← Chapters

မိုးကောင်းကင် တောင်ဘက်တံခါး

Vol. 4 Ch. 333

မိုးကောင်းကင် တောင်ဘက်တံခါး

Vol. 4 Ch. 333

"မင်းက မမေ့ဘူးပဲ၊ ကောင်းတယ်…"

ရဲ့လျိုယွင်က ပြောလိုက်သည်။ သို့သော် သူ၏အသံက အနည်းငယ် တိုးလျ နေလေသည်။

ဆန်းလျန်သည် ရဲ့လျိုယွင် တောင်းခဲ့သည့် ကတိကို မည်သို့မေ့ပါ မည်နည်း။

ထိုအချိန်တုန်းက ရဲ့လျိုယွင်က နေရာတစ်ခုသို့ ဝင်ရောက်ပြီး ပစ္စည်းတစ်ခု ရှာပေးရန် သူ့ကို အကူအညီ တောင်းခဲ့သည် မဟုတ်ပါလား။ ထိုနေရာကို ဝင်ရောက်ရန် အတွက် တံခါးတစ်ခုကို ဖြတ်ကျော် ရမည်ဖြစ်ပြီး လွယ်ကူသည့် ကိစ္စတစ်ခု မဖြစ်နိုင် ကြောင်းကို ထိုအချိန် ကတည်းကပင် ဆန်းလျန် သိရှိထားခဲ့ပြီး ဖြစ်လေသည်။

သို့သော် သူက ရဲ့လျိုယွင် တောင်းသည့် အကူအညီကို ပေးရန် လက်ခံခဲ့ လေသည်။

သူ၏ ဓားချက်ဖြင့် ရှောင်းကျူ မတော်တဆ သေဆုံးခဲ့ရသည့် နောက်ပိုင်း ဆန်းလျန်မှာ ရဲ့လျိုယွင် အပေါ်တွင် အကြွေးတင်နေ သကဲ့သို့ ခံစားနေရ လေသည်။ ထို့ကြောင့် သူက ရဲ့လျိုယွင် တောင်းသည့် အကူအညီကို ပေးမည်ဟု ဆုံးဖြတ်ထား ခဲ့လေသည်။

ထို့ပြင် ရဲ့လျိုယွင်မှာ သာမန်လူ တစ်ယောက် မဟုတ်ပေ။ ရဲ့လျိုယွင်သည် လျှို့ဝှက်ချက်ပေါင်း များစွာဖြင့် ပြည့်နေသည့် လူသား တစ်ယောက် ဖြစ်လေသည်။ ထိုအချက်ကြောင့် ဆန်းလျန်က ရဲ့လျိုယွင်ကို စိတ်ဝင်စားမိပြီး ရဲ့လျိုယွင်နှင့် မိတ်ဆွေ ဖြစ်ချင်ခဲ့ မိလေသည်။

"အစ်ကို ရဲ့လျိုယွင်၊ မင်းအတွက် ဘယ်နေရာကို သွားပေးရမှာလဲ"

ဆန်းလျန်က အေးအေး ဆေးဆေးပင် မေးလိုက်သည်။

ရဲ့လျိုယွင်က မသိမသာ သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"မင်း ငါ ပြောခဲ့တာကို မှတ်မိသေးတယ် မဟုတ်လား၊ တံခါးတစ်ခုကို ဝင်ရမယ် ဆိုတာလေ"

"မှတ်မိပါတယ်ဗျာ၊ မင်းပြောတဲ့ စကားတွေ တစ်လုံးမှ မေ့မသွားပါဘူး"

ဆန်းလျန်က ရဲ့လျိုယွင်ကို တစ်ချက် လှမ်းကြည့်ရင်း ပြောလိုက်သည်။

ရဲ့လျိုယွင်သည် ကိုယ်တိုင် လာရောက်ခြင်း မဟုတ်ပေ။

တိမ်ခိုး တိမ်ငွေ့များကဲ့သို့ အသွင်သဏ္ဌာန်ဖြင့် ဝိညာဉ်သာ ရောက်ရှိလာခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် ရဲ့လျိုယွင်ကို အပြည့်အဝ မြင်တွေ့နိုင်ခြင်း မရှိပေ။

