← Chapters

တိမ်ခိုးတိမ်ငွေ့များ

Vol. 4 Ch. 332

တိမ်ခိုးတိမ်ငွေ့များ

Vol. 4 Ch. 332

ကျောက်စစ်မင်သည် အရှုံးနှင့် စတင် ရင်ဆိုင်ရလေတော့သည်။

ဆန်းလျန်က ကျောက်စစ်မင်ကို သူ့အရှိန်နှင့်သူ လွှတ်ထား ပေးလိုက်လေသည်။ နောက်ဆုံးတွင်တော့ ဆန်းလျန်က တာအိုကျမ်းစာပိုဒ် တစ်ခုကို ကျောက်စစ်မင် သတိရအောင် လှုံ့ဆော် ပေးလိုက်လေသည်။

"ယောကျ်ားလေးကဲ့သို့ သိမြင်ပြီး မိန်းကလေးကဲ့သို့ တည်ငြိမ်သူသည် ကမ္ဘာမြေ၏ အမြစ် ဖြစ်လာမည်"

ဆိုသည့် တာအိုကျမ်းပိုဒ်ပင် ဖြစ်လေသည်။

ယေကျ်ားလေးဆိုသည်မှာ တန်ခိုးစွမ်းအားကို ရည်ညွှန်းခြင်း ဖြစ်ပြီး မိန်းကလေး ဆိုသည်မှာ တည်ငြိမ်ခြင်းနှင့် မိမိကိုယ်ကို နှိမ့်ချခြင်းကို ရည်ညွှန်းလေသည်။ တန်ခိုးစွမ်းအား မြင့်မားသည့်တိုင် မာန ထောင်လွှားခြင်း မရှိဘဲ မိမိကိုယ်ကို နှိမ့်ချတတ်သူသည် လောကတွင် အောင်မြင်သူ တစ်ယောက် ဖြစ်လာမည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။

ထိုတာအို ကျမ်းစာသည် လူတိုင်းနှင့်တော့ မသင့်တော်ပေ။ သို့သော် အလွန်မာန ကြီးလွန်းသည့် ကျောက်စစ်မင်နှင့်တော့ သင့်တော် လေသည်။ ကျောက်စစ်မင်သာ မာနကြီးသူ တစ်ယောက် မဟုတ်လျှင် သူ၏ ကျင့်စဉ် လမ်းသည် ယခုထက်ပိုပြီး အဆင့် တက်လာမည်မှာ အမှန်ပင် ဖြစ်လေသည်။

ထိုမာန တရားခံနေပါက ကျောက်စစ်မင်သည် ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့် ခုနစ်ဆင့်ထက် ပိုနိုင်မည် မဟုတ်ပေ။

ဆန်းလျန်သည် တပည့်များကို စောင့်ကြည့် လေ့လာနေရင်း စကြဝဠာနှင့် တစ်သားတည်း ကျနေခဲ့လေသည်။ မဟာတာအို လမ်းစဉ်သည် အမြဲတမ်း တည်ရှိနေသည့် အရာတစ်ခုဖြစ်သည့်တိုင် သိရှိနားလည်ရန် မလွယ်ကူနိုင်ခဲ့ပေ။ ဆန်းလျန်သည တာအို နည်းစနစ်များကို အာရုံစိုက် နိုင်မှုကြောင့်သာ စကြဝဠာတွင် တိုးတက်လာမှုကို အနည်းငယ် ခံစားခဲ့ရလေသည်။

ထိုသို့ဖြင့် အချိန်နှစ်နှစ်ခန့် ကြာမြင့်သွားခဲ့လေသည်။

နှစ်နှစ်ဆိုသည့် အချိန်အတွင်းမှာပင် ဆန်းလျန် ကိုယ်တိုင်နှင့် ချင်းရွှမ် နတ်တံခါးမှ ပြင်ပ လောကသို့ ထွက်ခွာ သွားကြသော တပည့်များတွင် အပြောင်းအလဲ များစွာ ဖြစ်ခဲ့ကြလေသည်။

