← Chapters

သင်္ချိုင်းလူသား

Vol. 1 Ch. 9

သင်္ချိုင်းလူသား

Vol. 1 Ch. 9

မိုးနီဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် ပုံမှန်လည်ပတ်နေခဲ့သော ကမ္ဘာကြီးမှာ ထူးဆန်းခြောက်ခြားဖွယ်ကောင်းလာခဲ့ပြီး မိစ္ဆာသတ္တဝါ၊ အိပ်မက်ဆိုးနှင့် သင်္ချိုင်းလူသား ဟူသော မိစ္ဆာအမျိုးအစား သုံးမျိုးမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မိစ္ဆာသတ္တဝါဆိုသည်မှာ မိုးနီကို အလွန်အကျွံသုံးစွဲမိရာမှ သွေးသားအသွင်ပြောင်းသွားသော လူသားများ ဖြစ်ကြသည်။

အစပိုင်းတွင် သူတို့၌ အသိစိတ်အနည်းငယ် ကျန်ရှိနေသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုသူတို့၏ စိတ်နေစိတ်ထားမှာ တဖြည်းဖြည်း ကြမ်းတမ်းခက်ထန်ကာ သွေးဆာရက်စက်လာကြပြီး နောက်ဆုံးတွင် လူလည်းမဟုတ်၊ သရဲလည်းမဟုတ်သော အခြေအနေ၌ အသိဉာဏ်ကင်းမဲ့ စိတ်လွတ်သွားကြသူများ ဖြစ်ပေ၏။

ထိုသတ္တဝါများမှာ ထူးဆန်းစွာပင် ခေါင်းနှစ်လုံးနှင့် မျက်လုံးအများအပြား ပေါက်လာခြင်း၊ သို့မဟုတ် နှံကောင်ကဲ့သို့ ခုန်ပျံနိုင်ခြင်း၊ သို့မဟုတ် ငါးတစ်ကောင်ကဲ့သို့ ရေငုပ်နိုင်ခြင်းတို့ စသည်ဖြင့် ထူးဆန်းသောပါရမီများ ဖြစ်ပေါ်လာတတ်ကြသည်။ သာမန်လူများအနေဖြင့် သူတို့ကိုရင်ဆိုင်ဖို့ရာ အလွန်ခက်ခဲပြီး ကျင့်ကြံသူများသာ တိုက်ခိုက်နှိမ်နင်းနိုင်ကြလေသည်။

အိပ်မက်ဆိုးဆိုသည်မှာ မိုးနီကို သုံးစွဲမိပြီးနောက် မတော်တဆ မိုးနီအိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားသူများ ရင်ဆိုင်ကြရသည့် မိစ္ဆာများဖြစ်ကြသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ထိုသူတို့မှာ မိမိတို့၏ ကိုယ်ပိုင်အိပ်မက်ထဲ၌ပင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုအမျိုးအစားနှင့်ပက်သက်သော အချက်အလက်ဟူ၍ တစ်ခုတည်းသာရှိသည်။

【 ဤမိစ္ဆာသည် သားကောင်၏ စိတ်အစွဲမှ ဖြစ်ပေါ်လာခြင်းပင်။】

စိတ်အစွဲဆိုသည်မှာ အဘယ်နည်း။

အမုန်းတရား၊ လောဘ၊ မောဟ၊ စွဲလမ်းမှု၊ နာကျည်းမှုနှင့် သံယောဇဉ် အားလုံးမှာ စိတ်အစွဲများထဲတွင် ပါဝင်သည်။

ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားသူတစ်ဦးကို ပြင်းထန်စွာမုန်းတီးခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ခံစားချက်များ ရှိနေပါက အချိန်ကာလကြာမြင့်လာချိန်တွင် ထိုသူမှာ စိတ်အစွဲတစ်ခု ဖြစ်တည်လာတော့သည်။ စိတ်အစွဲဖြစ်တည်သွားခဲ့လျှင် အိပ်စက်နေစဥ် အချိန်အတွင်းမှာပင် ထိုသူသည် အိပ်မက်ဆိုးအဖြစ် ကိုယ်ထင်ပြဝင်ရောက်လာနိုင်သည်။

ထိုသူသေဆုံးသွားခဲ့လျှင်ပင် စိတ်အစွဲကကျန်ရှိနေကာ ကြာမြင့်စွာ‌ ခြောက်လှန့်နေပေဦးမည်။

