ပဓာနမီးအိမ်
Vol. 92 Ch. 1279
ပိုင်းချလိုက်မှုက မဖော်ပြနိုင်လောက်အောင် စူးရှတောက်ပသော အလင်းတန်းတစ်တန်းကို လင်းလက်သွားစေသဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာတော့သည်။ အသံလှိုင်းမှာ လွှမ်းမိုးခံလိုက်ရသည်။ ဓားသွား၏ အလင်းရောင်က ၎င်းကို ထက်ခြမ်းခြမ်းလိုက်ပြီးနောက် ရှောင်ရိဟန်ဆီသို့ စီးဖြာထွက်သွား၏။
ရှောင်ရိဟန်၏မျက်နှာအပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခု ပေါ်လာပြီး သူက လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်သည်။ ထို့နောက် အဖြူရောင်ငှက်မွှေးတစ်မွှေးအသွင် ပြောင်းလဲသွားသော အဖြူရောင်မြူတစ်လုပ်ကို ထွေးထုတ်လိုက်၏။ ထိုငှက်မွှေးကား စစ်လက်နက်ကို ဟန့်တားဖို့ မကြိုးစားဘဲ မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ရှောင်ရိဟန်က နှစ်ဦးနှစ်ဖက်လုံးကို ဒဏ်ရာရသွားစေမည့်နည်းလမ်းဖြင့် တိုက်ပွဲကို အဆုံးသတ်ရန် ရွေးချယ်နေလေ-သည်။
စစ်လက်နက်က ရှောင်ရိဟန်အပေါ် ကျရောက်သွားပြီး သူ့မှာ ချက်ချင်းဆိုသလို တုန်ရီလာပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကြေမွလာတော့သည်။ သို့သော် ကြေမွသွားသည်က အပေါ်ယံမျက်နှာပြင်သာ။ ထိုကောင်လေးမှာ အပေါ်ယံအရေပြားတစ်ပြားသာ ဖြစ်နေခဲ့သည့်အလားပင်။ ယခု၌ ကောင်လေးရှောင်ရိဟန် ရှိခဲ့သောနေရာတွင် လူငယ်တစ်ဦး ရှိနေလေပြီ။
ထိုလူငယ်သည် အသက်နှစ်ဆယ်ခန့်ဖြစ်ဟန်တူပြီး မျက်နှာသွင်ပြင်က ကောင်လေး၏မျက်နှာနှင့် ဆင်တူ၏။ သူက ပါးစပ်မှ သွေးများကို သုတ်ပြီးနောက် မန်ဟို့ကို မုန်းတီးစွာ စိုက်ကြည့်သည်။
သူ့ပတ်ပတ်လည်ရှိ ကြေမွနေသော အရေပြားအစအနများသာ ပြန်လည်စုစည်းလာနိုင်ခဲ့လျှင် သေချာပေါက် ကောင်လေးတစ်ယောက်၏ ပုံသဏ္ဍာန်ရှိလိမ့်မည်။
တစ်ချိန်တည်းမှာပင် အဖြူရောင်ငှက်မွှေးက မန်ဟို့ငယ်ထိပ်ထံသို့ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ပြေးဝင်လာသည်။ သူ့မှာ ရှောင်ရိဟန် သူ၏စစ်လက်နက်ကို မရှောင်နိုင်ခဲ့သလို ငှက်မွှေးအား ရှောင်နိုင်စွမ်းမရှိပေ။
ငှက်မွှေးသည် သူ့ထံ လွင့်မျောကျဆင်းလာနေသယောင် ထင်ရသော်လည်း အမှန်မှာ ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံး အမှတ်တစ်မှတ်အပေါ်တွင် စုဆုံ၍ သူ့အပေါ် ဖိနှိပ်နေသကဲ့သို့ ခံစားရလေသည်။
မန်ဟို၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အောက်သို့တွန်းချခံနေရသဖြင့် သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ လူငယ်အသွင် ရှောင်ရိဟန်က သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီးနောက် ရှေ့တစ်လှမ်းတက်လိုက်သည်။
