အိပ်မက်လမ်းလျှောက်သူ
Vol. 1 Ch. 5
ဤလောကသည် မိစ္ဆာနှင့်မသေမျိုးများမရှိသော ကမ္ဘာတစ်ခုဖြစ်၏။
ကျင့်ကြံသူတို့၏ အဆက်အနွယ်များ ကျန်ရစ်ခဲ့သည့်တိုင် အများစုမှာ တာအို၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ လိုက်စားခဲ့ကြသည်။
နှစ်ပေါင်းများစွာအတွင်း ဤတိုက်ကြီးပေါ်တွင် တော်ဝင်မင်းဆက်များ အဆက်မပြတ် ပေါ်ထွန်းလာလိုက် ပျက်သုဉ်းသွားလိုက်နှင့် အဆက်ပြတ်သည်မရှိ။ တော်ဝင်အာဏာစက်၏ အုပ်ချုပ်မှုအောက်တွင် ဂိုဏ်းကြီးဂဏကြီးများမှာလည်း မိုးအပြီး မှိုများပေါက်သကဲ့သို့ အစုလိုက်အပြုံလိုက် ပေါ်လာတတ်ပြီး ခဏချင်းအတွင်းမှာပင် ပြန်လည်ညှိုးနွမ်းပျောက်ကွယ်သွားတတ်ပြန်ကာ ပထဝီဝင်အနေအထားများသည်လည်း အချိန်နှင့်အမျှ ပြောင်းလဲနေတတ်သည်။ သမိုင်းရေစီးကြောင်းသည် မည်သို့ပင် ရှေ့ကိုဆက်သွားနေပါစေ ကောင်းကင်အောက်တွင် နေထိုင်ကြသော လူသားတို့သည် ကောင်းကင်တာအို၏ စည်းမျဥ်းဥပဒေများမှ လွတ်ကင်းနိုင်ရန် လမ်းမရှိခဲ့ပါပေ။
ဤသို့ဖြင့် လူသားအချင်းချင်း တိုက်ခိုက်ရုန်းကန်ကြရသည့် လောကကြီးတွင် သူတို့ပိတ်မိနေခဲ့ကြသည်။
သို့ပေမဲ့ တစ်နေ့တွင်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ဘုံမှ အုပ်ချုပ်သူက ရုတ်တရတ် စနစ်ထဲသို့ လုပ်ဆောင်ချက်အသစ်များထည့်ကာ အကြီးစားတိုးမြှင့်မှုကြီးတစ်ခု လုပ်ချလိုက်သကဲ့သို့။
တာ့ကျန်းမင်းဆက် ထျန်းဝူခေတ်၏ ခြောက်နှစ်မြောက်၊ ကိုးလပိုင်း ဆယ့်ငါးရက်နေ့၊ ညဥ့်သန်းခေါင်ယံအချိန်တွင် မူလအမျိုးအမည်မသိနိုင်သော မိုးနီရေများ ကောင်းကင်ယံမှ ရုတ်ချည်းဆန်ဆန် ရွာသွန်းဖြိုးခဲ့လေသည်။
ထိုမိုးနီရေများမှာ သွေးကဲ့သို့ ရဲရဲနီကာ နာရီဝက်တိတိ ရွာသွန်းခဲ့လေသည်။
ထူးဆန်းသည် ထိုမိုးနီရေများသည် မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာကဲ့သို့ သဘာဝရေအရင်းအမြစ်များကြားတွင် ရောနှောစီးဆင်းခြင်းမရှိ၊ မြေပြင်ကိုထိသည်နှင့် ရုတ်ချည်းအငွေ့ပျံတက်လေသည်။ ထို့ကြောင့် ၎င်းတို့ကို ကြွေထည်ကြွေခွက်များထဲတွင်သာ သိုလှောင်သိမ်းဆည်းနိုင်ပေသည်။
