← Chapters

သုံ့ပန်းတွေ ချန်မနေနဲ့

Vol. 92 Ch. 1281

သုံ့ပန်းတွေ ချန်မနေနဲ့

Vol. 92 Ch. 1281

သတ္တမတောင်ပင်လယ်ကား ချီတက်လာနေလေပြီ။

စစ်တပ်တစ်တပ်လုံးသည် ချက်ချင်းလက်ငင်း ရောက်ရှိလာခြင်းမဟုတ်။ သို့သော် ကျူးကျော်ကျင့်ကြံသူပထမအသုတ်သည် တောင်ပင်လယ်နှစ်ခုအကြားက အကွဲကြောင်းကို ချက်ချင်း စစ်ကူအားဖြည့်ပေးကြတော့သည်။

ထိုအကွဲကြောင်းက ကျူးကျော်သူများအတွက် အဋ္ဌမတောင်ပင်လယ်သို့ ဝင်ရောက်လာနိုင်မည့်နည်းလမ်းဖြစ်ပြီး သူတို့သည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဆင့်ဆင့်တပ်ချ နေရာယူကြ၏။ ထို့နောက် အကွဲကြောင်း ပိုမိုကျယ်လာအောင် ဖွင့်ကြတော့သည်။

ပို၍ပင် အထင်ကြီးဖွယ်ကောင်းသည်မှာ သတ္တမတောင်ပင်လယ်ကျင့်ကြံသူအုပ်စုကြီးတစ်စုသည် ဧရာမခေါင်းကိုးလုံးနဂါးကြီးတစ်ကောင်ကို ဆင့်ခေါ်ဖို့ အတူတကွ ပူးပေါင်းလိုက်ကြခြင်း ဖြစ်၏။ နဂါးကြီးသည် မည်းနက်နေပြီး အကွဲကြောင်းထဲ ဝင်၍ ၎င်း၏ခန္ဓာကိုယ်ကို ကြီးမားလာစေကာ အကွဲကြောင်းအား ကျယ်သထက် ကျယ်လာစေတော့သည်။

လေပြင်းများသည် သတ္တမတောင်ပင်လယ်၏သခင်အသံကို သယ်ဆောင်ရင်း အဋ္ဌမတောင်ပင်လယ်တစ်ခွင်တွင် တဝေါဝေါ တိုက်ခတ်သွား၏။

“ငါဟာ သတ္တမတောင်ပင်လယ်ရဲ့ သခင် ကြီးမြတ်သော စီမာတောက်ပဲ။ ဒီကနေ့ ... ငါ အဋ္ဌမတောင်ပင်လယ်ကို စစ်ကြေညာတယ်။ တစ်ဖက် လက်နက်မချမချင်း ၊ တစ်ဖက် မသေမချင်း တိုက်ခိုက်မယ်” အဋ္ဌမတောင်ပင်လယ်တစ်ခွင် ပဲ့တင်ထပ်နေစဉ် သူ၏အသံသည် ရေခဲတမျှ အေးစက်နေ၏။

မှန်သည်၊ သတ္တမတောင်ပင်လယ်သခင်သည် ဤတစ်ခေါက်တွင် သူ၏ဇာတိတောင်ပင်လယ်မှ ထွက်ခွာမည်မဟုတ်ပေ။ သူက သတ္တမတောင်ပင်လယ်မှ စစ်သည်ကျင့်ကြံသူအများစုကို တပ်ဖြန့်စေပြီးနောက်မှ ပေါ်လာမည်ဖြစ်သည်။

သူ၏အံမခန်းလိလိစကားလုံးများက အဋ္ဌမတောင်ပင်လယ်ကို တသိမ့်သိမ့် တုန်ခါနေစေသည်။ ကျင့်ကြံသူအားလုံး၊ ဂိုဏ်းအားလုံး သူ့အသံကို ကြားလိုက်ရ၍ ထိတ်လန့်အံ့ဩကုန်ကြတော့သည်။

“ဒါ...ဒါက ....”

