အခန်း (၁၀)
Vol. 1 Ch. 10
သူတို့ ညစာစားသည့်အချိန်တွင် ကောင်းကင်မှာ လုံးဝ မှောင်အတိကျနေပြီ ဖြစ်သည်။
ညကောင်းကင်တစ်ခုလုံးမှာ အနက်ရောင်မှင်ရည်များ စီးကျနေသည့်အလား ပိန်းပိတ်မှောင်မိုက်နေပြီး အေးစက်သော လပြည့်ဝန်းကြီးသာ ကောင်းကင်ထက်တွင် မြင့်မားစွာ ဝင့်ကြွားနေခဲ့၏။
လိပ်ဆရာကြီးမှာ တံခါးဝတွင် မှေးစက်အနားယူနေဆဲပင်။
ငန်းမကြီးမှာမူ တောက်ပသော လရောင်အောက်တွင် မာန်ပါပါရပ်နေပြီး သူမ၏ ဝေဝါးစောင်းငဲ့နေသော အရိပ်မှာ ရေကန်မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေလျက်ရှိသည်။
အိမ်တွင်းအိမ်ပြင် နေရာလပ်မကျန် အေးချမ်းတိတ်ဆိတ်မှုဖြင့် ပြည့်နှက်နေလျက်။
လီနန်ခယ့်သည် ဖယောင်းတိုင်မီးစာကိုညှပ်ရင်း ဇနီးသည်လှမ်းပေးသော ပန်းကန်နှင့်တူကို လှမ်းယူကာ ပြုံးလျက်ဆိုသည်။
"ဒါကို ဖယောင်းတိုင်မီးအောက်ကညစာလို့ ခေါ်ကြတာပေါ့၊ သူ့ဟာနဲ့သူတော့ စိတ်ကြည်နူးစရာကောင်းနေတာပဲ"
လင်မယားနှစ်ဦးမှာ စားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
အပြန်အလှန် ယဥ်ကျေးရိုကျိုးရသည့်အဆင့်ထိတော့ မစိမ်းကားသော်ငြား သူပြောသလို စိတ်ကြည်နူးဖွယ်ကောင်းဖို့ရာတော့ ဝေပါသေး၏။
"ဒီနေ့လည် လူနာတွေလာသေးလား" လော့ချန်းချိုးက မေးလိုက်သည်။
လီနန်ခယ့်က ခေါင်းခါလိုက်ပြီး အမှန်အတိုင်းသာဖြေလိုက်သည်။
"ကိုယ်နည်းနည်းပင်ပန်းနေလို့ တံခါးပိတ်ပြီး အိပ်ပစ်လိုက်တယ်၊ တစ်ယောက်ယောက် တံခါးခေါက်သေးသလားတော့မသိဘူး။ မင်းသိတဲ့အတိုင်း ကိုယ်အိပ်ပျော်သွားရင် မိုးပြိုတောင်မနိုးတတ်ဘူးလေ"
ထိုသူက အရွှန်းဖောက်လာသည်။
"မင်းသိချင် ငန်းမမကြီးနဲ့ လိပ်ဆရာကြီးကိုမေးကြည့်။ သူတို့တော့သိလောက်တယ်"
လော့ချန်းချိုးက ပြုံးလိုက်ပြီး သူ့ကို စနောက်သလိုကြည့်သည်။
"ယောက်ျားက လူတွေကို အဲ့လိုပဲလိုက်စနေရတာ ကြိုက်သလား၊ သူတို့ကိုများမေးလို့ရရင် ကျွန်မအတွက် ယောက်ျားပဲသွားမေးပေးပါဦး"
"မေးချင်မေးလို့ရတာပေါ့။ ဒါပေမဲ့ နည်းလမ်းတစ်ခုတွေ့ထားတယ်"
"ဘာနည်းလမ်းလဲ"
လော့ချန်းချိုးက အမျိုးသား၏စကားကို စိတ်ဝင်စားသွားဟန်ဖြင့် သိမ်မွေ့ညင်သာသောမျက်လုံးများထဲ စူးစမ်းလိုစိတ် အရောင်တောက်လာသည်။
