← Chapters

နန်ခယ့်

Vol. 1 Ch. 1

နန်ခယ့်

Vol. 1 Ch. 1

နေလုံးကြီး တဖြည်းဖြည်းမှေးမှိန်အိပ်စက်ချိန်တွင် ညနေခင်းချိန်ခါသမယသို့ ကူးပြောင်းရောက်ရှိခဲ့လေပြီ။ ညနေဆည်းဆာရောင်သည် ကြက်သွေးရောင်မီးတောက်မီးလျှံများအလား ထင်ဟပ်လျက်ရှိကာ မင်္ဂလာဦးခန်းမအပြင်ဘက် သစ်ကိုင်းသစ်ခက်ဖျားများကို လိမ္မော်နီသွေးဖြင့် တောက်ပကြွရွစေလျက်ရှိ၏။

လီနန်ခယ့်သည် ပြတင်းပေါက်ကိုကျောပေးကာ ကုလားထိုင်ဟောင်းတစ်လုံးထက် အေးအေးလူလူထိုင်နေရင်း အိပ်ရာထက်ရှိအမျိုးသမီးကို လေ့လာအကဲခတ်နေသည်။

အတိအကျဆိုရလျှင် အိပ်ရာထက်တွင် ချည်နှောင်ခံထားရသော အမျိုးသမီးငယ်တစ်ဦး။

ထိုမိန်းမပျို၏အမည်မှာ လင်ကျောက်ယွဲ့ဖြစ်သည်။ ပျိုဖော်ဝင်စအရွယ် ဖူးဖူးနုနုသာရှိသေးသော မိန်းမငယ်လေးသည် အိမ်တော်ထိန်းလင်၏ ချစ်လှစွာသောသမီးပျိုလေးဆိုလျှင်လည်း မမှား။

တုန်းချီခရိုင်တွင် ကျော်ကြားသော မြေပိုင်ရှင် တဖြစ်လဲ မှူးမတ်မျိုးနွယ်ဝင်တစ်ဦးဖြစ်သည့် အိမ်တော်ထိန်းလင်သည် လူတကာ မနာလိုအားကျဖွယ် ဥစ္စာဓနကို ပိုင်ဆိုင်ထားရုံမက နတ်မိမယ်တမျှ ရှုမငြီးလှပသည်ဟုဆိုကြသော ဒုတိယဇနီးတစ်ဦးကိုလည်း အပိုင်ရရှိထားသေး၏။

ဤသမီးငယ်မှာ သူနှင့် သူ၏ဒုတိယဇနီးဖြစ်သူ၊ ရှန့်ဟွားမျှော်စင်၏ နာမည်ကြီးပြည့်တန်ဆာဟောင်း မေရှင်းအာတို့မှ မွေးဖွားလာသူဖြစ်သည်။

မိခင်ဖြစ်သူ၏ ပုံပန်းသွင်ပြင်ကို အမွေဆက်ခံထားရသူပီပီ မိန်းမပျိုမှာ ရင်သပ်ရှုမောဖွယ် လှပလေသည်။

မိခင်ဖြစ်သူထက်ပင် ပိုဆွဲဆောင်မှုရှိပြီး အကြည့်တစ်ချက်ဖြင့် ညှို့ငင်ဖမ်းစားနိုင်သူ၊ ဆွဲငင်အားပြင်းသော မျက်လုံးတစ်စုံက ပုရိသအပေါင်းအား ရင်ခုန်သံမြန်ကာ စိတ်ဝိညာဥ်မျောလွင့်သွားစေဖို့လုံလောက်သည်ဟု ဆိုကြသည်။

လီနန်ခယ့် တုန်းချီခရိုင်သို့ စတင်ခြေချကတည်းက ဤမိန်းမပျို၏ နာမည်လှလှကို ကြားဖူးခဲ့ရသည်။

ယနေ့ လူကိုယ်တိုင်မြင်တွေ့ရပြန်တော့လည်း အမှန်ပင် ရင်သပ်ရှုမော ဖြစ်မိရပါသည်။

ထို့ကြောင့်၊

အိပ်ရာထက်တွင် ချည်နှောင်ဖမ်းချုပ်ထားခဲ့လိုက်၏။

"နိုးပြီလား..."