“သတ္တမတောင်ပင်လယ်က ကျူးကျော်လာနေပြီ”

“တောင်ပင်လယ်စစ်ပွဲ။ ဒဏ္ဍာရီလာတောင်ပင်လယ်စစ်ပွဲ။ တကယ်ကြီးဖြစ်တော့မှာ ငါ ယုံတောင်မယုံနိုင်ဘူး”

“ဗြုန်းစားကြီး မဖြစ်လွန်းဘူးလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သတ္တမတောင်ပင်လယ်က တကယ်ကြီး တောင်ပင်လယ်စစ်ပွဲကို စတင်နေတာလား။ ဒါပေမဲ့ သူတို့တွေနဲ့ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိခဲ့ဘူးလေ”

အဋ္ဌမတောင်ပင်လယ်ရှိ လူတိုင်းလူတိုင်း အံ့အားသင့်နေကြတော့သည်။ အထူးသဖြင့် ကောင်းကင်နတ်ဘုရားမဟာမိတ်ပင်။ လူတိုင်း မြန်နိုင်သမျှမြန်မြန် စုရုံးဖို့ အမိန့်များအား ချက်ချင်း ထုတ်ပြန်လိုက်ကြသည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အရန်အဖွဲ့ခွဲများလည်း ပါတင်သလို ၊ အဋ္ဌမတောင်ပင်လယ်၏ မျိုးနွယ်စုကြီးများအနက်မှ ဟန်မျိုးနွယ်စုလည်း ပါဝင်သည်။ မဟာမန္တန်ဝင်္ကပါများ အသက်ဝင်လာပြီး စခန်းအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

လေမုန်တိုင်းကြီး လာနေချပြီ။

ဤပြင်ဆင်မှုများသည် သတ္တမတောင်ပင်လယ် အကွဲကြောင်းမှ ထွက်လာသည့်အခိုက်အတန့်ကတည်းက စတင်ခဲ့၏။ တစ်ချိန်တည်းမှာပင် မန်မျိုးနွယ်စုတွင် ကျူးကျော်ကျင့်ကြံသူများမှာ မန်ဟို့ရှေ့မှောက်၌ ကြောက်ဒူးတုန်နေခဲ့ကြ၏။ သို့သော် ဖြစ်ပျက်နေသောအရာကို သိလိုက်လျှင် သူတို့၏မျက်နှာများက စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ဖြင့် ဝင်းပလာတော့သည်။

“သတ္တမတောင်ပင်လယ်က စစ်ကူတွေ လာနေပြီ”

“ဟားဟားဟား တောင်ပင်လယ်စစ်ပွဲ စတင်တော့မယ်။ ငါတို့က သေချာပေါက် စစ်နိုင်မယ့် သတ္တမတောင်ပင်လယ်ဘက်က”

“မင်းတို့ မန်မျိုးနွယ်တွေ မကြာခင် မင်းတို့တွေ မရှုမလှသေကြရတော့မယ် ။ ဘာကြောင့် လက်နက်မချသေးတာလဲ” ကျူးကျော်ကျင့်ကြံသူများ၏ ကြိမ်းမောင်းအော်ဟစ်သံများက ဘွားဘွားမန်နှင့် ဒဏ်ရာအပြင်းအထန်ရထားသော တာအိုနယ်ပယ်ခေါင်းဆောင်ကြီးငါးယောက်တို့အပါအဝင် မန်မျိုးနွယ်စု၏ကျင့်ကြံသူများထံသို့ ရိုက်ခတ်လိမ့်ထွက်လာသော အသံလှိုင်းများ ဖြစ်လာသည်။ ခေါင်းဆောင်ကြီးများ၏မျက်နှာတွင် သွေးမရှိတော့ပေ။

မန်မျိုးနွယ်စု၏ သစ္စာဖောက်ကျင့်ကြံသူများကမူ ခေါင်းနောက်လှန်၍ အားရဝမ်းသာစွာ အော်ရယ်ကြသည်။ သူတို့၏ရယ်သံများက တင်စီးနေပြီး အလွန်စိတ်အားတက်ကြွနေသံပေါက်သည်။ သူတို့သည် ယခုလေးတင် မန်ဟို့ကြောင့် ကြောက်ဒူးတုန်ခဲ့ရသော်လည်း သတ္တမတောင်ပင်လယ်မှ တပ်ဖွဲ့များ ရောက်ရှိလာမှုက သူတို့ကိုယ်သူတို့ ယုံကြည်ချက်ပြန်ရှိသွားစေ၏။ သူတို့၏စိတ်ထဲတွင် မန်ဟိုကား သိပ်ကြောက်စရာမကောင်းတော့ပေ။

