နွေဦးသည် ဆောင်းရာသီနှင့်တွေ့ဆုံသည့်အခါ
Vol. 4 Ch. 330
ဆရာဘွားဘွား လီချင်းဆွေ၏ တာအိုကျောင်းဆောင်မှာ ကျောက်နံရံကြီး တစ်ခု၏ အနောက်ဘက်တွင် တည်ရှိလေသည်။ တာအိုကျောင်းဆောင်၏ အနောက်ဘက်တွင် ဂူတစ်ခု ရှိလေသည်။ သို့သော် ထိုဂူကို သာမန် မျက်စိဖြင့် မမြင်ရနိုင်ပါ။ စိတ်စွမ်းအားဖြင့် ကြည့်မှသာ မြင်ရမည် ဖြစ်လေသည်။
ကျီဖူတောင်ထိပ်တွင် နတ်ဘုရားအဖြစ် အဆင့် တက်ရောက်နိုင်ခဲ့သူ များစွာရှိခဲ့သလို လောကကို ကျော်လွန် သွားခဲ့သည့် နတ်ဘုရား များစွာလည်း ရှိလေသည်။
ထိုနတ်ဘုရားပေါင်း များစွာ၏ အငွေ့အသက်များသည် ကျီဖူတောင်ထိပ်တွင် ထင်ကျန် ရစ်ခဲ့ပြီး ပတ်ဝန်းကျင် တောတောင် ရေမြေများတွင်လည်း နတ်ဘုရား အငွေ့အသက်များဖြင့် ပြည့်နှက်လျက် ရှိလေသည်။ နောက်ပိုင်း မျိုးဆက်တွင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့် တက်ရောက် နိုင်ခဲ့သည့် ဆန်းလျန်သည် ကျီဖူတောင်ထိပ်မှ နတ်ဘုရား အငွေ့အသက်များ၏ ပဲ့တင်သံကို စိတ်စွမ်းအားဖြင့် ခံစားကြည့်နိုင်လေသည်။
ဆန်းလျန်က မည်သည့် တန်ခိုးစွမ်းအားမှ အသုံးမပြုဘဲ ကျောက်နံရံကြီး ရှိရာသို့ တစ်လှမ်းချင်း လမ်းလျှောက် သွားနေလေသည်။
အဝါရောင် ရွက်ကြွေများက ကြွေကျနေလေသည်။
ရွက်ဝါ ကြွေလေးများသည် ဆန်းလျန်၏ ဦးခေါင်းသို့ လာရောက် ရိုက်ခတ်ကြပြီး စမ်းချောင်းလေးဆီသို့ ကျဆင်း သွားကြလေသည်။ ထို့နောက် စမ်းချောင်းလေး အတွင်းမှ ကျောက်တုံး များဖြင့် ကပ်ငြိနေကြပြီး ရေထဲသို့ နစ်မြုပ် သွားကြလေသည်။
အချိန်တစ်ခု ကြာသွားသည်နှင့် သစ်ရွက်လေးများသည် ရွှံ့ထဲတွင် သစ်သား အဖြစ် ဓာတ်ပြောင်းသွားကာ မြေကြီးဓာတ်နှင့် ပေါင်းစပ်သွားမည် ဖြစ်လေသည်။
သစ်သားဆိုသည်က အသက်ဓာတ်၏ သင်္ကေတဖြစ်ပြီး မြေကြီးဆိုသည်က အသက်ဓာတ်၏ မူလအခြေခံ ဖြစ်လေသည်။
ဆန်းလျန်က လမ်းလျှောက် နေခြင်းကို နှေးလိုက်သည်။ သူ၏ ခြေလှမ်းတိုင်းသည် စိမ်းလန်းသော သဘာဝ သစ်ပင်လေးများနှင့် ထပ်တူ ကျနေလေသည်။
သူခြေလှမ်း လှမ်းလိုက်တိုင်း အစိမ်းရောင် သစ်ပင်ငယ်လေးများ ဖူးပွင့် ပေါက်ဖွားလာပြီး အလွန်လျင်မြန်စွာ ကြီးထွား လာကြလေသည်။
ထို့နောက် ပန်းပွင့်လေးများ ပွင့်လမ်းလာကြလေသည်။
