← Chapters

ပါရာဂွန်ဝိညာဉ်မီးအိမ်

Vol. 92 Ch. 1280

ပါရာဂွန်ဝိညာဉ်မီးအိမ်

Vol. 92 Ch. 1280

ဤသည်မှာ တစ်ခါမှ မကြားခဲ့ဖူးသော ဝိညာဉ်မီးအိမ်တစ်လုံးဖြစ်သည်။ ကြယ်တာရာကောင်းကင်သည် လုံးလုံးလျားလျား အံ့အားသင့်ဖွယ်ကောင်းသည့် .... အစစ်အမှန်ပဓာနမီးအိမ်ကြောင့် တုန်ခါနေတော့၏။

အမှန်အတိုင်းဆိုရလျှင် ၎င်းသည် တစ်ခါမှ ပေါ်မလာခဲ့ဖူးပေ။ ရှောင်ရိဖန်ကြောင့်သာ မဟုတ်လျှင် မန်ဟို့အနေဖြင့် ၃၂ လုံးမြောက် သွေးရောင်မီးအိမ်ကို မီးထွန်းနိုင်ခဲ့ကောင်း မီးထွန်းနိုင်ခဲ့လိမ့်မည်.... သို့သော် မီးအိမ် ၃၃ လုံးအထိတော့ ဘယ်တော့မှ ဖော်ဆောင်နိုင်မည်မဟုတ်ပေ။

ရှောင်ရိဖန်မှာ မန်ဟို ဝိညာဉ်မီးအိမ်များကို မီးမထွန်းနိုင်အောင် ဟန့်တားဖို့ ကြိုးစားခဲ့နေသည်။ ယခုလို ပြောင်းပြန်ဖြစ်ကာ သူကိုယ်တိုင်က မန်ဟို ၃၃ လုံးမြောက် ဝိညာဉ်မီးအိမ် ၊ အစစ်အမှန်ပဓာနမီးအိမ်ကို ဖွင့်အောင် ကူညီပေးသူ ဖြစ်သွားလိမ့်မည်ဟု မည်ကဲ့သို့ ထင်ခဲ့မည်နည်း။

“ဒီ ၃၃ လုံးမြောက် ဝိညာဉ်မီးအိမ်ပေါ်လာတာနဲ့” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အရာအားလုံး.... ပြောင်းလဲသွားလိမ့်မယ်” တစ်ချိန်တည်းမှာပင် ရှောင်ရိဖန်၏ ဒုတိယမြားက သူ့ထံ ဝင်ရောက်လာနေသည်။ မန်ဟိုက မုဒြာလက်ကွက်တစ်ကွက် ဖော်ရန် လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။ ထို့နောက် သူသည် အနက်ရောင်မိုးမြားထံသို့ တွန်းထုတ်လိုက်၏။ ၎င်းကို အရှိန်လျှော့သွားစေသော်လည်း ရပ်တန့်သွားအောင်တော့ မလုပ်လိုက်ပေ။ မြားသည် သူ့ကို ထိုးစိုက်၍ သူ့ကိုယ်တစ်လျှောက် ပျံ့နှံ့သွားသော  အနက်ရောင်အစက်များ ဖြစ်လာ၏။

ထိုအနက်ရောင်မိုးမြားက အသိစိတ်ရှိနေသည့်အလား သူ၏အသားနှင့်သွေးတို့အထဲသို့ စိမ့်ဝင်၍ သူ၏ခန္ဓာကိုယ်အနှံ့အပြားတစ်လျှောက် ဖြာထွက်ရင်း ချီစီးဆင်းမှုလမ်းကြောင်းများနှင့် တစ်သားတည်းဖြစ်ကာ အဖျက်အစီးစွမ်းအား ပြည့်နှက်လာစေသည်။

သို့သော် ထိုစွမ်းအားက သူ၏နောက်ဆုံးဝိညာဉ်မီးအိမ်ကို စူးရှဝင်းပလာစေပြီးနောက် တုန်ရီနေသောအနက်ရောင်မိုးကို စတင်စုပ်ယူစေတော့သည်။

