← Chapters

ကျိလင်နှင့်ချင်းရှောင်း

Vol. 4 Ch. 331

ကျိလင်နှင့်ချင်းရှောင်း

Vol. 4 Ch. 331

ဆန်းလျန်က ချင်းရှောင်း၏ အကြည့်များထဲမှ အဓိပ္ပာယ်တစ်ခုကို ခံစားလိုက်ရလေသည်။

သူမ၏အကြည့်က ထူးခြားလေသည်။ အကြည့်က အေးစက် မာကျောနေပြီး မည်သူ့ကိုမှ အထင်မကြီး၊ အလေးမထားသည့် အကြည့်မျိုး ဖြစ်လေသည်။

ထိုအကြည့်မျိုးဖြင့် အကြည့်ခံရပါက မည်သူမဆို စိတ်မသက်မသာ ခံစားရမည်ပဲ ဖြစ်လေသည်။ မည်သူမျှ မိမိကို အထင်သေးသည့် အကြည့်ဖြင့် လာကြည့်လျှင် ကြိုက်ကြမည် မဟုတ်ပေ။

သို့သော် ချင်းရှောင်း၏ အကြည့်က မည်သူ့ကိုမျှ အထင်မကြီးသည့် အကြည့် ဖြစ်သော်လည်း သူတစ်ပါးကို နှိမ့်ချလိုခြင်း အလျဉ်းမရှိပါ။ ထိုအကြည့်သည် သူမနှလုံးသားထဲမှ ခံစားချက်ကို ထင်ဟပ်သည့် အကြည့်များသာ ဖြစ်လေသည်။

ဆန်းလျန်သည် အတန်ကြာ တိတ်ဆိတ်နေမိလေသည်။

နောက်မှ စကားတစ်ခွန်း ဆိုလိုက်သည်။

“ဆရာဘွားဘွားချင်းရှောင်း၊ ဆရာဘွားဘွား ဒဏ်ရာရခဲ့တာ တာအိုဆရာ တုန်းဖုန်းရဲ ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာ တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးမလား”

ယခုတစ်ကြိမ်တွင်တော့ ချင်းရှောင်း၏ မျက်နှာတွင် အံ့သြသည့် အရိပ်လေး တစ်ချက် ဖြတ်ပြေး သွားလေသည်။ သို့သော် ခဏမျှသာဖြစ်ပြီး သူမ၏ မျက်နှာက ချက်ချင်း ပြန်တည် သွားလေသည်။

“ဘာလဲ၊ မင်းက ငါ့ဒဏ်ရာကို ကုသပေးချင်လို့လား”

သူမက ဆန်းလျန်ကို အေးစက်စွာဖြင့် မေးလိုက်သည်။

ဆန်းလျန်သည် စိတ်များ ရှုပ်ထွေးလာလေသည်။

သူက ချင်းရှောင်း နတ်သမီးကို ချက်ချင်းပင် ရိုသေစွာဖြင့် ဦးညွတ်လိုက်ပြီး…

“တပည့်ကို သွားခွင့် ပြုပါဦး ဆရာဘွားဘွား”

ဆန်းလျန်ကို စိုက်ကြည့်နေသည့် ချင်းရှောင်း၏ အကြည့်များက ဓားသွားများ အလား အေးစက် ထက်ရှနေလေသည်။ သာမန် လူတစ်ယောက် ဆိုလျှင် ထိုအကြည့် တစ်ချက်ဖြင့်ပင် အသက်ပျောက် သွားနိုင်လေသည်။

ဆန်းလျန်သည် ချင်းရှောင်း နတ်သမီး၏ အကြည့်များကို တန်ခိုးစွမ်းအား အသုံးပြုကာ မကာကွယ်ရဲရှာပေ။ ဓားသွားကဲ့သို့ အကြည့်များကြောင့် ဆန်းလျန်၏ တာအို ဝတ်ရုံထက်တွင် ဓားရာများပင် ဖြစ်ပေါ်လာလေသည်။

ဆန်းလျန်သည် သူ့စိတ်ကိုသူ တည်ငြိမ်အောင် ထိန်းသိမ်း လိုက်ရင်း ချင်းရှောင်း နတ်သမီးရှေ့မှ ထွက်ခွာ သွားလေတော့သည်။