မန်မျိုးနွယ်စုနှင့် မန်ဟိုသည် ယခုတွင် သူတို့၏လုံခြုံမှုကိုပင်သူတို့ မသေချာနိုင်တော့သည့် အခြေအနေတွင် ပိတ်မိသွားကြပြီဟု ကျူးကျော်သူများ ယုံကြည်နေကြ၏။

ကျူးကျော်ကျင့်ကြံသူများကား မတုံးအပေ။ ပထမဆုံး ဆုတ်ခွာသွားသူများက သတ္တမတောင်ပင်လယ်မှ အနက်ဝတ်ကျင့်ကြံသူများ ဖြစ်ကြသည်။ တပ်ကူများ ရောက်လာခဲ့ပြီဆိုကတည်းက သူတို့ အသားစီရနေခဲ့ပြီဖြစ်ကြောင်း သူတို့ သိကြလေသည်။ မန်မျိုးနွယ်စုကို ချက်ချင်း အမြစ်မဖြုတ်ပစ်နိုင်မှတော့ သူတို့၏ဘေးကင်းမှုကို သူတို့အရင်ဆုံး ထည့်တွက်ဖို့ လိုသည်။

သူတို့၏စိတ်ထဲတွင် မန်မျိုးနွယ်စု တွန့်ဆုတ်နေ၍ ဆုတ်ခွာရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟု ထင်သည်။ ယခု မန်မျိုးနွယ်စု သူတို့နောက် လိုက်လာရဲမည်မဟုတ်ဟု သူတို့ သေချာနေသည်။

ယင်းက ကျူးကျော်ကျင့်ကြံသူများနှင့် သစ္စာဖောက်မန်မျိုးနွယ်များ တွေးနေကြသောအရာလည်း ဖြစ်သည်။ မကြာမီ လူတိုင်းသည် ထွက်ခွာဖို့ ပြင်ရင်း ဆုတ်ခွာသွားကြ၏။

တကယ်လည်း သူတို့၏ခန့်မှန်းချက်များက မှန်သည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးငါးဦးအပါအဝင် မန်မျိုးနွယ်ကျင့်ကြံသူများသည် ရန်သူများ ထွက်မသွားအောင် မတားရဲသလို၊ ဆက်လည်း မတိုက်ခိုက်ရဲသဖြင့် တိတ်ဆိတ်စွာသာ ရပ်နေကြ၏။ ဖြစ်ပွားတော့မည့် တောင်ပင်လယ်စစ်ပွဲနှင့် သတ္တမတောင်ပင်လယ်မှ တပ်ဖွဲ့များ၏ ရောက်ရှိလာမှုကို ထည့်တွက်လျှင် မန်မျိုးနွယ်စုတစ်စုလုံး မလွန့်မလူးသာ ဖြစ်နေတော့သည်။

သို့သော် ကျူးကျော်သူများသည် တစ်ယောက်သောသူနှင့်ပတ်သက်ပြီး အတွက်မှားခဲ့၏။ ထိုလူကတော့ မန်ဟိုပင်။

“မင်းတို့တွေ ထွက်သွားနိုင်ပြီလို့ ငါ ပြောခဲ့သလား” သူက ကြယ်တာရာကောင်းကင်ထက်တွင် ပျံဝဲနေရင်း အေးစက်စွာ ဆိုသည်။ မန်မျိုးနွယ်စုသည် သတ္တမတောင်ပင်လယ်နှင့်ပတ်သက်၍ စိုးထိတ်နေသလို၊ ကောင်းကင်နတ်ဘုရားမဟာမိတ်လည်း ထိုနည်းတူပင်။ အခြားတစ်ဖက်တွင် မန်ဟိုကား နည်းနည်းလေးမှ ဂရုမစိုက်။

