← Chapters

နောက်ကကြည့်ရင် ၁၈နှစ်၊ ရှေ့ကကြည့်ရင် ၄၅နှစ်

Vol. 1 Ch. 8

နောက်ကကြည့်ရင် ၁၈နှစ်၊ ရှေ့ကကြည့်ရင် ၄၅နှစ်

Vol. 1 Ch. 8

လီနန်ခယ့်က အမျိုးသမီး၏နောက်ကျောမှ ဝါးခြင်းတောင်းလေးကို ကျွမ်းကျင်စွာကမ်းယူလိုက်သည်။ ခြင်းတစ်ခုလုံး ဆေးပင်ဆေးရွက်များအပြည့်ဖြင့် အလွန်လေးလံလှ၏။

အမျိုးသမီးကာ အရပ်တော်တော်ရှည်ကာ သူ့ထက်ပင် ခေါင်းတစ်ဝက်စာမျှသာနိမ့်သည်။ သူမ၏ ရိုးရှင်းသော အဖြူပြောင်ဝတ်စုံမှာ အတော်လေးသာမန်ဆန်လှပေသည့် သတ်မှတ်ဖော်ပြရခက်သော မြင့်မြတ်သည့် အငွေ့အသက်တစ်မျိုးအား ထုတ်လွှတ်နေသယောင် ခံစားရစေ၏။

အထူးသဖြင့် ယွန်းစေးကဲ့သို့ နက်မှောင်သော သူမ၏ မျက်လုံးများမှာ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်တောက်ပပြီး စကားလုံးဖြင့်ဖော်ပြမရအောင် လှပသည်။

သူမနှင့် အကြည့်ချင်းဆုံလိုက်ရတိုင်း နွေဦးလေပြေအေးတွင် ရေချိုးလိုက်ရသည့်အလား လန်းဆန်းသောခံစားချက်ကို ပေးစွမ်းသည်။

သို့သော် မျက်နှာအစိတ်အပိုင်းများမှာတော့ အလွန်သာမန်ဆန်လေသည်။ ရုပ်ဆိုးသည်ဟု ဆိုမရပါသော်ငြား လှသည်ဟုပြောရန်မှာလည်း ဝေးလှပေသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အငွေ့အသက်ကို ဖယ်ထုတ်လိုက်ပါက နေ့စဥ်တွေ့နေကျ ရွက်ကြမ်းရေကျို ခပ်နွမ်းနွမ်းမိန်းမမျိုးအဖြစ်သာ ကျန်ရှိပေမည်။

"ဒီနေ့ မြောက်ဘက်တောင်က မက်မွန်ဖြူပန်းတောကိုသွားခဲ့တာ၊ ဆေးပင်တော့ တော်တော်ရခဲ့လိုက်တယ်"

အမျိုးသမီး၏အသံက နူးညံ့သာယာကာ မျက်လုံးများက ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်စွာ တောက်ပနေခဲ့သည်။

"သုံးရွက်ပါ မီးကြာမြက်ကို ခူးခဲ့နိုင်ရုံတင်မကဘူး၊ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ သစ်ပင်တစ်ပင်အောက်မှာ အဆင့်မြင့် နွေမိုးမိုးမခမှိုတွေလည်း တူးခဲ့ရသေးတယ်။ ကံမကောင်းတာက တောင်ပေါ်တောရဲတိရိစ္ဆာန်တွေ ဖျက်ဆီးတဲ့ကြား နည်းနည်းပါသွားသေးတယ်..."