အခြားဥပမာတစ်ခုမှာ ရတနာတစ်ခုခုကို အလွန်အမင်း မက်မောလိုချင်သော်လည်း မရရှိနိုင်ခြင်းဖြစ်သည်။ အချိန်ကြာလာသောအခါ ထိုလိုချင်လောဘသည် ဖယ်ရှားရန်ခက်ခဲသော ပြင်းထန်သည့် စိတ်အစွဲတစ်ခုအဖြစ် ပြောင်းလဲလာလေသည်။

ဤအမျိုးအစားတွင် လင်ကျောင်ယွဲ့မှာ ဥပမာကောင်းတစ်ခုဖြစ်၏။

တစ်စုံတစ်ယောက်က သူမ၏ အစားအသောက်ထဲသို့ မိုးနီရေပါဝင်သော ဆေးများ ခတ်ထားခဲ့ခြင်းကြောင့် သူမသတိလစ်သွားပြီး မိုးနီအိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားကာ အိပ်မက်ဆိုးများ တောက်လျှောက်ဆိုသလို မြင်မက်လေတော့သည်။

ထိုအိပ်မက်ကမ္ဘာထဲတွင် သူမကိုသတ်ရန် ကြိုးစားနေသော အိပ်မက်ဆိုးမှာ လင်ကျောင်ယွဲ့၏ စိတ်အစွဲပင် ဖြစ်သည်။

ထို့ကြောင့် လီနန်ခယ့်အနေဖြင့် အိပ်မက်ဆိုးပေါ်လာပြီးနောက် ချက်ချင်းမသတ်သေးဘဲ အရင်ဆုံး သေချာစောင့်ကြည့်နေခဲ့ရခြင်းဖြစ်၏။

လင်ကျောင်ယွဲ့၏ စိတ်အစွဲမှာ မည်သည့်အရာဖြစ်ကြောင်း သူသိလိုခဲ့သည်။

မိန်းကလေးသည် တုန်းချီခရိုင်မှ ကျော်ကြားသော သူဌေးသမီးလေးတစ်ဦးဖြစ်ပြီး စည်းစိမ်ချမ်းသာထဲတွင် ပြည့်စုံစွာနေထိုင်ကာ အစားအသောက်၊ အဝတ်အထည်အတွက် ပူပန်စရာ မြူမှုန်မျှပင်မရှိသူ ဖြစ်လေရာ နေ့စဉ်ဘဝတွင် စိတ်ဆိုးဒေါသထွက်ဖူးသူ လက်ချိုးရေ၍ပင်ရလောက်ပေမည်။

ထိုကဲ့သို့ ပူပင်ကြောင့်ကြမဲ့သော အမျိုးသမီးငယ်လေးတွင် အဘယ်ကြောင့် ဤမျှပြင်းထန်သော စိတ်အစွဲတစ်ခု ရှိနေရသနည်း။

တစ်စုံတစ်ဦးကို အသည်းအသန် ကြောက်ရွံ့နေခြင်းလော။ သို့မဟုတ် တစ်စုံတစ်ဦးအပေါ် အမုန်းတရားနှင့် မနာလိုစိတ်များ စွဲထင်နေခြင်းပေလော။

သို့မဟုတ်ပါက... တစ်စုံတစ်ဦးအပေါ် အစွဲအလမ်းကြီးနေခြင်းပေလော။

ထိုစဉ်က သူ သေချာမခွဲခြားနိုင်ခဲ့သည်မှာ နှမြောစရာပင်။ လင်ကျောင်ယွဲ့တစ်ယောက် အသက်အန္တရာယ် နီးကပ်နေသည့်အချိန်တွင် သူအချိန်ထပ်မဆွဲလိုတော့ဘဲ အမြန်ဝင်ရောက်ကယ်ဆယ်ပေးခဲ့လိုက်လေသည်။

မိစ္ဆာသတ္တဝါနှင့် အိပ်မက်ဆိုးများအပြင် ညကင်းလှည့်တပ်ဖွဲ့ကို အခက်တွေ့စေဆုံး အခြားအရာတစ်ခုမှာ သင်္ချိုင်းလူသားများဖြစ်၏။

သူတို့သည် လူသားတို့အား သေရာမှ ပြန်လည်နိုးထလာခြင်းကို အမှန်တကယ် မျက်ဝါးထင်ထင် တွေ့မြင်စေခဲ့သည်။

ဖြစ်ခဲ့ဖူးသမျှ အမှုကိစ္စမျိုးစုံမှာ ကျောချမ်းဖွယ်ရာ ကောင်းလှ၏။

ထျန်းဝူခေတ် ၁၀နှစ်မြောက်တွင် တံငါသည် အဘိုးတိန်သည် သန်းခေါင်ယံအချိန်၌ တံခါးခေါက်သံကို ကြားခဲ့ရ၏။