အဋ္ဌမတောင်ပင်လယ်တွင် သူ ဂရုစိုက်သူများမှာ သူ့အဘွားနှင့် သူမ၏လူများသာ ရှိသည်။ အခြားသူများ သေသေရှင်ရှင် သူနှင့်မဆိုင်သလို၊ ဖြစ်ပျက်နေသောအရာကို တားဖို့လည်း သူ မတတ်နိုင်ပေ။ မကြာမီ ကြောက်ခမန်းလိလိစစ်ပွဲကြီးတစ်ပွဲက တောင်ပင်လယ်လောကကို ရိုက်ခတ်တော့မည်ဖြစ်ကြောင်း သူ သိထားသည်။ ကောင်းကင်ဘုံ ၃၃ ဘုံ၏အပြင်က ရှေးဟောင်းအင်အားစုကြီးနှစ်စုသည် လာနေပြီဖြစ်ပြီး ... ထိုစစ်ပွဲအား လွှဲရှောင်၍မရပေ။

သူ ယခုလေးတင် ပြောလိုက်သည့် စကားလုံးများက ကျူးကျော်သူများ၏ နှလုံးသားများအား ထိတ်ခနဲ တုန်ရီသွားစေသည်။ သူတို့က သူ့ကို ပြန်လှည့်ကြည့်ကြ၏။

လူအုပ်ကြီးအတွင်းမှ အေးစက်စက်အသံတစ်သံ ထွက်လာသည်။ “သတ္တမတောင်ပင်လယ်က စစ်ကူတွေ ဒီကို ရောက်နေပြီ။ မင်းက မန်မျိုးနွယ်စုကို ကာကွယ်ပေးရတော့မှာလေ၊ ငါတို့ထွက်မသွားနိုင်အောင် တားဖို့အထိ မင်း အားကုန်ခံနိုင်မယ်ထင်လား”

မန်ဟိုက တည်ငြိမ်အေးဆေးစွာဖြင့် လူအုပ်ကြီးကို စစ်ဆေးကြည့်ရှုလိုက်သည်။

သူ့အတွက် စကားပြောခဲ့သောကျင့်ကြံသူကို ရှာတွေ့ရန် တခဏသာ ကြာလိုက်ပြီး မန်ဟို့အကြည့်စွမ်းအားက ရုတ်တရက် မြင့်တက်သွား၏။ တခဏကြာသော် ထိုလူမှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ ထို့နောက် မန်ဟိုက ရှေ့သို့ ခုန်ရင်း မုဒြာလက်ကွက်ဖော်ကာ ဟိန်းဟောက်နေသော သွေးမိစ္ဆာကြီးအား ဆင့်ခေါ်၍ ရန်သူတပ်ဖွဲ့ထံ ပြေးဝင်သွားစေသည်။

သစ်စေ့နက်မှင်စာများလည်း စူးစူးဝါးဝါးအော်ရင်း စတင်တိုက်ခိုက်ကြသည်။ သွေးစိတ်ဝိညာဉ်နှင့် သွေးခွေးကြီးလည်း အသတ်အဖြတ်အငွေ့များ တထောင်းထောင်းထနေလျက် ပူးပေါင်းဝင်ရောက်လာသည်။

“မင်းတို့က ဒီနေရာကို ကျူးကျော်လာရဲမှတော့ ထွက်မသွားစေရဘူး။ အဋ္ဌမတောင်ပင်လယ်နဲ့ သတ္တမတောင်ပင်လယ်စစ် ဖြစ်ဖြစ်မဖြစ်ဖြစ် ငါက သောက်ဂရုကိုမစိုက်တာ။ ဒါပေမဲ့ မင်းတို့ကို ငါပြောမယ် ငါ သစ္စာဖောက်တွေကို မုန်းတယ်ကွ

“မင်းတို့မျိုးနွယ်စုကို သစ္စာဖောက်ဖောက်၊ မင်းတို့ နေထိုင်တဲ့ တောင်ပင်လယ်ကို သစ္စာဖောက်ဖောက်၊ သစ္စာဖောက်မှန်သမျှ အကုန်အတူတူပဲ” သူ၏အသံ ဟိန်းထွက်နေစဉ် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ပြန်ရင်း ရှေးဟောင်းမန်နာကို ထုတ်လွှတ်၍ အရပ်လေးမျက်နှာတွင် ကျဆင်းလာသော တောင်များအား ဆင့်ခေါ်လိုက်သည်။