ဆန်းလျန် ပျောက်ကွယ် သွားသည်အထိ ချင်းရှောင်းသည် စိုက်ကြည့်နေဆဲ ဖြစ်လေသည်။

ဆန်းလျန် ပျောက်ကွယ် သွားတော့မှ ချင်းရှောင်းနတ်သမီးက ပြောလိုက်သည်။

“ဒီကောင်လေးဘာလို့ ချက်ချင်း ပြန်ပြေး သွားသလဲသိလား၊ သူက ငါ့ဒဏ်ရာကို ကူညီပြီး ကုသ မပေးချင်လို့ပေါ့၊ ဒါပေမဲ့ သူက ငါ့ဒဏ်ရာကို ကုသပေးမယ် ဆိုရင်လည်း နင့်ကို ထိခိုက် နာကျင်စေလိမ့်မယ်”

ချင်းရှောင်း နတ်သမီး၏ ခန္ဓာကိုယ်ပေါ်မှ အစိမ်းရောင် ဝတ်ရုံသည် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူမ၏ မျက်နှာထက်မှ အေးစက် ထက်ရှသည့် မျက်နှာထားမှာလည်း ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။

ချင်းရှောင်းနတ်သမီးသည် ကျိလင် နတ်သမီးအဖြစ် ပြောင်းလဲသွားလေပြီ။

“ဒါပေမဲ့ ငါ နင့်ကို ဘယ်တုန်းကမှ မနာကျင် စေချင်ခဲ့ပါဘူး၊ သူကလည်း နင့်ကိုနာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး”

ကျိလင်နတ်သမီးက ပြန်ပြောလိုက်လေသည်။

လေပြေလေးက သူမ၏ဝတ်ရုံကို တိုက်ခတ် သွားလေသည်။ သူမ၏ ခရမ်းရောင် ဝတ်ရုံသည် လေထဲတွင် လွင့်ပျံနေလေသည်။

ထိုအချိန်ခဏလေးသည် အလွန်မှ ကြေကွဲဝမ်းနည်းစရာ ကောင်းသည့် အချိန်လေးပင် ဖြစ်လေသည်။

ဆန်းလျန်သည် အဘယ်ကြောင့် ချက်ချင်း ပြန်လာခဲ့ရပါသနည်း။

အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ဆရာဘွားဘွားကို မည်သို့မျှ မကူညီနိုင်သောကြောင့် ဖြစ်လေသည်။

အခြားသော ဒဏ်ရာဆိုလျှင် ဆန်းလျန်က သူနှင့် ဆရာဘွားဘွား၏ တန်ခိုးစွမ်အားနှစ်ခုကို ပေါင်းစပ်ကာ ဆရာဘွားဘွား၏ ဒဏ်ရာ အမြန် သက်သာလာစေရန် ကူညီပေးမည် ဖြစ်လေသည်။

သို့သော် ဆရာဘွားဘွား၏ ဒဏ်ရာသည် သူထင်သလောက် ရိုးရှင်းခဲ့ခြင်း မရှိပေ။

ထို့ပြင် သူမ၏ဒဏ်ရာသည် အလျှင်စလိုကုသရန် လိုအပ်သည့် ဒဏ်ရာမျိုးလည်း မဟုတ်ခဲ့ပေ။

ထို့ပြင် ဆန်းလျန်သည် အဓိက ပြဿနာ တစ်ခုကိုလည်း သိလိုက်ရလေသည်။ ကျိလင်နှင့် ချင်းရှောင်း ဆိုသည်မှာ စိတ်နှစ်မျိုး ကွဲပြားနေခြင်းမျှသာ မဟုတ်ခဲ့ပေ။ အတိအကျ ပြောရလျှင် အတူတကွ ရပ်တည် နေကြသည့် သီးခြား ဖြစ်တည်မှုနှစ်ခု ဖြစ်လေသည်။ သို့သော် သူတို့၏ နတ်ဘုရား ဝိညာဉ်မှာတော့ တစ်ခုတည်းပင် ဖြစ်လေသည်။

ဆန်းလျန်က စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်များကို ကျင့်ကြံထားသည့် အပြင် ကျိလင် နတ်သမီးကဲ့သို့ ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် အတွက်သာ ကျိလင်နတ်သမီး၏ အခက်အခဲကို နားလည် သဘောပေါက်လိုက်ခြင်း ဖြစ်လေသည်။ သူ့နေရာတွင် အခြားသူဆိုလျှင် ကျိလင် နတ်သမီး အပေါ်တွင် မှန်ကန်သည့် အမြင်ဖြင့် သုံးသပ်နိုင်မည် မဟုတ်ပေ။

