← Chapters

ယန်ရွှမ်းယင်

Vol. 1 Ch. 4

ယန်ရွှမ်းယင်

Vol. 1 Ch. 4

အသစ်ရောက်လာသော ထိုမိန်းကလေးမှာ ချိုမြိန်ကာ ချစ်စဖွယ်ကောင်းသော မျက်နှာဝိုင်းဝိုင်းလေးနှင့် ဆံပင်ကို ပိုနီတေးနှစ်ဖက်ခွဲစီးထားသည်။ နုနယ်ပျိုမျစ်သောအရွယ်တွင် လန်းဆန်းတက်ကြွသောဟန်ပန်လေးအား အထင်းသားဖော်ပြလျက်။

သူမ ပြုံးလိုက်သည့်အခါတိုင်းတွင် ကြွေဖြူရောင် ရှေ့သွားနှစ်ချောင်း ပေါ်လာတတ်ပြီး သူမ၏ နှစ်ဖက်စည်းဆံပင်ပုံစံနှင့်ပေါင်းသော် ချစ်စရာကောင်းသော ယုန်ကလေးတစ်ကောင် နားရွက်ထောင်နေတာနှင့် တူလှသည်။

ထို့အပြင် လက်ထဲတွင်လည်း မုန်လာဥနီတစ်လုံး ကိုင်ထားသေးလျက်။

သူမ၏ ဝတ်စားဆင်ယင်မှုမှာလည်း ထူးခြားလှသည်။

သူမဝတ်ထားသော စကတ်မှာ သာမန်အမျိုးသမီးများ ဝတ်လေ့ဝတ်ထရှိသည်ထက် ပိုတိုပြီး ပန်းပုံဖော်ထားသော စကတ်အနားသတ်မှာ ဒူးအထက်သို့ပင် ကြွတက်နေကာ အောက်ဘက်မှ ဘောင်းဘီရှည်ကပ်ကပ်ဖြင့် ထုပ်ပိုးထားသော ခြေသလုံးအလှကို ပေါ်လွင်စေသည်။

ဘွတ်ဖိနပ်လှလှလေးတစ်စုံဖြင့် ပေါင်းသော် သက်ဝင်တက်ကြွကာ ချစ်စဖွယ်ရှိ၏။

ဤကဲ့သို့သော စကတ်ပုံစံမှာ မူလက ကူလန်နိုင်ငံမှ ဆင်းသက်လာပြီး တာ့ကျန့်မင်းဆက်သို့ ပျံ့နှံ့လာခြင်းဖြစ်ကာ ကျွမ်းကျင်သူတို့၏ အသေးစိတ်ပြုပြင်မွမ်းမံခြင်းများအပြီး အမျိုးသမီးငယ်များအကြား အတော်လေး ရေပန်းစားလာခဲ့သည်။

အတိအကျဆိုရလျှင် ခုနှစ်ဆက်မြောက်ဧကရာဇ်၏လက်ထက် ထျန်းဝူခေတ်မှစတင်၍ တာ့ကျန့်ပြည်သူများသည် ရိုးရာအလိုက်ဝတ်စားဆင်ယင်ပုံများမှ ခွဲထွက်တီထွင်ခဲ့ကြပြီးဖြစ်၏။

လက်ရှိ ယွမ်ဖုန်းခေတ် ဒုတိယမြောက်နှစ်တွင်တော့ အလယ်ပိုင်းဒေသမှ ဝတ်စားဆင်ယင်ပုံများ ပို၍ခေတ်စားလာခဲ့သည်။

ချစ်စရာ ထိုမိန်းကလေးငယ်၏ ပေါ်ထွက်လာမှုက မူလက အခန်းတွင်းပြည့်နှက်နေသော လေးလံတင်းကျပ်သည့် အငွေ့အသက်များအား ဆီးနှင်းများ အရည်ပျော်ကျသွားသကဲ့သို့ ပျောက်ကွယ်သွားစေသည်။ သူဌေးကြီးလင်နှင့် အခြားသူများလည်း ထိုအခါမှ အသက်ကိုဝဝရှူနိုင်တော့သည်။