"ဆေးပင်တွေအဖိုးတန်တာသိပေမဲ့ မင်းလုံခြုံရေးကိုလည်း အလေးထားသင့်တယ်လေ။ အဲ့ဘက်တောနက်တွေကြားမှာ သားရဲအရိုင်းကောင်တွေ အများကြီးရှိတာကိုလည်း သိရဲ့သားနဲ့"

လီနန်ခယ့်က မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီးဆူပူသည်။

အမျိုးသမီး၏ နဖူးပေါ်တွင် ချွေးစက်အချို့ကို မြင်သောအခါ သူ လက်ကိုင်ပုဝါကိုထုတ်၍ သုတ်ပေးရန် ကြိုးစားသော်လည်း သူမက ပုဝါကို သူ့ထက်ထဲမှလှမ်းယူကာ ကိုယ်တိုင်သုတ်လိုက်ပြီး အပြုံးဖြင့်ဆိုသည်။

"ကိစ္စမရှိပါဘူး။ ကျွန်မက ဆရာနဲ့အတူ ငယ်ငယ်ကတည်းက ဆေးမြစ်ရှာထွက်နေကျဆိုတော့ ဒီလောက်နှစ်တွေအများကြီးကြာပြီးမှာ အတွေ့အကြုံလုံလောက်ပါပြီ။ ဘယ်နေရာတွေက အန္တရာယ်ရှိတယ်၊ ဘယ်ကိုမသွားသင့်ဘူး ဆိုတာကို ကောင်းကောင်းသိပါတယ်ရှင်။"

လီနန်ခယ့် ထပ်ပြောလိုက်ချင်သော်လည်း သူ့အစာအိမ်က အသံပေးကာ အရင်အချက်ပြလာသည်။

သူ နည်းနည်းရှက်သွားမိ၏။

အိမ်မှာ စားစရာမရှိတာတော့မဟုတ်သော်လည်း သူ၏လျှာမှာ ထိုနတ်ဆေးသမားတော်မလေး၏ ဟင်းချက်လက်ရာဖြင့် အလိုလိုက်ခံထားရ၍ ပျက်စီးနေသောကြောင့် တခြားသောအစားအသောက်ကို လက်မခံနိုင်တော့ခြင်းပင်။

အမျိုးသမီးက အသာပြုံးကာ တောင်းပန်လာသည်။

"ဒီလောက်နောက်ကျသွားတာ ကျွန်မအမှားပါ။ ယောက်ျားအတွက် အခုပဲ ညစာသွားပြင်ပေးပါ့မယ်"

အမျိုးသမီး၏အမည်မှာ လော့ချန်းချိုးဟုခေါ်သည်။ ကိုယ်ကျင့်စရိုက် အလွန်နူးညံ့သိမ်မွေ့သူဖြစ်သောကြောင့် အပြင်ပန်းကြည့်လျှင်တော့ ဇနီးကောင်းတစ်ယောက်ဟု ခေါ်ဆိုနိုင်ပေသည်။

သို့သော် လီနန်ခယ့်ကတော့ ထိုအမျိုးသမီး ဤအိမ်ထောင်ရေးကို ဘယ်လောက်ထိငြင်းဆန်ချင်နေမှန်း ခံစားမိနေသည်။ အပေါ်ယံတွင်တော့ ဇနီးကောင်းတစ်ယောက်၏ သဘောထားနှင့်အပြုအမူကို ထိန်းသိမ်းထားပါသော်ငြား စိတ်အလိုတော့မပါလောက်။

သူမသည် စိတ်တိုအော်ဟစ်ခြင်း ကလေးဆန်ဆန်ဂျီကျခြင်း တစ်ခုမှမလုပ်ခဲ့ဖူး။

အလွန်သာမန်ဆန်သော ထိုမျက်နှာထက်တွင် သိမ်မွေ့သောမျက်နှာထားတစ်ခုသာ အစဥ်အမြဲနေရာယူထားကာ ခင်ပွန်းဖြစ်သူကိုဖြစ်စေ လူနာများကိုဖြစ်စေ တစ်သားတည်းသာ ပြုမူဆက်ဆံတတ်သည်။

နဂိုမူလ နူးညံ့သိမ်မွေ့သော အကျင့်စရိုက်ရှိသူပေလားဟု ထင်မှတ်စရာရှိသည်။

သို့သော် ဤအကျင့်စရိုက်ကပင် သူတို့ကြား၌ မမြင်နိုင်သောတံတိုင်းကြီးတစ်ခုတည်ဆောက်ကာ ဝေးကွာစေသကဲ့သို့ ခံစားရ၏။