သို့သော် သူ ထိုခြေလှမ်းအား လှမ်းလိုက်သော အခိုက်အတန့်တွင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေ၏။ သူ့ငယ်ထိပ်ပေါ်ရှိ ငှက်မွှေးမှာ ၎င်းကို ရေပန်းတစ်ပန်းမှ တွန်းတင်ပေးနေသကဲ့သို့ အပေါ်မြောက်တက်လာပြီး မန်ဟို၏ ၃၂ လုံးမြောက် ဝိညာဉ်မီးအိမ် ထွက်လာတော့သည်။
၎င်းကား သွေးရောင်ရှိသော ဝိညာဉ်မီးအိမ်တစ်လုံး ဖြစ်ချေ၏။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြယ်တာရာကောင်းကင်မှာ သွေးစွန်းသွားသကဲ့သို့ နီစွေးလာသည်။ ထိုမျှသာမက သွေးအမျှင်များက မန်ဟို့ခေါင်းအထက်ရှိ သွေးရောင်ဝိညာဉ်မီးအိမ်နှင့် ချိတ်ဆက်နေ၏။၊ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ ၎င်း၏ ပေါ်ပေါက်လာမှုက မန်ဟို့ကို ပိန်ချုံးခြောက်ကပ်လာစေခြင်း ဖြစ်သည်။
ဤသည်မှာ မန်ဟို ထွန်းနိုင်သော ဝိညာဉ်မီးအိမ်အရေအတွက်မိုင်ကုန် ဖြစ်နေသယောင်ပင်။ သွေးရောင်ဝိညာဉ်မီးအိမ်သည် ပေါ်လာသောအခိုက်အတန့်တွင် ကျန်ဝိညာဉ်မီးအိမ်အားလုံး၏အကြား၌ ပဓာနမီးအိမ်ဖြစ်လာသည်။
အရေးအကြီးဆုံးအနေဖြင့် ဤမီးအိမ်သည် ပေါ်လာခဲ့သော ကျန်ဝိညာဉ်မီးအိမ်များနှင့် တခြားစီဖြစ်နေ၏။ ထို့အပြင် မန်ဟို ဝိညာဉ်မီးအိမ်များကို မီးထွန်းနေစဉ် သူ့အား ဝန်းရံအားဖြည့်ပေးနေသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်သည် တစ်ခါမှ မမြင်တွေ့ဖူးသောပုံစံမျိုးဖြင့် တပွက်ပွက် ဆူပွက်လာ၏။ ၎င်းက ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် သူ့ထံ လိမ့်ထွက်လာပြီး တချို့က သူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်ကာ တချို့က ဝိညာဉ်မီးအိမ်ထဲ ဝင်ရောက်နေသည်။
ဝိညာဉ်မီးအိမ်သည် ကြယ်တာရာကောင်းကင်တွင် တည်ရှိသော ကောင်းကင်မြေကြီးစွမ်းအင်နှင့် အနှစ်သာရများကို စုပ်ယူနေသော သွေးရောင်တွင်းနက်ကြီးပမာ ဖြစ်လာ၏။
ဝေါဝေါဝေါ.... မန်ဟို၏ပတ်ဝန်းကျင်တွင် တဝေါဝေါ မြည်သံများ ဆူညံနေပြီး ဝိညာဉ်မီးအိမ်၏ မီးတောက်သည် တောက်ပသထက် တောက်ပလာ၏။ ငှက်မွှေးမှာမူ အဝေးသို့ တွန်းထုတ်ခံနေရသည်။ ကြည့်ရသရွေ့ ၎င်းကား သွေးရောင်ဝိညာဉ်မီးအိမ်၏ စွမ်းအားကို တောင့်မခံနိုင်တော့ဘဲ မီးလောင်လာသည့်ပုံပင်။
မီးလောင်နေသော ငှက်မွှေးသည် လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ပြာကျသွားပြီးနောက် လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ထိုအခြင်းအရာက မန်ဟို့အပေါ် ဖိစီးနေခဲ့သော ဖိအားကို ပြိုကွဲသွားစေပြီး သွေးရောင်ဝိညာဉ်မီးအိမ်ကို ပို၍ပင် လင်းလက်တောက်ပလာစေ၏။