ကျောက်စစ်မင်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာသားရဲကြီး တစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့လေသည်။

ချိုးရှီမှာတော့ ကျောက်စစ်မင်နှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။ သူက ကျင့်ကြံသူများနှင့် ဝိညာဉ်စွမ်းအား ပစ္စည်းများ လိုက်ရှာရင်း ကျင့်စဉ်လမ်းများပင် တိုးတက် လာခဲ့သေးသည်။

သူ၏ ကျင့်စဉ်လမ်းမှာ ထိပ်တန်းအဆင့် မရောက်သေးသည့်တိုင် တန်ခိုးစွမ်းအားမှာ အဆမတန် မြင့်မားလာလေသည်။ သို့သော် ချိုးရှီသည် ဟိုင်သန်းအဆင့် တက်ရောက် နိုင်ရန် အတွက် အလှမ်းဝေးလျက် ရှိနေဆဲပင် ဖြစ်လေသည်။

သို့သော် ဆန်းလျန်ကတော့ ချိုးရှီသည် သူလုပ်ခဲ့သည့် ကောင်းမှု ကုသိုလ်များအတွက် အကျိုးအမြတ်ကို ခံစားရမည်ဟု ယုံကြည်နေလေသည်။

ပြင်ပလောကသို့ ထွက်ခွာသွားသည့် အခြားသော တပည့်များမှာလည်း အနည်းငယ်စီ တိုးတက် လာခဲ့ကြလေသည်။ လောကတွင် ပြဿနာနှင့် ရင်ဆိုင်ရပါက ကိုယ်တွင်းမှ အစွမ်းအစ များသည် ပိုပြီး ထွက်ပေါ် လာနိုင်သည် မဟုတ်ပါလား။

နောက်ဆုံးတွင်တော့ ဆန်းလျန်သည် သူ၏ နတ်ဘုရား ဉာဏ်စဉ်များကို အသုံးပြုကာ တပည့်များ အားလုံးကို ချင်းရွှမ် နတ်တံခါးသို့ ပြန်ခေါ် လိုက်လေတော့သည်။

သို့သော် ဆန်းလျန် စိတ်အာရုံ ငြိမ်းအေးခြင်းအဆင့် ဝင်ရောက်နေသည့် အချိန်များတွင် အကူအညီ မပေးနိုင်ခဲ့သည့် အတွက် တပည့်သုံးယောက်မှာ အသတ်ခံ ခဲ့ရလေသည်။ သူက တပည့်များ၏ ရုပ်ခန္ဓာများကို ထိန်းချုပ်ကာ ဝိညာဉ်ကို ပြန်ရှာရန် ကြိုးစားခဲ့သော်လည်း အရာ မထင်တော့ပေ။

ထိုတပည့်သုံးယောက် အတွက် ဆန်းလျန်သည် အမှန်တကယ်ပင် ဖြေမဆည်နိုင် ဖြစ်ခဲ့ရလေသည်။

သူက ထိုတပည့် သုံးဦးအတွက် ပြတ်ပြတ်သားသား လက်စားချေ ပေးခဲ့လေသည်။ လက်စား ချေခဲ့ခြင်းသည် မှားသည်လား၊ မှန်သည်လား သူကိုယ်တိုင် မဝေခွဲချင်တော့သည့်တိုင် သူက တပည့်များ အတွက် လက်စား မချေရမချင်း သူ့စိတ်ပျော်ရွှင် နိုင်မည် မဟုတ်ပေ။

သို့သော် လက်စားချေပြီးသည့် အချိန်တွင်လည်း ဆန်းလျန် ပျော်ရွှင်ခြင်းကို မခံစားရပါ။ အဘယ်ကြောင့် ဆိုသော် သူ၏ တပည့်များကို ပြန်မရနိုင်တော့သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်သည် ထိုတပည့်များ၏ ဝိညာဉ်ကို ခြေရာခံကြည့် သော်လည်း ဝိညာဉ်များမှာ သဲလွန်စမကျန် ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။ သူတို့၏ ဝိညာဉ်များသည် အသူရာ ချောက်ကိုးထပ်သို့ ရောက်ရှိကောင်း ရောက်ရှိ သွားပေလိမ့်မည်။