သို့သော် သိပ်မကြာမီပင် ပန်းပွင့်လေးများ ကြွေကျကုန်ကြပြီး မြေကြီးထဲသို့ နစ်မြုပ် သွားကာ မြေဆီသြဇာ အဖြစ် မြေကြီးနှင့် တစ်သားတည်း ပေါင်းစည်း သွားကြလေသည်။
ထိုအဖြစ်အပျက်များသည် အချိန်နှစ်စက္ကန့်မျှ အတွင်း ဖြစ်ပျက် သွားခြင်း ဖြစ်လေသည်။
ဆန်းလျန် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သဘာဝတရား၏ သံသရာလည်ခြင်း သဘောတရားကို ဖော်ဆောင် နေလေသည်။ ကြောက်စရာ ကောင်းသည့် အချက်မှာ ဆန်းလျန် ပြုလုပ်နေသည့် သံသရာလည်ခြင်း သဘာဝတရားသည် မိုးမြေ စွမ်းအားများကို ထိခိုက်မှု မရှိပေ။ သန့်စင်သည့် တာအိုတရား၏ ကာရံညီမှုဖြင့် ပြုလုပ်နေခြင်းဖြစ်လေသည်။
ဆန်းလျန်သည် စမ်းချောင်းလေးကို ဖြတ်လျှောက်ပြီး ကောင်းကင် လေအေးများဖြင့် ဝန်းရံနေသည့် လမ်းလေးထက်တွင် လမ်းလျှောက် လာလေသည်။ အလွန်မြင့်မားသည့် ကျောက်နံရံကြီးသည် အရှေ့ဆီတွင် ဆန်းလျန်ကို ဆီးကြိုနေလေသည်။
ထိုကျောက်နံကြီးထက်တွင် ကူးချိုင်ဝေ့က ဆန်းလျန်ကို ထိုက်ရွှီးနည်းဗျူဟာ တန်ခိုး စွမ်းအားများကို ပထမဆုံး ပြသခဲ့ခြင်း ဖြစ်လေသည်။ ထိုနေ့က ဆန်းလျန်သည် ကူးချိုင်ဝေ့၏ အသိအမှတ်ပြုမှုဖြင့် ဆရာသခင်ပိယွင်၏ တရားဝင် တပည့်ဖြစ်လာခဲ့ပြီး သူ၏ဘဝတွင် အရေးကြီးသည့် နေ့တစ်နေ့ ဖြစ်ခဲ့လေသည်။
ထိုနေ့မှစတင်ပြီး ယနေ့အချိန်ထိ နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်သည် ဘဝတစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းလာခဲ့သူ ဖြစ်လေသည်။ သို့သော် နှစ်ဆယ့်ခြောက်နှစ် ဆိုသော အချိန်သည် တိုတောင်းသည့် အချိန်တော့ မဟုတ်ခဲ့ပေ။ နှစ်ဆယ့်ခြောက်နှစ် အတွင်းတွင် အပြောင်းအလဲပေါင်း များစွာ၊ အဖြစ်အပျက်ပေါင်း များစွာကို ဆန်းလျန် ရင်ဆိုင်ခဲ့ရလေသည်။ ယခုအချိန်ထိ အဆင်ပြေပြေ ရပ်တည် နေနိုင်ခဲ့သည်မှာပင် သူ့အတွက် ဝမ်းသာစရာ ဖြစ်လေသည်။
နတ်ဘုရား တစ်ပါး ဖြစ်လာပြီးသည့်နောက် သူ၏ သရုပ်မှန်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ ဖြစ်သည့် အတွက် သူ့ရင်ထဲမှ သံသယများလည်း ကင်းစင်သွားခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်က ကျောက်နံရံကြီးကို ဖြတ်ကျော်ကာ တာအိုကျောင်းဆောင် အတွင်းသို့ ဝင်လိုက်သည်။ ကျောင်းဆောင်ထဲတွင် ဆရာဘွားဘွား လီချင်းဆွေ ရေးဆွဲထားခဲ့သည့် ပန်းချီကားချပ်ကို ချိတ်ဆွဲထားဆဲ ဖြစ်လေသည်။