ဤအခိုက်အတန့်အထိ ဖြစ်ပေါ်လာခဲ့သည့် ကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသော ဆက်တိုက်ပြောင်းလဲမှုများကြောင့် ဤပြိုင်ဘက်ကင်းဝိညာဉ်မီးအိမ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်မျိုးနွယ်ဝင်များရော၊ ကျူးကျော်ကျင့်ကြံသူများပါ ၎င်းကို လွန်စွာရှင်းရှင်းလင်းလင်း မြင်လိုက်ကြရလေသည်။
"ပဓာနမီးအိမ်။ အဲ့ဒါ ပဓာနမီးအိမ်တစ်လုံးပဲ"
"ရှေးဟောင်းနယ်ပယ်မှာ ဝိညာဉ်မီးအိမ်တွေကို မီးထွန်းတဲ့အခါ နောက်ဆုံးလင်းလာတဲ့ မီးအိမ်က ပမာနမီးအိမ် ဖြစ်လာတယ်"
"ပဓာနမီးအိမ် ပေါ်လာတာနဲ့ ... ဝိညာဉ်မီးအိမ်ထွန်းခြင်း ပြီးဆုံးပြီလို့ ဆိုလိုတယ်"
"ဝိညာဉ်မီးအိမ် ၃၂ လုံး။ ဘုရားရေ။ ဘယ်ရှေးဟောင်းမှတ်တမ်းမှာမှ ဒီလိုအရာမျိုး မှတ်တမ်းတင်မထားဘူး။ ဒါက ရှေးခေတ်တုန်းကတောင် မဖြစ်ခဲ့ဖူးတဲ့အရာပဲ" မန်ဟိုနှင့် ရှောင်ရိဟန်၏ တိုက်ပွဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးက အလွန်လျင်မြန်လွန်းသဖြင့် ထိုမျှဝိညာဉ်မီးအိမ်များစွာကို မန်ဟို ထွန်းနိုင်ခဲ့ခြင်း၏ အကျိုးဆက်များကို ဘယ်သူမှ စဉ်းစားရန်ပင် အချိန်မရခဲ့ပေ။
ယခုတွင် သူတို့သည် သွေးရောင်ဝိညာဉ်မီးအိမ်အကြောင်း တခဏ စဉ်းစားကြည့်ပြီး ၎င်းက ဘာလဲ သဘောပေါက်လိုက်သည့်အခါ ပင့်သက်ရှိုက်၍ ဘုရားတမိသွားကြတော့၏။ ကြောက်ခမန်းလိလိထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားပြီးနောက် အဋ္ဌမတောင်ပင်လယ်တစ်ခုလုံး တုန်ခါလာတော့သည်။
မန်ဟို ရှေးဟောင်းနယ်ပယ်သို့ တက်လှမ်းနေသောအပြုအမူက အဋ္ဌမတောင်ပင်လယ်တစ်ခွင် လှိုင်းဂယက်မျာ ပျံ့နှံ့သွားစေခဲ့လေပြီ။ ထိုမျှသာမက နဝမတောင်ပင်လယ်တွင် ဖန်မျိုးနွယ်ကျင့်ကြံသူအားလုံးသည် နူးညံ့ညင်သာသော အားလှိုင်းတစ်လှိုင်းက သူတို့၏ချီစီးဆင်းမှုလမ်းကြောင်းများအတွင်း၌ ပေါ်ထွက်လာခဲ့သဖြင့် သူတို့၏သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ကြရ၏။
ခေါင်းဆောင်ကြီး တိုးတက်လာသောအခါ သွေးဆက်သည်လည်း အင်အားတိုးတက်လာလေပြီ။
မန်ဟိုသည် ဖန်သွေးဆက်၏ အရင်းအမြစ်မဟုတ်ပါလော။
အဋ္ဌမတောင်ပင်လယ်တွင် မန်ဟိုမှာ တဆတ်ဆတ် တုန်ရီနေသည်။ သူ၏သွေးရောင်ဝိညာဉ်မီးအိမ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် ကျန်ဝိညာဉ်မီးအိမ်များထံမှ ကွဲပြားခြားနားကြောင်း သူ ခံစားလိုက်ရ၏။ ၎င်းက သူ၏သွေးဆက်နှင့် ဆက်နွှယ်နေပြီး ... သူသည် မီးအိမ်အသွင်ပြောင်းနိုင်သလို၊ မီးအိမ်ကလည်း သူ၏ခန္ဓာကိုယ်ကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ခံစားနေရသယောင်ပင်။