ထို့နောက် ရေနွေးထဲတွင်ဖျောထည့်ပါက ပျော်ဝင်နိုင်ပေသည်။
ထိုမျှမက လူတို့သည် ထိုခံယူစုဆောင်းထားသော မိုးနီရေများကို စမ်းသပ်သောက်သုံးရင်း ကောင်းကင်ဘုံကပေးသနားသော နတ်ဆေးတစ်မယ်ဖြစ်နေခဲ့မှန်း အံ့သြတကြီး တွေ့ရှိခဲ့ရလေ၏။
၎င်းကို သောက်သုံးပါက အဆိပ်အတောက်ပြေစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ကိုယ်ဝန်ကို အားဖြစ်စေခြင်း၊ ကျောက်ကပ်အားကောင်းစေခြင်းနှင့် နာကျင်မှုကိုသက်သာစေကာ သွေးတိတ်စေခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိရုံသာမက ကျင့်ကြံသူများအတွက်လည်း များစွာ အကျိုးရှိစေသည်။
ဥပမာအားဖြင့် မာရီဒန်များကို အင်အားပြည့်ဝစေသောကြောင့် ကျင့်ကြံခြင်းအခြေခံကို အားကောင်းစေသည်။
သို့သော် ဤအရည်သည် လူသားများသောက်သုံးမှသာ အကျိုးထူးစေခြင်းဖြစ်ပြီး အခြား ကျေးငှက်အကောင်ပလောင်လေးများ သားရဲတိရိစ္ဆာန်များ မည်မျှပင်သောက်သုံးစေကာမူ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိခဲ့။
သို့သော် ထိုအချိန်မှစ၍ ထူးဆန်းသော အဖြစ်အပျက်များ မကြာခဏ ဖြစ်ပွားလာတော့သည်။
သောက်သုံးသူများသည် အိပ်မက်ဆိုးများမြင်မက်ကာ အိပ်မက်ဆိုးမိစ္ဆာဟုခေါ်သော သတ္တဝါတစ်ကောင်ထံမှ အိပ်မက်တွင်း ခြောက်လှန့်သတ်ဖြတ်ခြင်းခံရတတ်ကာ သို့မဟုတ်ပါလျှင် ရုတ်တရတ်အသွင်ပြောင်းကာ ကြမ်းကြုတ်သောမိစ္ဆာကြီးဖြစ်လာတတ်လေသည်။
သို့မဟုတ် သေဆုံးလွန်မြောက်သွားပြီးသူက အကြောင်းရင်းမရှိစွာ ပြန်လည်ရှင်သန်လာတာမျိုးလည်း ဖြစ်တတ်ပေသည်။
အရာအားလုံး၏ နောက်ကွယ်မှတရားခံကား ထိုမိုးနီရေပင်။
ထျန်းဝူခေတ် ခုနစ်နှစ်မြောက်တွင်တော့ တာ့ကျန့်မင်းဆက်သည် ညကင်းလှည့်တပ်ဖွဲ့ဟုအမည်ရသော နှိမ်နင်းရေးအဖွဲ့တစ်ခုကို တည်ထောင်လိုက်ကာ ညဥ့်သန်းခေါင်မိုးနီရေဖြစ်ရပ်များကိုသာ သီးသန့်စုံစမ်းစစ်ဆေးစေခဲ့သည်။