တိတ်ဆိတ်သော မင်္ဂလာဦးခန်းမထဲတွင် ထိုယောက်ျား၏အသံက မဆိုစလောက် သြရှနက်ရှိုင်းနေဟန်။

မှောင်ရိပ်ထဲမှ ကျောချမ်းဖွယ်ခံစားချက်တစ်ခုကို ထုတ်လွှတ်နေသော အသံပိုင်ရှင်အမျိုးသားအား လှည့်ကြည့်လိုက်မိချိန်တွင် မိန်းမပျို၏ နူးညံ့သေးသွယ်သော ကိုယ်ခန္ဓာလေး မရပ်မနားတုန်ယင်လာခဲ့တော့၏။ ကြည်လင်ဝိုင်းစက်သော မျက်လုံးလေးများထဲ မျက်ရည်များပြည့်လျှံလာကာ အနုစိတ်ထုဆစ်ထားသလို ပြေပြစ်လှပသော မျက်နှာလေးမှာ ကြောက်စိတ်ဖြင့် သွေးဆုတ်ဖြူရော်သွားရတော့သည်။

ပါးစပ်ကို အနီရောင်အဝတ်တစ်စဖြင့် စည်းနှောင်ထားသောကြောင့် တအုအုအသံများမှလွဲ တခြားမထွက်နိုင်ခဲ့။

သူမဘာကြောင့် ဤနေရာတွင်နိုးထလာရမှန်းပင် သူမနားမလည်သေးပါ။

အရှေ့မှထိုအမျိုးသားကိုလည်း သူမ မသိကျွမ်းသလို သူမကို ဘယ်ကဘယ်လို ဖမ်းဆီးရရှိလာခဲ့မှန်းပင် စဥ်းစားမရ။

ထိုအဖြစ်အပျက်တစ်ခုပြီးကတည်းက သူမသည် အိမ်တော်ဝင်း တံခါးအပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မလှမ်းဝံ့ဘဲ အိမ်တွင်းအောင်းနေခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူသည်လည်း အိမ်တော်ကို စောင့်ရှောက်ရန်အတွက် နတ်ဘုရားလက်သီးဂိုဏ်းမှ ကျင့်ကြံသူနှစ်ဦးကိုပင် ငွေပုံပေးကာ ငှားရမ်းထားခဲ့သည်။

"ဘာလို့ကြောက်နေတာလဲ။ အင်း၊ ကိုယ်လူကောင်းနဲ့မတူတာတော့ ကိုယ်သိပါတယ်"

လီနန်ခယ့်က အေးစပြုနေပြီဖြစ်သော လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ကြောက်လန့်တုန်လှုပ်နေသော မိန်းမပျိုလေးအား နှစ်သိမ့်ပေးဖို့လုပ်သည်။

အနီရောင်တောက်တောက် သတိုးသားဝတ်စုံကို ဆင်မြန်းထားသော ထိုအမျိုးသားသည် ပြတင်းမှဝင်လာသော ဆည်းဆာရောင်ခြည်နောက်ခံတွင် အရိပ်မည်းကြီးတစ်ခုအဖြစ် တုတ်တုတ်မလှုပ် ထိုင်နေချိန်တွင် လူသားတစ်ယောက်ကဲ့သို့ပင် မခံစားရ။

"ဒီလိုအပြုအမူမျိုးနဲ့ ဖိတ်ခေါ်လိုက်ရတဲ့အတွက် တောင်းပန်ချင်ပါတယ်။ ဪ ဟုတ်သားပဲ၊ အရင်မိတ်ဆက်ပါရစေဦး"

အမျိုးသားက လက်ဖက်ရည်တစ်ငုံသောက်ကာ အလေးအနက်ဆိုသည်၊

"ကိုယ့်နာမည်က ယန်ရွှမ်းယင်"

(ယန်ရွှမ်းယင် - အသားစားသိမ်းငှက်)