သူ တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင်ရပ်နေသူမှာ လွန်ခဲ့သောသုံးရက်က ရေနစ်သေဆုံးခဲ့သည့် သားဖြစ်သူဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထျန်းဝူခေတ် ၁၂နှစ်မြောက်တွင် အထည်ကုန်သည်ဟူသည် လွန်ခဲ့သောလဝက်က အဆိပ်မိသေဆုံးခဲ့သည့် ဇနီးသည်မှာ သန်းခေါင်ယံအချိန် မိမိဘေးတွင် အိပ်ပျော်နေသည်ကို တွေ့ခဲ့ရသည်။

ယွမ်ဖုန်းခေတ် ၁နှစ်မြောက်တွင် ရှန့်ကျိုးရှိ အိုဝမ်ကျေးရွာမှ ရွာသားများသည် လွန်ခဲ့သော ခြောက်ရက်က သေဆုံးသွားခဲ့သင့်သည့် သူတို့၏ ကျေးရွာသူကြီးကို သန်းခေါင်ယံ၌ မြင်တွေ့ခဲ့ရပြန်သည်။

သေရွာပြန် ဤလူသားများကို လူသားအစစ်တို့က သင်္ချိုင်းလူသားများဟု ခေါ်ဝေါ်သမုတ်ကြလေသည်။

သို့သော် ဆယ်ရက်ကြာပြီးနောက်တွင် သူတို့အားလုံး အလိုအလျောက် ပျောက်ကွယ်သွားကြလေသည်။

သို့သော် သူတို့နှင့် အသားချင်းထိတွေ့မိသူ မည်သူမဆို ဆယ်ရက်ကြာပြီးနောက်တွင် အရိုးစုဖြူဖြူများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ ထို သေရွာပြန်မိစ္ဆာများကို အချိန်မီမနှိမ်နင်းနိုင်ပါက ကြုံရမည့်အန္တရာယ်မှာ‌ သေဘေးသာဖြစ်၏။

မိစ္ဆာသတ္တဝါများနှင့်မတူသည်ကား ဤသင်္ချိုင်းလူသားများသည် သာမန်လူများနှင့် ခွဲခြားလို့မရနိုင်ပေ။

သူတို့တွင် မိစ္ဆာအတတ် သို့မဟုတ် မှော်ပညာများ ဘာတစ်ခုမှမရှိကြဘဲ ရုပ်သွင်ပြောင်းလဲခြင်းလည်း မရှိသလို သက်ရှိထင်ရှားရှိစဉ်က မှတ်ဉာဏ်နှင့် စိတ်ခံစားချက်များကိုပါ သက်ရှိလူသားများကဲ့သို့ တသွေမတိမ်း ထိန်းသိမ်းထားနိုင်ကြသည်။

ဤအချက်သည်ပင် ညကင်းလှည့်တပ်ဖွဲ့အား အခက်တွေ့စေဆုံးအချက် ဖြစ်နေခဲ့၏။

စိတ်ခံစားချက်များရှိနေခြင်းကြောင့် အချို့လူများသည် သေဆုံးပြီးသား ချစ်ရသူများကို ကာကွယ်လိုခြင်းကြောင့် မေးစစ်သည့်အခိုက် အမှန်အတိုင်းမဖြေဘဲ တမင်တကာဖုံးကွယ်ထားကြရာ နောက်ဆုံးတော့ ‌ဘေးဒုက္ခမဖြစ်ဘဲပြီးသွားသည်ဟူ၍ မရှိ။

ဥပမာအားဖြင့် ထိုအထည်ကုန်သည်ဟူသည် သူ၏ ချစ်လှစွာသောဇနီးသည် ပြန်လည်နိုးထလာသည်ကို မြင်သောအခါ ပြင်ပလူများမသိစေရန် သူမအား နောက်ဖေးရှိအတွင်းခန်းထဲတွင် တိတ်တဆိတ်ဝှက်ထားခဲ့သည်။

ရလဒ်အနေဖြင့် ဆယ်ရက်ကြာလွန်သောအခါ သူသည် နေအိမ်တွင်ပင် အရိုးစုဖြူဖြူတစ်ခုအဖြစ် ပြောင်းလဲသွားရတော့၏။

တမင်တကာ ဖုံးကွယ်ထားခြင်းမဟုတ်ပါဘဲ သတိမမူမိသူများလည်း ရှိခဲ့သည်ပင်။

ယွမ်ဖုန်းခေတ် ၁နှစ်မြောက်တွင် အိမ်၌ ရက်ကန်းရက်နေသော အဘွားအိုရွှီသည် လွန်ခဲ့သောလဝက်က မြို့တော်သို့ စာမေးပွဲသွားဖြေခဲ့သော သားဖြစ်သူ ရုတ်တရက်အိမ်ပြန်ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဆီးကြိုခဲ့ပါသည်။