ယခုတွင် ရှောင်ရိဖန်မှာ တစ်ခုခုလွဲနေကြောင်း ပြောနိုင်လာသည်။ သို့သော် သူ၏အမှောင်နှင့်အလင်းမြားများက မန်ဟို့ထံ အမြင့်ဆုံးအရှိန်ဖြင့် သွားနေလေပြီ။ တခဏကြာသော် ၎င်းတို့က မန်ဟို့ကို ထိုးစိုက်လိုက်၏။

ဝုန်းးးးးးးးးးးးးးး

မန်ဟို့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲလုနီးပါး စုတ်ပြတ်သွား၍ သွေးများ ဖွားခနဲ လွင့်စင်ပန်းထွက်လာသည်။ အရိုးများနှင့် တဒုတ်ဒုတ်ခုန်နေသော သူ၏နှလုံးသားလည်း အစိမ်းလတ်လတ် ပေါ်လာခဲ့လေပြီ။ ဒဏ်ရာသည် အင်မတန်ဆိုးရွားပုံပေါ်သည့်တိုင် မန်ဟို့မျက်နှာအပေါ်တွင် အပြုံးတစ်ခုဖြစ်ထွန်းလာပြီး သူက တဟားဟားပင် စရယ်တော့သည်။

ရှောင်ရိဖန်၏မျက်နှာကား မယုံနိုင်မှုများဖြင့် ပျက်ယွင်းသွားသည်။ သူသည် မန်ဟို့ကိုယ်ထဲ၌ ဝိညာဉ်မီးအိမ်နောက်တစ်လုံး၏ အရှိန်အဝါကို ခံစားနေရသည့်အတွက် အံ့ဩထိတ်လန့်ကာ မယုံနိုင်ဖြစ်နေတော့သည်။

“ဒ…ဒါ ... မဖြစ်နိုင်ဘူး။ သူ့ရဲ့ ပဓာနဝိညာဉ်မီးအိမ် ပေါ်လာခဲ့ပြီးပြီလေ။ နောက်ဝိညာဉ်တစ်လုံးက ဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲ.... မဟုတ်မှ ... စောစောက ဝိညာဉ်မီးအိမ်က ပဓာနမီးအိမ်မဟုတ်သေးတာများလား

“ဒါပေမဲ့ အဲ့ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ အဲဒီသွေးဝိညာဉ်မီးအိမ်က သူ့ပဓာနမီးအိမ်ဆိုတာ အသိသာကြီးလေ”

ရှောင်ရိဖန် မျက်စိမျက်နှာပျက်နေသည့်အချိန်မှာပင် မန်ဟို့ကိုယ်ပေါ်ရှိ ဝိညာဉ်မီးအိမ်အရှိန်အဝါက ငွေ့ငွေ့မျှ စိမ့်ထွက်လာခြင်းသာ မဟုတ်တော့ဘဲ အရှိန်အဟုန်ပြင်းစွာ ဝုန်းခနဲ ပေါ်ထွက်လာသည်။ စောစောက သူ့ကိုယ်ထဲ စိုက်ဝင်နေခဲ့သော မြားလေးစင်းမှာ ဝိညာဉ်မီးအိမ်အသစ်၏ စုပ်ယူခြင်းခံလိုက်ရသဖြင့် အလျှင်းပျောက်ကွယ်သွားခဲ့လေပြီ။

မန်ဟိုက ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်လိုက်ရာ သူ့အပေါ်တွင် ... အလင်းတန်းတစ်တန်း ပေါ်လာသည်....မိုးပြာရောင်အလင်းတန်း။