ယန်ရွှမ်းယင်တဲ့လား။

မိန်းမပျိုလေးသည် ဤအမည်ကိုက ကြားပင်ကြားဖူးခြင်းမရှိ။ ထိုစဥ် ထိုအမျိုးသားက ရုတ်တရတ် မတ်တပ်ထရပ်လိုက်ပြီး သူမဆီတည့်တည့်လျှောက်လှမ်းလာသဖြင့် ရုတ်တရတ်တင်းကျပ်သွားသောနှလုံးသားဖြင့် ကြောက်လန့်တကြား ရုန်းကန်မိတော့သည်။

သို့သော် တစ်ဖက်လူက မည်သို့သောကြိုးချည်နည်းကို အသုံးပြုထားသည်မသိ။ ဦးခေါင်းမှလွဲ၍ တခြား မည်သည့်အစိတ်အပိုင်းကိုမှ ကောင်းကောင်းလှုပ်ရှားလို့မရနိုင်ပေ။

ဤထူးဆန်းသော ချုပ်နှောင်ပုံကြောင့် ရှက်စရာကောင်းလောက်အောင်ပင် ရုန်းပင်မရုန်းနိုင်ခဲ့။

"သေချာပေါက် မင်းကတော့ ဒီနာမည်က ဘာကိုကိုယ်စားပြုသလဲဆိုတာ သိမှာမဟုတ်ပါဘူး"

လီနန်ခယ့်က အိပ်ရာနံ‌ဘေးသို့လျှောက်လာပြီး ထိတ်လန့်တုန်လှုပ်နေသော အမျိုးသမီးငယ်၏ မျက်နှာလှလှလေးအား အနီးကပ်ကြည့်သည်။ နှုတ်ခမ်းထောင့်တွင် အပြံးရေးရေးထင်ဟပ်နေလျက်။

ထိုအမျိုးသားကား လွန်စွာချောမောပြေပြစ်ပေသည်။

လင်ကျောက်ယွဲ့၏မျက်လုံးများထဲတွင် သာမန်ရုပ်ရည်ချောမောသည်ထက်ပင် သာလွန်သော အသွင်အပြင်မျိုးဖြစ်၏။

ရှည်လျားဖြောင့်မတ်သောကိုယ်ဟန်ဖြင့် ကျော့ရှင်းသပ်ရပ်သော အမူအရာ။

ဖယောင်းတိုင်မီးရောင်အောက်တွင် သူ၏ သေသပ်ထင်ရှားသော မျက်နှာအစိတ်အပိုင်းများသည် နူးညံ့တောက်ပသော အငွေ့အသက်တစ်မျိုးဖြင့် ခပ်ဖျော့ဖျော့လွှမ်းခြုံထားလျက်သား ရှိသောကြောင့် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုအား ဖြန့်ကျက်နေခဲ့သည်။

မိန်းမပျိုလေး၏နှလုံးသားတွင် လှိုင်းတစ်ချို့ရိုက်ခတ်သွားသည်ကို ငြင်းဆိုမရနိုင်။

သို့သော် ချက်ချင်းဆိုသလိုပင် လက်ရှိအခြေအနေကို ပြန်လည်သတိရသွားသခိုက် ပန်းနုရောင်သမ်းချင်သလိုဖြစ်သွားသော ပါးပြင်နှစ်ဖက်မှာ ပြန်လည်ဖြူဖျော့သွားတော့၏။ နူးညံ့သောမျက်ဝန်းတစ်စုံက မျက်ရည်များဖြင့်ပြည့်လျှံကာ အုပ်မိုးကြည့်နေသောအမျိုးသားကို အသနားခံသလို ပြန်ကြည့်နေမိသည်။

ဤချောမောသောအမျိုးသားသည် ပစ္စည်းဥစ္စာကိုတပ်မက်ခြင်းသာဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ကို စိတ်မဝင်စားစေဖို့ မျှော်လင့်မိသည်။

အကယ်၍ ကိုယ်ခန္ဓာကိုသိမ်းပိုက်ရန် ဇွတ်အတင်းပြုမူလာပါကလည်း ကံကြမ္မာကို ဝကွက်အပ်လိုက်ရုံသာရှိပေမည်။

တစ်ခုတည်းသော စိတ်ဖြေစရာအချက်မှာ မျက်စိရှေ့ရှိအမျိုးသားသည် ဇာတ်လမ်းဝတ္ထုများထဲမှ ဓားပြများကို အကျည်းတန်ကြမ်းကြုတ်ပုံ မရှိခြင်းသာ။