လီနန်ခယ့်က အတားအဆီးမရှိ ပြောချလာသည်။
"ဇနီးပြောတော့ သူတို့တွေက ဝိညာဥ်သားရဲတွေဖြစ်ခဲ့ဖူးတယ်ဆို။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်လည်း နည်းလမ်းတစ်ခုသိထားတာ။ သူတို့ကို အိုးထဲထည့်ပြီး ပြုတ်လိုက်ရမှာတဲ့။ ကျက်လို့ အသားစွပ်ပြုတ်ဖြစ်သွားတဲ့အခါ ကိုယ်တို့အဲ့ဒါကိုသောက်တိုင်း သူတို့ကိုအိပ်မက်ထဲမှာတွေ့ပြီး စကားတွေတောင်ပြောလို့ရမယ်ဆိုပဲ"
အသံမှာ စနောက်နေဟန်ရှိသော်ငြား တစ်မျိုးတစ်ဖုံ အတည်ပေါက်နေသလိုလည်း ခံစားရပြန်၏။
ထိုနည်းလမ်းကို အတည်ပေါက်ကြီးသုံးဖို့ တွေးထားဟန်ရှိသည်ပင်။
ခင်ပွန်းဖြစ်သူ ရယ်စရာပြောနေမှန်းသိသော်ငြား လော့ချန်းချိုးသည် စိတ်ဝင်စားသွားဟန်အမူကိုပြလိုက်ပြီး ဆိုသည်။
"အဲ့လောက်မှော်ဆန်တဲ့နည်းလမ်းမျိုး ရှိသေးတာလား"
"ဟုတ်မဟုတ်သိရအောင် ဒီလိပ်အိုကြီးကိုပြုတ်ပြီး စမ်းကြည့်ရင်ရော"
လီနန်ခယ့်၏အကြည့်က တံခါးဘေးတွင် မျက်လုံးများမှေးမှိတ်အနားယူနေသော လိပ်ဆရာကြီးထံကျရောက်သွားသည်။ ထို့နောက် နှုတ်ခမ်းကိုတစ်ချက်သပ်ကာ ဇနီးသည်ကို တိုက်တွန်းလိုက်သည်။
"ကျန်တာတွေ တကယ်ဖြစ်မဖြစ်ထက် လိပ်စွပ်ပြုတ်သောက်ရတာကိုက အမြတ်ပဲနေမှာနော်"
ထိုအမျိုးသား၏ လောဘဇောကပ်နေသောအကြည့်များကို အာရုံခံမိသည့်အလား လိပ်ဆရာကြီးမှာ တိတ်တိတ်လေး အခွံထဲခေါင်းဝှက်ပုန်းအောင်းသွားလေသည်။
ငန်းမမကြီးလည်း တစ်ခဏမျှတွန့်ဆုတ်နေပြီး နောက်ဆုံးတော့ ရေကန်ထဲငုပ်ဆင်းကာ ပုန်းအောင်းသွားလေတော့၏။
လော့ချန်းချိုးမှာ ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်ပြီး ကဏန်းသားတစ်တုံးကိုယူ၍ ခင်ပွန်း၏ပန်းကန်ထဲလှမ်းထည့်ပေးလိုက်သည်။ ညင်သာသောစကားသံတွင် ဆူပူလိုဟန် သဲ့သဲ့ပါလျက်။
"သူတို့ကိုတကယ်သာ ပြုတ်စားလိုက်မယ်ဆိုရင် ဆရာသခင်ကိုယ်တိုင် ရှင့်အရိုးတွေကို ဝံပုလွေစာကျွေးပစ်မှာ အသေအချာပဲ"
"အဲ့ဒီ ဆရာသခင်ဆိုတဲ့အဘိုးကြီးက အဲ့လောက်ရက်စက်တာလား" သူ စိတ်ဝင်တစားမေးမိသည်။