ဤတောင်များသည် အင်မော်တယ်ချီများဖြင့် သိုင်းရစ်မနေတော့ဘဲ နှစ်ပေါင်းမြောက်များစွာ တည်ရှိခဲ့သည့်အလား ရှေးဆန်သောအငွေ့အသက်ကို ထုတ်လွှတ်နေ၏။ ဤရှေးဟောင်းတောင်များက ပေါ်လာလျှင်ချင်း အစွမ်းထက်လှိုင်းဂယက်များအား ကြယ်တာရာကောင်းကင်တခွင် ဖြန့်ကျက်လိုက်သည်။

မန်ဟိုက ခေါင်းဆောင်ကြီးငါးဦးအပါအဝင် မန်မျိုးနွယ်ကျင့်ကြံသူများကို အေးစက်စွာ လှမ်းကြည့်သည်။ သူ့အကြည့် ခေါင်းဆောင်ကြီးများအပေါ် ကျရောက်လာသောအခါ သူတို့မှာ ချက်ချင်း တုန်ရီလာကြတော့၏။ “မန်မျိုးနွယ်စု” သူက ဟိန်းဟောက်သည်။ “မင်းတို့ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ တိုက်ခိုက်ကြစမ်း”

ခေါင်းဆောင်ကြီးငါးဦးက ဟိန်းဟောက်ကြုံးဝါးရင်း ပြေးတက်သွားကြသည်။ “မန်မျိုးနွယ်ကျင့်ကြံသူတို့ တိုက်ခိုက်ကြ။ သစ္စာဖောက်တွေ၊ ကျူးကျော်သူတွေ တစ်ယောက်မှ အရှင်မထားကြနဲ့”

ကျန်မျိုးနွယ်ဝင်များက တခဏတွန့်ဆုတ်နေကြပြီးနောက် ညာသံပေးကာ ပြေးတက်သွားကြကတော့သည်။

စစ်ပွဲသည် ပြန်လည်စတင်၏။ သို့သော် ဤတစ်ခေါက်တွင် မန်မျိုးနွယ်စုမှာ အခံဘက် မဟုတ်တော့။ သစ္စာဖောက်များနှင့် ကျူးကျော်သူများ၏ သွေးများ တသွင်သွင် စီးဆင်းနေသည်။ အသက်များ ထွက်ကုန်သဖြင့် မချိတင်ကဲအော်သံများ ဆူညံလာ၏။

မန်ဟိုက ရှေ့တစ်လှမ်းလှမ်းကာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ ရှောင်ရိဖန်နှင့်အတူ လာခဲ့သော တာအိုနယ်ပယ်ကျင့်ကြံသူ အနက်ဝတ်လူတစ်ယောက်၏ အရှေ့တွင် ပေါ်လာခဲ့လေပြီ။ မန်ဟို ဘွားခနဲ ပေါ်လာသည်နှင့် အဘိုးအိုက လျှာထိပ်ကို ကိုက်၍ သွေးများ ဖွားခနဲ လွင့်စင်သွားစေရင်း အမြန်ဆုံး နောက်ဆုတ်သည်။ သို့သော် သူ ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် မန်ဟိုက လက်ချောင်းကို လှုပ်ရှားလိုက်၏။

၎င်းက ရိုးရိုးသာမန် လှုပ်ရှားမှုလေး ဖြစ်သော်လည်း မမြင်ရသော အားကြီးတစ်ရပ်က အဘိုး၏ပတ်ပတ်လည်တွင် စုဝေးလာရင်း သူ့အပေါ် ပြင်းထန်စွာ ဖိနှိပ်လိုက်သဖြင့် ကြယ်တာရာကောင်းကင်မှာ တဝုန်းဝုန်း တုန်ခါလာတော့သည်။