ထိုအလင်းရောင်က ကောင်းကင်နှင့် မြေကြီးတွင် ကြီးမားသောပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေသည်။ ကြယ်တာရာကောင်းကင်သည် တသိမ့်သိမ့်တုန်ခါလာ၏။ မှေးမှိန်လွင့်ပါးနေခဲ့သော မိုးနှင့်မြေ၏စွမ်းအင်လည်း မန်ဟို့ကို လှည့်ပတ်ရင်း သူ့ကိုယ်ထဲ စီးဝင်နေသော စွမ်းအားဝဲတစ်ဝဲပုံစံဖြင့် ရုတ်တရက် ပြန်လည်အားကောင်းလာသည်။ ယင်းစွမ်းအားသည် သူ၏ ၃၃ လုံးမြောက် ဝိညာဉ်မီးအိမ်ကို ထွန်းညှိဖို့ လိုအပ်သည့် စွမ်းအားဖြစ်ချေ၏။

မန်ဟို၏မာန်သွင်းဟိန်းဟောက်သံကြီး ပဲ့တင်ထပ်နေစဉ် သူ့အပေါ်ရှိ မိုးပြာရောင်အလင်းသည် ပို၍လင်းထန်လာ၏။ စောင့်ကြည့်နေသူတိုင်းမှာ ရင်ထဲထိတ်လာပြီး ကြောက်ရွံ့ခြင်းတို့ ကြီးစွာဖြစ်ကုန်ကြတော့သည်။

ထိုအထဲတွင် မန်မျိုးနွယ်ဝင်များနှင့် ကျူးကျော်ကျင့်ကြံသူများ ပါဝင်သည်။ အင်မော်တယ်နယ်ပယ်ဖြစ်စေ၊ ရှေးဟောင်းနယ်ပယ်ဖြစ်စေ သို့မဟုတ် တာအိုနယ်ပယ်ပင်ဖြစ်စေ ဤအခိုက်အတန့်တွင် လူတိုင်းလူတိုင်းသည် မှင်သက်ကြက်သေသေနေကြတော့၏။

ကောင်လေးအဖြစ်မှ လူငယ်ပုံစံပြောင်းလဲခဲ့သော ရှောင်ရိဟန်ပင် သူ့နှလုံးသားထဲ၌ ပေါက်ဖွားကြီးထွားလာခဲ့သည့် လေးစားမှုကို မဖိနှိပ်နိုင်တော့ပေ။

“အဲ့.. အဲဒီမိုးပြာရောင်က ...” သူက တဆတ်ဆတ် တုန်နေလျက် ရေရွတ်လိုက်သည်။ အဋ္ဌမတောင်ပင်လယ်ရှိ နေရာတိုင်းဒေသတိုင်းတွင် ထစ်ချုန်းမြည်သံများ ဆူညံလာသည်။ တစ်ချိန်တည်းမှာပင် အဋ္ဌမတောင်ထိပ်ရှိ နတ်ရေကန်ထဲတွင် ရွှမ်းဝူလိပ်ကြီးသည် ခေါင်းထောင်၍ အော်မြည်လိုက်၏။

နဝမတောင်၊ သတ္တမတောင်၊ အဋ္ဌမတောင်.... တောင်ပင်လယ်လောကတစ်ခွင်ရှိ တောင်ကိုးလုံးစလုံးအပေါ်က နတ်ရေကန်များထဲမှ ရွှမ်းဝူလိပ်ကြီးများသည် ခေါင်းထောင်၍ ဟိန်းဟောက်ကြလေသည်။

တောင်ကိုးလုံးမှ ရွှမ်းဝူလိပ်ကြီးကိုးကောင်၏ ဟိန်းဟောက်သံက တောင်ပင်လယ်လောကနှင့် လောကသားများကို တုန်လှုပ်သွားစေသည်။

