← Chapters

အရိပ်မည်း

Vol. 1 Ch. 2

အရိပ်မည်း

Vol. 1 Ch. 2

မိန်းမပျိုလေး၏ ခန္ဓာကိုယ်မှာ ပြင်းစွာတုန်ယင်လာကာ ဦးခေါင်းထဲတွင် တစီစီမြည်လာသည်။

ထိုအမျိုးသား၏စကားလုံးများက သူမအား အဆုံးအစမဲ့သောအမှောင်ထုထဲ ဆွဲချသွားသကဲ့သို့ သိတ်အစဥ်အား အကြောက်တရားနှင့် အေးစက်အသက်မဲ့မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

ထိုမိစ္ဆာသတ္တဝါကို သူမရွံသည်၊ မုန်းသည်၊ ကြောက်သည်၊ သေဆုံးသွားသော ညီမငယ်အတွက် မလုံမလဲစိတ်ခံစားရသည်။

သို့သော် သေခြင်းတရားကိုတော့ အရာအားလုံးထက် ပိုကြောက်ရွံ့ပါသည်။

လီနန်ခယ့်က ပြုပြင်ထားသော သေနတ်ကို ညင်သာစွာပွတ်သပ်ရင်း တည်ငြိမ်စွာပြောလိုက်သည်။

"ဒါကြောင့်လည်း ငါဒီကို ရောက်နေတာပေါ့။ ငါမမှားဘူးဆိုရင် အဲဒီမိစ္ဆာဟာ ဒီညမင်းကိုလာရှာလိမ့်မယ်။ မင်းမနက်ဖြန်အထိ အသက်ရှင်နိုင်မလား ဆိုတာကတော့ ငါ အဲဒီမိစ္ဆာကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်မလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။"

တည်ကြည်လေးနက်သောစကားများသည် ချောမောသောရုပ်ရည်နှင့်ပေါင်းဆုံသော အထူးယုံကြည်စိတ်ချချင်စရာပင်။

သို့သော် မိန်းမပျိုလေး နားမလည်သည့်တစ်ချက်မှာ သူမအား ကယ်ဆယ်ဖို့လာရောက်သည်ဆိုပါလျှင် အဘယ့်ကြောင့် ဤဆိုးရွားသောနေရာတွင် ချည်နှောင်ဖမ်းချုပ်ထားပါသနည်း။

သတိုးသမီးဝတ်စုံက ဆင်ပေးထားလိုက်သေးသည်။

လင်ကျောက်ယွဲ့၏ စိတ်ရှုပ်ထွေးမှုကို သတိပြုမိသကဲ့သို့ လီနန်ခယ့်ကပြုံးသည်။

"ရှေးယခင်ကတည်းက သူရဲကောင်းတစ်ယောက် မိန်းမလှလေးကိုကယ်တင်ဖို့ဆိုတာ ဘယ်တော့မှလွယ်ကူခဲ့တာမဟုတ်ဘူး။ မိစ္ဆာနတ်ဆိုးတွေနဲ့ပက်သက်လာရင် ပိုတောင်ခက်ခဲသေးတယ်။ အကယ်၍ ကိုယ်မင်းကို ဒီညမကယ်နိုင်ခဲ့ရင်တော့ မင်္ဂလာဦးညမှာ အသက်ဆုံးသွားရတဲ့ ချစ်သူစုံတွဲလေးအဖြစ် သမိုင်းကျန်ရစ်တာပေါ့။ ကိုယ့်အသက်နဲ့ရင်းပြီး မင်းကိုကယ်လို့ရသွားခဲ့ရင်တော့ ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်ဇနီးလေးလုပ်ပေးရတာ မလွန်ဘူးမဟုတ်လား"

"ရှင်...ရှင်က ပိုင်စိုးပိုင်နင်းနိုင်လိုက်တာ"

လင်ကျောက်ယွဲ့၏ပါးပြင်လေးများက ရုတ်ချည်းရှက်သွေးရဲကာ ဒေါသလည်းထွက်မိသော်ငြား ပြင်းစွာခုန်ပေါက်နေသော နှလုံးသားကတော့ ညာမရခဲ့။

လူကိုကယ်တာများ အကျိုးအမြတ်ကိုကြည့်နေသေးတယ်။ ဘယ်သူရဲကောင်းက ဒီလိုအမြတ်ထုတ်တတ်လို့လဲ။