ထိုညကင်းလှည့်တပ်ဖွဲ့အား တည်ထောင်ခဲ့သည်မှာ ယခုဆိုလျှင် ၂၁နှစ်ရှိလေပြီ။
ဧကရာဇ်မင်းနှစ်ဆက်တိုင်အောင် တည်ရှိခဲ့သော ညကင်းလှည့်တပ်ဖွဲ့သည် တာ့ကျန့်မင်းဆက်၏ ဒုတိယမြောက်အကြီးဆုံး အထူးအဖွဲ့အစည်း ဖြစ်လာခဲ့ပြီး ဧကရာဇ်၏ အနီးကပ်အရိပ်ကိုယ်ရံတော်များပြီးလျှင် ဒုတိယနေရာတွင်ရှိသည်။ နန်းတွင်း၌သော်လည်းကောင်း၊ ပြည်သူများကြား၌သော်လည်းကောင်း ဩဇာအာဏာ အလွန်ကြီးမားကာ ကျော်ကြားပေသည်။
မိုးနီပါဝင်ပက်သက်နေသော မည်သည့်အမှုကိစ္စကိုမဆို ကာယကံရှင်၏ နောက်ခံအဆင့်အတန်းအား လုံးဝလျစ်လျူရှုကာ တင်းကျပ်စွာ စစ်ဆေးမေးမြန်းရသည်။
"ဖြန်း"
သံမဏိနွားက စစ်ဆေးချက်မှတ်တမ်းကို စားပွဲပေါ်သို့ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်ပြီး သူဌေးကြီးလင် ကို စိုက်ကြည့်ကာ ဆိုသည်။
"သူဌေးလင်၊ ခင်ဗျားအတော်သတ္တိကောင်းနေတယ်ပေါ့လေ။ မိုးနီကို သီးသန့်သိုလှောင်ထားတာ ဘယ်လောက်ကြီးလေးတဲ့ပြစ်မှုမှန်း ခင်ဗျားမသိလို့လား"
ညကင်းလှည့်တပ်ဖွဲ့ကို တည်ထောင်ပြီးကတည်းက သူတို့သည် နိုင်ငံတစ်ဝန်း သိုလှောင်ထားသော မိုးနီများကို သိမ်းဆည်းခဲ့ကြသည်။
အဖြစ်အပျက်များအပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုများအရ မိုးနီရွာသွန်းသော နေရာဒေသများမှာ နန်းမြို့တော်၊ ယန်နျို့တောင်တန်း၊ လိပ်နတ်ဘုရားကျွန်းနှင့် ဖုန့်လင်း၊ လုံကျန်းဆိုသည့် ပြည်နယ်နှစ်ခုသာဖြစ်သည်။
အခြားနေရာဒေသများတွင် မိုးနီရွာသွန်းမှု မရှိခဲ့ပေ။
မိုးနီသည် မြေကြီးနှင့်ထိလျှင် ချက်ချင်းအငွေ့ပျံသွားတတ်ပြီး မြစ်ချောင်းအင်းအိုင်များနှင့် မရောနှောဘဲ ကြွေထည်ပစ္စည်းများအတွင်း၌သာ မူလပုံသဏ္ဌာန်မပြတ် အသက်ဆက်နိုင်သည်ဆိုသော်ငြား သာမန်ပြည်သူတို့ သိုလှောင်သိမ်းဆည်းရန်မှာ မဖြစ်နိုင်လောက်အောင် မခက်ခဲခဲ့ပေ။
ဤသို့ဖြင့် မိုးနီကို သီးသန့်သိုလှောင် လက်တည့်စမ်းချင်သူ လူအရေအတွက်မှာ အတော်အတန်များပြားခဲ့ပေသည်။
လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုခန့်က ပြည်သူပြည်သားများမှာ မိုးနီသိမ်းဆည်းခြင်းပြစ်မှုကြောင့် ဖမ်းဆီးအကျဥ်းချ၊ ကွပ်မျက်သုတ်သင်၊ အိုးအိမ်ပိုင်ဆိုင်မှု သိမ်းဆည်းခံရခြင်းများ မရေမတွက်နိုင်အောင် ရှိခဲ့ပေသည်။
သို့သော် မိုးနီနှင့်ပက်သက်သော မှောင်ခိုအရောင်းအဝယ်ကိစ္စများမှာ အကြိမ်ကြိမ်နှိမ်နင်းသော်လည်း ပျောက်ကွယ်သွားခြင်းမရှိပေ။
အကြောင်းရင်းကား ရိုးရှင်းပါသည်။ အကျိုးအမြတ်ကြောင့်ပင်။
အထူးသဖြင့် ညကင်းလှည့်တပ်ဖွဲ့၏ ပြင်းထန်သော စစ်ဆေးနှိမ်နင်းမှုအောက်တွင် မိုးနီရေများ ပို၍ရှားပါးလာပြီး အကျိုးအမြတ်ဈေးနှုန်းကပါ ရှားပါးမှုနှင့်အတူ တစ်ပါတည်းမြင့်တက်လာရာ လူများစွာကို အသက်နှင့်ရင်း၍ စွန့်စားစေရန် လုံလောက်လှသည်။
ဤသို့ဖြင့် ကောင်းကင်ဘုံ၏လက်ဆောင်မွန် မိုးနီရေကို မျှော်လင့်စောင့်စားနေသူ လောဘသားများကတစ်အုပ်စု၊ မိုးနီကျိန်စာကို ကြောက်ရွံ့စိုးထိတ်နေရသူများက တစ်အုပ်စု။
သို့သော် ယခုဆိုလျှင်ပင် နှစ်၂၀တိုင်တိုင် ကြာညောင်းလွန်မြောက်သွားခဲ့လေသော်ငြား မိုးနီမှာ အရိပ်အယောင်မျှပင် ထပ်မံပေါ်ပေါက်မလာတော့ပြီ။
ဒဏ္ဍာရီပုံပြင်များသာ ကျန်ရှိခဲ့တော့လေသည်။
ထို့အပြင် တော်ဝင်နက္ခတ်ဗေဒင်အဖွဲ့အစည်း၏ လပေါင်းများစွာ တွက်ချက်မှုများအရ မိုးနီထပ်မံရွာသွန်းတော့မည် မဟုတ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်ရာ ရှိပြီးသားမိုးနီများမှာ ပို၍ပင် တန်ဖိုးတက်လာတော့သည်။
အချို့အစုအဖွဲ့များက ရှိပြီးသားမိုးနီရေများကို သုသေသနပြုကာ ပြန်လည်သန့်စင်ဖော်စပ်ပြီး အကျိုးအာနိသင်ကို အမြင့်ဆုံးထိမြှင့်တင်၍ ဈေးကြီးကြီးနှင့် ပြန်လည်ရောင်းချကြလေသည်။
လင်ကျောက်ယွဲ့၏စွပ်ပြုတ်ပန်းကန်ထဲတွင် တွေ့ခဲ့ရသော ထိုမိုးနီရေမှာ ပြင်ဆင်ဖော်စပ်ထားသော အာနိသင်မြင့်မိုးနီရေဖြစ်၏။
"အရာ...အရာရှိမင်းခင်ဗျာ..."