ပန်းချီကားထဲတွင် ရေကန်ထဲတွင် အရိပ်ထင်နေသည့် တိမ်တိုက်များကို တွေ့မြင် နိုင်လေသည်။
တစ်ချိန်က ထိုပန်းချီကား၏ အဓိပ္ပာယ်ကို ကူးချိုင်ဝေ့ မေးခဲ့စဉ်က ဆန်းလျန်၏ ရင်ထဲတွင် မည်သည့် အကြောင်းအရာကိုမှ နားလည်ခဲ့ခြင်း မရှိပေ။
သဘာဝတရား၏ စစ်မှန်သည့် အမှန်တရားကို ဆန်းလျန် မြင်တွေ့နိုင်ခဲ့ခြင်း မရှိပေ။
ယခုတော့ ဆန်းလျန်က ပန်းချီကားကို အနီးကပ်ကြည့်ကာ အသေးစိတ်လေ့လာ နေမိလေသည်။
ကြည်လင်နေသည့် ကန်ရေပြင်ထဲတွင် အရိပ်ထင်နေသည့် တိမ်တိုက်များကို တွေ့မြင် နိုင်လေသည်။ ရေကန်သည် အလွန်ကြည်လင် နေလေသည်။
ယခုတော့ ဆန်းလျန်သည် ပန်းချီကား၏ အဓိပ္ပာယ်ကို နားလည် သဘောပေါက် သွားခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်သည် ပန်းချီကားကို အတန်ကြာ စိုက်ကြည့် နေခဲ့ပြီးသည့်နောက် တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲထွက်ခွာလာခဲ့လေသည်။
သူက တာအိုကျောင်းဆောင် အနောက်ဘက်သို့ ထွက်ခွာ လာခဲ့လေသည်။
ကျောင်းဆောင် အနောက်ဘက်တွင် မမြင်နိုင်သည့် အလွှာများဖြင့် ကာရံထားသည့် ဂူတစ်ခုကို တွေ့မြင် လိုက်ရလေသည်။
နတ်ဘုရား အဖြစ်ကို နှစ်ဘဝတိုင်တိုင် အဆင့်တက်ရောက် နိုင်ခဲ့သည့် ထူးဆန်းလွန်းသည့် ပါရမီရှင်၊ ဆန်းလျန်၏ ဆရာဘွားဘွား ကျိလင်သည် ထိုဂူထဲတွင် ရှိနေလေသည်။
သူမ၏ ထူးခြားလွန်းသည့် ပါရမီကို စကားလုံးများဖြင့် ဖော်ကျူး ပြခြင်းငှာပင် မတတ်နိုင်ပေ။
ဂူပေါက်ဝကို ရေခဲအလင်းများဖြင့် ကာရံ ထားလေသည်။ ရေခဲအလင်း၏ အနောက်တွင် ခရမ်းရောင် ဝတ်ဆင်ထားသည့် မိန်းမပျို တစ်ယောက် တရားထိုင်နေလေသည်။
လောကတွင် မည်သည့် မိန်းမပျိုမှ သူမ၏ အလှတရားကို ယှဉ်နိုင်မည် မဟုတ်ပေ။ သူမ၏ အသားအရေမှာ ကြည်လင်ပြီး တောက်ပနေလေသည်။
ဆန်းလျန်၏ဘဝတွင် ဆုံတွေ့ခဲ့ဖူးသည့် မိန်းမပျိုတိုင်းသည် ကျိလင်နတ်သမီး၏ အလှတရားကို ခြေဖျားပင် မမီကြပေ။
ဆန်းလျန်သည် သူမကို တမေ့တမော ငေးမော ကြည့်နေမိလေသည်။
