← Chapters

မိုးနီ

Vol. 1 Ch. 3

မိုးနီ

Vol. 1 Ch. 3

လင်ကျောက်ယွဲ့ အသက်ကိုလုရှူရင်း ဝုန်းခနဲထထိုင်လိုက်မိသည်။

နဖူးပေါ်မှ ချွေးအေးများကား မိုးရေပေါက်ကြီးများအလား တလိမ့်လိမ့်စီးကျနေလျက်။

ရေနစ်နေရာမှ ဆွဲထုတ်ခံလိုက်ရသည့်အလား ခံစားချက်မျိုးဖြင့် ပါးလွှာသော ညဝတ်အင်္ကျီမှာလည်း ချွေးဖြင့်ရွှဲရွှဲစိုကာ သေးသွယ်သောကိုယ်ခန္ဓာထက် စိုကပ်လျက်ရှိသည်။

သူမ၏ရင်ဘတ်ထဲတွင်တော့ အစိုင်အခဲကြီးတစ်ခု ပြည့်သိပ်တစ်ဆို့နေသလို မွန်းကျပ်နေလျက် အသက်တစ်ချက်ရှူဖို့ရာပင် နာကျင်ခက်ခဲစွာ ရုန်းကန်နေရသည်။

ထို အမျိုးအမည်သတ်မှတ်ဖော်ပြမရနိုင်သော နာကျင်မှုမှာ အချိန်အတော်ကြာသည်အထိ စွဲကျန်ရစ်နေ၏။

မိန်းမပျိုလေးသည် မျက်တောင်ဖျားတွင်တွဲခိုနေသောချွေးစက်များကို လက်တစ်ဖက်ဖြင့်သုတ်ဖယ်လိုက်ပြီး အသက်ကိုလေးပင်စွာရှိုက်ရှူရင်း ပတ်ဝန်းကျင်ကို ကြောင်စီစီဖြင့် ကြည့်လိုက်ရာ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည့် မောင်းမအိပ်ဆောင်ထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

အခန်းထဲတွင် သင်းပျံ့မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နှက်နေသည်။

ရင်းနှီးနေသော ပရိဘောဂပစ္စည်းများကြောင့် သူမအနားယူနေကျအိပ်ဆောင်တွင်ဖြစ်မှန်း ချက်ချင်းသိလိုက်သည်။

"အိပ်မက်မက်နေခဲ့တာလား"

လင်ကျောက်ယွဲ့ သူမနဖူးကို ခပ်သာသာရိုက်ရင်း နှလုံးသားထဲမှ ရှုပ်ထွေးသောခံစားချက်အနည်းငယ် မြင့်တက်လာသည်။ ဦးခေါင်းကို သေနတ်ဖြင့်အပစ်ခံလိုက်ရသော ထုံကျဥ်ကျဥ်ခံစားချက်မှာ နိုးထလာသည့်တိုင် ကျန်ရှိနေသေးသောကြောင့်။

အိပ်မက်က ဘာလို့ဒီလောက်ထိ လက်တွေ့ဆန်လွန်းနေရတာလဲ။

နောက်ပြီး အဲ့ဒီစိတ်ရှုပ်စရာလူ၊ နေပါဦး အဲ့ဒီယန်ရွှမ်းယင်ဆိုတဲ့ အိပ်မက်ထဲကလူထူးဆန်းမျက်နှာကို ငါဘာလို့မမှတ်မိတော့တာလဲ။

လင်ကျောက်ယွဲ့ ကြောင်တောင်တောင်ဖြစ်သွားရသည်။

မှတ်ဉာဏ်များကို ဘယ်လိုပဲပြန်လည်တူးဆွဖော်ထုတ်ပါစေ သူမအပြင်းအထန်ကြိုးစားလေလေ ထိုအမျိုးသား၏ ပုံပန်းသွင်ပြင်မှာ ပို၍မှိန်ဖျော့လာလေလေသာရှိတော့၏။ မျက်နှာတင်မက ကိုယ်ဟန်အမူအရာကိုပါ မမှတ်မိနိုင်တော့လေပြီ။