လော့ချန်းချိုးသည် ဆေးမြစ်များကို သေချာခွဲခြားပြီး ကျောက်စင်ပေါ်တွင် တင်ထားပြီးနောက် အိမ်ထဲသို့ပြန်ဝင်ကာ အမြန်ပင် ကိုယ်လက်သန့်စင်ပြီး ညစာချက်ပြုတ်ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်ခဲ့သည်။

"ကိုယ်လည်းကူပေးမယ်"

လီနန်ခယ့်က အင်္ကျီလက်စများကိုလိပ်တင်ကာ ကူပေးဖို့ရောက်လာသည်။

"ဒီနေ့ ဘာဟင်းတွေချက်ဖို့ ပြင်ဆင်ထားသလဲ"

လော့ချန်းချိုးက စကားများများမပြောနေဘဲ သူ့ကို မနေ့ကဝယ်ပြီး ရေစိမ်ထားသော မြစ်ကဏန်းများအား ကမ်းပေးလိုက်သည်။

"အရင်ဆုံး တောကြက်သွန်နီနဲ့ မြစ်ကဏန်းမွှေကြော်တစ်ပွဲ လုပ်ရအောင်"

ခင်ပွန်းဖြစ်သူသည် ကူညီလိုဇောဖြင့် ဓားကိုကိုင်ထားသော်ငြား ဘယ်ကနေဘယ်လိုစလုပ်ရမှန်း မသိနေဟန်ကို မြင်သောအခါ လော့ချန်းချိုး၏ မျက်လုံးများမှာ ပြုံးရိပ်သမ်းသွားသည်။

"ပထမဆုံး အခွံ၊ ကလီစာနဲ့ ပါးဟက်တွေကို ဖယ်လိုက်ပါ၊ ပြီးရင် လေးပိုင်းပိုင်းထားလိုက်၊ ကျန်တာ ကျွန်မဆက်လုပ်လိုက်မယ်။"

ထို့နောက် ဆက်ပြောလာသည်။

"ဒီဟင်းက သွေးကြောတွေကိုပွင့်စေပြီး အကြောအချဉ်တွေကို အားဖြည့်ပေးသလို သွေးလည်ပတ်မှုလည်း ကောင်းစေတယ်၊ ယောက်ျားအတွက် အကျိုးရှိစေမဲ့ဟင်းပါ"

"ဪ"

လီနန်ခယ့်ကလည်း သင်ယူလွယ်သူဖြစ်ရာ ဇနီးဖြစ်သူ၏ ညွှန်ကြားသင်ပြမှုဖြင့် မြစ်ကဏန်းများကို အပြီးအစီး သန့်စင်ခုတ်ပိုင်းလိုက်နိုင်သည်။

လော့ချန်းချိုးသည် အိုးကို မီးပေါ်သို့ သွက်လက်စွာတင်လိုက်ပြီး ဆီထည့်ကာ ဆီပူလာသည့်အခါ ကြက်သွန်မြိတ်နှင့် ဂျင်းပြားများကို ထည့်ရင်း လီနန်ခယ့်ကို ပြောလိုက်သည်။

"နောက်ထပ် အသီးအရွက်နှစ်ပွဲ ထပ်ကြော်ရအောင်။ ယောက်ျားရေ၊ ခြင်းတောင်းထဲက မှိုနဲ့ ပန်းဂေါ်ဖီတွေကို ရေဆေးပေးပါဦး"

လီနန်ခယ့်လည်း ချက်ချင်းထကာ အသီးအရွက်များကို ရေစင်စင်ဆေးသည်။

အတူတကွ ချက်ပြုတ်ပြင်ဆင်နေကြသော ဇနီးမောင်နှံနှစ်ယေက်၏ မီးဖိုချောင်သေးသေးလေးမှာ မိသားစုအငွေ့အသက်အပြည့်ဖြင့် နွေးထွေးချိုမြိန်လျက်။

"ရှင် ရုံးတော်မှာအလုပ်လုပ်ရတာ အသားကျနေပြီလား"

လော့ချန်းချိုးက စကားစသည်။

"မှုခင်းသမားတော်လုပ်ရတာ အရမ်းပင်ပန်းမှာပဲ။ အဲ့ဒီဟာတွေနဲ့ မျက်နှာချင်းဆိုင်အလုပ်လုပ်ရတာဆိုတော့..."