၎င်းက တောင်ပင်လယ်စွမ်းအားများ ၎င်းတို့ဘာသာ အဘိုးအိုအပေါ် ဖိနှိပ်နေသကဲ့သို့ဖြစ်ကာ သွေးပျက်စွာအော်သံကြီးအား ထွက်လာစေသည်။ အသံ သူ့ပါးစပ်မှ ထွက်သွားရုံရှိသေး၊ သူကား ဖောက်ခနဲ သွေးအကျိအချွဲများအဖြစ် ပြားကပ်သွားတော့၏။

“တောင်ပင်လယ်စွမ်းအား” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ယခုတွင် သူ့ကိုယ်ထဲရှိ တောင်ပင်လယ်လောကစွမ်းအားကို သူ ပို၍ရှင်းလင်းစွာ ခံစားလိုက်ရပြီး တချို့ကို မည်ကဲ့သို့ထိန်းချုပ်ရမလဲ သိသွားလေပြီ။

ကျန်တာအိုနယ်ပယ်ပညာရှင်များမှာ သူ ယခုလေးတင် လုပ်ခဲ့သည့်အရာကို မြင်လျှင် ထိတ်လန့်သွားကြသည်။ သူတို့ ထွက်ပြေးကြသည့်အချိန်မှာပင် မန်ဟိုက သူ့ကို လှည့်ကြည့်ပြီး ရှေ့တစ်လှမ်းလှမ်းကာ တာအိုနယ်ပယ်ပညာရှင်နောက်တစ်ယောက်၏ အရှေ့တွင် ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းရင်း ပေါက်ကွဲလေအားကို ဖြာထွက်သွားစေသည်။ လေ ဖြတ်သွားသောနေရာတိုင်းတွင် အော်သံများ ဆူညံသွားပြီး အစွမ်းထက်ပညာရှင်များမှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် မည်သို့ပင် ကြိုးစားပါစေ အသက်ထွက်ကုန်ကြတော့၏။

“ပြေး ပြေးကြ”

“မကောင်းဆိုးဝါး ဒီကောင်က မကောင်းဆိုးဝါးကြီး"

“ကြည့်နေ သတ္တမတောင်ပင်လယ်က မင်းတို့ မန်မျိုးနွယ်စုကို တစ်ယောက်မှ မကျန်အောင် မျိုးဖြုတ်ပစ်မှာ” အော်သံများ ဆူညံနေစဉ် အရူးမီးဝိုင်းနေသော ကျူးကျော်သူများနှင့် မန်မျိုးနွယ်သစ္စာဖောက်များမှာ အသတ်ခံရတော့မည့် ကြောက်စိတ်ကြောင့် ထူပူသွားပြီး ပြေးဖို့သာ တွေးနိုင်တော့သည်။

မကြာမီ မူလအင်အားထောင်သောင်းချီမှ တစ်ဝက်ခန့်သာ ကျန်တော့သည်။ လူတိုင်းလူတိုင်း လျှို့ဝှက်အတတ်များကိုပင် ထုတ်သုံးရင်း ဖရိုဖရဲ ထွက်ပြေးနေကြလေသည်။ မန်မျိုးနွယ်ကျင့်ကြံသူများက သူတို့ကို အသေရရအရှင်ရှင် လိုက်ဖမ်းနေ၍ မကြာမီ ကျူးကျော်သူများမှာ လူစုကွဲသွားကြသည်။

“ငါက စစ်တိုက်ရင် တစ်ယောက်မှ အရှင်မထားတတ်ဘူး” မန်ဟိုက အေးစက်စွာ ပြောသည်။ သူသည် ညာခြေကို ဆောင့်နင်းကာ မီးပင်လယ်တစ်စင်းအား လိမ့်ထွက်သွားစေသည်။ ၎င်းကား နတ်မီးတောက်အဆီအနှစ်မှတစ်ပါး တခြားမဟုတ်ပေ။ ၎င်းက အညှာအတာကင်းမဲ့စွာဖြင့် လျင်လျင်မြန်မြန် ဖြာထွက်သွားလေသည်။