အိပ်မက်ထဲမှ မှတ်ဉာဏ်အစိတ်အပိုင်းများမှာ ရေစိုဝတ်တစ်ခုဖြင့် ပွတ်တိုက်ဖျက်ဆီးခံနေရသလို ခံစားရသည်။

"အိပ်မက်ပဲဖြစ်မှာပါ"

မှတ်ဉာဏ်ပြန်ဖော်မရတော့သည့်အဆုံး မိန်းကလေးသည် သက်ပြင်းသာချကာ တန်ဖိုးကြီး နန်းမူသစ်သားဖြင့်ပြုလုပ်ထားသော ရွှေရောင်ခုတင်ထက်သို့ ပြန်လည်လှဲချလိုက်ရာ နူးညံ့သော ပန်းထိုးခေါင်းအုံးပျော့လေးကြောင့် နောက်ကျိနေသောခေါင်းမှာ ယာယီသက်သာရာရသွားသလို ခံစားရ၏။

ထိုအမျိုးသား၏ ပုံပန်းသွင်ပြင်မှလွဲ၍ အိပ်မက်ထဲမှ တခြားအရာများကိုတော့ သူမပြန်လည်မြင်ယောင်နိုင်သေးသည်။

အရောင်နီနီကြွကြွဖြင့် မင်္ဂလာသတိုးသမီးဝတ်စုံ၊ အိုဟောင်းယိုယွင်းနေသော မင်္ဂလာဦးခန်းမနှင့် ပြတင်းပေါက်အပြင်ဘက်မှ နေဝင်ရီတရော ဆည်းဆာအလင်းရောင်... ထို့နောက် ထိုကြောက်မက်ဖွယ် မိစ္ဆာသတ္တဝါ။

လင်ကျောက်ယွဲ့သည် သူမကိုလွှမ်းမိုးထားခဲ့သော ထိုအလောင်းပုပ်နံ့ကိုပင် မှတ်မိနေနိုင်သေး၏။

ပြန်လှန်တွေးတောကြည့်တော့ အိပ်မက်ဆန်သလို ခံစားရပေသည့် ကြောက်စရာကောင်းလောက်အောင် စစ်မှန်နေခဲ့သလိုလည်း ထင်မြင်မိပြန်သည်။

မိန်းမပျိုလေး အတွေးများကြားနစ်မျောနေစဥ် အလျင်စလိုနိုင်လှသော ခြေသံများက တံခါးအပြင်မှထွက်ပေါ်လာပြီး အမျိုးသားတစ်ဦး၏အသံကိုကြားလိုက်ရသည်။ ဖခင်ဖြစ်သူ၏အသံပေလော။

"သခင်မလိန်နဲ့ အရာရှိမင်းတို့ခင်ဗျာ၊ ဒါက ကျွန်တော့်သမီးရဲ့အခန်းပါ။ "

တံခါးပွင့်ဟသွားသည့်အချိန်တွင် ပထမဆုံးဝင်လာသူမှာ တောက်ပပြောင်လက်သော ပိုးထည်အဝတ်အစားတို့ဖြင့် အသက်လေးဆယ်အရွယ် အမျိုးသားကြီးပင်။

တုန်းချီခရိုင်တွင် အိမ်တော်ထိန်းလင်ဟု ကျော်ကြားပါသော သူဌေးကြီးလင်။

ကြွယ်ဝချမ်းသာသော အိမ်ထောင်ဦးစီးအများစု၏ ဝဝဖြိုးဖြိုးပုံစံမျိုးမရှိပါဘဲ သူဌေးကြီးလင်မှာ အတော်လေးပိန်လှီကာ ညိုမှောင်သောအသားအရည်လည်း ရှိပြန်သဖြင့် တန်ဖိုးကြီးဝတ်စုံအဆင်အယင်များကိုသာ ဖယ်လိုက်လျှင် သာမန်အရပ်သားတစ်ဦးနှင့်မခြား။