သို့သော် ထိုမိစ္ဆာက သူမအသက်ကို တကယ်တမ်းလာရောက်နှုတ်ယူမည်ဆိုလျှင် သိပ်ပြီးသန်မာကြံ့ခိုင်ပုံမရသော ဤကိုလူချောက တားဆီးနိုင်ပါ့မလားဟု အတွေးဝင်မိသည်။

"ကိုယ့်ကို လက်ထပ်မပေးနိုင်ဘူးဆိုရင် တခြားဘာအကျိုးအမြတ်ပေးနိုင်မလဲ စဥ်းစားကြည့်"

လီနန်ခယ့်က ခေါင်းတယမ်းယမ်းဖြင့်ဆိုသည်။

"ဒီအချိန်မှာ ပိုက်ဆံလည်းစိတ်မဝင်စားသေးဘူး။ မင်းတို့လင်မိသားစုက အာဏာလည်းရှိတာမဟုတ်ဘူး။ လင်မိသားစုမှာ ဒီသမီးလှလှလေးကလွဲလို့ အသက်ပေးဖို့ထိုက်တန်စရာ တခြားဘာများရှိဦးမလဲ"

ထိုအမျိုးသား၏ ပွင့်လင်းသော ကမ်းလှမ်းမှုကြောင့် လင်ကျောက်ယွဲ့သည် သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းလေးများကို အသာနှိမ့်ချလိုက်မိသည်။ ထူထဲကော့ညွှတ်နေသော မျက်တောင်များမှာ ယပ်တောင်ခတ်သကဲ့သို့ တဖျတ်ဖျတ်တုန်ခါနေလျက်။

ပါရမီရှင် အမျိုးသားပေါင်းများစွာ သူမကို ဆွဲဆောင်ကမ်းလှမ်းခဲ့ကြဖူးသော်လည်း မည်သူမျှ ဤအမျိုးသားလို ရင့်ရင့်သီးသီး အထက်စီးမဆန်ခဲ့ကြ။

ဤအချက်ကပင် သူမအတွက် တစ်မျိုးဆန်းသစ်နေသယောင်ယောင်။

သူမကိုကယ်ဖို့ တကယ်တမ်း အသက်ပေးဝံ့သည်ဆိုပါလျှင် သူမဘက်ကလည်း လုပ်မပေးနိုင်စရာမရှိပါ။

ဟယ် ငါဘာတွေလျှောက်တွေးနေတာလဲ၊ မဖြစ်သေးပါဘူး။

ရိုးသားပွင့်လင်းသော အတွေးများကြောင့် မိန်းမပျိုလေးမှာ အရှက်သည်းမိသွားရသည်။ ထိုအမျိုးသား၏စကားများ မှန်သလားမှားသလားလည်း သူမသေချာမသိရသေး။ သူမနှလုံးသားကို တိမ်းညွှတ်စေဖို့ မုသားများဆိုနေခြင်းလည်း ဖြစ်နိုင်သည်မဟုတ်လော။

ရှုပ်ယှက်ခတ်နေသော အတွေးများကြား တံခါးအပြင်ဘက်မှ စူးရှသော အော်ဟစ်သံကြီးတစ်ခုက ဖြတ်ဝင်လာခဲ့သည်။

ရုတ်တရက်ထွက်ပေါ်လာသော ထိုအသံမှာ အငြှိုးကြီးဝိညာဥ်တစ်ကောင်၏ အော်ဟစ်သံကဲ့သို့ တိတ်ဆိတ်သောပတ်ဝန်းကျင်ကို ချက်ချင်းဖြိုခွဲလိုက်ပြီး ဆည်းဆာရောင်ခြည်လွှမ်းသော ပြတင်းပေါက် အပြင်ဘက်မှ ကောင်းကင်ယံကိုလည်း ချက်ချင်း မှောင်အတိကျသွားစေသည်။

မိန်းမပျိုလေးမှာ တောင့်တင်းသွားရပြီး မျက်နှာမှာ သေခါနီးလူတစ်ယောက်အလား ဖြူဖျော့သွေးဆုတ်ကာ မသိလိုက်စွာပင် လီနန်ခယ့်ကို အားကိုးတကြီး လှမ်းကြည့်မိသည်။