သို့သော် ဆယ်ရက်ကြာသောအခါ အဘွားအိုရွှီနှင့် သားဖြစ်သူအားထိတွေ့ခဲ့ဖူးသော မြို့ရှိ လူ၁၄ဦးလုံးပါ အရိုးစုဖြူများအဖြစ် ပြောင်းလဲသွားကြရလေသည်။

ညကင်းလှည့်တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ သားဖြစ်သူမှာ စာမေးပွဲဖြေပြီး အိမ်အပြန်လမ်းတွင် ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

အရေးကြီးဆုံးတစ်ချက်မှာ သင်္ချိုင်းလူသားများသည် သူတို့ သေဆုံးသွားပြီဖြစ်ကြောင်းကို သူတို့ကိုယ်တိုင် မသိရှိထားခြင်းပင်။

သူတို့သည် သေဆုံးသူနေထိုင်ခဲ့သော နေရာများတွင် လေထဲမှ ရုတ်တရက်ပေါ်လာသကဲ့သို့ ရောက်ရှိလာတတ်ပြီး သေဆုံးသူ၏ မှတ်ဉာဏ်နှင့် စိတ်ခံစားချက်များ နဂိုအတိုင်းရှိနေကြပါသော်ငြား သေဆုံးချိန်တစ်ခုတည်းကာ မှတ်ဉာဏ်တွင်ကွက်၍ ဗလာဖြစ်နေတတ်သည်။

သူတို့၏ ဦးနှောက်မှာလည်း ပြန်လည်နိုးထလာပြီးချင်း အချိန်တွင် ကြောင်တောင်တောင်ဖြစ်နေတတ်သည်။

သေဆုံးချိန်ကို မေ့ပျောက်နေရုံမက မသေဆုံးမီကာလပတ်လည်အတွင်း သူတို့ဘာလုပ်နေခဲ့သည်ကို‌ ဝေဝေဝါးဝါးသာ မှတ်မိနိုင်ပေသည်။

မိမိတို့၏ ကိုယ်ပိုင်အလောင်းကို မျက်ဝါးထင်ထင်မြင်ရခြင်း သို့မဟုတ် အခြားသူများမှတစ်ဆင့် မိမိတို့ သေဆုံးခြင်းကို သိရှိရခြင်း မရှိလျှင် သူတို့ကိုယ်သူတို့ အသက်ရှင်လျက်သားဟုသာ ထင်မှတ်ကြပေလိမ့်မည်။

အဘွားအိုရွှီ၏သားမှာ ထိုကဲ့သို့ပင် ဖြစ်သည်။ ပြန်လည်နိုးထလာပြီးနောက် သူသည် တောကြီးမျက်မည်းထဲရောက်နေခဲ့ကာ ပြန်စဥ်းစားရာတွင် စာမေးပွဲဖြေပြီးနောက် အိမ်သို့အမြန်ပြန်ရန် ကြိုးစားနေသည်ကိုသာ မှတ်မိခဲ့လေသည်။ မိမိကိုယ်တိုင် ဓားပြများထံမှ သတ်ဖြတ်ခံခဲ့ရသည်အား လုံးဝမမှတ်မိခဲ့ချေ။

ဇဝေဇဝါဖြင့် အိမ်သို့ အရောက်ပြန်လာခဲ့ရာ နောက်ဆုံးတွင် မိခင်နှင့် သူငယ်ချင်းများ ဆိုးရွားစွာအဆုံးသတ်ရဖို့ အကြောင်းရင်းသာ ဖြစ်လာခဲ့ပေ၏။

သင်္ချိုင်းလူသားများ မည်သို့ ပေါ်ပေါက်လာသနည်း ဆိုသည့်အကြောင်းရင်းနှင့် ပတ်သက်၍ ညကင်းလှည့်တပ်ဖွဲ့က အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ကနဦးအဖြေတစ်ခု ထုတ်ပေးခဲ့သည်။

ယင်းမှာ နေ့အခါတွင် တွေးတောမိသမျှကို ညအခါတွင် အိပ်မက်မက်ရာမှတစ်ဆင့် ပြန်လည်နိုးထလာခြင်း ဖြစ်သည်ဟု။

ဥပမာအားဖြင့်...