ယှဥ်ကြည့်လျှင်တော့ ဤအခြေအနေက ပိုသာသည်မဟုတ်ပါလော။

"ငါမင်းကိုကယ်ဖို့ ဒီကိုရောက်လာတာလို့ပြောရင်ရော၊ မင်းယုံမလား"

လီနန်ခယ့်က ပြောရင်းဆိုရင်း အင်္ကျီရင်ဘတ်ထဲမှ လက်ရာမြောက်ပြုလုပ်ထားသော သေနတ်အတိုတစ်လက်ကိုထုတ်ကာ ဘေးရှိစားပွဲထက် ချထားလိုက်သည်။

ထိုသေနတ်တွင် အပူရှိန်အနည်းငယ် ကျန်ရှိနေသေး၏။

နတ်ဘုရားစက်မှုဆောင်မှ ထုတ်လုပ်ထားသော ဤသေနတ်သည် အေးခဲမီးတောက်သံရည်ဖြင့် ပြန်လည်ပြုပြင်မွမ်းမံထားသောကြောင့် အလွန်ပြင်းထန်သော သေစေနိုင်စွမ်းအား ပိုင်ဆိုင်ထားသည်။ သုံးချက်ဆက်တိုက် ပစ်ခတ်နိုင်ရုံသာမက သာမန်ခဲကျည်လုံးများကို မသုံးဘဲ ပေါက်ကွဲအားကောင်းသော ကြေးနီကျည်ထိပ်ဖူးများကို အသုံးပြုထားခြင်းဖြစ်သည်။

ငါ့ကိုကယ်ဖို့တဲ့လား။

မိန်းမပျိုလေးမှာ အံ့သြမှင်တက်သွားပြီး သံသယဖုံးသောမျက်လုံးများဖြင့် ပြန်လည်စိုက်ကြည့်နေခဲ့သည်။

ဤစကားကို အစောကပြောခဲ့လျှင် သူမယုံကြည်မိမည်မထင်။ သို့သော် ထိုအမျိုးသား၏ ရုပ်ရည်ချောချောကို သဲသဲကွဲကွဲမြင်လိုက်ရပြီးနောက်တွင် သူမ၏နှလုံးသားက မဆိုစလောက် ယိမ်းယိုင်သွားခဲ့လေ၏၊

နောက်ဆုံးတွင်တော့ ဆွဲဆောင်မှုရှိခြင်းက အရာအားလုံးကို ကိုင်တွယ်သွားသည်သာပင်။

အမျိုးသားက အိပ်ရာစွန်းထက် ဝင်ထိုင်လိုက်ချိန်တွင် မိန်းမပျိုလေး၏ နူးညံ့သောကိုယ်ခန္ဓာမှာ ရုတ်ချည်းတောင့်တင်းသွားရသည်။

ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူက ငြိမ်ငြိမ်ဆိမ်ဆိမ်သာ ထိုင်ပေးနေခဲ့သဖြင့် လင်ကျောက်ယွဲ့ အနည်းငယ်စိတ်အေးသွားရသည်။ သို့သော် သူမခန္ဓာကိုယ်ထက် ဆင်မြန်းထားသော အနီရောင်သတိုးသမီးဝတ်စုံအား ဖျတ်ခနဲသတိထားလိုက်မိချိန်တွင် ဤဝတ်စုံကို ဘယ်ကဝတ်ဆင်ပေးခဲ့သနည်းဆိုသည်အား မတွေးမိဘဲမနေနိုင်။

ဘေးမှထိုယောက်ျားက ဝတ်ဆင်ပေးခဲ့သည်ဆိုလျှင်...