"အင်း… မင်း ဝင်ရောက်ရမယ့် တံခါးက မိုးကောင်းကင် တောင်ဘက်တံခါးပဲ၊ အချိန်တန်ရင် အဲဒီတံခါးကို မင်း မြင်တွေ့ ရလိမ့်မယ်၊ အဲဒီအခါကျ အဲဒီတံခါးထဲကို ဝင်ပြီး ကျင်းချွယ် ကျောက်စိမ်း စာအုပ်ကို ကျုပ်အတွက် ရှာပေးပါလား"

ရဲ့လျိုယွင်၏ စကားကြောင့် ဆန်းလျန်၏ မျက်နှာထက်တွင် အံ့သြမှု အရိပ်အယောင် တစ်ခု ဖြတ်ပြေး သွားလေသည်။

အဘယ်ကြောင့် ဆိုသော် မိုးကောင်းကင် တောင်ဘက်တံခါး ဆိုသည်မှာ ဒဏ္ဍာရီထဲမှ နတ်ဘုရား တံခါးတစ်ခု ဖြစ်သောကြောင့်ပင်။

ထိုတံခါးမှ ဖြတ်ကျော်ပြီး မိုးကောင်းကင် ခုံရုံးကို ဝင်ရောက် နိုင်လေသည်။ မိုးကောင်းကင် ခုံရုံးကို ဝင်ရောက်ရန် အတွက် အရှေ့၊ အနောက်၊ တောင်၊ မြောက် တံခါးလေးခု ရှိလေသည်။ သို့သော် တောင်ဘက် တံခါးသည် အခြားတံခါးများ ကဲ့သို့ သာမန်တံခါး တစ်ခု မဟုတ်ပေ။ ထိုတံခါးသည် မိုးကောင်းကင် ခုံရုံးသို့ တိုက်ရိုက် ရောက်ရှိ သွားသည့် တံခါးတစ်ခု ဖြစ်လေသည်။

"ဘာဖြစ်လို့လဲ ဆန်းလျန်၊ မင်းအရင်က မိုးကောင်းကင် တောင်ဘက်တံခါး အကြောင်းကို ကြားဖူးလို့လား"

ရဲ့လျိုယွင်က မေးလိုက် လေသည်။

"နည်းနည်းပါးပါး ကြားဖူးတာပါ၊ မိုးကောင်းကင် တောင်ဘက်တံခါး ဆိုတာ မိုးကောင်းကင် ခုံရုံးကို တန်းပြီး ရောက်သွားတဲ့ ဝင်ပေါက်တစ်ခု မဟုတ်လား၊ မင်းက ငါ့ကို မိုးကောင်းကင် ခုံရုံးကို သွားစေချင် တာလား"

ဆန်းလျန်က ပြောလိုက်သည်။

"အမှန်ပဲ၊ မင်းကို သွားစေချင်ရတဲ့ အကြောင်းရင်း ကလည်း ဒီလိုရှိတယ်ကွာ၊ ငါက နတ်ဆိုးဂိုဏ်းက ဆိုတော့ မိုးကောင်းကင် ခုံရုံးကို ဝင်ခွင့်မရှိဘူး၊ မင်းကတော့ အဲဒီလို မဟုတ်ဘူးလေ၊ ပြီးတော့ မိုးကောင်းကင် ခုံရုံးကို သွားဖို့ ကလည်း အန္တရာယ် သိပ်မများပါဘူး၊ ဘာလို့လည်း ဆိုတော့ မိုးကောင်းကင် ခုံရုံးက ပျက်စီးနေပြီ၊ ဘယ်နတ်ဘုရား မှလည်း အဲဒီမှာ ရှိမနေတော့ဘူး၊ အဲဒီနေရာကို လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာက လူတစ်ယောက် ဝင်သွားဖူး သေးတယ်၊ အဲဒီလူကလည်း မင်းထက် မသာပါဘူးကွာ၊ အဲဒီလူက ဘယ်သူလို့ မင်းထင်သလဲ၊  ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ယွိမင် နတ်ဘုရားပဲ"

ရဲ့လျိုယွင်က အေးဆေးစွာပင် ပြန်ပြော လိုက်လေသည်။

ဆန်းလျန်က ရဲ့လျိုယွင်၏ စကားကို နားထောင် ပြီးသည်နှင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ မိုးကောင်းကင် ခုံရုံးကို ဝင်ရောက်ရသည့် ရည်ရွယ်ချက်ကို ရိပ်မိလိုက် လေသည်။ ယွိမင် နတ်ဘုရားသည် မိုးကောင်းကင် ခုံရုံးမှ ကျန်ရစ်ခဲ့သည့် အမွေအနှစ်များကို လိုချင်သောကြောင့် ဝင်ရောက် ရှာဖွေခြင်း ဖြစ်လေသည်။