ကျိလင်နှင့် ချင်းရှောင်းသည် ဝိညာဉ် တစ်ခုတည်းဖြင့် အသက်ရှင် နေကြသည့် လူနှစ်ယောက် ဖြစ်လေသည်။ အနည်းငယ်တော့ ကြောင်တောင်တောင် နိုင်သည့်ကိစ္စ ဖြစ်သော်လည်း ဆန်းလျန်သည် မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ရပြီ ဖြစ်လေသည်။

သူက ချင်းရှောင်းကို ကြည့်နေရင်း ကျိလင်ကိုပါ မြင်နိုင်ခဲ့လေသည်။ ချင်းရှောင်းနှင့် ကျိလင်သည် တစ်ယောက်တလဲစီ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေခြင်း မဟုတ်သော်လည်း တစ်ချိန်တည်းမှာပင် အတူတကွ တည်ရှိနေကြခြင်း ဖြစ်လေသည်။ ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်သူက ဆုံးဖြတ်ချက်ချသူ ဖြစ်လာရလေသည်။

အပြင်လူများ အမြင်တွင်တော့ ကျိလင်နှင့် ချင်းရှောင်းကို အတူတူဟုပင် ထင်ကြမည် ဖြစ်လေသည်။ သူတို့ နှစ်ယောက်သည် ဝိညာဉ် အားဖြင့်လည်း ကွဲပြားခြားနားခြင်း မရှိပေ။ သို့သော် ထိုနှစ်ယောက်သည် အမှန်တကယ်ပင် လူနှစ်ယောက် ဖြစ်နေခဲ့လေသည်။

ကျိလင်နှင့် ချင်းရှောင်းမှာ နတ်ဘုရားဝိညာဉ်နှင့် မူလဝိညာဉ်ခန္ဓာ တစ်ခုတည်းကို နှစ်ယောက် မျှသုံးနေသလို ဖြစ်နေသည့် အတွက် ထူးခြားသည့် ပြဿနာကို ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။ ဝိညာဉ်တစ်ခုတည်း ရှိနေသဖြင့် နောက်ထပ် ရုပ်ခန္ဓာအသစ် ဖန်တီးရန်မှာလည်း မဖြစ်နိုင်ပေ။

ထိုပြဿနာကို ဖြေရှင်းရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ကျိလင် သို့မဟုတ် ချင်းရှောင်း တစ်ယောက်ယောက်ကို သုတ်သင်ပစ်မှသာ ရမည် ဖြစ်လေသည်။ ထိုအခါမှ ယင်နှင့် ယန်ပြန်လည် ပေါင်းစည်းမိသွားပြီး ကျိလင်နတ်သမီး အစစ်အမှန် ပေါ်ထွက်လာမည် ဖြစ်လေသည်။

နောင်တစ်ချိန်တွင် ချင်းရှောင်းနတ်သမီးက ကျိလင်နတ်သမီးကို ဒုက္ခပေးမည်ဆိုလျှင် ဆန်းလျန်က မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်မည် မဟုတ်ပါ။

သို့သော် ကျိလင်နတ်သမီးက မပြောမချင်း ချင်းရှောင်းကို သုတ်သင် ပစ်ရန်အတွက် သူ့ဘက်ကတော့ စတင်ပြီး အကြံပေးမည် မဟုတ်ပေ။

ထို့အကြောင်း များကြောင့်ပင် ဆန်းလျန်မှာ ဆရာဘွားဘွားကို ကူညီရန်အတွက် အရောက် လာခဲ့လာခဲ့သည့်တိုင် မည်သို့ကူညီရမှန်း မသိတော့ဘဲ လှည့်ပြန် လာခဲ့ရခြင်းသာ ဖြစ်လေသည်။

သူ့အတွက် မည်သို့မျှ မတတ်နိုင်သည့် ကိစ္စဖြစ်သည့် အတွက် ထိုအတိုင်းပင် ထားလိုက်ရန် ဆုံးဖြတ် လိုက်ရလေ သည်။