မိန်းမပျို၏ နို့နှစ်ရောင်ဖြူဖွေးသော မျက်နှာမှာ ကြက်သွေးရောင်ရဲတက်သွားရကာ ကြောက်စိတ်နှင့်အရှက်တရားက သူမ၏နှလုံးသားကို ရစ်ပတ်မွှေနှောက်သွားခဲ့သည်။ ရစ်ဝိုင်းနေသောမျက်ရည်များမှာ မသိလိုက်စွာ လျှံကျနေခဲ့လေပြီ။

ဤသနားစဖွယ် မြင်ကွင်းလေးသည် မြင်သူတိုင်း၏နှလုံးသားကို နာကျင်လှုပ်ခတ်စေမည်မလွဲပေ။

"မင်္ဂလာခန်းမဝင်ခင် အရေးကြီးကိစ္စလေးတွေ အရင်ဆွေးနွေးကြတာပေါ့"

လီနန်ခယ့်က နူးညံ့သောအသံဖြင့် ပြောဆိုလာသည်။

"လွန်ခဲ့တဲ့လေးရက်၊ ၈လပိုင်း ၄ရက်နေ့မှာ မင်းရယ် ထျန်ပေါင်းခန်းမဆောင်ပိုင်ရှင်ရဲ့ သမီး ဝမ်ယင်းယင်းရယ်၊ ပညာသင်ဝမ်ရဲ့ ညီမငယ် ဝမ်ကျင်းအာရယ်က လီချန်ဘုရားကျောင်းကို အမွှေးနံ့သာလှူဖို့နဲ့ ပူဇော်ဆုတောင်းဖို့ အတူသွားခဲ့ကြတယ်မလား။ မင်းတို့သုံးယောက်က အစဥ်တတွဲတွဲနေခဲ့ကြတယ် သူငယ်ချင်းကောင်းတွေပဲ။ ညီအစ်မတွေလို့ပြောရင်လည်း မမှားဘူး"

"အဲဒီနေ့ ဘုရားကျောင်းကနေပြန်လာပြီး မင်းတို့သုံးယောက် ချူဟုန်တောင်ကို အပန်းဖြေရှုခင်းကြည့်ဖို့ သွားခဲ့ကြတယ်နော်။ ကံမကောင်းတာကတော့ လမ်းမှာ မိစ္ဆာတစ်ကောင်နဲ့ တည့်တည့်တိုးခဲ့ရတာပဲ။ လွန်ခဲ့တဲ့လဝက်လောက်တုန်းက တိမ်တိုက်မြို့တော်မှာ ပေါ်လာခဲ့ပြီး ညကင်းလှည့်တပ်ဖွဲ့တောင် ဖမ်းလို့မမိသေးတဲ့ မိစ္ဆာကောင်ပေါ့"

အမျိုးသားမှ ထိုအကြောင်းကို စကားစလာချိန်တွင် လင်ကျောက်ယွဲ့တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားရ၏။

ချက်ချင်းဆိုသလိုပင် သူမဘယ်တော့မှ ပြန်မမှတ်မိစေဖို့ ကူကယ်ရာမဲ့ဆုတောင်းခဲ့ရသော မှတ်ဉာဏ်များက နှလုံးသားအား နကျယ်ကောင်တစ်အုပ် ဝင်တုပ်သလို အလုံးအရင်းလိုက် ပြန်လည်ဝင်ရောက်လာပြီး မျက်နှာမှာ ပို၍ဖြူဖျော့လာလေတော့သည်။

လီနန်ခယ့်က စကားဆက်သည်။

"ဗီဇအရ ရက်စက်ကြမ်းကြုတ်လှတဲ့ အဲ့ဒီမိစ္ဆာက မင်းတို့ကိုဦးတည်တိုက်ခိုက်ခဲ့တယ်။ တောင်တွေရဲ့အတွင်းဘက်မှာ လူသူပြတ်လပ်လှတဲ့အတွက် မင်းတို့ကိုလာကယ်ပေးမဲ့သူလည်း တစ်ယောက်မှမရှိခဲ့ဘူး။ မင်းတို့သုံးယောက် ခြေဦးတည့်ရာပြေးလွှားနေရချိန်မှာ ဝမ်ကျင်းအာတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လေ"

"မင်းနဲ့ ဝမ်ယင်းယင်းတို့ကတော့ အလွန်အမင်းကြောက်လန့်ပြီး ချောက်ကမ်းပါးဆီကို ဦးတည်ရာမဲ့ ပြေးထွက်လာခဲ့ကြတယ်။ နောက်ကလိုက်လာတဲ့ မိစ္ဆာကြောင့် ဆုတ်စရာလမ်းမရှိတော့တဲ့အတွက် မင်းတို့နှစ်ယောက်မှာ ချောက်ထဲကိုခုန်ချဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ကြဘူး"