အလောင်းဟူသော စကားလုံးကို မီးဖိုချောင်ထဲတွင်ပြောရန် မသင့်တော်ဟု ယူဆပုံရသဖြင့် အမျိုးသမီးက ထိုစကားလုံးကို ကျော်သွားပြီး ဆက်ပြောလိုက်သည်။

"အကယ်၍ ယောက်ျားမကြိုက်ဘူးဆိုရင် ဆက်မလုပ်နဲ့နော်။ နောက်မှ ကျွန်မ တခြားအလုပ်တစ်ခု ရှာပေးပါ့မယ်၊ ဒါမှမဟုတ် ပုဂ္ဂလိက စာသင်ကျောင်းတစ်ခုမှာ ကူညီပေးတာမျိုးလည်း ကောင်းမှာပါပဲ။"

အမျိုးသားဖြစ်သူ မှုခင်းသမားတော်အဖြစ် လုပ်ကိုင်နေခြင်းအပေါ် အမျိုးသမီးက ကြိုက်၏မကြိုက်၏ ပေါ်တင်ပြောခြင်းမရှိသော်ငြား စိတ်တွင်း၌ အနည်းငယ်တော့ မကျေမနပ်ဖြစ်နေဆဲပင်။

ထျန်းဝူခေတ် ၂နှစ်မြောက်ပြီး နောက်ပိုင်း မှုခင်းသမားတော်အလုပ်ကို နိမ့်ကျသောအလုပ်အကိုင်အဖြစ် မသတ်မှတ်တော့ဘဲ ခံစားခွင့်များလည်း သိသိသာသာ တိုးတက်လာခဲ့သော်ငြား နောက်ဆုံးတော့ အလောင်းစစ်တစ်ဦးထက်မပိုသော အလုပ်အကိုင် ဖြစ်နေဆဲပင်။

ကံဆိုးမှုများ ကူးစက်မည်စိုး၍ ဟူသောအကြောင်းပြချက်ဖြင့် နေ့စဥ်ဘဝတွင်ပင် ဟိုလူကမပေါင်းချင် ဒီလူကမပေါင်းချင် ရှောင်ဖယ်ဖယ် ရှိတတ်ကြသေး၏။

လီနန်ခယ့်က ပြုံးသည်။

"အဆင်ပြေပါတယ်။ ကိုယ်ထင်သလောက် အလုပ်မများဘူး။ အတောလေး အားလပ်ချိန်များပြီး အေးဆေးပါတယ်။ နောက်ပြီး မှုခင်းတွေကလည်း နေ့တိုင်းဖြစ်ပျက်နေတာမှမဟုတ်တာ။ အလောင်းစစ်လုပ်လိုက်တော့ ဟိုမိန်းကလေးတွေလည်း အရင်လို အတင်းလိုက်မကပ်ကြတော့လို့ ပိုတောင်‌တိတ်ဆိတ်ငြိမ်းချမ်းသွားသေးတယ်။ ခေါင်းကိုက်စရာမလိုတော့တာပေါ့"

အမျိုးသားက ကူကယ်ရာမဲ့ဟန်ဖြင့် အရွှန်းဖောက်လာသည်။

အမျိုးသမီးလှလှလေးများ ရံဖန်ရံခါ အနှောင့်အယှက်ပေးခံရတတ်သလို ရုပ်ရည်ချောမောသော အမျိုးသားများမှာလည်း အေးအေးချမ်းချမ်းကို နေခွင့်မရှိအောင် ဗျာများရတတ်ရှာသည်လေ။