ထိုစဉ်မှာပင် သူမ၏ ဝတ်ရုံသည် ခရမ်းရောင်မှ အစိမ်းရောင်သို့ ကူးပြောင်း သွားလေသည်။ သူမ၏ မျက်ဝန်းများ တဖြည်းဖြည်း ပွင့်လာပြီး ဂူအပြင်ဘက်သို့ အေးစက်စွာဖြင့် စိုက်ကြည့် လာလေသည်။
သူမ၏ အကြည့်က လူတစ်ယောက်၏ နှလုံးသားကို ထိုးဖောက်တော့မည့် အလားပင် ဖြစ်လေသည်။
ဆန်လျန်က သူ၏ အသက်ဓာတ် စွမ်းအားများနှင့် ရုပ်ခန္ဓာတည်ရှိမှုကို ဖုံးကွယ် ထားသည့်တိုင် ကျိလင်က ဆန်းလျန်၏ တည်ရှိမှုကို သတိပြုလိုက် မိလေသည်။ သူတို့ နှစ်ယောက်လုံးသည် တူညီသည့်ကျင့်စဉ်ကို ကျင့်ကြံ ခဲ့ကြသူများ ဖြစ်သည့် အတွက် တည်ရှိမှုကို သိရှိရန်မှာ လွယ်ကူလေသည်။
အမှန်တော့ ဆန်းလျန် ရောက်ရှိလာသည့် အချိန်က ကျိလင် နတ်သမီး တရားထိုင်ခြင်းကို ရပ်တန့် လိုက်သည့် အချိန်နှင့် တိုက်ဆိုင်သွားခြင်း ဖြစ်လေသည်။
သို့သော် သူ၏ အသွင်သည် ချင်းရှောင်း အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေသည်။
ချင်းရွှမ် နတ်တံခါးသို့ ဆန်းလျန် စတင် ရောက်ရှိလာသည့် အချိန်တွင် ပထမဆုံး တွေ့ဆုံခဲ့ရသည့်သူမှာ ကျိလင်နတ်သမီး ဖြစ်လေသည်။
ဝိညာဉ် မြစ်ကမ်းနံဘေးတွင် မြင်တွေ့ခဲ့ရသည့် ခရမ်းရောင်ဝတ် နတ်မိမယ်ကို ဆန်းလျန်၏ ရင်ထဲတွင် မည်သည့် အခါမှ မေ့နိုင်မည် မဟုတ်ပေ။ သူမသည် တန်ခိုးစွမ်းအား မြင့်မားသည့်တိုင် သဘောကောင်းပြီး နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ်လေသည်။
အတိတ်အကြောင်း များကို ပြန်စဉ်းစား ကြည့်မည်ဆိုလျှင်....
ကျင့်စဉ်လမ်း အကြောင်း တစ်လုံးတစ်ပါဒမျှ နားလည်ခြင်း မရှိသေးသော သာမန် လူသားလေး ဆန်းလျန်ကို နန်ခယ်မြို့သို့ ခေါ်ဆောင် လာခဲ့သူမှာ ကျိလင်နတ်သမီးပင် ဖြစ်သည် မဟုတ်ပါလား။
နန်ခယ်မြို့သို့ မရောက်ခင် ဝိညာဉ် မြစ်ကမ်း နံဘေးတွင်လည်း ဝိညာဉ် ဆင့်ခေါ်သူ၏ အန္တရာယ်မှလည်း ခေါင်းလောင်းသံများပေးကာ ကယ်တင် ပေးခဲ့သေးသည်။
ယခုတော့ ကျိလင် နတ်သမီးကို ဆရာဘွားဘွား တော်ရသည့် အတွက် ဆန်းလျန် စိတ်ထဲတွင် ပျော်ရွှင်မှုကို ခံစားရလေသည်။
သို့သော် ကံမကောင်းသည့် အချက်မှာ သူတို့နှစ်ယောက်၏ ဆရာတပည့် ဆက်ဆံရေးသည် ရင်းနှီးမှု များစွာ မရှိခဲ့ပေ။
ဆန်းလျန်သည် ရေခဲအလင်းဖြင့် ကာရံထားသည့် ဂူအတွင်းမှ ကျိလင်နတ်သမီးကို ငေးကြည့် နေခဲ့လေသည်။
ကျိလင်နတ်သမီးသည်....