လိန်ရှင်းနန်က ခုတင်ဘက်ကိုမေးထိုးပြကာ တည်ငြိမ်စွာပြောလိုက်သည်။

"သွားအတည်ပြုချည်"

"ဟုတ်ပြီ"

မိန်းကလေးငယ်သည် လင်ကျောက်ယွဲ့၏ကိုယ်ပေါ် အိပ်မက်ဆိုးအကြွင်းအကျန်များကျန်ရှိနေကြောင်း ကောကန်းထံမှ ကြားသိခဲ့ပြီးဖြစ်သောကြောင့် တစ်ဝက်တစ်ပျက်စားထားသောမုန်လာဥနီကို အိတ်ကပ်ထဲထိုးထည့်လိုက်ပြီး စစ်ဆေးရန် အရှေ့တိုးလာသည်။

လင်ကျောက်ယွဲ့မှ သူမကို ကြောင်စီစီငေးကြည့်နေသည်အားမြင်သော် သူမက နွေးထွေးစွာပြုံးသည်။

"စိတ်လှုပ်ရှားဖို့မလိုပါဘူး။ ကျွန်မနာမည်က ယုန်မလေးမုန့်တဲ့၊ မမလေး ကျွန်မကို ယုန်မလေးလို့ခေါ်လို့ရတယ်"

သို့သော် လင်ကျောက်ယွဲ့မှာ စိတ်လှုပ်ရှားနေခြင်းမဟုတ်၊ အံ့သြတကြီးဖြစ်နေခြင်းသာ။

တစ်ဖက်လူ၏ ရင်သားနှစ်မြွှာ၏ဖွံ့ဖြိုးထွားကျိုင်းမှုကိုကြည့်ပြီး တအံ့တသြဖြစ်နေခြင်းဖြစ်၏။

တတ်နိုင်သလောက် ဖော်ညွှန်းရလျှင် သူမ၏ ထင်သာမြင်သာအစိတ်အပိုင်းများမှာ ယုန်မလေး၏ပိုင်ဆိုင်မှုများနှင့်ယှဥ်လျှင် တဲအိမ်စုတ်လေးနှင့် ခမ်းနားကြီးကျယ်သော စံအိမ်တော်ကြီးအလား အကြီးအကျယ်ကွာခြားနေခြင်းပင်။

ဤ ယုန်မလေးမုန့်ဆိုသူ ဘာတွေများစားလို့ ဒီလောက်ကြီးမားနေရသလဲ သူမသိချင်လှ၏။

ကလေးဆယ်ယောက်လောက်ကိုတောင် မိခင်နို့ချို ဝဝလင်လင်တိုက်ကျွေးနိုင်တဲ့ အရွယ်အစားမျိုး။

ထို့အပြင် ယုန်မလေးမုန့်သည် သူမလို သွယ်လျပိန်ပါးသောကိုယ်လုံးမျိုးမဟုတ်ဘဲ ပြည့်ပြည့်တင်းတင်း ထွားထွားကျိုင်းကျိုင်းရှိကာ နူးညံ့အိစက်သောအသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထိုကြီးကျယ်သောစံအိမ်ကြီးလို ကိုယ်လုံးကိုယ်ပေါက်ကြောင့် သာမန်ထက်ထူးခြားကာ လှပကျော့ရှင်းလှပေသည်။