ထိုစကားကိုကြားသောအခါ လော့ချန်းချိုး၏ နှုတ်ခမ်းများမှာ အနည်းငယ်ကွေးညွတ်သွားသည်။

"ရှင်က တကယ်ကိုထူးဆန်းတဲ့သူပဲ။ ယောကျ်ားအများစုက အမျိုးသမီးလှလှလေးတွေ ပတ်ပတ်လည်ဝန်းရံပြီး ချီးမွမ်းမြှောက်ပင့်ခံရတာကို အရမ်းကြိုက်ကြတာပဲ မဟုတ်ဘူးလား။ ရှင်ကဘယ်လိုလုပ် အဲ့ဒါတွေကို ရှောင်ချင်နေရတာလဲ"

"ရွေးချယ်စရာမရှိဘူးလေ။ အသက်ရှည်ရှည်နေချင်ရင် ကျောက်ကပ်လေးကို အနားများများယူခိုင်းရမှာကိုး"

လီနန်ခယ့်က ခါးကြောဆန့်ရင်း ဆိုသည်။

ရှက်သွေးဖြန်းစရာ ကသိကအောက်အနေအထားသို့ ရောက်ရှိသွားနိုင်သည့် ထိုစကားများ ဝင်ရောက်လာသည့်အခါ ဇနီးသည်က ချက်ချင်း စကားလမ်းကြောင်းပြောင်းဖို့ပြင်သည်။

"ဒီရက်ပိုင်းအတွင်း တုန်းချီခရိုင်မှာ လူသတ်မှုတွေဖြစ်နေတယ်လို့ ကြားတယ်။"

လီနန်ခယ့်က ခေါင်းညိတ်သည်။ "မိစ္ဆာသတ္တဝါတွေနဲ့ ဆက်စပ်နေတယ်လို့ ကြားတယ်"

အမျိုးသမီး၏ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့ပြီးမှ ဘာမှမဖြစ်သလို ဓားကိုပေါ့ပေါ့ပါးပါးကောက်ကိုင်ကာ သက်ပြင်းချသည်။

"ကမ္ဘာကြီးက တကယ်ကို မငြိမ်းချမ်းနိုင်တော့ဘူးပဲ"

ထို့နောက် သူမက ခင်ပွန်းဖြစ်သူကို သတိပေးလိုက်သည်။

"မိစ္ဆာသတ္တဝါတွေဆိုတာ မိုးနီပါတဲ့ဆေးတွေကို သုံးစွဲတဲ့လူတွေကနေ အသွင်ပြောင်းလာတာနော်။ အလောင်းတွေကို ထိတွေ့တဲ့အခါ အထူးသတိထားပါ၊ နောက်ပြီး အဲ့ဒီမိုးနီနဲ့ လုံးဝမထိမိစေနဲ့ ကြားလား"

"မစိုးရိမ်ပါနဲ့ ကိုယ်ကအမြဲ အထူးဂရုစိုက်တယ်"

လီနန်ခယ့် ပြုံးလျက်ဆိုသည်။

"နောက်ပြီး ညကင်းလှည့်တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ဆို ဒီအရေးကိစ္စတွေလည်း မကြာခင်ပြန်ငြိမ်သွားကြမှာပါ"

"ညကင်းလှည့်တပ်ဖွဲ့လား"

အမျိုးသမီးက တစ်ဖက်သို့လှည့်သွားကာ သွယ်လျဖြူဝင်းသောလက်ချောင်းများဖြင့် ဓားသွားမြမြအား အသာပွတ်သပ်နေရင်း နှုတ်ခမ်းထက် လှောင်ပြုံးရိပ်ရိပ် ဖြတ်ပြေးသွားသည်။

"သူတို့စွမ်းနိုင်ပါစေလို့ မျှော်လင့်ရတာပေါ့"

All Chapters