူ၍ ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းကလည်း အင်အား ကြီးမား လာလေသည်။ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း အင်အားကြီးမား လာသည်နှင့်အမျှ သူတို့က တာအို ဂိုဏ်းများနှင့် ဗုဒ္ဓဘာသာ ဂိုဏ်းများကို ဖြည်းဖြည်းချင်း သုတ်သင် ရှင်းလင်း လာခဲ့ကြသည်။

သို့သော် လက်ရှိအချိန်တွင် ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းသည် ယခင်ကလောက်တော့ အင်အား ကြီးမားခြင်း မရှိသေးပေ။

ယခင်က သူတော်စင် ထျန်းကျီက ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းကို စတင် တည်ထောင်ခဲ့ပြီး သူ၏ တာအိုကျင့်စဉ်များကို ဖြန့်ဝေ ပေးခဲ့လေသည်။ ထိုအချိန်က ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း၏ အောင်မြင်မှုက အလွန်မှ ကြီးမားခဲ့လေသည်။

လောကတွင် အထွတ်ထိပ်ကို ရောက်ရှိပြီးလျှင် ပြန်လည် ကျဆင်း သွားရသည်မှာ ဓမ္မတာပင် ဖြစ်လေသည်။

ထို့ကြောင့်ပင် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုသည် မည်မျှ အင်အား ကြီးမားပါစေ မလိုအပ်ဘဲနှင့် သူတို့၏ သြဇာအာဏာကို အသုံးပြုကာ ကျင့်ကြံသူလောကကို လွှမ်းမိုးရန် မကြိုးစားကြခြင်း ဖြစ်လေသည်။

ဆန်းလျန်နှင့် စကား အနည်းငယ် ပြောကြားပြီးသည့်နောက် ဆရာသခင်များလည်း အသီးသီး ပြန်သွား ကြလေသည်။ ဆန်းလျန်နှင့် စကားပြောပြီး နောက်ပိုင်း သူတို့အားလုံးသည် မိုးကောင်းကင် တရားစီရင်မှုကို ရင်ဆိုင်ရန်အတွက် ပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားရန် သတိဝင် သွားကြလေသည်။

နောက်ဆုံးတော့ ချင်းရွှမ်ခန်းမဆောင် ထဲတွင် ကူးချိုင်ဝေ့၊ ကျင်းချင်း၊ ရော့ရှီတို့သာ ကျန်ရစ် ခဲ့ကြလေသည်။

"အစ်မ၊ ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလားဟင်"

ဆန်းလျန်က ကူးချိုင်ဝေ့ကို ပြောလိုက်သည်။

ဆန်းလျန်စကားကြောင်း ကူးချိုင်ဝေ့က ရယ်မောလိုက်ရင်း…

"ဘာကူညီရမလဲ ပြော…"

ကူးချိုင်ဝေ့သည် ဟိုင်သန်းအဆင့် အောင်မြင်ပြီးသည့် အပြင် လေစွမ်းအား သားရဲဖြင့် ဖော်စပ်ထားသည့် နတ်အသက်ရှည် ဆေးကိုလည်း စားသုံးထားသဖြင့် အလွန် အသက်ရှည်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့လေပြီ။ ဟိုင်သန်း အဆင့်အောင်မြင်ပြီး နောက်ပိုင်း သူမ၏ ကျင့်စဉ်လမ်းမှာလည်း အလွန်လျင်မြန်သည့် အရှိန်အဟုန်ဖြင့် တိုးတက် နေခဲ့လေသည်။

"အနောက်ဘက် မိုင်ပေါင်း သုံးထောင် အဝေးမှာ ဖုန်းကျားဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်၊ အဲဒီမှာ ဖုန်းချင်းယန်ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ်၊ သူ့အဖေက အခု ဝက်ဝံတစ်ကောင်နဲ့ တိုက်ခိုက်ရင်း သေလုမျောပါး ဒဏ်ရာရထားတယ်၊ အစ်မက သူ့အဖေအတွက် ပြဒါးဆေးနည်းနည်း ယူသွားပေးပါ၊ ပြီးတော့ ဖုန်းချင်းယန်ကိုလည်း ကျွန်တော်တို့ရဲ့ အတွင်းအား ကျင့်စဉ်တွေကို သင်ကြား ပေးလိုက်ပါ၊ သူက သူ့အဖေကို ဂါရဝပြုပြီးရင်တော့ အဲဒီကောင်လေးကို တောင်ပေါ်ကို တစ်ခါတည်း ခေါ်လာခဲ့ပါ၊ အစ်မ သွားရမယ့်နေရာ အသေးစိတ် အတိအကျကို ကျွန်တော် စိတ်စွမ်းအားနဲ့ ပြောပြပေးပါ့မယ်"