"မင်းကတော့ ကံကောင်းတာပေါ့။ သစ်ကိုင်းဖျားတစ်ခုနဲ့ငြိပြီး ခြေထောက်ဒဏ်ရာလောက်ပဲ ရခဲ့တယ်လေ"

"ဝမ်ယင်းယင်းကတော့ အဲဒီလောက် ကံမကောင်းခဲ့ဘူး။ အသက်ရှင်ခဲ့ပေမဲ့ ကျောရိုးပြင်းပြင်းထန်ထန် ကျိုးသွားတဲ့အတွက် ခုတင်ပေါ်မှာပဲ မလှုပ်မယှက် လဲနေခဲ့ရတယ်၊ အခုထက်ထိလည်း သတိမရသေးဘူး"

မိန်းမပျိုလေး၏ သေးသွယ်သောကိုယ်လုံးလေးမှာ ပို၍ပင် ပြင်းပြင်းထန်ထန်တုန်ယင်လာကာ လက်သီးလေးများကို တင်းတင်းဆုပ်လို့ထားသည်မှာ လက်သည်းဖျားများပင် လက်ဝါးထက် စိုက်ဝင်နေလျက်။

မျက်ရည်ပူများက အိပ်ရာခင်းထက် စီးကျသွားခဲ့ပြီး မိစ္ဆာသတ္တဝါပေးခဲ့သော အကြောက်တရားနှင့် နာကျည်းမှုဒဏ်အပြင် ညီမဖြစ်သူအတွက် ခံစားရသော အပြစ်ရှိစိတ်များပါ ရောနှောစီးဆင်းသွားခဲ့သည့်အလား။

ချူဟုန်တောင်ဆီ သွားရောက်လည်ပတ်မည့်အရေးကို သူမသာ ခေါင်းမာမာနှင့်ရအောင်တားခဲ့လျှင် ဤအိပ်မက်ဆိုးလို အဖြစ်အပျက်ကြီးလည်း ဖြစ်လာစရာအကြောင်းမရှိတော့။

"ကိုယ်မင်းကို သတင်းဆိုးတချို့ ပြောစရာရှိတယ်"

လီနန်ခယ့်က ရုတ်တရတ် ငုံ့ကိုင်းလာသည်။ သူ့ပါးပြင်တို့က မိန်းမပျိုလေး၏ပါးပြင်နှင့် ထိကပ်တော့မတတ် နီးစပ်သွားကာ နက်ရှိုင်းသောစကားသံများက မိန်းမပျိုလေး၏ ပါးလှပ်နူးညံ့သော နားရွက်ဖျားမှတစ်ဆင့် စီးဆင်းဝင်ရောက်သွားခဲ့၏။

"မနေ့ညက ဝမ်ယင်းယင်းသေသွားခဲ့ပြီ။ အဲ့ဒီမိစ္ဆာသတ္တဝါကပဲ သူ့ကိုသတ်ပစ်လိုက်တာ"

လင်ကျောက်ယွဲ့သည် ရုတ်တရက် မျက်လုံးများပြူးကျယ်သွားကာ ထိုအမျိုးသားကို ငေးကြည့်နေမိသည်။

ကြားလိုက်ရသောသတင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားပုံရပြီး လီနန်ခယ့်က သူမ၏ပါးစပ်မှ အနီရောင်အဝတ်ကို ဖယ်ရှားပေးလိုက်သည်ကိုပင် သတိမပြုမိတော့ပေ။

"ကိုယ်လည်း ပြောပြရတာ စိတ်မကောင်းပါဘူး"

လီနန်ခယ့်က သက်ပြင်းချသည်။

"ဖြစ်ခဲ့သမျှကို ပြန်ကြည့်လိုက်ရင် မင်းလည်း အဲ့ဒီမိစ္ဆာဆီကနေ ခြောက်လှန့်ခံနေရတုန်းပဲမဟုတ်လား။ သူရှာမဲ့ နောက်သားကောင်က မင်းပဲဖြစ်နိုင်တယ်"

"ကျွန်မလား"

All Chapters