ယခုအချိန်တွင်တော့ နဂိုပိန်မည်းသော သူဌေးကြီးလင်၏မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် နွမ်းနယ်ခြောက်သွေ့နေရှာပေသည်။

စိုးရိမ်ပူပန်စိတ်များကို အချိန်အကြာကြီး သယ်ပိုးထားခဲ့ရဟန်။

သူလမ်းပြခေါ်ဆောင်လာသူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။

ထိုအမျိုးသမီးသည် အနက်ရောင် လက်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်နေဟန်ထားမှာ ကျော့ရှင်းသေသပ်ကာ အလွန်ပင် ဖျတ်လတ်သွက်လက်ပုံရသည်။

လှပစိုပြေသောဆံနွယ်များကို သစ်သားဆံထိုးတစ်ချောင်းဖြင့်သာ ထိုးဖွဲ့စည်းနှောင်ထားပြီး ဖီးနစ်မျက်လုံးများနှင့် ချွန်ထက်သောမေးရိုးကိုပေါင်းစည်းသော် အဆင့်အတန်းမြင့်သော ဘဲဥပုံမျက်နှာသွင်ပြင်မှာ လူအများအတွက် အကွာအဝေးတစ်ခုကနေသာ ရှုစားဖို့ဝံ့ရဲလေသည့် အေးစက်စက်အရှိန်အဝါမျိုး ပေးစွမ်းနေလေသည်။

လှပပေသည့် ထက်ရှချွန်မြသော ဓားသွားတစ်စင်းနှယ်။

ထိုအမျိုးသမီး၏နောက်တွင် အမျိုးသားနှစ်ဦးကပ်ပါလာသည်။ ကြည့်ရသလောက် လက်အောက်ငယ်သားများဖြစ်ပုံရမည်။

"သခင်မလိန်ရယ်၊ ဒီမနက် အရုဏ်တက်ချိန်ကတည်းက ကျွန်တော့်သမီးလေးမှာ အိပ်မက်ဆိုးတွေနဲ့ ခြောက်လှန့်ခံနေရပြီး ရောက်တတ်ရာရာစကားတွေ တတွတ်တွတ်ယောင်ယမ်းနေခဲ့တာပါ။ ဘယ်သူမှလည်း သူ့ကိုနှိုးလို့မရဘူး။ သမားတော်တွေမပြောနဲ့ ဘုန်းကြီးတွေရော တာအိုဆရာတွေရောပင့်ဖိတ်ပြီး ယတြာတွေချေခိုင်းခဲ့ပေမဲ့ တစ်ခုမှအသုံးမဝင်ပါဘူး။ ဒီတိုင်းသာဆက်သွားရင်ဖြင့် ကျွန်တော့်သမီးလေး တစ်ခုခုဖြစ်မှာ—"

သူဌေးကြီးလင်၏အသံမှာ ရုတ်ချည်းပြတ်တောက်သွားရသည်။

သူသည် အိပ်ရာပေါ်တွင် သူ့ကိုကြောင်တက်တက်ထိုင်ကြည့်နေသော သမီးဖြစ်သူအားကြည့်ရင်း မျက်လုံးများကိုပါ အယောင်ယောင်အမှားမှား ပွတ်လိုက်မိသည်။

"ကောင်မလေး၊ နိုး...နိုးနေပြီလား"

"ယွဲ့အာ"

တံခါးအပြင်ဘက်တွင်သာရှိသေးသော ဇနီးသည်သည် ခင်ပွန်းဖြစ်သူ၏စကားများကို ကြားလိုက်စဥ် တံခါးဝမှ လက်ကျပ်ဝတ်စုံဖြင့်အမျိုးသမီးအား အတင်းတိုးဝှေ့ကျော်တက်ကာ အလုံးစုံသတိဝင်နေပြီဖြစ်သောသမီးငယ်အားမြင်သော် ဝမ်းသားမျက်ရည်များကျဆင်းလာတော့လေသည်။

ဇနီးသည်မှာ အသက်သုံးဆယ်ဝန်းကျင်တွင်သာရှိသေးကာ ငယ်ဂုဏ်မပျောက်သေးချိန်တွင် ရင့်ကျက်သောအငွေ့အသက်ဖြင့် လှသွေးကြွယ်သောအရွယ်တွင်ရှိ၏။