ဆန်းလျန်၏ ဝိညာဉ်သည် မသူရာချောက်ကို ဆက်သွယ် နိုင်လေသည်။ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်စာအုပ်ကို ကျင့်ကြံရင်း ထိုအဆင့်ကို ဆန်းလျန် ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ သူက ဂရုမစိုက်ဘဲ အသူရာ ချောက်သို့ ဝင်ရောက်မည် ဆိုပါက မရဏနိုင်ငံသို့ပါ ရောက်ရှိနိုင်မည် ဖြစ်လေသည်။ သို့သော် အသူရာ ချောက်သို့ သွားရောက်ခဲ့ပါက သူ့အတွက် ပြန်လမ်းမရှိဟု ခံစားနေရသည့်အတွက် သူက အသူရာ ချောက်သို့ ဝင်ရောက်ခြင်းကို မပြုလုပ်တော့ပေ။

ဟွမ်ချွမ် နတ်ဆိုး ဂိုဏ်းသည် အသူရာ ချောက်ကိုးထပ်တွင် တည်ရှိလေသည်။ ယင်းစန်းတောင်သည် အသူရာ ချောက်ကိုးထပ်နှင့် လူ့လောကကို ပိုင်းခြားထားသည့် တောင်ကြီး တစ်တောင် ဖြစ်သည့်တိုင် အသူရာ ချောက်ကိုးထပ် ပိုင်နက်ထဲတွင် ပါဝင်လေသည်။

အသူရာ ချောက်ကိုးထပ် ဆိုသည့် အကြောင်းကို စဉ်းစားမိတော့ ဆန်းလျန် အတွေးထဲသို့ ရဲ့လျိုယွင် ဝင်ရောက် လာလေသည်။

ရဲ့လျိုယွင် အကြောင်း တွေးလိုက်မိသည့် အခါတွင်တော့ ဆန်းလျန် မျက်ဝန်းများထဲတွင် အရိပ်တစ်ခု ဖြတ်ပြေး သွားလေသည်။ သူက အကြောင်းမရှိဘဲ ရဲ့လျိုယွင် အကြောင်း တွေးမိမည် မဟုတ်ပေ။

ရဲ့လျိုယွင် အကြောင်းကို စဉ်းစားမိသည့် အချိန်တွင် ဆန်းလျန်သည် ချင်းရွှမ် ခန်းမဆောင်ထဲတွင် ရှိမနေပါ။

ထိုက်ယီတောင် အနောက်ဘက်ရှိ သူ၏ တာအို ကျောင်းဆောင်ထဲတွင် ရှိနေခြင်း ဖြစ်လေသည်။ တာအို ကျောင်းဆောင် အပြင်ဘက်တွင် မိုးမခပင်များက လှပစွာ ပေါက်ရောက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက် နေလေသည်။

ရော့ရှီလေးသည် မိုးမခပင်များကြားတွင် ထိုင်နေလေသည်။ သူမက မိုးမခရွက်လေးများကို ရေတွက်နေခြင်း ဖြစ်လေသည်။ ထိုအလုပ်သည် အလွန်မှ ခက်ခဲသည့် အလုပ်ဖြစ်ပြီး အဆင့်မြင့် ကျင့်ကြံသူများပင် ပြုလုပ်ရန် ခက်ခဲသည့် အလုပ်ဖြစ်လေသည်။

ဆန်းလျန်က ရော့ရှီလေးကို တာအိုကျင့်စဉ်များ အတင်းအကျပ် သင်ပြပေးခြင်း မရှိပေ။ သူမကိုယ်တိုင် စဉ်းစားတွေးခေါ်ပြီး ကျင့်ကြံခြင်းကို ခွင့်ပြုပေးထားလေသည်။