မိစ္ဆာကောင် တကယ်ရောက်လာပြီလား။

ကြောက်ရွံ့နေသော မိန်းမပျိုလေးနှင့် ဆန့်ကျင်စွာ လီနန်ခယ့်ကတော့ ထိုဝိညာဥ်အော်သံကို မကြားလိုက်သည့်အလား အေးအေးဆေးဆေးရှိ၏။ တည်ကြည်ငြိမ်သက်သောအမူအရာမှာ မပျက်ပြယ်စွာ မျက်လုံးများကိုပင် မှေးမှိတ်နေလိုက်သေး၍။

အော်ဟစ်သံမှာ တံခါးနှင့် ပြတင်းပေါက်များမှတစ်ဆင့် စိမ့်ဝင်လာပြီး သူမ၏အရိုးထဲအထိ အေးစိမ့်သွားစေသဖြင့် လင်ကျောက်ယွဲ့မှာ မထိန်းနိုင်ဘဲ တုန်ယင်သွားရသည်။

ဘန်း!

တံခါးက ခပ်ပြင်းပြင်းအသံတစ်ချက်ဖြင့် ရိုက်ဖွင့်ခံလိုက်ရပြီး တံခါးပေါ်တွင်ကပ်ထားသော ကံကောင်းခြင်းစာတန်းမှာလည်း ကွဲအက်သွားခဲ့သည်။

မိန်းမပျိုလေးသည် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ရာ တံခါးဝတွင် မည်းမှောင်သောမြူခိုးများ လွှမ်းခြုံဖုံးအုပ်ထားပြီး အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အရိပ်မည်းတစ်ခု မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

အမှောင်ထဲတွင် ဘာကိုမှသဲသဲကွဲကွဲမမြင်နိုင်ပေသည့် ထိုသတ္တဝါ၏ ရေခဲတမျှအေးစက်သော မျက်လုံးတစ်စုံမှ သူမအား စိုက်ကြည့်နေသည်ကိုတော့ လင်ကျောက်ယွဲ့ခံစားမိသည်။ မုဆိုးမှ ထောင်ချောက်ထဲမှသားကောင်ငယ်အား လောဘတကြီးစူးစမ်းသော အကြည့်မျိုး။ မကြာခင်အချိန်အတွင်းမှာပင် ထိုသတ္တဝါသည် သူမအပေါ်သို့ ခုန်အုပ်ကာ တစ်စစီဆွဲဖြဲပြီး အရူးအမူးဝါးစားတော့မည် အသေအချာပင်။

ထိုအရိပ်မည်းက ရက်စက်ကြမ်းကြုတ်သော အက်ရှရှရယ်သံကိုပေးသည်။

"မိစ္ဆာ...မိစ္ဆာကောင်ကြီး..."

လင်ကျောက်ယွဲ့မှာ အဆက်မပြတ်တုန်ယင်လျက်သားဖြင့် နှလုံးခုန်သံမှာ ဗုံတီးသလိုကျယ်လောင်ပြင်းပြကာ နံဘေးရှိအမျိုးသားအား အားကိုးတကြီးမော့ကြည့်မိသည်။

လီနန်ခယ့်သည် မျက်လုံးများကို ဖွင့်လိုက်သော်လည်း သူသည် အရူးအမူးရယ်မောနေသော မိစ္ဆာကိုကြည့်ရင်း တစ်ခုခုစဉ်းစားနေသကဲ့သို့ မျက်မှောင်ကြုတ်လျက်သာရှိ၏။ ထိုသူ၏အမူအရာတွင် ထိတ်လန့်ခြင်း၊ ရှုပ်ထွေးခြင်း စိုးစဥ်းမျှမရှိ။

စက္ကန့်ပိုင်းအတွင်းမှာပင် အရိပ်မည်းကြီးသည် ခုတင်တွင် ချည်နှောင်ခံထားရသော အမျိုးသမီးငယ်ထံသို့ ရုတ်တရက်ခုန်အုပ်လိုက်သည်။

လင်ကျောက်ယွဲ့ ငယ်သံပါအောင် အော်ဟစ်မိတော့၏။

ထိုအရိပ်မည်း အနားသို့ရောက်မလာနိုင်ခင်မှာပင် ထူထပ်ပြီး ပုပ်စော်နံဟောင်သော အနက်ရောင်မြူခိုးများက သူမ၏ကိုယ်ပေါ်သို့ ရစ်ပတ်သွားခဲ့သည်။