ထိုအမျိုးသမီးသည် လင်ကျောက်ယွဲ့၏မိခင် မေရှင်းအာဖြစ်သည်။

"အမေ ဘာဖြစ်လို့လဲ"

မျက်ရည်အရွှဲသားဖြင့် ပိန်ချုံးနွမ်းနယ်နေသော မိခင်ဖြစ်သူအားကြည့်ရင်း လင်ကျောက်ယွဲ့ ဇဝေဇဝါဖြစ်သွားရသည်။

ဇနီးသည်အလှလေးသည် သမီးငယ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ စိတ်နှလုံးနာကျင်ဆွေးမြေ့နေသောအသံဖြင့် ဆို၏။

"ကလေးမလေး၊ အမေ့ကိုလန့်သေအောင်လုပ်နေတာလား။ သမီး မနေ့ကတစ်ရက်လုံး သတိလွတ်ပြီး နှိုးမရဖြစ်နေတာသိလား။ အိပ်မက်ဆိုးတွေလည်းမက်နေပုံရတာပဲ"

မိခင်ဖြစ်သူ၏ ဗလုံးဗထွေးစကားများကိုနားထောင်ရင်း လင်ကျောက်ယွဲ့ ကြောင်အနေမိသည်။

"သမီး အဲ့လောက်အကြာကြီး သတိလစ်နေခဲ့တာလား"

ထို့နောက် သူမသည် အခန်းထဲမှ လူစိမ်းတစ်သိုက်ကို စူးစမ်းသလိုကြည့်ပြီး မေးမိသည်။

"သူတို့က ဘယ်သူတွေလဲ"

"တိမ်တိုက်မြို့တော်ရဲ့ ညကင်းလှည့်တပ်ဖွဲ့က အရာရှိမင်းတွေလေ" မေရှင်းအာက မျက်ရည်သုတ်ရင်း မိတ်ဆက်ပေးသည်။

"သမီး အိပ်မက်ဆိုးတွေမက်ပြီး သတိမေ့နေတာကို ကြားလို့ စုံစမ်းစစ်ဆေးဖို့ ရောက်လာကြတာ။"

ညကင်းလှည့်တပ်ဖွဲ့လား။

မိန်းမပျိုလေး၏မျက်လုံးများ လှုပ်ခတ်သွားပြီး ထိုအဖွဲ့ကို စိတ်ဝင်တစားကြည့်မိသည်။

သူမနှင့် သူမ၏သူငယ်ချင်းမလေးများ မိစ္ဆာကောင်ဆီမှ နောက်ဆုံးအကြိမ်တိုက်ခိုက်ခံခဲ့၇တုန်းက အစိုးရအရာရှိများနှင့် ညကင်းလှည့်တပ်ဖွဲ့ဝင်များ စုံစမ်းမေးမြန်းဖို့‌ ရောက်လာခဲ့ကြသေးသည်။ သို့သော် ဤသူများမပါဝင်ခဲ့ကြောင်း သူမမှတ်မိသည်။

အနေအထား အရှိန်အဝါကို ကြည့်ရသလောက် ထိုအရာရှိများထက် ပိုအဆင့်မြင့်သော အထက်လူကြီးများဖြစ်ရပေမည်။

ညကင်းလှည့်တပ်ဖွဲ့အကြောင်း လင်ကျောက်ယွဲ့ နည်းနည်းပါးပါးသိထားသည်။ ထို လျှို့ဝှက်ဆန်းကြယ်သော တော်ဝင်အဖွဲ့အစည်းသည် ထူးဆန်းသောမှုခင်းဖြစ်ရပ်များကို အထူးစစ်ဆေးစုံစမ်းရန် ခန့်အပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်တိုင်းမှာ အလွန်စွမ်းအားကြီးထက်မြက်သည်ဟု။