အမှန်တွင် ကြယ်တာရာကောင်းကင်၌ အေးအေးလူလူ သွားနေသော မှီခိုရာဂိုဏ်းချုပ်လည်း တုန်ရီသွားလေသည်။ ရုတ်တရက် သူ့မှာ တစ်စုံတစ်ခုကြောင့် သူ၏သွေး နိုးထလာခဲ့သည့်အလား သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သလို ခံစားလိုက်သည်။ သူလည်း ခေါင်းထောင်၍ ဟိန်းဟောက်လိုက်သည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ၏ဟိန်းဟောက်သံသည် ဆယ်လုံးမြောက်တောင်နှင့် ဆယ်ကောင်မြောက်လိပ်ရှိနေသည့်အလား ရွှမ်းဝူလိပ်ကြီးကိုးကောင်၏ ဟိန်းဟောက်သံနှင့် တစ်သံတည်း ထွက်လာလေသည်။

နေနှင့်လသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်၍ လည်နေခြင်း ရပ်တန့်သွား၏။ တောင်ကိုးလုံးစလုံး တဝုန်းဝုန်း တုန်ခါနေပြီး ပင်လယ်ကိုးစင်းစလုံး တဖွေးဖွေး လှုပ်နေသည်။ မန်ဟို့အပေါ်ရှိ မိုးပြာရောင်အလင်းသည် အထဲတွင် တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူတစ်ယောက်ရှိနေသည့် မိုးပြာရောင်မီးတောက်တစ်ခုအား မြင်လာရသည့်တိုင်အောင် ရှင်းလင်းပြတ်သားလာတော့၏။

ထိုကျင့်ကြံသူက အပြာရောင်မိုးပြာရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားပြီး မန်ဟိုနှင့်တူသော်လည်း အနီးကပ်ကြည့်ပါက ကွဲပြားမှုများကို မြင်ရလိမ့်မည်။ ကြည့်ရသရွေ့ ထိုမိုးပြာရောင်မီးတောက်တွင် အရှိန်အဝါတစ်မျိုး ပါရှိနေသယောင်ပင်....

ထိုအရှိန်အဝါကား ... ပါရာဂွန်တစ်ဦး၏ အရှိန်အဝါဖြစ်ပေသည်။

မန်ဟို၏ ၃၃ လုံးမြောက် ဝိညာဉ်မီးအိမ်က ဟုန်းခနဲ တောက်လာပြီး အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ၎င်းက .... ဝိညာဉ်မီးအိမ်အဖြစ် ပြောင်းလဲသွားခဲ့သော သူ့ကိုယ်ထဲရှိ ပါရာဂွန်ကိုးတံဆိပ်သွေး၏ စိတ်ဆန္ဒဖြစ်နေ၏။

၎င်းက .... ပါရာဂွန်ဝိညာဉ်မီးအိမ်တစ်လုံးပင်။

“ပါရာဂွန်ဝိညာဉ်မီးအိမ်” ရှောင်ရိဟန်က စိတ်နှလုံးတုန်လှုပ်စွာဖြင့် တွေးလိုက်သည်။ သူသည် ရှေးဟောင်းမှတ်တမ်းများထဲ၌ သူ တစ်ခါ ဖတ်ခဲ့ဖူးပြီး မဖြစ်နိုင်သည့်အရာဟု ထင်မှတ်ခဲ့သော ဒဏ္ဍာရီတစ်ပုဒ်ကို ရုတ်တရက် သတိရလိုက်သဖြင့် မျက်လုံးများ အံ့ဩမယုံနိုင်စွာ ပြူးကျယ်သွားတော့၏။

“သူ.... သူက ....” မန်ဟို့ကို ကြည့်နေစဉ် ရှောင်ရိဖန် ခေါင်းနပန်းကြီးလာသည်။ ထို့နောက် သူက မန်ဟို့ခေါင်းနှင့် ထို့အထက်၌ ပျံဝဲနေသော ပါရာဂွန်ဝိညာဉ်မီးအိမ်ကို ကြည့်ပြီး မန်ဟိုနှင့်ဝိညာဉ်မီးအိမ်နှစ်လုံးအပေါ်တွင် တစ်စုံတစ်ခုကို ခံစားနေရကြောင်း သဘောပေါက်လိုက်သည်။ ၎င်းက ... တောင်ပင်လယ်လောက၏ အရှိန်အဝါပင်။