ချက်ချင်းပင် လင်ကျောက်ယွဲ့သည် သူမ၏ဝိညာဉ်မှာ မမြင်ရသောအားတစ်ခုဖြင့် ဖိညှစ်ခံထားရသလို ခံစားလိုက်ရသည်။ ပြင်းထန်သော မူးဝေအော့အန်ချင်စိတ်မှာ ရင်ထဲတွင်ပြည့်နှက်လာပြီး လည်ချောင်းသို့ ပျို့တက်လာတော့မတတ်။

ဆန့်ကျင်ဘက်အားဖြင့် လီနန်ခယ့်သည် ခုတင်စွန်းတွင်ထိုင်လျက်သာ ဤမြင်ကွင်းအား တည်ငြိမ်စွာစောင့်ကြည့်နေခဲ့သည်။

သူသည် အနက်ရောင်မြူခိုးများအောက်တွင် ဖုံးကွယ်ထားသော မိစ္ဆာ၏မျက်နှာသွင်ပြင်ကို ရှင်းလင်းစေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေပုံရသည်။

ပို၍ထူးဆန်းသည်မှာ ထိုအရိပ်မည်းသည် ဘေးကအမျိုးသား၏တည်ရှိမှုအား လုံးဝသတိမမူမိသကဲ့သို့ရှိသည်ပင်။ သွေးရောင်ရဲကာ ကြမ်းကြုတ်သောမျက်လုံးများက အကူအညီမဲ့စွာ ချည်နှောင်ခံထားရသည့် မိန်းမငယ်လေးထက်တွင်သာရှိ၏။

မိန်းမပျိုလေး၏ အသက်အန္တရာယ် ထိပါးခံရခါနီးအချိန်တွင်မှ လီနန်ခယ့် လှုပ်ရှားလိုက်သည်။

စားပွဲပေါ်ရှိ သေနတ်အား သူကောက်ယူလိုက်၏။

သေနတ်လက်ကိုင်မှာ ဖယောင်းဖြင့် အချောကိုင်ထားသဖြင့် ပြောင်လက်ချောမွေ့နေပြီး အနီရောင် ဖယောင်းတိုင်၏ အလင်းရောင်အောက်တွင် လတ်လတ်ဆတ်ဆတ်သွေးရည်များ ပေကျံနေသည့်အလား ထင်မှတ်မှားစေသည်။

"ဟေ့၊ လောင်းကြေးထပ်မလား။"

လီနန်ခယ့်သည် သေနတ်ပြောင်းကို မိစ္ဆာထံသို့ ချိန်လိုက်သည်။ နှုတ်ခမ်းထောင့်မှ အပြုံးရေးရေးနှင့် ချောမွေ့သောမျက်နှာကျတို့ ပေါင်းစပ်သောအခါ အထူးတလည်ပင် ဆွဲဆောင်မှုရှိနေလျက်။

"ငါ့သေနတ်ထဲမှာ ကျည်ဆံပါမပါ လောင်းကြေးထပ်ကြမလား"

ထိုစကားသံ ထွက်ပေါ်လာချိန်မှ မိစ္ဆာသည် ဤအခန်းထဲ အခြားလူတစ်ယောက်ရှိနေသေးကြောင်း သတိပြုမိဟန်ပင်။

‌ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ လီနန်ခယ့်ဘက်သို့ ချက်ချင်းလှည့်ကာ ခုန်အုပ်လိုက်သည်။ ထောင်းထောင်းထနေသော အလောင်းပုပ်စော်အနံ့များက သူ့အား အဆိပ်ပြင်းမြွေတစ်ကောင်လို ရစ်ပတ်ဖုံးအုပ်သွားလျက်။

ဒိုင်း!

တောက်ပသော အဖြူရောင်မီးလျှံတစ်ခု သေနတ်ပြောင်းဝမှ ပွင့်ထွက်သွားပြီး ခဏချင်းမှာပင် ပျောက်ကွယ်သွားသည်။

နားကွဲမတတ် စူးရှသော အော်ဟစ်သံနှင့်အတူ ဆူပွက်နေသော သွေးနီရဲရဲအရောင်များမှာ အနက်ရောင် မြူခိုးများအတွင်းမှ ပေါက်ကွဲထွက်သွားပြီး ဝိုင်နီများအလား စီးကျလာတော့သည်။ ထို့နောက်တွင် စက္ကန့်မခြားပင် အလောင်းပုပ်နံ့များပါ တစ်ပါတည်း ပျောက်ကွယ်သွားတော့သည်။