သူဌေးကြီးလင်သည် ကြမ်းပြင်ပေါ်ခွေကျသွားကာ တစ်ကိုယ်လုံး တုန်ယင်လျက်သားဖြင့် ကပျာကယာဒူးထောက်လိုက်သည်။
"အရာရှိမင်း၊ ကျွန်တော်မှားသွားပါတယ်။ ဒီအရပ်သားက မိုးနီကို သီးသန့်သိုလှောင်ထားခြင်း လုံးဝမရှိပါဘူး။ ကျွန်တော့်သတ္တိကို ဆယ်ဆတိုးလို့ရရင်တောင် ဒီလိုတော့လုပ်နိုင်မှာမဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်ဖို့ မဝံ့ရဲပါဘူး။ အရာရှိမင်း ကျွန်တော့်ကိုမယုံရင် လင်မိသားစုအိမ်တော်တစ်ခုလုံးကို စိတ်ကြိုက်ရှာဖွေနိုင်ပါတယ်"
မေရှင်းအာလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဒူးထောက်ချကာ အပြစ်ကင်းကြောင်း အော်ဟစ်ဖြေရှင်းနေသည်။
သံမဏိနွားက စွပ်ပြုတ်ပန်းကန်လုံးကိုလက်ညှိုးထိုးပြပြီး မေးလိုက်သည်။
"ဒါဆို ဒါကဘာလဲ။ အခု ကျုပ်တို့က ခင်ဗျားတို့ကို တမင်တကာနာမည်ဖျက်နေတယ်လို့ ပြောချင်တာလား"
"မဟုတ်ရပါဘူးဗျာ၊ မဟုတ်ရပါဘူး"
သူဌေးကြီးလင်က ခေါင်းကိုတွင်တွင်ခါသည်။
"ဒီအရပ်သားက အဲ့လိုဆိုလိုချင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့သမီးရဲ့စွပ်ပြုတ်ထဲ ဒါတွေဘာလို့ပါနေမှန်းလည်း ကျွန်တော်မိပါဘူး။ ဖြစ်နိုင်တာက တစ်ယောက်ယောက်က သမီးလေးကို ထိခိုက်စေချင်လို့ လုပ်ကြံတာပါပဲ။ ဟုတ်တယ် ဟုတ်တယ်။ တစ်ယောက်ယောက်က ကျွန်တော်တို့လင်မိသားစုနဲ့ သမီးလေးကို ပစ်မှတ်ထားနေတာပါ။ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးပေးပါ အရာရှိမင်း"
စုံစမ်းစစ်ဆေးရေးတွင် အတွေ့အကြုံရင့်သန်သူပီပီ လိန်ရှင်းနန်ကတော့ သူဌေးကြီးလင်နှင့် လင်မိသားစုဝင်များ မလိမ်မညာဖြေဆိုနေမှန်း ရိပ်မိသော်လည်း ပို၍သေချာသွားစေရန် ကောကန်းကိုလက်ဝှေ့ခေါ်ကာ ညွှန်ကြားလိုက်သည်။
"လင်အိမ်တော်ကို အသေးစိတ်ရှာဖွေဖို့နဲ့ အိမ်ထဲကလူတိုင်းကို ပြင်းပြင်းထန်ထန် စစ်မေးဖို့ တိမ်တိုက်မြို့တော်က ခေါင်းဆောင်ဆီကို လူလွှတ်အကြောင်းကြားလိုက်။ ပြီးတော့ ဆိုင်းယွမ်နဲ့ဆိုင်းယွဲ့ ညီအစ်မနှစ်ယောက်ကို ခေါ်လာပြီး မိန်းကလေးလင်ကို ခုနစ်ရက်တိတိ အနီးကပ်စောင့်ရှောက်ဖို့ပြောလိုက်။ အိပ်မက်ဆိုးကို ဖယ်ရှားပြီးပြီဆိုပေမဲ့လည်း သတိထားတာမမှားဘူး။ ထူးခြားတာ တစ်ခုခုရှိရင် ချက်ချင်း အစီရင်ခံပါ။"