သူသည် ဖြေးဖြေးချင်း နောက်ဆုတ်ပြီးနောက် တုံ့ဆိုင်းမနေဘဲ တစ်ချိုးတည်း လှည့်ပြေးကာ ပျောက်ကွယ်သွားတော့၏။

သူ ထွက်ပြေးသွားသည့်အချိန်မှာပင် မန်ဟိုက ရုတ်တရက် ခေါင်းမော့လာပြီး ပြောသည်။ “၃၃ လုံးမြောက် ဝိညာဉ်မီးအိမ်။ လင်းစမ်း”

သူက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းရင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ထိုအခါ မိုးပြာရောင်ဝိညာဉ်မီးအိမ်တစ်လုံးသည် သူ၏ငယ်ထိပ်မှ ကြယ်တာရာကောင်းကင်ထံသို့ ပျံတက်သွား၏။

မကြာမီ ကြယ်တာရာကောင်းကင်တွင် မိုးပြာရောင်ကိုသာ မြင်ရနိုင်တော့သည်။

ထိုမိုးပြာရောင်အလင်းကြောင့် ဝိညာဉ်မီးအိမ်အားလုံး မှိန်ကျသွားသည်။ သွေးရောင်ဝိညာဉ်မီးအိမ်ပင်လျှင် မှိန်ကျသွားသည်။ ဤမီးအိမ်သည် ကျန်မီးအိမ်များကို လွှမ်းမိုးနေကြောင်း သိသာသည်သာမက ၎င်း၏အလင်းရပ်ဝန်းအောက်ရှိ လူတိုင်း၏ကျင့်ကြံခြင်းအခြေခံများကို လှည့်ပတ်ရန် အလွန်ခက်ခဲသွားစေသော ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။

ဤမိုးပြာရောင်မီးအိမ်က ... မန်ဟို့ကို ကိုယ်ထဲရှိ တောင်ပင်လယ်လောက၏ အရှိန်အဝါကို နှိုးပေးခဲ့ပုံပင်။

၎င်းသည် မိစ္ဆာချုပ်နှောင်သူများ၏ အမွေအနှစ်မှ လာပြီး ... တောင်ပင်လယ်လောက၏ အရှင်သခင်ထံမှ လာနေသော ဖိအားဖြစ်သည်။ လောလောဆယ်တွင် သိပ်အင်အားမကြီးမားသေးသော်လည်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံ နက်နဲလာသည်နှင့်အမျှ အရှိန်အဝါလည်း အားကောင်းလာလေလေ ဖြစ်မည်။ နောက်ဆုံးကျလျှင် သူ၏အကြည့်လေးတစ်ချက်ကပင် အနှစ်သာရ ၆ ခု တာအိုဥသျှောင်၏ ကျင့်ကြံခြင်းအခြေခံကို လုံးဝဖိနှိပ်နိုင်လိမ့်မည်။

အကြင်သူသည်ကား .. တောင်ပင်လယ်လောကသခင်ပင် ဖြစ်ချေ၏။

ပုံရိပ်တစ်ခု ... တောင်ပင်လယ်လောက၏ ပုံရိပ်တစ်ခု မန်ဟို၏စိတ်ထဲတွင် ပေါ်လာသည်။ သူသည် သူ့လက်ကို ဆန့်ပြီး လောကတစ်ခုလုံးကို သူ့လက်ထဲ ထည့်ထားနိုင်သလို ခံစားလိုက်ရ၏။