လေထုမှာလည်း တစ်ဖန်ငြိမ်ကျသွားခဲ့၏။

ကြမ်းကြုတ်သောမိစ္ဆာကောင်မှာ အစအနပင်ရှာမရတော့ပြီ။

လက်မအရွယ် အဖြူရောင်ပုတီးစေ့လေး တစ်လုံးသာ လီနန်ခယ့်လက်ထဲသို့ ကျရောက်လာပြီး ထိုသူက သိမ်းဆည်းထားလိုက်လေသည်။

အခန်းထဲတွင် တိတ်ဆိတ်မှုက ကြာညောင်းစွာကြီးစိုးပြီးချိန်မှ ကြောက်ရွံ့မှုကြောင့် မျက်လုံးများကို တင်းကျပ်စွာစေ့ပိတ်ထားသည့် လင်ကျောက်ယွဲ့သည် နောက်ဆုံးတွင် သတ္တိမွေးကာ မျက်ခွံများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။

သူမကို အုပ်မိုးထားသော အရိပ်မည်းကြီး ပျောက်ကွယ်သွားသည်အား သိလိုက်ရသော် လွန်စွာအံ့အားသင့်သွားခဲ့ရသည်။

ဘာတွေဖြစ်သွားတာလဲ။

မိစ္ဆာကောင်ရော ဘယ်ရောက်သွားတာလဲ။

"မိစ္ဆာကောင်က ကိုယ့်လက်ချက်နဲ့ကြွသွားပြီ။ အခုတော့ စာရင်းရှင်းဖို့အချိန်ရောက်ပါပြီ"

လီနန်ခယ့်က သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ မိန်းမပျိုလေးအား ချည်နှောင်ထားသောကြိုးများကို ဖြည်ပေးလာသည်။

"အယ် မိစ္ဆာကို ရှင်သတ်လိုက်တာလား"

လင်ကျောက်ယွဲ့၏ မျက်လုံးလေးများ ပြူးဝိုင်းလျက်။

လီနန်ခယ့်က မျက်ခုံးတစ်ဖက်ပင့်သည်။

"ဘာလဲ။ မင်းက ကိုယ်အသတ်ခံရဖို့ မျှော်လင့်ထားတာလား"

"မ..မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မိန်းမပျိုလေး၏ဦးခေါင်းမှာ ချာချာလည်နေဆဲပင်။ မျက်စိရှေ့ရှိ ဤအမျိုးသားသည် မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကို အပြတ်ရှင်းလင်းနိုင်လောက်အောင် စွမ်းအားကြီးသူ ဖြစ်လိမ့်မည်ဟု သူမတစ်ခါမှ မတွေးမိခဲ့ပေ။

မဟုတ်မှ ဒီလူက ညကင်းလှည့်တပ်ဖွဲ့ထဲက မိစ္ဆာနှိမ်နင်းသူတစ်ယောက် ဖြစ်နေမလား။

"ဒီသတိုးသမီးဝတ်စုံက အရောင်နည်းနည်းရင့်ပေမဲ့ မင်းနဲ့ကျလိုက်သားပဲ"

ကြိုးများကိုဖြည်အပြီး လီနန်ခယ့်က လက်ကိုင်ပဝါတစ်ထည်ထုတ်ကာ မိန်းမပျိုလေး၏ မျက်ရည်အစွန်းအထင်းများကို သုတ်ဖယ်ပေးရင်း အပြုံးတစ်စဖြင့် ဆိုသည်။

"အခွင့်အရေးသာရရင် မင်းအတွက် အသစ်တစ်ထည်လောက် သီးသန့်ချုပ်ပေးချင်ပါတယ်။ ဒီလောက်လှပတဲ့မိန်းကလေးကို ဖြစ်သလိုမဆင်ချင်ဘူးလေ"

သူမအနား အရမ်းတိုးကပ်လာသော အမျိုးသားကြောင့် လင်ကျောက်ယွဲ့ အသိစိတ်ပြန်ကပ်ကာ အလျင်အမြန်ထရပ်ပြီး အနောက်ကိုဆုတ်လိုက်သည်။ ပါးပြင်များက ပူလောင်ပြင်းပြလျက်။

"ရှင်... ရှင်တကယ်ပဲ အဲ့လိုတွေးနေတာတော့ မဟုတ်ဘူးမလား..."