အဘွားအိုရွှီသည် မတော်တဆမှုကြောင့် မိုးနီပါဝင်သောဆေးကို မရည်ရွယ်ဘဲ သောက်မိခဲ့ရာမှ မိုးနီအိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားခဲ့သည်။

သူမမှာ ကြင်နာတတ်သူဖြစ်သဖြင့် စိတ်အစွဲများမရှိခဲ့ရာ မည်သည့်အိပ်မက်ဆိုးမှ ပေါ်မလာခဲ့ချေ။

သို့သော် အဘွားအိုရွှီသည် မြို့တော်သို့ စာမေးပွဲသွားဖြေနေသော သားဖြစ်သူကို အလွန်အမင်း လွမ်းဆွတ်လေကြောင့် သူမသည် မိုးနီအိပ်မက်ကမ္ဘာထဲတွင် သားဖြစ်သူကို အိပ်မက်မက်ခဲ့ရာမှ သေဆုံးနေသော သားဖြစ်သူကို ပြန်လည်နိုးထလာစေခဲ့ခြင်း ဖြစ်သည်။

အထည်ကုန်သည် သူဌေးကြီးဟူ၏အဖြစ်မှာလည်း အလားတူပင်။

ဆုံးပါးသွားသော ဇနီးသည်ကို ပြင်းစွာလွမ်းဆွတ်တမ်းတနေချိန်တွင် မတော်တဆ မိုးနီကိုသုံးစွဲမိပြီးနောက် မိုးနီအိပ်မက်ကမ္ဘာထဲတွင် ဇနီးဖြစ်သူကို မမျှော်လင့်ဘဲ ပြန်လည်နိုးထလာစေခဲ့တော့၏။

တိုက်ဆိုင်မှုများအပြင် မိမိတို့၏ ဆွေမျိုးမိသားစုဝင် သို့မဟုတ် ချစ်ခင်ရသူများကို တမင်တကာ ပြန်လည်နိုးထစေသူများလည်း ရှိကြသည်။

ဘေးဒုက္ခဖြစ်လာမည်ကို သိနေပါသော်လည်း ချစ်ခင်ရသူကို နောက်ဆုံးတစ်ခေါက် တွေ့မြင်နိုင်ရန်အတွက် မိုးနီ၏ဆိုးကျိုးအန္တရာယ်ကို ရင်ဆိုင်ကာ ပြန်လည်နိုးထစေခဲ့ကြရာတွင်လည်း အဆုံးသတ်ဇာတ်သိမ်းကတော့ ကောင်းမွန်သည်ဟု မရှိခဲ့ပါချေ။

သို့သော် မည်သူမဆို ပြန်လည်နိုးထလာနိုင်ခြင်းတော့ မဟုတ်။

မတော်တဆ သေဆုံးသူများ၊ ထိုအထဲမှ အထူးသဖြင့် သန်းခေါင်ယံအချိန်တွင် သေဆုံးသူများသာ ပြန်လည်နိုးထလာနိုင်မည့် အခွင့်အရေးရှိသည်။

သက်တမ်းစေ့၍ သေဆုံးသူများ၊ နာမကျန်းဖြစ်၍ သေဆုံးသူများ သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်သူများမှာ ပြန်လည်နိုးထလာနိုင်စွမ်းမရှိ။

ဥပမာအားဖြင့် အထည်ကုန်သည်၏ဇနီးမှာ အစေခံမလေးတစ်ဦး၏ အဆိပ်ခတ်ခြင်းကိုခံခဲ့ရပြီး သန်းခေါင်ယံအချိန်၌ ရုတ်တရက်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဘွားအိုရွှီ၏ သားဖြစ်သူမှာလည်း အိမ်သို့ အမြန်ပြန်ရောက်ရန်အတွက် သန်းခေါင်ယံအချိန်၌ တောလမ်းမှ ခရီးနှင်ခဲ့ရာ ဓားပြများနှင့် တွေ့ဆုံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်၏။

အချုပ်အားဖြင့်ဆိုသော် ဤမိစ္ဆာသုံးမျိုးကို ဤသို့ အကျဉ်းချုပ်ဖော်ပြနိုင်ပါသည်။

မိစ္ဆာသတ္တဝါ - အသွင်ပြောင်းသွားသော လူသားများ။

အိပ်မက်ဆိုး - စိတ်အစွဲမှ ဖြစ်ပေါ်လာသော အိပ်မက်ထဲက မိစ္ဆာများ။

သင်္ချိုင်းလူသား - ပြန်လည်နိုးထလာသော သေဆုံးပြီးသူများ။

သို့သော် မည်သို့သောမိစ္ဆာမျိုးပင်ဖြစ်စေ အားလုံးမှာ မိုးနီမှ မြစ်ဖျားခံလာခြင်းသာ ဖြစ်ပေသည်။

All Chapters