၎င်းပေါ်လာလျှင်ချင်း ကျန်ဝိညာဉ်မီးအိမ်များမှ မီးတောက်များသည် ပို၍ပင်တောက်ပလာပြီး မန်ဟို့ဒဏ်ရာများလည်း ချက်ချင်း သက်သာလာသည်။ ဝိညာဉ်မီးအိမ်များကို ထွန်းနေသော ဤအခြေအနေတွင် သူသည် ကောင်းကင်နှင့်မြေကြီး၏ အထူးကာကွယ်ပေးခြင်းကို ခံနေရ၏။
သို့သော် သူ့ဝိညာဉ်မီးအိမ်များ လင်းလာအောင် အားဖြည့်ပေးနေသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်သည်လည်း ကုန်ခမ်းလျော့နည်းလာနေပြီဖြစ်ကြောင်း မန်ဟို အာရုံရလိုက်သည်။ ကြည့်ရသရွေ့ ၎င်းက လူအုပ်ကြီးထင်နေသလို ဤအသစ်ဆုံးဝိညာဉ်မီးအိမ်က ... သူ၏နောက်ဆုံးမီးအိမ် ဖြစ်လာမည့်ပုံပင်။
သို့သော် မန်ဟိုက ယင်းကို မယုံကြည်။ သွေးရောင်ဝိညာဉ်မီးအိမ် ပေါ်လာပြီးနောက်တွင်ပင် အံ့ဩဖွယ်ကောင်းစွာနှင့် ... သူ့ကိုယ်ထဲတွင် ဖြစ်တည်နေသော နောက်ဝိညာဉ်မီးအိမ်တစ်လုံး ရှိနေသေးသည်ကို သူ ခံစားလိုက်ရသည်။
"ဆိုတော့ သွေးရောင်ဝိညာဉ်မီးအိမ်က ငါ့ရဲ့ ပဓာနမီးအိမ်မဟုတ်သေးဘူးပေါ့။ ပဓာနမီးအိမ်အစစ်က မီးထွန်းခံရမှာကို စောင့်ရင်း အထဲမှာ ရှိနေသေးတယ်...
"ငါ အဲဒီမီးအိမ်ကို မီးထွန်းချင်ရင် ထွက်လာအောင် တွန်းပေးဖို့ အားထပ်လိုတယ်။ မဟုတ်ရင် ... အဲဒီမီးအိမ်ဟာ ငါ့ကိုယ်ထဲမှာပဲ ထာဝရငုပ်လျှိုးနေရလိမ့်မယ်" မန်ဟိုသည် သူ့ကိုယ်ထဲရှိ ပဓာနမီးအိမ်အစစ်မှာ လျှော့တွက်၍ရသည့်ည့်အရာမဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ခံစားနေရ၏။ သူ့ပတ်ပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ပင်လျှင် ၎င်းကို အာရုံမရပေ... ယင်းက သေချာပေါက် သူ၏အင်အားအကြီးဆုံး ဝိညာဉ်မီးအိမ်ဖြစ်လာလိမ့်မည်။
ရှောင်ရိဟန်က တုံ့ခနဲ ရပ်လိုက်သည်။ သူသည် မန်ဟို့အနား တိုးကပ်လာမည့်အစား မန်ဟို့ကို စိုက်ကြည့်ပြီး တဟားဟား ရယ်တော့၏။
"မင်းရဲ့ ပဓာနမီးအိမ် ထွက်လာခဲ့ပြီပဲ။ ဒါဆို နောက်ထပ်ဝိညာဉ်မီးအိမ်တွေ ပေါ်လာတော့မှာမဟုတ်ဘူး။ ၃၂ လုံးတဲ့လား ဟမ်... သေချာပေါက် အင်အားကြီးမားတယ်။ ဒါပေမဲ့ ငါက မင်းရဲ့ ပဓာနဝိညာဉ်မီးအိမ်ပေါ်လာမှာကိုပဲ စောင့်နေခဲ့တာကွ" သူ့မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး သူ့နှုတ်ခမ်းသည် အကျည်းတန်စွာ ပြုံးနေ၏။ သူက သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင် လျော့နည်းမှေးမှိန်လာနေသည်ကို ခံစားလိုက်ရသည်။ မန်ဟို နောက်ထပ်ဝိညာဉ်မီးအိမ်များအား မထွန်းနိုင်တော့ကြောင်း အတည်ပြုပြီးသော် သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။
