← Chapters

ဆုလာဘ်

Vol. 1 Ch. 6

ဆုလာဘ်

Vol. 1 Ch. 6

စားပွဲဘေးက ဖယောင်းတိုင်အလင်းမှာ တဖျပ်ဖျပ်နှင့် လင်းနေဆဲဖြစ်သည်။

နံ့သာရည်များ လိမ်းကျံထားသော အနီရောင်ဖယောင်းတိုင်၏ ခြေရင်းတွင် ဖယောင်းစက်များမှာ ရေခဲလွှာပါးလေးကဲ့သို့ စုပုံနေသည်မှာ အချိန်အတော်ကြာလေပြီ။

ပြတင်းပေါက်တွင် ကပ်ထားခဲ့သော မင်္ဂလာအထိမ်းအမှတ် အနီရောင်စာတန်းကြီးမှာလည်း ဘာကြောင့်ရယ်မသိ ခုတင်အောက်ဆီသို့ လွင့်ကျနေခဲ့သည်။ ထောင့်တစ်နေရာ စုတ်ပြဲနေသော်ငြား အရောင်အသွေးမှာတော့ တောက်ပစိုပြေဆဲ။

ယခုအချိန်တွင် လီနန်ခယ့်သည် ထိုဟောင်းနွမ်းပျက်စီးနေသော မင်္ဂလာခန်းမထဲတွင် ရှိနေဆဲဖြစ်သည်။

၎င်းမှာ သူ၏မိုးနီအိပ်မက်ကမ္ဘာဖြစ်သည်။ ပိုင်ရှင်ဖြစ်သော သူက အဆုံးစီရင်ခြင်းမရှိသေးသရွေ့ ဤအိပ်မက်ကမ္ဘာသည် ထာဝရတည်မြဲနေလိမ့်မည်။

လင်ကျောက်ယွဲ့ရှိနေခဲ့စဥ်က နွေးထွေးမွှေးပျံ့သော လေထုသင်းသင်းနှင့် မတူညီစွာ ယခု သူရှိနေသော မင်္ဂလာခန်းမမှာ မှောင်မည်းနေပြီး မှိုနံ့တထောင်းထောင်းကြား အခန်းတွင်း အသုံးအဆောင်များမှာလည်း ပျက်စီးဟောင်းနွမ်းနေသည်။

ပြတင်းပေါက်အပြင်ဘက်တွင် အနီရောင်များလွှမ်းမိုးနေဆဲဖြစ်သော်ငြား ညနေဆည်းဆာ၏ လိမ္မော်နီရောင်အလင်းတန်းများတော့ မဟုတ်လေတော့။ ၎င်းအစား မိုးနီရှိနေခဲ့သည်။

မိုးရွာသွန်းသံများက အလွန်ပြင်းထန်ဆူညံလှ၏။

သည်းထန်စွာ ရွာသွန်းနေသော မိုးနီရေများအား ပြတင်းတံခါး အက်ကြောင်းမှတစ်ဆင့် ကြည့်မိပါလျှင် လတ်လတ်ဆတ်ဆတ် သွေးများကဲ့သို့ မှတ်ထင်ရပြီး ကမ္ဘာတစ်ခုလုံးအား ငရဲခန်းအဖြစ် အရောင်ပြောင်းထားသည့်အလား ထင်စရာရှိ၏။

လီနန်ခယ့်ကတော့ ဤအခန်းတွင်းမှလှမ်းထွက်ပြီး မိုးနီကိုထိတွေ့ဖို့ စိတ်ကူးပင်မရှိ။

ထွက်သွားချင်ရင်တောင် ထွက်သွားလို့ မရနိုင်ပေ။

မိုးနီရွာသွန်းနေသရွေ့ ထိုအခန်းမှာလည်း အတားအဆီးတစ်ခုဖြင့် ပိတ်ပင်ထားသကဲ့သို့ သူကိုယ်တိုင်လည်း အပြင်ထွက်နိုင်ဖို့ လမ်းမရှိ။