နတ်မီးတောက်အဆီအနှစ်အတွက် ထွက်ပြေးနေသောကျင့်ကြံသူများကို ဝိုင်းလိုက်ရန် သိပ်မကြာလိုက်ပေ။ ၎င်းသည် သူတို့ထက် လျင်မြန်စွာ ရွေ့လျား၍ မကြာမီ သူတို့၏ပတ်ပတ်လည်တွင် မီးစည်းဝိုင်းတစ်ဝိုင်းအား ဖန်တီးလိုက်၏။

မန်ဟိုက လေကို ဝှေ့ယမ်းလိုက်ရာ မီးစည်းဝိုင်းသည် ရန်သူကျင့်ကြံသူများအား အဘက်ဘက်မှ ပိတ်ဆို့လိုက်သော မီးတံတိုင်းတစ်ခုအသွင် ပြောင်းသွား၏။ ယခုတွင် လွတ်လမ်းဟူ၍ မရှိတော့ပေ။

“သုံ့ပန်းတွေ ချန်မနေနဲ့” မန်ဟိုက အေးစက်စက် ပြောသည်။ သူက အင်္ကျီလက်စကို ဝှေ့

ယမ်းလိုက်ကာ လေပြင်းတစ်ချက်အား တိုက်ခတ်သွားစေသည်။ တစ်ချိန်တည်းမှာပင် မန်မျိုးနွယ်ကျင့်ကြံသူများ၏ မျက်နှာများ ရဲတွက်သွားပြီး တိုက်ခိုက်ရန် ပြေးတက်သွားကြတော့သည်။

မချိတင်ကဲအော်သံများက အတောမသပ်နိုင်အောင် ဆူညံနေပြီး သတ်သံဖြတ်သံများလည်း ဟိန်းထွက်နေသည်။ မန်ဟိုသည် တာအိုနယ်ပယ်ပညာရှင်များအပေါ် ပစ်မှတ်ထားပြီး မန်မျိုးနွယ်ကျင့်ကြံသူများကိုတော့ စစ်နှင့်အသားကျအောင် ကျန်ရှိသူများအား သတ်ဖြတ်စေသည်။

တစ်ဖက်က ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေပြီး တစ်ဖက်ကတော့ ကြောက်လန့်တကြား အော်ဟစ်နေသည်။ ဤသည်မှာ အကြီးစားတိုက်ပွဲမဟုတ်သည့်အတွက် အင်အားမမျှသည်ကို ထည့်တွက်လျှင် သစ္စာဖောက်များနှင့် ကျူးကျော်သူများ ... နိဂုံးချုပ်သွားရန် နာရီပိုင်းမျှသာ ကြာလိုက်လေသည်။

မန်မျိုးနွယ်စုသည် ကြီးမားစွာ ပေးဆပ်ခဲ့ရပြီး အကျအဆုံးလည်း များခဲ့၏။ သို့သော် အသက်ရှင်ကျန်ခဲ့သူများကား စစ်ပွဲ၏ပုံသွင်းမှုကြောင့် ပြောင်းလဲသွားကြလေပြီ။ သူတို့မှာ ကြောက်လန့်နေသေးသော်လည်း အသတ်အဖြတ်မီးက သူတို့၏မျက်ဝန်းများတွင် တောက်လောင်နေသည်။ မကြာမီ စစ်မြေပြင်တစ်လျှောက် အပ်ကျသံမကြားအောင် တိတ်ဆိတ်သွားပြီး မန်မျိုးနွယ်ကျင့်ကြံသူအားလုံး မန်ဟို့ကို ဖြည်းညင်းစွာ လှည့်ကြည့်ကြ၏။

မည်သူ ပထမဆုံးပြောလိုက်သလဲ ပြောရခက်သော်လည်း လူတိုင်း မန်ဟို့ကို ဂါဝရပြုနေကြလေပြီ။

သူတို့သည် တစ်ညီတစ်ညွတ်တည်း ကြွေးကြော်၍ အသံကုန်ဟစ်အော်နေကြကာ အရာရာတိုင်းအား တုန်ရီနေစေတော့၏။ စုတ်ပြတ်သပ်နေသော ရန်သူအလောင်းများ ၊ အရိုးစုများ၏ ကြားထဲတွင် သူတို့က ကြွေးကြော်ဂါဝရပြုနေကြသည်။ “ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး”

All Chapters