သူ့မှတ်ဉာဏ်ထဲတွင်တော့ သူ့ကိုမွေးစားခဲ့သည်ဆိုသော ရသေ့ကြီးနှင့်ပတ်သက်၍ မည်သည့်အတွေးအမြင်မှာ မကျန်ရစ်ခဲ့သောကြောင့် ဇနီးသည်၏ တစ်စွန်းတစ်စ တစ်ဆင့်ပြောပြချက်များအပေါ်တွင်သာ ပုံဖော်ကြည့်နေရခြင်းဖြစ်သည်။
"အလွန်ရက်စက်တာပေါ့။ ရှင့်ကိုသူပထမဆုံး ခေါ်လာတဲ့အခါတုန်းကဆို ရှင့်ကိုယ်ပေါ်မှာ ကြိမ်ဒဏ်ရာတွေအများကြီးရှိနေခဲ့တာ မှတ်မိသေးတယ်"
အမျိုးသမီး၏ မျက်လုံးများမှာ အလွန်စာနာသနားမိနေဟန်ရှိ၏။
"အကုန်လုံး ဆရာသခင့်လက်ချက်ပဲလေ"
ကြိမ်ဒဏ်ရာတွေတဲ့လား။
လီနန်ခယ့်မှာ သူ၏မသန့်စင်သောစိတ်ကူးအတွေးများထဲ မယုံနိုင်စရာမြင်ကွင်းတချို့ကို ပုံဖော်လိုက်မိပြီး မူးဝေနောက်ကျိသွားလေတော့၏။ ပါးစပ်ထဲရှိ စားစရာသည်ပင် အရသာကင်းမဲ့သွားသကဲ့သို့။
အဲ့ဒီဆရာသခင်ဆိုတာမှာ ထူးထူးဆန်းဆန်း ဝါသနာတွေဘာတွေများ ရှိနေတာလား။
သို့သော် ထိုအမျိုးသမီး ပြောချင်ရာပြောအပြီး နှုတ်ခမ်းကိုတင်းတင်းဖိကိုက်ကာ မထိန်းနိုင်စွာပြုံးနေသည်ကိုမြင်မှ သူအစနောက်ခံနေရကြောင်း နားလည်လိုက်ရသည်။
လီနန်ခယ့် ကူကယ်ရာမဲ့စွာ ညည်းညူမိ၏။
"ကိုယ့်ယောက်ျားကိုယ် အဲ့လိုမနောက်သင့်ဘူးလေကွာ"
ခင်ပွန်းဖြစ်သူ၏ ရှားရှားပါးပါး အနေရခက်သွားသည့် အမူအရာကို မြင်သောအခါ လော့ချန်းချိုးမှာ ရယ်မချဘဲ မနေနိုင်တော့ချေ။ ဖြူစင်သောလက်ကလေးဖြင့် ပါးစပ်ကိုအုပ်ကာ လှပကျော့ရှင်းသော ကိုယ်ဟန်အမူအရာကို မပျက်စေရဘဲ သိမ်မွေ့စွာရယ်မောလေသည်။
ထိုအခိုက်အတန့်တွင် စိမ်းသက်ဝေးကွာသော ဤဇနီးမောင်နှံမှာ အနည်းငယ် ပိုမိုနီးကပ်ကျွမ်းဝင်သွားသယောင်ပင်။
လော့ချန်းချိုးက တူကိုချကာ သူ့ကိုအလေးအနက်ကြည့်လာသည်။
"ဒါပေမဲ့ ဆရာသခင်ရှင့်ကို ဒီခေါ်လာတုန်းက ရှင်တကယ်ပဲ ဒဏ်ရာတွေအပြည့်ရှိနေခဲ့တာ။ ဆံပင်ကိုတောင် အညှပ်ခံထားရသေးတယ်။ နောက်တော့ ကျွန်မပဲ ရှင့်ဒဏ်ရာတွေအားလုံးကုသပေးပြီး ခေါင်း..ခေါင်းကို ထပ်ရိုက်မိလိုက်လို့ အသက်များရှင်ပါတော့မလားလို့ စိုးရိမ်ခဲ့ရသေးတာ"
ဆံပင်ကိုတောင် ညှပ်ထားသေးသတဲ့လား။ လီနန်ခယ့် အတွေးများစွာဖြင့် တိတ်ဆိတ်သွားတော့သည်။
ညစာစားအပြီးတွင်လည်း လီနန်ခယ့်က ဟင်းပွဲများကို ကူညီသိမ်းဆည်းပေးသည်။