လင်ကျောက်ယွဲ့လည်း မိန်းမငယ်လေးပီပီ မနာလိုအားကျဖြစ်မိ၏။

ယုန်မလေးမုန့်၏ စစ်ဆေးပုံကလည်း လိန်ရှင်းနန်လုပ်တုန်းကလို တစ်ပုံစံတည်းပင်။ အပြင်ပန်းလက္ခဏာများကို ဟိုဟိုဒီဒီစစ်ဆေးပြီးနောက် လက်ညှိုးတစ်ချောင်းကိုဆန့်ထုတ်ကာ လင်ကျောက်ယွဲ့၏ မျက်ခုံးနှစ်ခုကြားသို့ ညင်သာစွာဖိကပ်ထားလိုက်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ သူမ၏လက်ချောင်းထိပ်မှအလင်းတန်းသည် ခရမ်းဖျော့ရောင်ပင်။

လင်ကျောက်ယွဲ့မှာ နွေးထွေးစိုစွတ်သော အငွေ့အသက်တစ်ခုဖြင့် ထွေး‌ပွေ့ခံလိုက်ရသည့်အလား ပေါ့ပါးလွတ်လပ်သွားသောခံစားချက်ဖြင့် တိမ်တွေပေါ်အိပ်မွေ့ချခံနေရသလို ငိုက်မြည်းလာတော့သည်။

"အယ်"

စက္ကန့်အနည်းငယ်မျှအကြာတွင် ယုန်မလေးမုန့်က မျက်ခုံးတို့ကိုတွန့်ချိုးကာ ရှုပ်ထွေးသောအမူအရာကိုပြသည်။

ထို့နောက် မျက်လုံးလှလှကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လိန်ရှင်းနန်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။

"အစ်မလိန်၊ မိန်းကလေးမှာတစ်ကယ်ပဲ အိပ်မက်ဆိုးအကြွင်းအကျန်စွမ်းအင်တွေ ရှိနေတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ဖယ်ရှားခံလိုက်ရပြီးသားဖြစ်နေပြီ။ အိပ်မက်လမ်းလျှောက်သူတစ်ယောက်က သူ့ကိုကူညီပေးသွားတာသေချာတယ်။ နောက်ပြီး အလွန်ကျွမ်းကျင်တဲ့သူပဲဖြစ်မယ်။ ကျွန်မထက်‌တောင် ပိုပြီးစွမ်းအားကြီးနေသေးတယ်"

စကားပြောနေရင်း ယုန်မလေးမုန့်က စားလက်စမုန်လာဥနီကိုထုတ်ကာ တဂျွတ်ဂျွတ်ဝါးစားနေလိုက်သေးသည်။

"မင်းထက်တောင်ပိုပြီး စွမ်းအားကြီးတာလား"

လိန်ရှင်းနန်၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားသည်။

ဤတိမ်တိုက်မြို့တော်တစ်ခွင်တွင် ညကင်းလှည့်တပ်ဖွဲ့အတွင်း စာရင်းသွင်းထားသော အိပ်မက်လမ်းလျှောက်သူ ခုနစ်ဦးသာရှိကာ ဤယုန်မလေးမုန့်သည် ထိုအထဲမှ အကျွမ်းကျင်ဆုံးဟု သတ်မှတ်ခံထားရသူဖြစ်၏။ သူမထက်ပိုမြင့်သော အိပ်မက်လမ်းလျှောက်သူတစ်ယောက် ထပ်မံပေါ်ထွက်လာခြင်းပေလား။

ဘယ်သူများပါလိမ့်။

တခြားရုံးခွဲကလူများ ဖြစ်နေမလား။

သို့သော် မည်သည့်ရုံးခွဲမှပင်ဖြစ်စေ အိပ်မက်လမ်းလျှောက်သူတစ်ယောက် ထပ်မံတွေ့ရှိခန့်အပ်ထားလျှင် သေချာပေါက် သူမကိုလှမ်းအကြောင်းကြားမည်သာ။ အထက်လူကြီးများက စုံစမ်းစစ်ဆေးပြီးမှသိရလျှင် နောက်ဆက်တွဲပြစ်ဒဏ်က ပြင်းထန်နိုင်သည်မဟုတ်လော။