တစ်ချိန်တည်းမှာပင် ရော့ရှီကို သင်ပြပေးရင်း အိပ်မက် လိပ်ပြာကျင့်စဉ်၏ ထူးဆန်းပြီး တန်ခိုးစွမ်းအား မြင့်မားပုံကို ဆန်းလျန်ပါ နားလည် လာရလေသည်။ ရော့ရှီ၏ ဝိညာဉ်စွမ်းအားသည် ဆန်းလျန် ငယ်ငယ်ကသို့ပင် တစ်ရှိန်ထိုး မြင့်မားလျက် ရှိလေသည်။

ရော့ရှီက မိုးမခရွက်လေးများကို ရေတွက်နေလေသည်။ ရေတွက်နေရင်းနှင့်ပင် မိုးမခ ရွက်လေးများသည် ပုံမှန်အတိုင်း မဟုတ်တော့ဘဲ လားရာ ပြောင်းလဲ သွားလေသည်။ ထိုမိုးမခရွက်လေးများသည် ဗလာနယ် တစ်ခုဆီသို့ ဦးတည်နေပြီး ဗလာနယ်ကို ထိုးဖောက် တော့မည့်အလား ဖြစ်လေသည်။

ရော့ရှီ၏ ဝိညာဉ်စွမ်းအား ထက်မြက်လွန်းသည့် အတွက် ဗလာနယ်၏ နောက်ကွယ်တွင် အလောင်းများနှင့် ပြည့်နေသည့် တောင်တစ်တောင်နှင့် သွေးပင်လယ် တစ်ခုကို ရုတ်တရက် မြင်တွေ့ လိုက်ရလေသည်။ သူမ၏ စိတ်ထဲတွင် သေခြင်းတရားကို ခံစားလိုက်ရလေသည်။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိ အသက်ဓာတ် စွမ်းအားများသည် ဖရိုမဖရဲ ဖြစ်လာပြီး ဗလာနယ်မှာ တုန်လှုပ်လာ လေသည်။

ရော့ရှီကဲ့သို့ပင် ဆန်းလျန်မှာလည်း ထိုအဖြစ်အပျက်များ အားလုံးကို အာရုံခံနိုင်ခဲ့လေသည်။

ဆန်းလျန်ရှိနေသည့် တာအို ကျောင်းဆောင်လေး၏ ပြတင်းပေါက် တံခါးမှာ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားလေသည်။ ထို့နောက် မိုးမခရွက်များသည် အခန်းအတွင်းသို့ ဝင်ရောက် လာလေသည်။

တစ်ချိန်တည်းမှာပင် သေခြင်းတရား၏ အငွေ့အသက်ကိုလည်း ခံစားလိုက်ရပြီး ရေစီးသံများကို သူ၏နားထဲတွင် ကြားယောင် လာရလေသည်။ ထိုရေစီးဆင်းသံမှာ အသူရာ ချောက်ကိုးထပ်မှ ဝိညာဉ် မြစ်ရေ စီးဆင်းသံဖြစ်ပြီး ဆန်းလျန်၏ ဝိညာဉ်အတွင်းပိုင်းမှ ကြားနေရခြင်း ဖြစ်လေသည်။

ပြတင်းပေါက်တစ်စစီ ပျက်စီး သွားရခြင်းမှာ တာအိုကျင့်စဉ် တန်ခိုးစွမ်းအား တစ်ခုကြောင့် ဖြစ်သည့်အပြင် ထိုတာအို တန်ခိုးစွမ်းအားသည် စကြဝဠာ ထဲတွင် အလွန် အစွမ်းထက်သည့် တန်ခိုးစွမ်းအား တစ်ခုလည်း စြဖ်လေသည်။

ထို့ပြင် ထိုတာအို တန်ခိုးစွမ်းအားကို အသုံးပြုသည့် လူမှာလည်း အလွန် ကြောက်မက်ဖွယ်ရာပင် ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိ လိုက်သည်။