"နားလည်ပါပြီ"
ကောကန်းက ခေါင်းညိတ်ပြီး အမြန်ပြေးထွက်သွားသည်။
မိုးနီရေကိုသောက်သုံးပြီးချိန်တွင် ပမာဏများလေလေ မကောင်းဆိုးဝါးအသွင်ပြောင်းနိုင်ချေ ပိုများလေလေဖြစ်သည်။ အကယ်၍ ခုနစ်ရက်အတွင်း ထူးခြားမှုတစ်စုံတစ်ရာ မရှိလာပါက ဆိုးကျိုးအန္တရာယ်ကင်းစင်သွားပြီဟု ဆိုလိုပေသည်။
လင်မိသားစုအတွက် ပြစ်မှုကမူ စုံစမ်းစစ်ဆေးမှုရလဒ်နှင့် မိုးနီပါဝင်မှုပမာဏအပေါ် မူတည်ပေမည်။
လုပ်စရာရှိတာမှန်သမျှ ညွှန်ကြားစီစဥ်အပြီး လီရှင်းနန်သည် အိပ်ခန်းငယ်ထဲမှထွက်လာလိုက်ပြီး အနောက်တွင်လိုက်ပါလာသော ယုန်မလေးမုန့်ကို မေးလိုက်သည်။
"အဲ့ဒီ အိပ်မက်လမ်းလျှောက်သူကို နောက်ယောင်ခံစုံစမ်းဖို့ နည်းလမ်းရှိလား"
"မရှိသေးဘူး။ အဲ့ဒီယန်ရွှမ်းယင်ဆိုတာ အတော်ကိုစွမ်းအားကြီးလောက်တယ်။"
ယုန်မလေးမုန့်က မုန်လာဥနီကိုတစ်ကိုက်ကိုက်လိုက်သည်။
"ကာယကံရှင်ဆီမှာ သူနဲ့ပက်သက်တဲ့မှတ်ဉာဏ်တွေ မကျန်ခဲ့အောင် ဖယ်ထုတ်နိုင်တယ်။ ကျွန်မတောင် မှတ်ဉာဏ်ဖျောက်ဖို့ကိစ္စဆို အခက်တွေ့နေရတုန်းပဲ။ ဒါ့အပြင် ဒီလူက လင်ကျောက်ယွဲ့ရဲ့ မိုးနီအိပ်မက်ကမ္ဘာထဲကို အဝေးကြီးကနေ လှမ်းဝင်နိုင်ခဲ့တာ။ သူ့စိတ်ဝိညာဥ်စွမ်းအားက တကယ်ပြင်းပြပုံပဲ။ အံ့သြစရာကောင်းတယ်"
"ငါတို့ ဒီကိစ္စကို ခေါင်းဆောင်ဆီတင်ပြပြီး အသေးစိတ်စုံစမ်းရမယ်"
လိန်ရှင်းနန်က တည်ငြိမ်စွာဆိုသည်။
အိပ်မက်လမ်းလျှောက်သူများမှာ မိစ္ဆာနှိမ်နင်းသူများနှင့် မတူကွဲပြားသည်။ ထိုကျင့်ကြံမှုနယ်ပယ်အတွင်းသို့ ဝင်ရောက်ရန် အင်မတန်ထူးခြားသောပါရမီတစ်ခု ရှိထားဖို့လိုသောကြောင့် ထိုကျင့်ကြံသူများကို တော်ဝင်နန်းတော်ကိုယ်တိုင်ကပင် အထူးအရေးပေးဆက်ဆံလေသည်။
အိပ်မက်လမ်းလျှောက်သူများအား စည်းရုံးသိမ်းသွင်းလို့ရသူများကို သိမ်းသွင်းကာ မရသူများကိုမူ စာရင်းသွင်း၍ တင်းကျပ်စွာ စောင့်ကြည့်ထာရသည်။
"ဪ အစ်မလိန်၊ ဝမ်ယင်းယင်းလည်း မနေ့ညကပဲ အိပ်မက်ဆိုးကြောင့်သေသွားတယ်သိလား။ အဲ့ဒီယန်ရွှမ်းယင်က သူ့ကိုကျ ဘာလို့သွားမကယ်တာပါလိမ့်နော်"
ယုန်မလေးမုန့်က စိတ်ဝင်တစား မေးလာသည်။
လိန်ရှင်းနန် ခေါင်းသာခါပြလိုက်ရတော့၏။