အထူးသဖြင့် မိစ္ဆာနှိမ်နင်းသူအဖွဲ့ဝင်များမှာ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကိုပင် သတ်ဖြတ်ရှင်းလင်းနိုင်စွမ်းရှိသည်။

ထို လှပကျော့ရှင်းသော အေးစက်စက်ဟန်ပန်နှင့် ခေါင်းဆောင်မမသည်လည်း မိစ္ဆာနှိမ်နင်းသူပေလား။

သူမ အတွေးများနေစဥ် ထိုမမက ရှေ့သို့တိုးလျှောက်လာသည်။

အမျိုးသမီးမှာ အလွန်လှသည်ဆိုသော်ငြား မမြင်နိုင်သော ခြိမ်းခြောက်နိုင်စွမ်းနှင့် အရှိန်အဝါကြောင့် လင်ကျောက်ယွဲ့မှာ လေးလံသောဖိအားကြီးတစ်ခုကိုခံစားလိုက်ရကာ မျက်လုံးချင်းဆုံကြည့်ဖို့ကိုပင် မဝံ့မရဲဖြစ်သွားရသည်။ မသိလိုက်စွာဖြင့် စောင်ပါးစကိုပင် အထက်သို့ဆွဲကာ တင်းတင်းပတ်ခြုံထားမိလျက်။

ထိုအရာရှိအမျိုးသမီးက လက်ဟန်ပြကာ မေရှင်းကာကိုဘေးထွက်ပေးဖို့ အချက်ပေးသည်။ ထို့နောက် လင်ကျောက်ယွဲ့၏မျက်ခွံများကို ညင်ညင်သာသာပင့်မကာ စစ်ဆေးသည်။

ထို့နောက် ကျောက်စိမ်းသားအလား ချောမွေ့ဖြူစင်သော လက်ချောင်းသွယ်သွယ်တစ်ချောင်းကို မိန်းကလေး၏မျက်ခုံးထက်တင်လိုက်ရာ ဖျော့တော့သော အဖြူရောင်အလင်းဝိုင်းလေးတစ်ခုက သူမ၏လက်ချောင်းထိပ်မှ စူးထွက်လာခဲ့သည်။

လင်ကျောက်ယွဲ့သည် တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသော အေးမြမြအငွေ့အသက်ဖြင့် အလွန်တရာ သက်သာပေါ့ပါးသွားသလို ခံစားမိရသည်။

ခေတ္တမျှကြာသော် လက်ကျပ်အင်္ကျီဝတ် အမျိုးသမီး၏ အေးစက်သောမျက်ဝန်းများမှာ ဓားသွားကဲ့သို့ စူးရှသွားပြီး လေးနက်သောအမူအရာဖြင့် ဆိုသည်။

"အိပ်မက်ဆိုး ကျူးကျော်ဝင်ရောက်မှုရဲ့ အကြွင်းအကျန်တွေပဲ..."

အိပ်မက်ဆိုး ဟူသောစကားလုံးကို ကြားလိုက်သည်နှင့် နောက်လိုက်အမျိုးသားနှစ်ဦးလည်း မျက်နှာထားပြောင်းသွားကြသည်။

ထိုစကားလုံး၏ဆိုလိုရင်းကို ကောင်းကောင်းသိထားကြဟန်ပင်။

အမျိုးသမီးလည် လက်ပိုက်လျက် တစ်ခဏမျှတွေးတောနေပြီးမှ ခေါင်းလှည့်ကာ ပုပုဝဝပုံပန်းရှိသော လက်အောက်ငယ်သားတစ်ယာက်ကို ညွှန်ကြားလိုက်သည်။

"ကောကန်း ယုန်မလေးကိုခေါ်ခဲ့"

"ဟုတ်ကဲ့"

ကောကန်းက သွက်သွက်လက်လက်ပင် အခန်းထဲမှပြေးထွက်သွားသည်။

မကြာမီတွင် ချစ်စရာကောင်းသော ပုံသဏ္ဌာန်လေးတစ်ခုက အိပ်ဆောင်ထဲသို့ ပြေးဝင်လာ၏။

"အစ်မလိန်"

All Chapters