လဝက်ခန့် အကြာတွင်တော့ ကူးချိုင်ဝေ့သည် နဂါးအသွင်ပြောင်း ရေကန်၏ သတင်းကို ယူဆောင်ကာ ချင်းရွှမ်သို့ ပြန်ရောက် လာလေသည်။ နဂါးအသွင်ပြောင်း ရေကန်သည် နောက်အနှစ် သုံးဆယ်တွင် ဖွင့်မည် ဖြစ်လေသည်။

လင်ထိုင် တာအိုပြိုင်ပွဲအပြီး နောက်ထပ် နှစ်ပေါင်းနှစ်ဆယ် စောင့်ရဦးမည် ဖြစ်သည်။

သို့သော် မဟူရာ အဏ္ဏဝါတိုင်းပြည်ကို သိမ်းပိုက်ထားသည့် နဂါးကတော့ မစောင့်နိုင်တော့ပေ။ သို့သော် နတ်မိစ္ဆာများ၊ နဂါးများ၏ အချိန်ကာလအပေါ် ရှုမြင်ပုံသည် လူသားများနှင့် မတူညီကြပေ။ သူတို့အတွက်တော့ အနှစ်သုံးဆယ်ကို ရက်သုံးဆယ် လောက်သာ ထင်ချင် ထင်နေကြမည် ဖြစ်လေသည်။

ဆန်းလျန်လိုချင်သည့် ထျန်းယီရေစင်မှာတော့ ကံဆိုးစွာဖြင့်ပင် မဟူရာ အဏ္ဏဝါတို င်းပြည်တွင် ရှိမနေတော့ပေ။

မဟူရာအဏ္ဏဝါတိုင်းပြည်မှ မင်းသမီးလေး တစ်ပါးသည် ထျန်းယီရေစင်ကိုယူဆောင်ကာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟုသာ သတင်းကြားရလေသည်။

မဟူရာအဏ္ဏဝါ တိုင်းပြည်ကို အတင်းအဓ္ဓမ သိမ်းပိုက်ခဲ့သည့် နဂါးက မင်းသမီးလေးကို ဖမ်းမိသည့်သူကို ဆုလာဘ်များစွာ ပေးမည်ဟု ကြေငြာစာ ထုတ်ထားသည့်တိုင် မင်းသမီးလေးသည် ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေသည်။

ဆန်းလျန်က သဘာဝ တရားများကို အခြေခံကာ မင်းသမီးလေး၏ တည်နေရာကို တွက်ချက် ကြည့်လိုက်လေသည်။

သို့သော် မဟူရာ အဏ္ဏဝါတိုင်းပြည်မှ မင်းသမီးလေး တည်ရှိရာနေရာကို အခိုးအငွေ့များဖြင့် ဖုံးကွယ်နေပြီး ဆန်းလျန် အနေဖြင့် ထိုးဖောက် သိမြင်နိုင်ခြင်း မရှိခဲ့ပေ။ မမြင်နိုင်သည့် တန်ခိုးစွမ်းအား တစ်ခုဖြင့် ကာကွယ် ထားခြင်း ဖြစ်ကြောင်း ဆန်းလျန် သဘောပေါက် လိုက်လေသည်။

ယခုအခြေအနေ အတိုင်းဆိုလျှင်တော့ ကျင်းချင်းကို နဂါးအသွင်ပြောင်း ရေကန်သို့ ခေါ်ဆောင်သွားရန် အချိန် ဆိုင်းထားရဦးမည် ဖြစ်လေသည်။ နဂါးအသွင်ပြောင်း ရေကန်သည် နောက်ထပ် အနှစ်သုံးဆယ်နေမှ ဖွင့်မည် မဟုတ်ပါလား။

ထို့ကြောင့် ဆန်းလျန်လည်း အခြားလုပ်စရာ အလုပ်သိပ်မရှိဘဲ လူ့လောကသို့ ဝိညာဉ် ပစ္စည်းရှာဖွေရန် ထွက်ခွာ သွားကြသည့် တပည့်များကို စောင့်ကြည့် နေလိုက်လေသည်။

အထူသဖြင့် ကျောက်စစ်မင်နှင့် ချိုးရှီတို့ကို ဆန်းလျန်က သေချာ အာရုံစိုက်ကာ စောင့်ကြည့် နေလေသည်။