ဆန်းလျန်က သိမ်မွေ့စွာပြောလိုက်သည်။

"ဒီအလုပ်က လွယ်လွယ်လေးပဲ"

ကူးချိုင်ဝေ့က ဆန်းလျန်ကို ချစ်ခင်စွာကြည့်ရင်း ပြောလိုက်လေသည်။

"တကယ်တော့ အဲဒီကလေးက အစ်မနဲ့ ပတ်သက် နေတဲ့သူပါ၊ သူက အရင်ဘဝက လေစွမ်းအား သားရဲတစ်ကောင် ဖြစ်ခဲ့တယ်၊ သူ့ကို တောင်ပေါ် ခေါ်လာရင်လည်း အစ်မရဲ့ တပည့်အဖြစ် လက်ခံပေးပါနော်၊ ဒါ ကံတရားအတိုင်း သံသရာလည်ခြင်းပါပဲ"

ဆန်းလျန်က ပြောလိုက်လေသည်။

ကူးချိုင်ဝေ့သည် ယခုမှ ဆန်းလျန် ဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက် သွားလေသည်။ သူမ၏ မောင်ငယ်သည် သူမ၏ အကျိုးအတွက် အမြဲတမ်း စိတ်ထဲတွင် စဉ်းစားပေးနေသူ ဖြစ်လေသည်။ သံသရာလည်ခြင်းများနှင့် နောင်အနာဂတ်တွင် အရှုပ်အရှင်းများ မရှိစေရန် အစစအရာရာ စီစဉ်ထားခဲ့လေသည်။

ကူးချိုင်ဝေ့က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…

"မောင်လေး၊ ပြောစရာတစ်ခုခုများ ရှိနေသေးလား"

ဆန်းလျန်က နှုတ်ခမ်းလေးများတွန့်ကာ ပြုံးလိုက်သည်။ ထိုအပြုံးသည် အလွန်မှ နှစ်သက်ဖွယ် ကောင်းလှလေသည်။

"အစ်မကို ဖုံးကွယ် မထားတော့ပါဘူး၊ ဆရာဘွားဘွား နတ်ဘုရားအဖြစ် အဆင့်တက်ရောက်နိုင်တော့ လူသတ် လက်နက်အဖြစ် ချင်းရှောင်းဓားကို ရယူခဲ့တယ်၊ ကျွန်တော်ကလည်း ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်နဲ့ နတ်ဘုရားအဖြစ် အဆင့် တက်ရောက်နိုင်ခဲ့တဲ့ တတိယမြောက် နတ်ဘုရား တစ်ပါးပဲ မဟုတ်လား၊ ကျွန်တော်လည်း အဲဒီလိုမျိုး မှော်ဝင် ဓားတစ်လက် လိုချင်လို့"

ချင်းရှောင်းဓားမှာ ကျိလင်နတ်သမီး၏ ဓား ဖြစ်လေသည်။ ယင်နှင့်ယန်ကို ပေါင်းစပ်ထားသည့် တန်ခိုးစွမ်းအားများ ပါဝင်လေသည်။ အမှန်တော့ ထိုဓား၏ အမည်မှာ ထိုက်ယီယင်ယန်ဓား ဖြစ်လေသည်။ ဓားချက်တစ်ချက်တည်းဖြင့် လူကိုလည်း ကယ်တင်နိုင်သလို လူကိုလည်း သတ်ဖြတ်နိုင်သည့် အစွမ်းထက် ဓားတစ်လက် ဖြစ်လေသည်။ သို့သော် ကျိလင်နတ်သမီးက ထိုက်ယီ ယင်ယန် ဓားဆိုသည့်အမည်ကို မကြိုက်သည့် အတွက် ချင်းရှောင်းဓားဟု အမည်ပြောင်းထားခြင်း ဖြစ်လေသည်။

"မောင်လေးက ဘယ်လိုဓားမျိုးကို လိုချင်လို့လဲ"