ထို့နောက် သူက ထိုအတိုင်း လုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ မမြင်ရသောတစ်စုံတစ်ခုကို ကိုင်ထားရသလို ခံစားလိုက်ရ၏။ ထိုလှုပ်ရှားမှုက အဋ္ဌမတောင်ပင်လယ်အပြင် ကျန်တောင်ပင်လယ်အားလုံးကို တုန်ရီလာစေသည်။ နေနှင့်လပင်လျှင် စူးရှတောက်ပလာပြီး မျှော့်လင့်ချက်တို့ဖြင့် ... တုန်ခါလာသည်။

တဒင်္ဂလေးသာ ဖြစ်သော်ငြား မန်ဟို့ကျင့်ကြံခြင်းအခြေခံမှာ ကုန်ခမ်းလုနီးပါး ဖြစ်သွားသည်။ သူက ချက်ချင်း လက်ပြန်ရုတ်လိုက်ရာ သူ၏ကျင့်ကြံခြင်းအခြေခံသည် တစတစ ပြန်လည်သက်သာလာ၏။

ဝိညာဉ်မီးအိမ် ၃၃ လုံးက ဖျော့တော့တော့အလင်းရောင်ကို ထုတ်လွှတ်ရင်း သူ့ကို လှည့်ပတ်နေသည်။ ၎င်းတို့အားလုံးသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို အဆက်မပြတ်စုပ်ယူရင်း ဆက်တိုက်အားကောင်းလာနေကြသည်။

“ရှေးဟောင်းနယ်ပယ်..” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူကား ရှေးဟောင်းနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားလေပြီ။ နောက်အဆင့်က သူ၏ဝိညာဉ်မီးအိမ်အားလုံးကို တစ်လုံးချင်း ဖြေးညင်းစွာ ငြှိမ်းရမည်။ မဟာစက်ဝန်းသို့ ရောက်ပြီးနောက်တွင် သူသည် လောကပါလတာအိုအင်မော်တယ်အနေဖြင့် နောက်နယ်ပယ် တာအိုနယ်ပယ်သို့ တက်လှမ်းနိုင်မည်။

မန်ဟိုသည် .... တာအိုနယ်ပယ်မဟုတ်သည့်တိုင် အနှစ်သာရကို ဉာဏ်အလင်းရနိုင်ပြီဖြစ်သည့်အပြင် .... အရပင်ယူနိုင်ကြောင်း ခံစားနေရ၏။

“ငါဟာ မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အတွက် ငါ့အနှစ်သာရတွေက မိစ္ဆာချုပ်နှောင်မှော်အစွမ်းတွေ ဖြစ်လိမ့်မယ်" မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပလာသည်။

“ငါ့ ဝိညာဉ်မီးအိမ် ၃၃ လုံးကို ငြှိမ်းပြီးရင် အနှစ်သာရ ကိုးခုကို ရယူနိုင်မလား သိချင်မိတယ်။ ရယူနိုင်ရင် ငါ တက်လှမ်းသွားမယ့် နယ်ပယ်က .... တာအိုနယ်ပယ်လို့ ခေါ်နိုင်သေးသလား

“ဒါမှမဟုတ် ... ပါရာဂွန်ကိုးတံဆိပ် တစ်ဝက်ပဲ ရောက်ရှိခဲ့တဲ့အဆင့် ... တာအိုရင်းမြစ်နယ်ပယ်ကို ငါ တက်လှမ်းနိုင်လောက်မလား...။ ဒါဆို ငါကိုယ်တိုင်က အနှစ်သာရရဲ့ အရင်းအမြစ် ဖြစ်လာလိမ့်မယ်” မန်ဟို၏မျက်နှာသည် ဉာဏ်အလင်းအသိအမြင်တို့ဖြင့် ဝင်းပနေ၏။ သူသည် တကယ်တမ်း ခန့်မှန်းနေခြင်းသာ ဖြစ်နေသော်လည်း အနည်းဆုံးတော့ ရှေးရှုရမည့် ဦးတည်ချက်တစ်ခုကို ပိုင်ဆိုင်ထားလေပြီ။