ဤလောကရှိ မိုးနီနှင့်ပတ်သက်သော မှတ်တမ်းတင်အချက်အလက်များကို ပြန်လည်သုံးသပ်ဖတ်ရှုခြင်းများနှင့် အိပ်မက်လှည့်လည်သူ ဆိုသည့် အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် သူနားလည်သလောက် ကောက်ချက်ချရလျှင်တော့ သူသည် သာမန်လူများနှင့်မတူ တမူထူးခြားနေသည်ပင်။

အခြားသော အိပ်မက်လှည့်လည်သူများမှာ အိပ်မက်ဆိုးကို ဖယ်ရှားရန်အတွက် ကာယကံရှင်၏ မိုးနီအိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်ရန် လိုအပ်သည်။

သို့သော် သူကတော့ ထိုသူများကို သူ၏မိုးနီအိပ်မက်ကမ္ဘာထဲ ဆွဲသွင်းနိုင်ပေသည်။

ထို့အပြင် သူသည် ကိုယ်ပိုင်အိပ်မက်ကမ္ဘာထဲတွင် မိုးနီကိုမြင်နိုင်သည့် တစ်ဦးတည်းသော အိပ်မက်လမ်းလျှောက်သူဖြစ်သည်။ သို့သော် မိုးနီကို လူကိုယ်တိုင်စမ်းသပ်ထိတွေ့ခွင့်တော့ မရှိ။

အကြောင်းရင်းကိုတော့ သူကိုယ်တိုင်လည်း နားမလည်ပေ။

မဖြစ်မနေ အဖြေတစ်ခုထုတ်ပေးရလျှင်တော့ အရမ်းချောနေခြင်းကြောင့်ပေလားဟု ထင်စရာရှိသည်။ သောက်ချောကြီးတွေက ဒီလိုပဲ သာမန်လူတွေနဲ့မတူ တမူထူးခြားနေတတ်တာမလား။

လီနန်ခယ့်ကတော့ ထိုဖြစ်နိုင်ချေကိုသာ ယုံကြည်ထားသည်။

ကူးပြောင်းလာသူတစ်ဦးဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် သူအရမ်းချောနေတာကတော့ အကြောင်းရင်းတစ်ခုအဖြစ်ပါနေဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒီလောက်ချောနေလို့ပဲ ကမ္ဘာကူးပြောင်းလာခဲ့တာမဟုတ်လား။ ဒါကို ရုပ်ဆိုးတဲ့သူတွေ ဘယ်နားလည်နိုင်ပါ့မလဲ။

သို့သော် ကမ္ဘာကူးပြောင်းလာခြင်း အရေးကိစ္စကိုလည်း လီနန်ခယ့်ခေါင်းရှုပ်နေဆဲ။

သူ့တွင် ယခင်ဘဝက မှတ်ဉာဏ်များ ကျန်ရှိနေသော်လည်း ဤခန္ဓာကိုယ်၏ လက်ရှိမှတ်ဉာဏ်များမှာမူ ဗလာနတ္ထိ ဖြစ်နေသည်။

တစ်နေ့ သူနိုးထလာချိန် သူ့ဘေးနားတွင် သမားတော်ဇနီးသည်တစ်ဦးသာ ရှိနေခဲ့လေသည်။

ဇနီးဖြစ်သူ၏ ပြောပြချက်များအရ သူသည် တာအိုရသေ့ကြီးတစ်ပါး၏ မွေးစားသားဖြစ်ကာ ဇနီးသည်သည် ထိုတာအိုရသေ့ကြီး၏ တပည့်မဖြစ်သောကြောင့် ကြားခံရသေ့ကြီး၏ အားကြိုးမာန်တက် အောင်သွယ်ပေးမှုအရ သူတို့နှစ်ဦး ဖူးစာဆုံလက်ဆက်ခဲ့ခြင်း ဖြစ်ပေသည်ဟု။