ကူးချိုင်ဝေ့က မေးလိုက်သည်။

"ကျွန်တော်က ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်ရဲ့ ဒြပ်စင်စွမ်းအား ငါးမျိုးကို ကျင့်ကြံပြီး နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့တာ၊ ဆရာဘွားဘွားလို ယင်နဲ့ယန်ကို ပေါင်းစပ် ကျင့်ကြံခဲ့တာ မဟုတ်ဘူး၊ ဒီတော့ ဒြပ်စင်စွမ်းအားငါးမျိုးနဲ့ ဆက်စပ်နေတဲ့ ဓားတစ်လက် လိုချင်တာပါ”

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

ကူးချိုင်ဝေ့က…

"မင်းရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် အဲဒီလို ဓားတစ်လက်ကတော့ မဖြစ်မနေ လိုအပ်တာပေါ့"

ဆန်းလျန်၏ လက်ထဲတွင် စန္ဒကူး သစ်သား ဓားလေး ပေါ်လာလေသည်။ ထိုဓားသည် ဆန်းလျန်၏ ရွှမ်တယ်ဓားပင် ဖြစ်လေသည်။ ဆန်းလျန်က ဓားသွား တစ်လျှောက်ကို လက်ချောင်းများဖြင့် တစ်ချက် သပ်လိုက်သည်။ ထိုအခါ ဓားအတွင်းမှ အဝါရောင် မီးတောက်များ တောက်ပ လာလေသည်။

"ဒီဓားက နှစ်တစ်ထောင် စန္ဒကူးသားနဲ့ ပြုလုပ်ထားတဲ့ ဓားတစ်လက်ပဲ၊ ကျင့်စဉ်လမ်း တစ်လျှောက်လုံး ကျွန်တော့်ရဲ့ ဝိညာဉ် စွမ်းအားတွေနဲ့ ပြည့်ဝနေခဲ့တာ၊ ပြီးတော့ ဒီဓားနဲ့ပြုလုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေလည်း အများကြီးရှိတယ်၊ ဇာမဏီငှက် ပြန်လည် မွေးဖွားနိုင်တဲ့ ကောင်းကင် မီးတောက်ကိုလည်း ဒီဓားက စုပ်ယူထားသေးတယ်၊ ဒြပ်စင်စွမ်းအား ငါးမျိုးနဲ့ တွက်ကြည့်မယ်ဆိုရင် ဒီဓားထဲမှာ သစ်သားနဲ့ မီး ပါဝင်နေတယ်၊ ဒီတော့ ဒီဓားကိုပြည့်စုံစေဖို့ နောက်ထပ် ဒြပ်စင်သုံးမျိုး လိုအပ်နေသေးတယ်"

"ကျန်တဲ့ ဒြပ်စင်သုံးမျိုးက သတ္တု၊ ရေနဲ့ မြေကြီးတွေပဲ၊ ဒီဒြပ်စင်တွေက သိပ်ပြီး မရှားပါးလှပါဘူး၊ မောင်လေးက ဘယ်လို အရာမျိုးကို လိုချင်တာလဲ"

ကူးချိုင်ဝေ့က မေးမြန်းလိုက်သည်။

"ကျွန်တော် တွက်ချက် ကြည့်လိုက်တော့ ရွှမ်တယ်ဓားကို ပြီးပြည့်စုံတဲ့ ဓားတစ်လက် ဖြစ်လာစေဖို့ နှစ်တစ်ထောင် ရေခဲ သံမဏိရယ်၊ ထျန်းယီ ရေစင်ရယ်၊ စကြာဝဠာ ကြယ်စင် မြေကြီးရယ် လိုအပ်တယ်"

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

"ဒီပစ္စည်းသုံးမျိုးကတော့ ဘယ်လိုလုပ်ရဖို့ လွယ်မှာလဲ မောင်လေး"

ကူးချိုင်ဝေ့က ရယ်မောရင်း ပြောလိုက်လေသည်။

"အမှန်ပဲ၊ ဒါပေမဲ့ ထျန်းယီရေစင် ဘယ်မှာရနိုင်မလဲဆိုတာ ကျွန်တော် သိထားတယ်၊ အရှေ့ပင်လယ်နဲ့ မိုင်ပေါင်း ခြောက်ထောင် အဝေးမှာ မဟူရာအဏ္ဏဝါ တိုင်းပြည် ဆိုတာရှိတယ်၊ အဲဒီတိုင်းပြည်မှာ အသုံးပြုတဲ့ ပရိတ်ရေက ထျန်းယီရေစင်ပဲ"