မိန်းမပျိုလေးက သူမ၏ကိုယ်လုံးသွယ်သွယ်လေးကို လက်နှစ်ဖက်ဖြင့် ပြန်လည်ပိုက်ဖက်ကာ စိုးရိမ်တကြီးဆိုသည်။

"ဘာလဲ၊ ပြောထားတဲ့စကား မတည်တော့ဘူးလား"

"ကျွန်မ အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်လည်း ဘာကတိမှ မပေးခဲ့ဘူးလေ"

အချည်အနှောင်များမှ လွတ်မြောက်သွားသောအခါ လင်ကျောက်ယွဲ့မှာ စိတ်ပြန်တင်းလာနိုင်ပုံပေါ်၏။ သူမသည် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ရှေ့ကအမျိုးသားကို ခေါင်းမာစွာ ပြန်စိုက်ကြည့်လိုက်သည်။

အသက်ဘေးကယ်တင်ရှင်ပင် ဖြစ်‌စေဦးတော့၊ မိကောင်းဖခင်သားသမီးတစ်ယောက်၏ ဂုဏ်သိက္ခာကို ဤမျှလွယ်လွယ် အကဲမဖြတ်သင့်။

မိန်းမပျိုလေး၏ အနည်းငယ်ဒေါသထွက်နေဟန် ချစ်စဖွယ်အပြုအမူကိုမြင်သော် လီနန်ခယ့်က သဘောတကျရယ်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းကာ ဆို၏။

"ဟုတ်ပါပြီ ကိုယ်ဆက်မနောက်တော့ဘူး။ တကယ်တော့ ကိုယ်ကအိမ်ထောင်ပြုပြီးသားပါ။ ဒီ့ထက်ပိုပြီး ရူးတူးပေါတောလုပ်နေရင်လည်း ကိုယ့်ဇနီးက ကိုယ့်ကိုလာသတ်လိမ့်မယ်"

"ရှင်က အိမ်ထောင်ပြုပြီးသားလား"

ထိုစကားကြောင့် လင်ကျောက်ယွဲ့မှာ နေရာတွင်ပင် မှင်တက်မိသွားရကာ တစ်စုံတစ်ခုအား ဆုံးရှုံးသွားသလို ခံစားချက်ကိုလည်း အနည်းငယ်ခံစားလိုက်ရ၏။

ဒီ‌တော့ သူ့မှာ ဇနီးမယားရှိပြီးသားပေါ့။

"ဪ ဟုတ်သားပဲ၊ မင်းကိုပန်းတစ်ပွင့်လောက်ပေးဦးမယ်။ ပထမဆုံးတွေ့ဆုံခြင်းနဲ့ နှုတ်ဆက်ခြင်းအတွက် လက်‌ဆောင်တစ်ခုလို့ သတ်မှတ်လိုက်ပေါ့"

နှင်းဆီရောင်နီရဲသောပန်းတစ်ပွင့်က အမျိုးသား၏လက်ထဲ ပေါ်ထွက်လာကာ မိန်းမပျိုလေးဆီ ကမ်းပေးလာခဲ့သည်။

ပန်းရနံ့မှာ ယစ်မူးဖွယ်ကောင်းပြီး တောက်ပသောပွင့်ဖတ်များသည် နူးညံ့ချောမွေ့ကာ အသက်ရှူမှားဖွယ် ရွှန်းစိုလှပလေသည်။

"လှလိုက်တာရှင်၊ ဘာပန်းအမျိုးအစားပါလိမ့်"

မိန်းမပျိုလေး၏ မျက်လုံးလှလှလေးများမှာ တအံ့တသြတောက်ပသွားခဲ့ပြီး ပန်းပွင့်လေးအား လက်နှစ်ဖက်ဖြင့် တယုတယလက်ခံ၍ အသေအချာကြည့်သည်။

လီနန်ခယ့်က သေနတ်ကိုမြှောက်ကိုင်လိုက်ရင်း ခပ်စစပြုံးသည်။

‘ ခေါင်ရမ်းပန်း"

ဒိုင်း!

မောင်းခလုတ်ကို ဆွဲလိုက်သည်နှင့် မိန်းမပျိုလေး၏ နဖူးပြင်မှ ရဲရဲနီသော သွေးစက်များ ပေါက်ကွဲထွက်သွားတော့သည်။

All Chapters