သူတို့သည် ကြယ်တာရာကောင်းကင်ထဲတွင် ဖြစ်သော်ငြားလည်းပဲ သူ အသက်ရှူသွင်းလိုက်သည့်အခါ သူ့ပတ်ပတ်လည်တွင် ဧရာမလေဆင်နှာမောင်းကြီးတစ်လုံး ပေါ်လာလေသည်။ ထို့ထက်ပင်ပို၍ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်ကား ကောင်းကင်နှင့်မြေကြီးစွမ်းအင်၏ တစ်စိတ်တစ်ပိုင်းမှာ ရှောင်ရိဟန် ထုတ်လွှတ်နေသော စွမ်းအားကို တောင့်မခံနိုင်သည့်အလား စတင်စုပ်ယူခံနေရခြင်းဖြစ်၏။
အဆုံးမဲ့စွမ်းအားသည် ရှောင်ရိဟန်၏ စုပ်ယူခြင်းခံနေရစဉ် ... မြားတစ်စင်းအဖြစ် အတူတကွ စုစည်းလာကြသည်။
၎င်းက နတ်ဘုရားအာရုံဖြင့်သာ တွေ့မြင်နိုင်သော အရောင်မဲ့မြားတစ်စင်းဖြစ်ပြီး ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ထို့နောက် အောက်က မန်မျိုးနွယ်ဘိုးဘေးစံအိမ်၏ အနားရှိ အနက်ရောင်မိုးမခသစ်ရွက်အားလုံး တုန်ခါလာပြီးနောက် တရွှီးရွှီးမြည်သံများကို ထုတ်လွတ်နေကြသည်။ ထို့နောက် ၎င်းတို့သည် လျင်မြန်စွာ သေးငယ်လာရင်း လေပေါ် မြောက်လာပြီးနောက် ရှောင်ရိဟန်ထံ ဦးတည်လာကြ၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ၎င်းတို့က သူ့ကို လှည့်ပတ်ပြီး ... တစ်မီတာအရှည်အနက်ရောင်လေးတစ်စင်း ဖြစ်လာသည်။
သူက အနက်ရောင်လေးကို လှမ်းဖမ်းပြီး မမြင်ရသောမြားကို လေးညို့တွင် တပ်၍ လေးကြိုးအား လပြည့်ဝန်းသဏ္ဍာန်ပေါ်လာသည့်တိုင်အောင် ဆွဲလိုက်သည်။
"ဒါက ငါရဲ့ အပြင်းဆုံး ဇီဝိန်ခြွေလက်နက်ပဲ။ ဒီနေ့ မင်း သေစေရမယ်"
မန်ဟို့စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ်အာရုံကို ခံစားလိုက်ရသည်။ ၎င်းက သူ့စိတ်ထဲတွင် နောက်စက္ကန့်ပိုင်းအတွင်း ဖြစ်လာတော့မည့်အရာက သူ့အသက်ကို နုတ်ယူပစ်နိုင်ကြောင်း အော်ဟစ်နေသော အသံကြီးတစ်သံနှင့်တူသည်။
သို့သော် တစ်ချိန်တည်းမှာပင် မန်ဟိုသည် သူ့ကိုယ်ထဲရှိ ပဓာနမီးအိမ်အစစ်မှာ ပို၍ရုပ်လုံးပေါ်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းကား .... ရှောင်ရိဟန် စုစည်းထားသော စွမ်းအားကို တပ်မက်နေသည့်အလားပင်။
"၃၃ လုံးမြောက်မီးအိမ်က ငါ့ရဲ့ ပဓာနမီးအိမ်ပဲ။ ဆိုတော့..." မန်ဟို၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်လိုက်ဟန် ဖြတ်ပြေးသွားသည်။ စဉ်းစားနေရန် အချိန်မရှိပေ။ ရှောင်ရိဟန် လေးကြိုးအား ဆွဲလိုက်သည့်အချိန်မှာပဲ မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် တဟုန်ထိုးမြင့်တက်သွား၏။ ရှေးဟောင်းမန်နာက သူ့ကိုယ်ထဲတွင် ပြည့်လာပြီး သူ၏အပြင်အားကိုယ်က အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။ သူသည် အသားဂျယ်လီကို ချပ်ဝတ်ဆန်ဆာအဖြစ် ပြောင်းလဲခိုင်းရင်း စစ်လက်နက်ကို ထုတ်ကာ သွေးရောင်ပဓာနမီးအိမ်ကို ဆင့်ခေါ်လိုက်၏။ ထို့နောက် သူ၏ပါရာဂွန်တံတားကို ထုတ်ဖော်၍ ရှေ့တစ်လှမ်းလှမ်းပြီး တံတားအပေါ် ခြေချလျက် ရှောင်ရိဟန်အား မျက်နှာမူကာ တိုက်ခိုက်လိုက်တော့သည်။