လော့ချန်းချိုးမှာ နေ့ခင်းကကျိုထားသော ဆေးမြစ်များကို အထူးဖော်စပ်ထားသော သစ်ရွက်ရည်များဖြင့် အကြိမ်ကြိမ်စိမ်ပြီးနောက် မီးဖိုတွင် ခေတ္တမျှကင်ကာ ဆေးသေတ္တာထဲသို့ ပြန်လည်ထုပ်ပိုးထည့်သွင်းလိုက်သည်။
လီနန်ခယ့်သည် ဆေးပညာအကြောင်း ဘာတစ်ခုမှနားမလည်သော်ငြား ဇနီးသည်နှင့် ဒီလောက်ကြာကြာ အတူတူနေအပြီး ထိုအမျိုးသမီး၏ဆေးပညာမှာ ကြောက်ခမန်းလိလိထက်မြက်ကြောင်း နားလည်ထားခဲ့သည်။
ကုသရန်လာရောက်သူတိုင်း ကြယ်ငါးလုံးအဆင့် ချီးကျူးစကားများကိုပေးပြီးမှ လှည့်ပြန်တတ်ကြသည်လေ။
အတုအယောင် အပေါ်ယံစကားများလည်းမဟုတ်မှန်း သိသာပါသည်။ မကောင်းပြောသူရှိလျှင်လည်း စိတ်ကြီးသောငန်းမမကြီးထံမှ ရင်းနှီးကျွမ်းဝင်စွာ နှုတ်ဆက်စကားဆိုခံရမည် အသေအချာပင်။
ဒီနေ့မကောင်းပြောပြီး လှည့်ပြန်သွားလျှင် နောက်တစ်နေ့အိပ်ရာမှအထ ပြတင်းပေါက်ကိုကြည့်လိုက်ချိန်တွင် ပြတင်းအပြင်၌ လည်ကိုမော့ကာ သူတို့အား စူးစူးစိုက်စိုက် လေ့လာစစ်ဆေးနေသော ငန်းမမကြီးကို တည့်တည့်တိုးရမည်ဖြစ်သည်။
လုပ်စရာရှိတာအားလုံး ပြီးစီးချိန်တွင် လော့ချန်းချိုးသည် ဆေးကျမ်းစာအုပ်တစ်အုပ်ကို တိတ်ဆိတ်စွာဖတ်ရှုပ်နေလိုက်သည်။
လီနန်ခယ့်ကတော့ ဘာမှ မည်မည်ရရ လုပ်စရာမရှိနေ။ မူလက ငန်းမမကြီးကိုပွေ့ကာ ပွတ်သပ်ပေးဖို့စဥ်းစားထားသော်လည်း ခြံဝင်းထဲတွင် သူမကို ဘယ်လိုမှရှာမရသဖြင့် စိတ်ပျက်စွာပင် အိမ်ထဲသို့ ပြန်ဝင်လာပြီး ဆေးကျမ်းတစ်အုပ်ကို ကောက်ယူကာ ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။
မကြာမီပင် ထိုလူမှာ စတင်ငိုက်မြည်းလာတော့သည်။
နေ့ခင်းက အိပ်ထားခဲ့သေးသည်ဆိုသော်ငြား ညဘက်တွင် မိုးနီအိပ်မက်ကမ္ဘာထဲဝင်ကာ အိပ်မက်ဆိုးရှင်းလင်းနေခဲ့ရသဖြင့် စိတ်အစဥ်မှာ ပင်ပန်းနွမ်းနယ်ကာ အနားယူချင်စိတ်ကို ဆက်တောင့်မခံထားနိုင်တော့ပြီ။
လော့ချန်းချိုးက သဘောတကျအကဲခတ်ရင်း ညင်သာစွာဆိုသည်။
"ယောက်ျားရေ အိပ်ရာဝင်နှင့်ပါတော့"
ထို့နောက် ထိုလူ၏စကားပြန်ကို စောင့်မနေတော့ဘဲ သူမအရင်ထကာ အိပ်ရာပြင်ပေးပြီးနောက် စိတ်တည်ငြိမ်စေသောဆေးများ ရောနှောထားသည့် အမွှေးတိုင်တစ်တိုင်ကို ထွန်း၍ အနားတွင်ထားပေးလိုက်သည်။