သူ မှတ်ဉာဏ်ပျောက်ဆုံးနေရခြင်း အကြောင်းရင်းမှာ ဦးခေါင်းဒဏ်ရာတစ်ခုကြောင့်ဟု သမားတော်ဇနီးသည်က ရှင်းချက်ပေးသည်။

လီနန်ခယ့်ထပ်မေးမိသည်။ အဲ့ဒီဦးခေါင်းဒဏ်ရာကရော ဘယ်ကရောက်လာသလဲ ဟု။

ဇနီးသည်က ခဏလောက်တိတ်ဆိတ်သွားပြီးမှ တည်ငြိမ်ရင့်ကျက်ကာ နောင်တတစ်စုံတစ်ရာမပါရှိသည့် လေသံအေးအေးဖြင့် တစ်ခွန်းတည်းဆိုသည်။

ကျွန်မရိုက်လိုက်တာ တဲ့။

နောက်ဆက်တွဲရှင်းချက်ဟု တစ်ခွန်းပင်ထပ်မပါရှိ။

သူမအတွက်တော့ ထပ်မံရှင်းပြနေဖို့မလိုသည့် အသေးအဖွဲ လုပ်ရိုးလုပ်စဥ်ကိစ္စလေးတစ်ခုသာ ဖြစ်နိုင်ပေသည်။

သို့ပေသည့် သူမအနားသို့ နည်းနည်းဖြစ်ဖြစ် တိုးကပ်ဖို့ကြိုးစားသည့်အခါတိုင်း ဒိုင်းခနဲရောက်ရောက်လာတတ်သည့် လူသတ်သမားအကြည့်များကြောင့် လီနန်ခယ့် သူအရိုက်ခံရခြင်းအကြောင်းရင်းကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိပါသည်။

ဇနီးသည်ကား ဤအိမ်ထောင်ရေးအပေါ် စိတ်မပါလှပုံရသည်ပင်။

စိတ်တိုချင်စရာကောင်းလိုက်တာကွာ။

သို့သော် လီနန်ခယ့်က ထိုအကြောင်းကို စိတ်ထဲတော့သိပ်ထည့်မနေ။ အချိန်တန်လျှင် ကွာရှင်းစာချုပ်တွင် နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး အေးအေးချမ်းချမ်း လမ်းခွဲကြရုံသာရှိသည်။ ထိုဇနီးသည်မှာလည်း ကိုယ်လုံးကိုယ်ပေါက်လှရုံမှလွဲ၍ ထူးထူးခြားခြား မက်လောက်စရာမရှိနေပါ။

သူလွမ်းဆွေးကျန်ရစ်ရမည့် တစ်ခုတည်းသောအရာမှာ သူမ၏ ဟင်းချက်လက်ရာသာဖြစ်ပေမည်။

လီနန်ခယ့် အတွေးများကြား နစ်မျောနေစဥ် သူ့ရှေ့၌ လည်ပတ်နေသော အနက်ရောင် အပေါက်ငယ်တစ်ခု ရုတ်တရက်ပေါ်လာသည်။

ထိုဝဲဂယက်သည် လက်သီးဆုပ်မျှအရွယ်အစားသာရှိပြီး အေးစက်ဖျော့တော့သော အလင်းတန်းတစ်ခုကိုလည်း ထုတ်လွှတ်နေလျက်။

နောက်တစ်စက္ကန့်အတွင်းမှာပင် လီနန်ခယ့်၏ခန္ဓာကိုယ်အတွင်းမှ ပုတီးစေ့အဖြူတစ်လုံး လွင့်မျောထွက်ပေါ်လာကာ ကိုယ်ပိုင်မျက်လုံးပါသည့်အလား ထိုဝဲဂယက်ငယ်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားကာ ချက်ချင်း ဝါးမျိုခံလိုက်ရလေသည်။

ထို အဖြူရောင်ပုတီးစေ့လေးမှာ အစောက အိပ်မက်မိစ္ဆာကိုသတ်လိုက်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။