ဆန်းလျန်က ပြောလိုက်သည်။

ထို့နောက် သူက ကျင်းချင်းကို တစ်ချက် ညွှန်ပြလိုက်ပြီး…

"ဒါပေမဲ့ မဟူရာ အဏ္ဏဝါတိုင်းပြည်က ဘုရင်ကို နဂါးတစ်ကောင်က သတ်ပစ်လိုက်ပြီ၊ အခု အဲဒီနဂါးက မဟူရာ အဏ္ဏဝါတိုင်းပြည်ကို အုပ်ချုပ်နေပြီး အရှေ့ပင်လယ်က နဂါးတိုင်းပြည်ကို တိုက်ခိုက်ဖို့ ကြိုးစားနေတယ်၊ အဲဒီနဂါးက နဂါးအသွင်ပြောင်း ရေကန်ကို လိုချင်နေတာလေ၊ အဲဒီ သတင်းကိုကြားတော့ ကျင်းချင်းအကြောင်း စဉ်းစားမိတယ်၊ ကျင်းချင်းက အသက်ရှည်တဲ့ မြွေပျံကြီးပဲ၊ ဆိုရိုးစကားရှိတာတော့ မြွေပျံတွေဟာ နှစ်တစ်ထောင် ကျင့်ကြံပြီးရင် မိုးကောင်းကင် တရားစီရင်မှုကို ခံယူပြီး နဂါးတစ်ကောင် ဖြစ်လာနိုင်တယ်တဲ့၊ ဒါပေမဲ့ နဂါးအသွင်ပြောင်းရေကန်က ရေနဲ့ဆိုရင် မိုးကောင်းကင်တရားစီရင်မှုကို ခံယူစရာ မလိုတော့ဘဲ ချက်ချင်း နဂါးတစ်ကောင် ဖြစ်သွားနိုင်တယ်၊ ဒါဆိုရင် ရှေးဟောင်းနတ်နဂါးကြီး ယင်းလုန်ကိုတောင် သူက ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပြီ"

ကူးချိုင်ဝေ့က တစ်ချက် စဉ်းစားလိုက်ပြီး…

"ကျင်းချင်းက ချင်းရွှမ်မှာနေတာ နှစ်ပေါင်း အရမ်းကြာနေပြီ၊ သူက ချင်းရွှမ်အတွက် တာဝန် ထမ်းဆောင်ပေးနေတဲ့ သူပဲ၊ သူ့ကိုသာ နဂါးတစ်ကောင် ဖြစ်လာဖို့ ကူညီနိုင်မယ်ဆိုရင် အစ်မတို့ တတ်နိုင်သမျှ လုပ်ပေးကြတာပေါ့"

"ကျွန်တော်လည်း ဒီလိုပဲ စဉ်းစားထားတယ်၊ ဒါကြောင် မဟူရာ အဏ္ဏဝါ တိုင်းပြည်မှာ ထျန်းယီ ရေစင်သွားရှာရင် ကျင်းချင်းကိုပါ ခေါ်သွားလိုက်မယ်လေ၊ ပြီးရင် သူ့ကိုတစ်ခါတည်း နဂါးအသွင်ပြောင်း ရေကန်ကို ပို့ပေးလိုက်မယ်"

ဆန်းလျန်က ပြောလိုက်သည်။

ကူးချိုင်ဝေ့က…

"သိပ်လည်း မလောပါနဲ့ဦး၊ ရှင်သန်စေခြင်း ကျောင်းတော်ကို ဒီကိစ္စစုံစမ်းဖို့ အကြောင်းကြား လိုက်မယ်၊ အရှေ့ပင်လယ် နဂါးတိုင်းပြည်ရဲ့ ဇာစ်မြစ်ကို သေချာသိအောင် လုပ်ပြီးမှ ဆက်လုပ်ကြတာပေါ့"

"ဒီအကြံကောင်းတယ်"

ဆန်းလျန်က အစ်မဖြစ်သူ၏ စကားကို ထောက်ခံလိုက်လေသည်။

"မင်းဒီအကြောင်းတွေ အကုန် အစ်မကို ပြောပြနေတာက အစ်မက ဖုန်းကျားရွာမှာ ကလေးကို သွားခေါ်ရင်း ရှင်သန်စေခြင်း ကျောင်းတော်ကို တစ်ခါတည်းဝင်ပြီး သတင်းပို့နိုင်အောင် ပြောပြနေတာ မဟုတ်လား၊ မင်းဟာ သိပ်ကို လူလည်ကျတတ်နေပြီပဲ"