"မင်းမအိပ်သေးဘူးလား" လီနန်ခယ့်က မေးသည်။
သူမနှင့် အိပ်ရာထဲတွင် လက်ခုပ်တီးတမ်းကစားချင်စိတ်ကြောင့် မေးခြင်းမဟုတ်။ အမှန်တော့ လင်မယားနှစ်ဦးမှာ တစ်ခန်းတည်းအတူအိပ်ကြသော်ငြား တစ်အိပ်ရာတည်းအိပ်ကြသည်မဟုတ်ချေ။
ယောက်ျားမိန်းမကြားက ကိစ္စများနှင့်ပက်သက်၍ လီနန်ခယ့်က တစ်ဖက်လူ၏ဆန္ဒကို အထူးဦးစားပေးတတ်ပါသည်။
သူမ ဆန္ဒမပါရှိလျှင် သူကလည်း ဖိအားပေးနေမည်မဟုတ်။
မမှည့်သေးတဲ့ဖရဲသီးကို အတင်းဆွတ်စားရင် ဘယ်လိုလုပ်ချိုပါ့မလဲလေ။
မကျေမနပ် အဆိပ်ခတ်ခံရမှာစိုးသည့်အတွက် တွန့်ဆုတ်နေခြင်းလည်းမဟုတ်ပါပေ။
"ကျွန်မ စာနည်းနည်းထပ်ဖတ်ချင်သေးတယ်"
လော့ချန်းချိုးက အမျိုးသား၏ အပေါ်ဝတ်စုံကို ချွတ်၍ အဝတ်တန်းတွင် ချိတ်ပေးလိုက်သည်။
"ဟုတ်ပါပြီ။ ဒါပေမဲ့ အိပ်ရာစောစောဝင်သင့်တယ်နော်။ အရမ်းနောက်ကျရင် အသားအရည်မလှဘဲနေလိမ့်မယ်"
"အွန်း"
အမျိုးသမီးက ခေါင်းကိုအသာအယာညိတ်ကာ ဖယောင်းတိုင်တစ်တိုင်ကိုကိုင်ပြီး ထောင့်တစ်နေရာတွင် စာဖတ်ဖို့လှမ်းလေသည်။ အိပ်ပျော်နေသောခင်ပွန်းကို နှောင့်ယှက်မိမည် စိုးသည့်အလား။
စိတ်ပင်ပန်းနွမ်းနယ်မှု ပြင်းထန်နေခြင်းကြောင့်လော သို့မဟုတ် စိတ်တည်ငြိမ်စေသော ဆေးအမွှေးတိုင်၏ အာနိသင်ကြောင့်လော မသိရစွာဖြင့် လီနန်ခယ့်မှာ မကြာမီပင် နှစ်ခြိုက်စွာအိပ်မောကျသွားပြီး တစ်ခါတစ်ရံ ဟောက်သံတိုးတိုးလေးပင် ထွက်ပေါ်လာသေးသည်။
လရောင်မှာ ကြည်လင်နေပြီး ဖယောင်းတိုင်မီးမှာ ဝေဝါးနေလျက်။
ပြတင်းပေါက်မှ စိမ့်ဝင်လာသော လရောင်သည် ဖယောင်းတိုင်မီး၏ ဝါဝင်းသောအလင်းရောင်နှင့် ရောယှက်ကာ အမျိုးသမီး၏ တစ်ဝက်တစ်ပျက်လစ်ဟနေသည့် ဖြူဝင်းသောလည်တိုင်ကို ထွန်းလင်းနေစေရာ အသားအရည်မှာ ကြည်လင်ဖြူဖွေးနေပြီး အပြာရောင် သွေးကြောလေးများကိုပင် ဖောက်ထွင်းမြင်တွေ့နေရသည်။
အပြင်ဘက်တွင် ပုစဉ်းရင်ကွဲသံများ ထွက်ပေါ်လာသည့်အခါမှသာ လော့ချန်းချိုး လက်ထဲကဆေးကျမ်းကို ချလိုက်သည်။
သူမသည် ကုတင်ပေါ်တွင် အိပ်ပျော်နေသော အမျိုးသားကို ခဏလောက်လှည့်ကြည့်ပြီးနောက် အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့လေသည်။