"ငါလည်းမသိဘူး။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းသိဖို့ဆို အများကြီးစုံစမ်းရဦးမယ်။ ပထမ မိစ္ဆာတိုက်ခိုက်မှု ဖြစ်တယ်၊ အခုတော့ အိပ်မက်ဆိုးပေါ်လာပြန်ပြီ။ ရှေ့ဆင့်နောက်ဆင့်ဖြစ်သွားတာဆိုတော့ သေချာပေါက် တစ်ခုခုဆက်စပ်နေလိမ့်မယ်။ ငါတို့ ပြန်သွားတဲ့အခါ ဝမ်အိမ်တော်ကို တစ်ခေါက်သွားပြီး ထပ်စုံစမ်းကြတာပေါ့"
စကားပြောနေရင်း အမျိုးသမီးက ချက်ချင်းမျက်မှောင်ကြုတ်ကာ သူမ၏ဘယ်ဘက်ရင်အုံအား လက်ဖြင့်အသာဖိထားလိုက်သည်။ နာကျင်မှုတစ်ခုခု ခံစားလိုက်ရဟန်။
ထိုအချင်းအရာအားမြင်သော် ယုန်မလေးမုန့် စိုးရိမ်တကြီးဖြစ်သွားရသည်။
"အစ်မလိန်၊ အဲ့ဒီနေရာကနာနေတုန်းလား၊ ကျွန်မနှိပ်ပေးရမလား"
"တော်စမ်း"
လိန်ရှင်းနန်က အော်ထုတ်လိုက်သည်။
ယုန်မလေးမုန့်က တခစ်ခစ်ရယ်ကာ စနောက်ခြင်းကိုရပ်လိုက်ပြီး အလေးအနက်ဆိုလာသည်။
"သမားတော်ရော ပြကြည့်ပြီးပြီလား။ ရောဂါက ပိုဆိုးလာတာတော့မဟုတ်ဘူးမလား"
လိန်ရှင်းနန်က ရင်အုံကို အသာဖိနှိပ်နေသည်။ အနာသက်သာသွားမှ ကူကယ်ရာမဲ့စွာ ပြန်ဖြေလာ၏။
"အမျိုးသမီးသမားတော်တွေကလည်း ရှားတယ်လေ။ ရှိတဲ့သူတွေကလည်း တစ်ယောက်မှ အသုံးမကျကြဘူး။ နန်းမြို့တော်ကို အလုပ်ကိစ္စနဲ့ ရက်နည်းနည်းလောက်သွားစရာရှိသေးတယ်။ အဲ့ဒီအခါမှ အမျိုးသမီးသမားတော်တစ်ယောက်လောက်ရှာပြီး စစ်ကြည့်လိုက်မယ်။ ထွေထွေထူးထူးမဟုတ်လောက်ပါဘူး"
အနီးအနား ခရိုင်မြို့နယ်များတွင် နာမည်ကြီးသမားတော်များစွာရှိပါသော်လည်း ရောဂါနေရာက အမျိုးသားသမားတော်နှင့် ပြလို့အဆင်မပြေလေသောကြောင့် အမျိုးသမီးကိုသာ ရအောင်ရှာရပေမည်။
"အို့ နေပါဦး"
ယုန်မလေးမုန့်က တစ်ခုခုကို သတိရလိုက်ဟန်ဖြင့် မျက်လုံးများ လက်ခနဲဖြစ်သွားသည်။
"ချင်းဖိန်တောင်ခြေရင်းမှာ အမျိုးသမီးသမားတော်တစ်ယောက်ရှိတယ်လေ။ ကြားရသလောက်တော့ လွန်ခဲ့တဲ့ နှစ်လလောက်က ဟိုင်လင်ပြည်နယ်ကနေ ဒီကို ပြောင်းလာတာတဲ့။ ဆေးပညာပိုင်းမှာ အရမ်းတော်တယ်လို့ ကြားတယ်၊ ပြီးတော့ သူက အမျိုးသမီးသီးသန့်ကုတာတဲ့။ အစ်မလိန် သွားပြကြည့်ပါ့လား"
"ဟိုင်လင်ပြည်နယ်လား"
လိန်ရှင်းနန် စဥ်းစားနေသည်။
"ဒီလောက်ဝေးတဲ့နေရာကနေ ဒီအထိပြောင်းလာရသလား"