ကူးချိုင်ဝေ့၏ စကားကြောင့် ဆန်းလျန်မှာ နင်ပင်နင်သွား ရလေသည်။

ကူးချိုင်ဝေ့က ဆန်းလျန်ကို ကြည့်ကာ ရယ်မောလိုက်ပြီး ထွက်ခွာ သွားလေတော့သည်။

ကူးချိုင်ဝေ့ ထွက်ခွာသွားသည်နှင့် ဆန်းလျန်က ရော့ရှီကိုတောင် အနောက်ဘက်တွင် အနားယူရန် အတွက် ကျင်းချင်း ကိုလိုက်ပို့ခိုင်းလိုက်လေသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ရော့ရှီလေးမှာလည်း ကျင့်စဉ်များကို ပြင်းထန်စွာ ကျင့်ကြံခဲ့ရပြီး နတ်ဘုရား အဘိုးအိုနှင့်လည်း နေရာအနှံ့ လှည့်လည် သွားလာခဲ့ရလေသည်။ သူမအနေဖြင့် အနား မရခဲ့ရှာသေးပေ။ ထို့ကြောင့် စိတ်အေး လက်အေးဖြင့် သူမကို အနားယူစေချင်လေသည်။

ဆန်းလျန်၏ တာအို ကျောင်းဆောင်လေးမှာလည်း တောင်အနောက်ဘက်တွင် တည်ရှိလေသည်။ ထိုတာအို ကျောင်းလေးမှာ အသေးစိတ် အပြင်အဆင်လေးများလည်း ပြုလုပ်ထားသဖြင့် ရော့ရှီ သဘောကျမည်မှာ သေချာလေသည်။

ချင်းရွှမ် ခန်းမဆောင်ထဲတွင် ဆန်းလျန် တစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။

သူက သူ၏ စိတ်များ ငြိမ်းချမ်း သွားစေရန် တစ်ခဏမျှ တရားထိုင်လိုက်သည်။

တရားထိုင်ပြီးသည့် အခါတွင်တော့ ဆန်းလျန်တစ်ယောက် ချင်းရွှမ်ခန်းမဆောင်မှ ထွက်ခွာ လာခဲ့လေသည်။

ဆန်းလျန်က ကျီဖူတောင်ထိပ်သို့ ထွက်ခွာလာခြင်း ဖြစ်လေသည်။ သို့သော် သူက ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ လာခြင်းမဟုတ်ပါ။ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို တည်ထောင်သူ ဆရာဘွားဘွား လီချင်းဆွေ၏ တာအိုကျောင်းဆောင်သို့ လာရောက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်က တည်ငြိမ်အေးဆေးသည့် ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လမ်းလျှောက် လာလေသည်။ သူ၏ရှေ့တွင် အလွန်ပြင်းထန်သည့် ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစား လိုက်ရလေသည်။ ဝိညာဉ် စွမ်းအားများက အတက်အကျ မရှိဘဲ တည်ငြိမ်နေလေသည်။

ထိုသို့ဖြစ်ရခြင်းမှာ တာအို ကျောင်းဆောင်တွင် ဆရာ ဘွားဘွားကျိလင် တံခါးပိတ် ကျင့်ကြံနေသည့် အတွက်ဖြစ်လေသည်။

ဆယ်နှစ်ပင် ကြာခဲ့ပြီဖြစ်လေသည်။

သူမ၏ ဒဏ်ရာမှာ သက်သာ ပျောက်ကင်းခြင်း မရှိသေးပေ။

သူမကို ဤမျှ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် တိုက်ခိုက်နိုင်သည့် တာအိုဆရာ တုန်းဖုန်း၏ ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာသည် လေးစားလောက်စရာ ဖြစ်လေသည်။

ဆန်းလျန်က ဆရာဘွားဘွား ဖြစ်သူကို ကူညီနိုင်မည်ဟု မျှော်လင့်ပြီး သူမရှိရာသို့ လာခဲ့ခြင်း ဖြစ်လေသည်။

ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်သည် လောကပထမ ပြိုင်ဘက်ကင်း ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ထို့ပြင် ကျိလင် နတ်သမီးသည် ဘဝနှစ်ခုတွင် နှစ်ဘဝလုံးလုံး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခဲ့သူ ဖြစ်လေသည်။ တာအို ဆရာတုန်းဖုန်း၏ ချောင်းမြောင်း လုပ်ကြံခြင်း ခံခဲ့ရသည့် အတွက်သာ သူမက ဒဏ်ရာရခဲ့ခြင်း ဖြစ်လေသည်။

***

All Chapters