အိပ်မက်ဆန်လွန်းလှသည်...။
စိတ်ကူးယဉ်ဆန်လွန်းလှသည်...။
လှပလွန်းလှလေသည်...။
သို့သော်....
ကျိလင်နတ်သမီးသည် ချင်းရှောင်း နတ်သမီးအသွင် ပြောင်းလဲသွားသည့် အခါတွင်တော့ ဆန်းလျန်သည် ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ပြိုင်တူ ခံစားလိုက်ရလေသည်။
မည်သည့် အရာကိုမှ ဂရုမစိုက် လွတ်လပ်ပေါ့ပါးစွာ နေတတ်သည့် ဆန်းလျန်တစ်ယောက် အဘယ်ကြောင့် ထိုသို့ ခံစားရသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်ပါ။
ဆန်းလျန်သည် နတ်ဘုရား တစ်ပါး ဖြစ်နေပြီ ဖြစ်လေသည်။ သူ့ကို စိတ်လှုပ်ရှားစေသည့် အရာသည် လောကတွင် မရှိသလောက် ရှားပါးလေသည်။
ချင်းရှောင်းသည် သူ၏ ဆရာဘွားဘွား ဖြစ်နေသည့် အတွက် ဆန်းလျန်က ကြောက်ရွံ့ကာ စိတ်လှုပ်ရှား သွားခြင်းလည်း ဖြစ်နိုင်လေသည်။
"ဆရာဘွားဘွား ချင်းရှောင်း၊ ဒဏ်ရာ သက်သာရဲ့လားဗျာ...."
ထိုမေးခွန်းကို ဆန်းလျန်သည် ရင်တထိတ်ထိတ် မမေးဝံ့ မေးဝံ့ဖြင့် မေးလိုက်ခြင်း ဖြစ်လေသည်။
မေးသာ မေးလိုက်ရသည် ဆရာဘွားဘွား၏ ဒဏ်ရာ အပြည့်အဝ မသက်သာသေးကြောင်း ဆန်းလျန် ရိပ်မိထားပါသည်။
ချင်းရှောင်းက ဆန်းလျန်၏ မေးခွန်းကို မဖြေပါ။ သူမက ထိုင်ရာမှ မတ်တတ် ထရပ် လိုက်လေသည်။ သူမ၏လှုပ်ရှားမှု သည် အခိုးအငွေ့များ အလား ထင်မှတ်ရလေသည်။ သို့သော်... ထိုအခိုးအငွေ့များထဲတွင် မာကျောမှု တစ်ခုကိုလည်း ခံစားလိုက်ရလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ကျိလင်နတ်သမီး၏ ဝိညာဉ်နှင့် တန်ခိုးစွမ်းအားများ ချိတ်ဆက်မှု မရှိသည့် အတွက် ဖြစ်ရခြင်း ဖြစ်လေသည်။
ဆန်းလျန်သာ နတ်ဘုရား တစ်ပါး မဟုတ်ခဲ့လျှင် မာကျောမှု အရိပ်အယောင်ကို သတိထားမိမည် မဟုတ်ပေ။ ဆန်းလျန်နှင့် သူမကြားတွင် တူညီသည့် ကျင့်စဉ်လမ်း အဆက်အသွယ် မရှိပါကလည်း သိရှိနိုင်မည် မဟုတ်ပေ။
ထိုမာကျောမှု အရိပ်အယောင်သည် သာမန် ဒဏ်ရာမဟုတ်ပေ။