မိစ္ဆာတစ်ကောင်၏ အသက်သွေးကြောဟု ဆိုရမည်ပင်။

လီနန်ခယ့်သည် အိပ်မက်ဆိုးများအကြောင်း မှတ်တမ်းတင်ထားသော မှတ်တမ်းမှတ်ရာစွာကို ဖတ်ဖူးသော်လည်း အခြား အိပ်မက်လှည့်လည်သူများ မိစ္ဆာကိုနှိမ်နင်းပြီးနောက် ဤသို့သော အဖြူရောင်ပုတီးစေ့မျိုး ရဖူးသည်ဟု တစ်ခါမှမကြားမသိခဲ့။ သူတစ်ဦးတည်းသာ ရရှိခြင်း ဖြစ်သည်။

ဤ အိပ်မက်လှည့်လည်သူအလုပ်တွင်ပင် သူက တမျိုးထူးခြားဆန်းပြားနေသည်မှာ သေချာသည်။

အဖြူရောင်ပုတီးစေ့လေးကို ဝဲဂယက်အနက်က ဝါးမျိုပြီးချိန်တွင် အခန်းထဲ၌ အလွန်အားနည်းသော အငွေ့အသက်တစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လီနန်ခယ့်သည့် သူ့အပေါ်ကျရောက်လာသော အကြည့်တစ်ခုအား ခံစားလိုက်ရ၏။

လူတစ်‌ယောက်က သူ့အရှေ့တည့်တည့်တွင်ထိုင်ကာ သူ့ကို မမှိတ်မသုတ်စိုက်ကြည့်နေသလို ထူးထူးဆန်းဆန်း ခံစားချက်မျိုးပင်။

ဝဲဂယက်ပျောက်ကွယ်သွားမှသာ ထိုသက်တောင့်သက်သာမရှိလှသော ခံစားချက်သည်လည်း တစ်ပါတည်းပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် စားပွဲပေါ်တွင် သံသေတ္တာတစ်လုံး ‌ပေါ်လာခဲ့သည်။

အနက်ရောင်သံသေတ္တာလေးမှာ လေးထောင့်ပုံစံဖြစ်ပြီး ထောင့်များတွင် အပေါက်ငယ်လေးများပါရှိကာ မျက်နှာပြင်ပေါ်၌ လျှို့ဝှက်ဆန်းပြားသော အနီရင့်ရောင် အခြယ်အသများဖြင့် တောက်ပနေသည်။

"ဟမ် ဆုပေးတာလား"

လီနန်ခယ့် မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။

သူ ပထမဆုံးအကြိမ် မိုးနီအိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်စဉ်ကလည်း စားပွဲပေါ်၌ ဤသို့သော သံသေတ္တာမျိုး ပေါ်လာခဲ့ဖူးပြီး အထဲတွင် သူ စောစောက မိစ္ဆာကိုသတ်ရန် အသုံးပြုခဲ့သော သေနတ်ပါရှိလေသည်။

အလုပ်ဝင်စ ဝန်ထမ်းသစ်လေးကို မက်လုံးပေးသကဲ့သို့ လက်ဆောင်တစ်ခုသာ။

တစ်ခုမကောင်းတာကတော့ ထိုသေနတ်ကို မိုးနီအိပ်မက်ကမ္ဘာထဲတွင်သာ သုံး၍ရပြီး လက်တွေ့တွင် ပစ်လို့မရနိုင်ပေ။

ယခုအချိန်မှ လက်ဆောင်ထုပ်တစ်ခုထပ်ရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် လီနန်ခယ့် ဝမ်းသာအားရဖြစ်သွားရသည်။ ပိုကောင်းသည့် လက်နက်ကိရိယာတစ်ခုခု သို့မဟုတ် နေကြာကျမ်းကဲ့သို့ ကျင့်ကြံရေးလမ်းညွှန်တစ်ခုခု ဖြစ်ပေမလားဟု မျှော်လင့်ချက်များစွာဖြင့် သေတ္တာကိုဖွင့်လိုက်သည်။