“ငါက လောကပါလတာအိုအင်မော်တယ်ဖြစ်ပြီး ငါ့လို ဘယ်သူမှ ရှေးဟောင်းနယ်ပယ်ကို အောင်အောင်မြင်မြင် မတက်လှမ်းနိုင်ခဲ့မှတော့ ငါဟာ အခြားသူတွေနဲ့ မတူညီတဲ့လမ်းကို လျှောက်ရမယ်။ ဒါမှ ရှေးဟောင်းနယ်ပယ်အဆင့်ကနေ တက်နိုင်မယ့် အခွင့်အလမ်းတွေကို တိုးမြှင့်နိုင်လိမ့်မယ်

“လောကပါလတာအိုအင်မော်တယ်တွေအတွက် ရှေးဟောင်းနယ်ပယ်က ရှေးဟောင်းပြစ်ဒဏ်အတွဲလိုက်ကြီးနဲ့ တူတယ်။ ဆိုလိုတာက ငါ့အတွက် ... ရှေးဟောင်းပြစ်ဒဏ် ၃၃ ခုရှိတယ်” သူသည် သူ၏ပထမဆုံး ဝိညာဉ်မီးအိမ်ကို ကြည့်နေစဉ် မျက်လုံးများ လင်းလက်လာပြီး သူ၏အတွေးလေးတစ်ချက်ဖြင့် ၎င်းကို ငြှိမ်းသတ်လိုက်သည်ဟု ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် သူ၏ဝိညာဉ်မီးအိမ်အားလုံးက တစ်နည်းနည်းဖြင့် ဆက်သွယ်နေပုံပေါ်နေသည်။

မန်ဟိုက အကြည့်လွှဲရင်း အင်္ကျီလက်စကို ခါပြီး သူ၏ဝိညာဉ်မီးအိမ် ၃၃ လုံးအား သူ့ကိုယ်ထဲ ပြန်ဝင်လာစေသည်။ ထို့နောက် မန်မျိုးနွယ်စုနှင့် ကျူးကျော်သူများ၊ သစ္စာဖောက်များကို လှည့်ကြည့်လိုက်သည်။

သူ သူတို့ကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် အကုန်လုံး ကြောက်ဒူးတုန်လာကြတော့သည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် အဋ္ဌမတောင်ပင်လယ်ထဲတွင် ခပ်အုပ်အုပ် ထစ်ချုန်းသံတစ်သံ ပဲ့တင်ထပ်လာသည်။ ၎င်းသည် အဝေးမှ လာပြီး အားကောင်းသောလှိုင်းဂယက်များကို ဖြန့်ကျက်လိုက်၍ လေမုန်တိုင်းတစ်လုံးက အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးတွင် ရိုက်ခတ်သွား၏။

ကျင့်ကြံသူအားလုံး တုန်လှုပ်ကုန်ကြပြီး ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားမဟာမိတ်သည် ပွက်လောရိုက်သွားတော့သည်။

အသံက အဋ္ဌမတောင်ပင်လယ်နှင့် သတ္တမတောင်ပင်လယ်အကြား နယ်ပယ်မှ လာသည်။ ရုတ်တရက် တောင်ပင်လယ်နှစ်ခုအကြားက အတားအဆီးထဲတွင် ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာ၏။ မိုးကြိုးလျှပ်စီးများ ဖျိုးဖျိုးဖျစ်ဖျစ် ကခုန်နေပြီး လေပြင်းများ တဝေါဝေါ တိုက်ခတ်နေစဉ် မရေမတွက်နိုင်သော လူရိပ်များက လူသတ်ငွေ့များကို ထုတ်လွှတ်လျက် အကွဲကြောင်းထဲမှ ထွက်လာကြသည်။ သူတို့အားလုံး ... အဋ္ဌမတောင်ပင်လယ်သို့ ဝင်ရောက်လာနေကြောင်း သိသာထင်ရှားပေသည်။

ထိုသူတို့ကား ... သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများအပြင် တခြားမဟုတ်ပေ။

All Chapters