ဆန်းလျန်က တစ်စစီ ပျက်စီးသွားသည့် ပြတင်းပေါက်ဆီသို့ လက်ညှိုးနှင့် လက်ခလယ်ကို ထိုးညွှန် လိုက်သည်။ သူအသုံးပြုလိုက်သည့် သိုင်းကွက်မှာ ကျောက်ရှောင်ယွီ၏ ဝူရှန် သိုင်းကွက်ဖြင့် ဆင်တူလေသည်။ သို့သော် သူက ဝူရှန်သိုင်းကွက်ကို တာအို တရားဓမ္မများ ထည့်သွင်းကာ အဆင့်မြှင့် ထားခြင်း ဖြစ်လေသည်။

လောကရှိ အရာအားလုံးသည် ဖြစ်တည်မှု သက်သက်မျှသာ ဖြစ်လေသည်။ ဖြစ်တည်မှုက ဘယ်နေရာက လာပါသနည်း။ ဖြစ်တည်မှုသည် မရှိမှုမှ လာခြင်း ဖြစ်လေသည်။

စကြာဝဠာတစ်ခုလုံးမှ အသက်ဓာတ် စွမ်းအားများသည် ဆန်းလျန်၏ လက်ချောင်းထိပ်သို့ စီးဆင်း ဝင်ရောက်လာပြီး မိုးမခရွက်လေးများဆီသို့ ပေါင်းစည်း ဝင်ရောက် သွားလေသည်။

ကမ္ဘာမြေကြီးလည်း တုန်လှုပ်လာခြင်း မရှိသလို ကောင်းကင်ထက်တွင်လည်း လျှပ်စီးများ လက်လာခြင်း မရှိပါ။

သို့သော်…

အခန်းထဲတွင် လူတစ်ယောက် ပေါ်လာလေသည်။ ထိုသူ၏ ပုံသဏ္ဌာန်မှာ တိမ်ခိုးတိမ်ငွေ့များ အလား ထင်ယောင်ထင်မှား ပုံသဏ္ဌာန် ဖြစ်နေသည့် အတွက် သဲသဲကွဲကွဲ တွေ့မြင်ရခြင်း မရှိပေ။

ဆန်းလျန်က ပြုံးလိုက်ရင်း....

"အစ်ကိုရဲ့လျိုယွင်၊ ဒီလိုဧည့်သည်မျိုး ငါတော့ တစ်ခါမှ မတွေ့ဖူးဘူး၊ တိတ်တဆိတ်လည်း ရောက်လာသေးတယ်၊ ပြတင်းတံခါးကိုလည်း ဖျက်ဆီး ပစ်သေးတယ်"

"ဒီနေရာက အရမ်း တိတ်ဆိတ် ငြိမ်သက်နေတော့ မင်းပျင်းနေမှာစိုးလို့ ငါက ဒီလို လုပ်လိုက်တာပါ"

ရဲ့လျိုယွင်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြော လိုက်လေသည်။

ဆန်းလျန်က သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်လေသည်။ သန့်စင်သည့် တန်ခိုးစွမ်းအား တစ်ခု ပေါ်ထွက်လာပြီး ပျက်စီး သွားသည့် ပြတင်းပေါက်မှာ အရင်အတိုင်း ပြန်ကောင်း သွားလေသည်။ ယခင်ကထက် ပိုပြီးပင် သစ်လွင်နေသေးသည်။

ထို့နောက်မှ ဆန်းလျန်က မသိမသာ တစ်ချက် ပြုံးလိုက်ရင်း....

"မင်း ငါ့ကို လာရှာတာ ငါကတိပေးထားသလို မင်းကိုကူညီရမယ့် အချိန် ရောက်လာပြီ ထင်တယ်"

ဆန်းလျန်က အပိုစာသားများ ပြောမနေတော့ဘဲ သူ့အကျင့်အတိုင်း တည့်ထိုးသာ မေးချ လိုက်လေတော့သည်။

***

All Chapters