အေးမြသောလေပြေက လူကိုလန်းဆန်းစေပြီး အမျိုးသမီး၏ နူးညံ့သောဆံနွယ်များကို လှုပ်ခတ်နေစေသည်။
မှောင်မည်းနေသော ညဉ့်ဦးယံတွင် သူမရှေ့ရှိ မတ်စောက်သောတောင်ထိပ်ကြီးမှာ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ မားမားကြီးတည်ရှိနေသော်လည်း ဝေဝါးသော ငွေရောင်အလင်းလွှာတစ်ခုဖြင့် ဖုံးအုပ်ခံထားရသည့်အလား မီးခိုးငွေ့ကဲ့သို့ မထင်မရှားရှိလှ၏။
လော့ချန်းချိုးသည် တောက်ပသောလမင်းကြီးကို ငေးကြည့်ရင်း အတွေးထဲနစ်ဝင်နေမိသည်။
လရောင်အောက်ရှိ ထိုအမျိုးသမီးသည် ဖြူစင်သန့်ရှင်းသော ကျောက်စိမ်းရုပ်ထုတစ်ခုပမာ။
အဝေးတစ်နေရာမှ ထူထပ်သောတိမ်တိုက်များ တဖြည်းဖြည်း တိုးကပ်လာသည်ကို သူမစောင့်ကြည့်နေသည်။ ထိုတိမ်တိုက်များက တောက်ပခိုင်မာသော လမင်းကြီးကို တဖြည်းဖြည်း ဝါးမျိုသွားသည်ကိုလည်း သူမမြင်နေရသည်။ ညကောင်းကင်ကြီး ပိုမို မှောင်မည်းလာသည်ကိုလည်း သူမစောင့်ကြည့်နေသည်။ ရုတ်တရက် ဝေးကွာလှသော မြို့လမ်းမများဆီမှ မောင်းသံသုံးချက် ထွက်ပေါ်လာသည်။
တတိယမြောက်မောင်းသံသည် ညဥ့်သန်းခေါင်ယံရောက်ကြောင်း အချက်ပြသံပင်။
လော့ချန်းချိုးသည် ဝင်သက်တစ်ချက်ကို ပြင်းပြင်းရှူရှိုက်ကာ အိမ်ထဲသို့ပြန်လှည့်ဝင်လိုက်သည်။
သူမသည် စားပွဲအောက်မှ လက်မဝက်ခန့်ရှည်လျားသော ထက်ရှသည့်ကျောက်စူးဓားမြှောင်တစ်ခုကို ကျွမ်းကျင်စွာပင် ထုတ်ယူလိုက်ပြီး သိမ်မွေ့သော ခြေလှမ်းများဖြင့် ကုတင်အနားသို့ လျှောက်လာခဲ့လိုက်သည်။
ခုတင်ပေါ်တွင် ထိုအမျိုးသား၏ အသက်ရှူသံမှာ တည်ငြိမ်ဖြေးလေးကာ နှစ်ခြိုက်စွာအိပ်ပျော်နေဟန်ရှိ၏။
အမျိုးသမီးက ထိုသူ၏အင်္ကျီကြယ်သီးများကို ဖြုတ်ကာ ကိုယ်အပေါ်ပိုင်းအား လှစ်ဟစေလိုက်သည်။ ထို့နော် ကျောက်စူးချွန်ကို မြင့်မြင့်မြှောက်၍ ခပ်တိုးတိုးဆို၏။
"ယောက်ျားရေ၊ မောင်းသံသုံးချက်တီးပြီဆိုတော့ စိတ်ဖြောင့်ဖြောင့်သွားပါလေရော့"
ထိုသို့ ပြောပြီးသည်နှင့် သူမသည် ကျောက်စူးကို ထိုလူ၏ နှလုံးသားတည့်တည့်သို့ ပြင်းထန်စွာ ထိုးစိုက်ချလိုက်တော့သည်။
သွေးစက်များက ပြန့်နှံ့သွားကာ ဇာတ်လိုက်မင်းသားတစ်ယောက် စာစဉ်၁မှာပင် အသတ်ခံလိုက်ရချေပြီ