ချိုးရှိးသည် သူ၏ ဇာစ်မြစ်ကို ဖုံးကွယ်ထားပြီး ပုံမှန်မဟုတ်သည့် ကျင့်ကြံသူ တစ်စုနှင့် ပူးပေါင်းကာ ရှေးယခင် နတ်ဘုရားများ ထားခဲ့သည့် ရှေးဟောင်း ဝိညာဉ်စွမ်းအား ပစ္စည်းများကို ရှာဖွေရန် ကြိုးစား ခဲ့လေသည်။

သို့သော် သူတို့အဖွဲ့တစ်ဖွဲ့လုံး ဘေးအန္တရာယ် ကျရောက်ခဲ့ပြီး ချိုးရှီ တစ်ယောက်သာ ထွက်ပြေး လွတ်မြောက်ခဲ့လေသည်။ ချိုးရှီက သူ့ကိုယ်သူ ကံကောင်းသည်ဟု ထင်နေမိလေသည်။

အမှန်တော့ ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါးမှ တပည့်များ မထွက်ခွာမီတွင် သူ၏ နတ်ဘုရား ဉာဏ်စဉ်များကို တပည့်တိုင်း အပေါ်တွင် သက်ရောက် စေခဲ့လေသည်။ အိပ်မက် လိပ်ပြာကျင့်စဉ်ကို အသုံးပြုပြီး ဆန်းလျန်က ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် တပည့်များ အန္တရာယ်ကျရောက်သည့် အချိန်တွင် နတ်ဘုရား ဉာဏ်စဉ်များက ကူညီ ပေးခဲ့လေသည်။

ချင်းရွှမ် နတ်တံခါးကို သစ္စာမဖောက် သရွေ့ ချင်းရွှမ်နတ်တံခါးမှ တပည့်များ အားလုံးအတွက် ဆန်းလျန်သည် အကောင်းဆုံး ကာကွယ် ပေးသွားမည် ဖြစ်လေသည်။ သူက မည်သည့် တပည့်ကိုမှ အသက်အန္တရာယ် ရင်ဆိုင်စေလိုခြင်း မရှိပေ။

အချို့ တပည့်များက ဂိုဏ်းချုပ်သည် သူတို့ကို အချိန်တိုင်း စောင့်ရှောက် ပေးနေသည်ကို မသိကြဘဲ အပြစ်တင်မဆုံး ဖြစ်နေကြသေးသည်။

ကျောက်စစ်မင်ကတော့ မာနကြီးသူ တစ်ယောက် ဖြစ်လေသည်။ သူ ပထမဆုံး သွားရောက်ခဲ့သည့် နေရာမှာ မိစ္ဆာသားရဲများ နေထိုင်ရာနေရာသို့ ဖြစ်လေသည်။ မိစ္ဆာသားရဲများ နေသည့် နေရာတွင် ဝိညာဉ် စွမ်းအား ပစ္စည်းများ များစွာရှိသလို အန္တရာယ်လည်း အလွန်ကြီးမား လေသည်။

ကျောက်စစ်မင်သည် ချင်းရွှမ်နတ်တံခါးမှ အရက်သမား တာအိုဆရာ၏ တပည့်တစ်ယောက် ဖြစ်လေသည်။ အရက်သမား တာအိုဆရာသည် အလွန်တန်ခိုးစွမ်းအား ကြီးမားသည့် ဆရာသခင် တစ်ပါး ဖြစ်သည့်အပြင် အင်းပညာနှင့် ဓားသိုင်း ပညာလည်း အလွန်ကျွမ်းကျင်သူ ဖြစ်လေသည်။ ကျောက်စစ်မင်က အင်းနှင့် မန္တာန်ပညာကို သင်ယူရန် သိပ်ပြီး စိတ်မဝင်စားပေ။ ထို့ကြောင့်သူက ဓားသိုင်း ပညာကိုသာ သင်ယူထားလေသည်။

သူက အရက်သမား တာအိုဆရာ သင်ပေးထားသည့် ဓားသိုင်းကို အားကိုးကာ အန္တရာယ်များကို ရင်ဆိုင် နိုင်ခဲ့လေသည်။ သို့သော် အလွန် စွမ်းအားကြီးမားသည့် မိစ္ဆာသားရဲများကို တကယ်တမ်း ရင်ဆိုင်ရသည့် အခါတွင်တော့ သူ၏ဓားသိုင်းသည် အသုံးမဝင် ဖြစ်ရလေတော့သည်။

***

All Chapters