သို့သော် သံသေတ္တာငယ်ကိုဖွင့်အပြီးတွင် သူနေရာတွင်ပင် တောင့်ခဲသွားရသည်။ သူကိုယ်တိုင်၏ အမြင်အာရုံကိုပင် သံသယဝင်မိသွားလျက်။

အုတ်နီခဲကြီးပါလား။

လီနန်ခယ့် အုတ်နီခဲကြီးကိုကောက်ကိုင်ကာ ချိန်ဆကြည့်သည်။ ထိုပစ္စည်းသည် ပုံစံကသာ အုတ်နီခဲနှင့်တူပြီး ရေရေရာရာအလေးချိန်ပင် မပါရှိ။ ဘေးတစ်ဖက်တွင် သီလဟု ရေးထွင်းထားပြီး တစ်ဖက်တွင် လူသားများကို သီလဖြင့်နှိမ်နင်းလော့ဟု ‌ရေးထိုးထားသည်။

သပ်ရပ်လှပသောလက်ရေးမှာ ရိုးသားသန့်စင်သော အရှိန်အဝါဖြင့်။

ထိုအရာသည် ရိုးရိုးသာမန် အုတ်ခဲတစ်လုံးမဟုတ်ကြောင်း လီနန်ခယ့် ခံစားမိလိုက်သည်။ အတိအကျဆိုရလျှင် သူ့အတွက်ဝှက်ဖဲဖြစ်လာမည့် လက်နက်တစ်မျိုးပင်။

လက်ရှိတွင်တော့ ဘာအစွမ်းရှိလို့ရှိမှန်း စမ်းသပ်မရသေးသော်ငြား လက်တွေ့ကမ္ဘာတွင်ပါ သုံးလို့ရနိုင်ချေရှိသည်။

"တစ်နည်းနည်းနဲ့တော့ အသုံးဝင်ဖို့ မျှော်လင့်ပါတယ်"

လီနန်ခယ့် မဲ့တဲ့တဲ့ရေရွတ်မိသည်။ သူအများကြီးတော့ မျှော်လင့်မထားပါ။

တောင်ပေါ်သို့ ဆေးမြစ်ရှာသွားသည့် ဇနီးသည် မကြာခင်ပြန်လာတော့မည်ဟု ခန့်မှန်းရသဖြင့် လီနန်ခယ့်လည်း ထပ်ပြီးအချိန်ဆွဲမနေသင့်တော့။ ယမ်းနံ့‌ငွေ့‌ငွေ့သမ်းနေဆဲ သေနတ်ကို ကောက်ကိုင်လိုက်ပြီး သူ့နားထင်တွင်တေ့ကာ မိုးနီအိပ်မက်ကမ္ဘာမှ ထွက်ခွာဖို့ရန် ပြင်ဆင်လိုက်သည်။

ဤကဲ့သို့ အိပ်မက်အဆုံးစီရင်မှုမျိုးကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ဖူးပြီးဖြစ်သော်ငြား မောင်းခလုတ်ကို ဆွဲရမည့်အခါတိုင်း ပြောမပြတတ်သော တုန်လှုပ်မှုတစ်ခုအား ခံစားနေရဆဲပင်။

အကြိမ်တိုင်း ယမမင်းနှင့် ထိပ်တိုက်သွားဆုံရတော့မလား ဟူသောစိုးရိမ်မှုကို ခံစားမိဆဲဖြစ်သည်။

"ဘုရားကယ်မပါ"

လီနန်ခယ့်သည် အသက်တစ်ချက်ဝဝရှူသွင်းကာ မောင်းခလုတ်အား ဆွဲချလိုက်တော့၏။

သေနတ်သံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စားပွဲပေါ်က ဖယောင်းတိုင်သည်လည်း အလင်းရောင်ကို ဖျတ်ခနဲရုတ်သိမ်းကာ စားပွဲပေါ်သို့ စီးကျနေသော ဖယောင်းစက်များမှာ အသက်ဝင်သကဲ့သို့ လိမ်ယှက်သွားတော့၏။ ထို့နောက် စာလုံးသုံးလုံး ပုံပေါ်လာခဲ့သည်။

All Chapters