လိန်ရှင်းနန် စဉ်းစားခန်း ဝင်သွားသည်။

ပညာတော်သင်တစ်ယောက်နှင့်တူပြီး ချောမောသောအသွင်အပြင်ရှိသည့် ကျန်ငယ်သားက အရှေ့တိုးလာပြီး ခပ်တိုးတိုးဆိုသည်။

"အစ်မလိန် ကျွန်တော်တို့ ဌာနချုပ်ကို အကြောင်းကြားသင့်လား"

"အလျင်မလိုပါနဲ့ဦး"

လိန်ရှင်းနန်က လက်ကိုဝှေ့ယမ်းကာ အိပ်ရာဆီသို့လျှောက်သွားပြီး မိန်းကလေးကိုစိုက်ကြည့်လျက် အေးတိအေးစက်မေးသည်။

"ဘာအကြောင်း အိပ်မက်မက်ခဲ့သလဲ"

"အယ်"

လင်ကျောက်ယွဲ့မှာ တစ်ခဏမျှ မတုံ့ပြန်နိုင်မိခဲ့။

အမျိုးသမီး၏ အေးစက်စက်အကြည့်အောက် မိန်းမငယ်မှာ ထစ်အထစ်အ ဖြေရရှာသည်။

"ကျွန်..ကျွန်မ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး"

လိန်ရှင်းနန်က သူမကို ဆက်လက်၍ စိုက်ကြည့်နေသည်။ စူးရှသော ထိုမျက်ဝန်းများမှာ မိန်းကလေး၏ နှလုံးသားထဲက လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိပုံရ၏။ လင်ကျောက်ယွဲ့က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရိုးရိုးသားသား ဖြေပေးလိုက်သည်။

"ပြန်စဥ်းစားကြည့်တော့ တော်တော်လေး ဝေဝါးနေပါတယ်။ အကြမ်းဖျင်းလောက်ပြောရရင် ကျွန်မ ကြိုးတုပ်ပြီးပြန်ပေးဆွဲခံရတယ် ထင်တယ်၊ ပြီးတော့ မိစ္ဆာတစ်ကောင်က ကျွန်မကို တိုက်ခိုက်တော့မလိုပဲ... အဲဒီအချိန်မှာ အမျိုးသားတစ်ယောက်က ကျွန်မကို ကယ်ခဲ့ပါတယ်။"

"အမျိုသားတစ်ယောက်ဟုတ်လား သူ့နာမည်ကဘာလဲ"

"ကျွန်မမှတ်မိသလောက်တော့ ယန်ရွှမ်းယင်တဲ့"

"ယန်ရွှမ်းယင်တဲ့လား"

လိန်ရှင်းနန်တို့တစ်ဖွဲ့လုံး မျက်မှောင်ကြုတ်သွားသည်။ သူတို့ ညကင်းလှည့်တပ်ဖွဲ့ထဲ ထိုသို့သောအမည်ဖြင့် အဖွဲ့ဝင်ပါရှိသလားဟု ပြန်လှန်စဥ်းစားနေကြပုံ။ အချိန်အတော်ကြာ စဥ်းစားပြီးသော်လည်း ဘယ်သူမှအသံမထွက်လာခဲ့ပေ။

"သူက ဘယ်လိုပုံစံရှိလဲ" လိန်ရှင်းနန်က မေးသည်။

"ကျွန်မ မမှတ်မိတော့ဘူး"

လင်ကျောက်ယွဲ့က ခေါင်းကို တွင်တွင်ခါလိုက်ရင်း မချိပြုံးပြုံးသည်။

"ကျွန်မ လိမ်နေတာ မဟုတ်ပါဘူး၊ သူ့နာမည်ကလွဲရင် ကျန်တာတွေကို တကယ်ပဲ ဘာမှမမှတ်မိတော့တာပါ။"

တစ်ဖက်လူ လိမ်လည်နေပုံမပေါက်သောကြောင့် လိန်ရှင်းနန်လည်း သူမ၏ကြောက်စရာအကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