"ပထမမြား" ရှောင်ရိဟန်က သွေးအေးစွာ ပြုံးရင်း ပြောသည်။ မြားကို သူ လွှတ်လိုက်သည့်အခါ အစိမ်းရောင်ချီက သူ့မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးမျောထွက်သွားပြီး မြား၏စုပ်ယူခြင်းကို ခံလိုက်ကြရသည်။ ထို့နောက် မြားသည် ကိုယ်ပျောက်နေရာမှ အစိမ်းရောင်ဖြစ်လာ၏။
အစိမ်းရောင်မြားသည် တဝုန်းဝုန်းပွင့်လန်းဝေဆာနေသော အပင်နှင့်အသီးအရွက်များ၏ ပုံရိပ်များကို ဆက်တိုက်ချန်ရစ်ခဲ့ရင်း မန်ဟို့ထံ ပြေးဝင်နေသော အစိမ်းရောင်အလင်းတန်းအသွင်ပြောင်းသွားသဖြင့် ရွှီးခနဲမြည်သံအကျယ်ကြီးအား ကြားလိုက်ရသည်။
မန်ဟိုက မျက်လုံးများတောက်ပနေလျက် လာနေသောမြားကို လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
ဘန်းးးးး
မန်ဟိုသည် မြား၏အားတစ်ဝက်ကို မဟန့်တားနိုင်လိုက်ပေ။ သူ့လက်နှစ်ဖက်လုံးမှ သွေးများ ဖွားခနဲ လွင့်စင်သွားပြီး မြားသည် သူ့ရင်ဘတ်ထဲသို့ စိုက်ဝင်သွား၏။
သို့သော် မန်ဟို့တိုက်ကွက်ကြောင့် အရှိန်အနည်းငယ်သေသွားခဲ့၍ ၎င်းက သူ့နှလုံးသားအထိ မရောက်လိုက်ဘဲ အသားထဲသာ စိုက်ဝင်ခဲ့လေသည်။ နောက်ဆက်တွဲ ဝုန်းခနဲ မြည်ဟည်းသွားသည်။ တစ်ချိန်တည်းမှာပင် အပင်နှင့်အသီးအရွက်စွမ်းအားက ပေါက်ကွဲထွက်လာပြီးနောက် မြက်ပင်စိမ်းစိမ်းများသည် မန်ဟို့ဒဏ်ရာမှ ချက်ချင်း ပေါက်ထွက်လာသဖြင့် သူ့မှာ သွေးချောင်းဆိုးလိုက်ရလေသည်။
မန်ဟိုသည် ဒဏ်ရာရသွားပုံပေါ်သော်လည်း အမှန်တွင် လွန်စွာစိတ်လှုပ်ရှားနေ၏။ သူသည် မြားကြောင့် တမင်တကာ ဒဏ်ရာအရခံခဲ့ပြီး ၎င်းကို သူ့ကိုယ်ထဲ စိုက်ဝင်ခွင့်ပြုထားခြင်း ဖြစ်သည်။ ထိုအခါ သူ့ကိုယ်ထဲရှိ ပဓာနမီးအိမ်အစစ်သည် မြား၏ထိုးနှက်အားကို အငမ်းမရစုပ်ယူရင်း သက်ဝင်လှုပ်ရှားလာတော့၏။
"ဒုတိယမြား" ရှောင်ရိဟန်မှာ ဘာဖြစ်နေလဲ သတိထားမိဟန်မတူဘဲ ပြောသည်။ သူက အေးစက်စွာ ပြုံးရင်း လေးကြိုးကို ဆွဲလိုက်ပြန်၏။ ဤတစ်ကြိမ်တွင် အနက်ရောင်ရေများက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်လာရင်း အနက်ရောင်မြားတစ်စင်းအသွင်ပြောင်းသွားသည်။ သူက ၎င်းကို ချက်ချင်း ပစ်လွှတ်လိုက်၏။
ထို့နောက် တတိယမြား၊ စတုတ္ထမြား
တစ်စင်းသည် အမှောင်မြား၊ တစ်စင်းသည် အလင်းမြားဖြစ်၏။ ၎င်းတို့က မန်ဟို့ထံ တန်းတန်းပြေးဝင်သွားသော အလင်းတန်းနှစ်တန်းအသွင် ပြောင်းသွားကြသည်။
မန်ဟိုက လာနေသော မြားသုံးစင်းကို မော့ကြည့်ပြီး မျက်လုံးများ လင်းလက်တောက်ပလာသည်။ သူ၏နောက်ဆုံး မီးအိမ် လင်းလာတော့မည်ကို သူ ခံစားနေရလေသည်။