ချင်းရှောင်းက လှုပ်ရှားခြင်း မရှိပါ။ သူမက ဂူပေါက်ဝကို ကာရံထားသည့် ရေခဲအလင်းကို တန်ခိုးစွမ်းအား အသုံးပြုကာ အရည်ပျော်စေ လိုက်လေသည်။ ရေခဲအလင်း အလွှာပါးသည် မြေပြင်ထက်တွင် ရေကန်ငယ်လေး တစ်ခုအဖြစ် အရည်ပျော်ကျ သွားပြီး ဂူထဲမှ စီးဆင်း ထွက်လာလေသည်။
ရေခဲအလင်း အရည်ပျော်သွားသည့် ရေများ စီးဆင်းသွားသည်နှင့် မြေပြင်သည် ချက်ချင်း အားပြည့်လာပြီး မြက်ပင်များ ချက်ချင်း စိမ်းလန်း လာလေသည်။
ကျိလင် နတ်သမီးသည် ဆန်းလျန်ကို ခံစားချက် ကင်းမဲ့သည့် အကြည့်ဖြင့် ကြည့်နေလေသည်။ သူမသည် လူ့လောကနှင့် ကင်းလွတ်နေသည့် နတ်မိမယ် တစ်ပါးအလား ခမ်းနား လွန်းလေသည်။
သူမကို တွေ့မြင်ရသူ တိုင်းသည် အလိုလို ဝပ်တွား ကိုးကွယ် မိကြမည် ဖြစ်လေသည်။ သူမ၏ အနှိုင်းမဲ့ အလှတရား ကြောင့်လည်း ဦးညွတ်မိ ကြမည် ဖြစ်လေသည်။
ဆန်းလျန်က ကျိလင် နတ်သမီးကို ငေးကြည့်နေလေသည်။
အစပိုင်းတွင် ထိတ်လန့်ပြီး စိတ်လှုပ်ရှား မိခဲ့သော်လည်း ယခုတော့ ဆန်းလျန်နှင့် ချင်းရှောင်းကြားတွင် ထူးဆန်းသည့် ဆက်နွှယ်မှုတစ်ခုကို ခံစားလိုက်ရပြီး အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သို့သော် စိတ်လှုပ်ရှားမှုကတော့ ရှိနေဆဲ ဖြစ်လေသည်။
နွေဦးရာသီသည် ဆောင်းရာသီနှင့် တွေ့ဆုံရသကဲ့သို့ ဆန်းလျန်မှာလည်း နေမထိ ထိုင်မသာ ခံစားနေရလေသည်။
ချင်းရှောင်းက ဆန်းလျန်ကို စိုက်ကြည့်နေရင်း….
“ဆန်းလျန်၊ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီပေါ့၊ နတ်ဘုရား တစ်ပါးလည်း ဖြစ်လာခဲ့ပြီ ဖြစ်သလို ငါ့လိုလည်း လမ်းမမှားခဲ့ဘူးပဲ”
သူမ၏ စကားများက ဆန်းလျန်ကို ချီးမွမ်းနေသည့် စကားများ ဖြစ်သော်လည်း သူမ၏ လေသံကတော့ ပုံမှန်လေသံပင် ဖြစ်လေသည်။
ချင်းရှောင်းသည် ဆန်းလျန်အတွက် များစွာ ဂုဏ်ယူသည့်ဟန် မပြခဲ့သလို အချိန်တိုတို အတွင်း နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်သည့် အတွက်လည်း အံ့သြသည့်ပုံ တစ်စက်လေးမှ မပြခဲ့ပေ။
***