မိန်းကလေးမှာ ထိုအခါမှ သက်ပြင်းချနိုင်တော့၏။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် ထိုအမျိုးသမီးက ထပ်ပြောလာသည်။

"အိပ်မက်အကြောင်းအသေးစိတ်ကို စာရွက်ပေါ်ချရေးထား၊ မင်းမှတ်မိသလောက်ပေါ့။"

"...ဟုတ်ကဲ့ပါ"

သခင်မလိန်၏ ခပ်ကြမ်းကြမ်းအပြုအမူကို သူမမနှစ်သက်သော်ငြား နာခံရိုကျိုးပေးရုံသာတတ်နိုင်လေသည်။ အဆင့်အတန်းမြင့်ပုံရသော ထိုအမျိုးသမီးကို လင်ကျောက်ယွဲ့ ငြင်းဆိုအထွန့်တက်ခြင်းမပြုရဲ။

ဤမျှအေးစက်တင်းမာသော မိန်းမမျိုးကို ဘယ်ယောက်ျားကကြိုက်နိုင်မလဲဟု သူမတွေးမိသည်။

သူ့ငယ်သားတွေအတွက်တော့ သနားစရာပဲ။

မိန်းကလေးသည် ယုန်မလေးမုန့်နှင့် ကျန်အမျိုးသားနှစ်ဦးကိုကြည့်ကာ ကိုယ်ချင်းစာသနားသွားရသည်။

"သူဌေးလင်၊ လွန်ခဲ့တဲ့နှစ်ရက်အတွင်း မိန်းကလေးလင်အနား ဘယ်သူတွေရှိကြလဲ" လိန်ရှင်းနန်က သူဌေးကြီးလင်ကိုကြည့်ကာ မေးသည်။

လင်သူဌေးကြီးသည် နဖူးပေါ်မှ ချွေးများကို သုတ်ရင်း ပြန်လည်စဉ်းစားကာ ပြောပြလာသည်။

"ကျွန်တော့်သမီး သတိမေ့သွားကတည်းက အိမ်ထဲက အစေခံတွေအပြင် ပင့်ထားတဲ့သမားတော်တွေ၊ ယတြာချေဖို့ပင့်ထားတဲ့ ဘုန်းတော်ကြီးတွေနဲ့ တာအိုဆရာတွေပဲ ဒီအခန်းထဲကိုဝင်ခဲ့တာပါ။ ဒါပေမဲ့ ဒီလူတွေကို ကျွန်တော်အကုန်သိပါတယ်၊ ဘုန်းကြီးတွေက လီချန်းဘုရားကျောင်းကပါ၊ ရသေ့တွေက ပိုင်ဟယ်တာအိုကျောင်းကပါ။ ပင့်ထားတဲ့ သမားတော်တွေကလည်း မြို့ထဲက နာမည်ကြီးသမားတော်တွေချည်းပါပဲ"

"သံမဏိနွား၊ သူဌေးကြီးလင်ဆီက ထွက်ဆိုချက်ယူလိုက်။ လာခဲ့ဖူးသူတိုင်းကို စာရင်းပြုစု"

လိန်ရှင်းနန်က ပညာတတ်ပုံစံနှင့်ငယ်သားကို အမိန့်ပေးလိုက်သည်။

"အိမ်ထဲက ကျန်တဲ့လူတွေကိုလည်း သေချာ စစ်ဆေးမေးမြန်းလိုက်ဦး။"

ထိုအမျိုးသားက ချောင်းတစ်ချက်ဟန့်လိုက်ပြီး လိန်ရှင်းနန်အနားသို့ တိုးကာ တိုးတိုးလေးပြောသည်။

"အစ်မလိန်၊ နောက်ကျရင် ကျွန်တော့်ရဲ့နာမည်ကို အပြည့်အစုံကြီးမခေါ်ပါနဲ့လား။ သံမဏိဆိုရင်ရပြီလေ၊ သံမဏိသခင်လေးလို့ခေါ်ရင် ပိုတောင်ကောင်းသေးတယ်"

ကံမကောင်းစွာဖြင့် ထိုအမျိုးသား၏တောင်းဆိုမှုမှာ တင်းကျပ်သော အမျိုးသမီးအထက်လူကြီး၏ ဂရုပြုမှုကို တစ်စွန်းတစ်စပင်မရလိုက်ခဲ့။

သံမဏိနွားလည်း ကူကယ်ရာမဲ့စွာပင် အရှုံးပေးလိုက်ရတော့၏။

ထိုမျှရက်စက်သောအမည်ကို ပေးရက်နိုင်ခဲ့သည့် အဖေနှင့်အမေကိုသာ အပြစ်တင်ရတော့မည်။ ယဥ်ကျေးသိမ်မွေ့သော သခင်လေးဟန်ပန်နှင့် ဆန့်ကျင်ဘက်နာမည်ကိုမှ ရွေးတတ်ပေသည်။

သူဌေးကြီးလင်နှင့် သမီးငယ်တို့ဆီမှ ထွက်ဆိုချက်မှတ်တမ်းယူနေစဉ်မှာပင် လိန်ရှင်းနန်သည် လက်ပိုက်လျက် အခန်းထဲတွင် ဖြည်းဖြည်းချင်းလှည့်လည်ကာ အခြားသဲလွန်စများ ရှိမရှိ သေချာစစ်ဆေးနေသည်။

မကြာမီမှာပင် အမျိုးသမီး၏အကြည့်မှာ စားပွဲပေါ်ရှိ ဟင်းပန်းကန်လုံးတစ်ခုပေါ်၌ ရပ်တန့်သွားသည်။

ပန်းကန်ထဲတွင် ငှက်သိုက်စွပ်ပြုတ် တစ်ဝက်ခန့် ကျန်ရှိနေသေးသည်။

စွပ်ပြုတ်မှာ အေးစက်နှင့်ပြီးလေပြီ။

လိန်ရှင်းနန်သည် ကြွေပန်းကန်လုံးကို မြှောက်ကာ နှာခေါင်းနားတေ့၍ အနံ့ခံကြည့်ပြီး ကောကန်းထံသို့ ကမ်းပေးလိုက်သည်။

"စမ်းသပ်ကြည့်စမ်း။"

ကောကန်းက အင်္ကျီရင်ဘတ်ထဲမှ သစ်သားသေတ္တာငယ်တစ်ခုကို သွက်လက်စွာထုတ်လိုက်ပြီး ၎င်းကို ဖွင့်ကာ အနုစိတ်ပုံစံများ ထွင်းထုထားသော ဖန်ကျောက်အပ်တစ်ချောင်းကို ဂရုတစိုက်ယူလိုက်ပြီး စွပ်ပြုတ်ပန်းကန်ထဲသို့ ထိုးထည့်လိုက်သည်။

တစ်မိနစ်ခန့်အကြာတွင် ထိုဖန်ကျောက်အပ်ကို ပြန်ထုတ်လိုက်သည်။

အပ်ထိပ်ဖျားမှာ အနီရောင်ဖြင့် တလက်လက်တောက်နေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ကောကန်း ချက်ချင်းမျက်နှာပျက်သည်။

"ဒီထဲမှာ မိုးနီရေပါနေတယ်"

ထိုစကားလုံးများ ထွက်လာသည်နှင့် အခန်းထဲရှိလေထုမှာ ချက်ချင်းပင် အေးခဲသွားသကဲ့သို့ဖြစ်ကာ လူတိုင်း၏အကြည့်မှာ တစ်နေရာတည်းသို့ စုပြုံရောက်ရှိသွားတော့သည်။ သူဌေးကြီးလင်မှာတော့ ဖြူဖျော့သွားသောမျက်နှာဖြင့် ကြမ်းပြင်ထက် ခွေကျသွားလျက်။

All Chapters