"ယွိမင် နတ်ဘုရားက မိုးကောင်းကင် ခုံရုံးကိုဝင်ပြီး ရှာဖွေပြီးမှတော့ မင်းလိုချင်တဲ့ ကျင်းချွယ် ကျောက်စိမ်း စာအုပ်က အဲဒီမှာ ရှိပါဦးမလား၊ ယွိမင ်နတ်ဘုရား ယူချင် ယူသွားမှာပေါ့"

ဆန်းလျန်က ပြောလိုက် လေသည်။

"သူသာ ယူသွားရင် မင်းကိုတောင် ငါက ပြောမနေတော့ဘူး၊ ပြီးတော့ မင်းလည်း ခုချိန်ထိ အသက်ရှင်နေမှာ မဟုတ်ဘူး ၊ ယွိမင် နတ်ဘုရား လက်ချက်နဲ့ သေနေလောက်ပြီ"

ရဲ့လျိုယွင်က ဖြည်းညင်းစွာ ပြောလိုက် လေသည်။

"ကျင်းချွယ် ကျောက်စိမ်း စာအုပ်က အဲဒီလောက်တောင် တန်ခိုးစွမ်းအား ကြီးမားတယ် ဆိုရင် ငါက အဲဒီစာအုပ်ကို ရှာတွေ့သွားရင် မင်းကို မပေးတော့ရင် ဘယ်လို လုပ်မလဲ"

ဆန်းလျန်က မေးလိုက်သည်။

"မင်း မိုးကောင်းကင် ခုံရုံးကို သွားမယ်ဆိုရင် ဒီဝိညာဉ် အလင်းတန်းကို ကြည့်ပြီးသွားပါ၊ အဲဒီအရာက မင်းကို ကူညီလိမ့်မယ်"

ရဲ့လျိုယွင်က ဆန်းလျန်၏အမေးကို မဖြေဘဲ ပြောလိုက် လေသည်။

တိမ်ခိုးတိမ်လိပ် များထဲမှ ရဲ့လျိုယွင်မှာ ချက်ချင်းပင် ဓားတစ်လက် အသွင်သို့ ကူးပြောင်း သွားလေသည်။ ထိုဓားသည် အလောင်းများ ဖုံးအုပ်နေသည့် တောင်နှင့် သွေးပင်လယ်ကို ကိုယ်စားပြုနေ သကဲ့သို့ ရှိလေသည်။

ဆန်းလျန်၏ ဘဝ တစ်လျှောက်လုံး တွင်ပင် ထိုမျှ လူသတ်လိုသည့် အငွေ့အသက် များဖြင့် ပြည့်နေသည့် ဓားဝိညာဉ်ကို တွေ့ကြုံဖူးခြင်း မရှိခဲ့ပေ။

ရဲ့လျိုယွင်၏ ဓားဝိညာဉ်ကို ခံစားလိုက် မိသည်နှင့် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာထဲမှ ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ် ထွက်ပေါ်လာပြီး ရဲ့လျိုယွင်၏ ဓားဝိညာဉ်ဖြင့် ပဲ့တင်သံချင်း ထပ်တူညီ သွားလေသည်။ ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်သည် ရဲ့လျိုယွင်၏ မရဏဓားနှင့် နက်ရှိုင်းသည့် ဆက်နွယ်မှု တစ်ခု ရှိနေလေသည်။

"ငရဲလမ်း" ဆိုသည့် စကားလုံးသည် ဆန်းလျန်၏ စိတ်ထဲတွင် ပေါ်လာလေသည်။

တစ်ချိန်တည်း မှာပင် ရဲ့လျိုယွင်၏ ဓားသည် အဆက်မပြတ် ပြိုကွဲသွားပြီး နက်နဲသည့် တာအိုတန်ခိုး စွမ်းအားတစ်ခု ထွက်ပေါ် လာလေသည်။

"ထိုက်ချိ တန်ခိုးစွမ်းအားရဲ့ ကနဦးအစဟာ အကန့်အသတ် မရှိဘူး၊ ဝူကျိထက်လည်း မြင့်မားတယ်၊ လျိုဟယ် ထက်လည်း နက်ရှိုင်း လွန်းတယ်၊ မိုးနဲ့မြေ ထက်လည်း ရှေးကျတယ်၊ ထိုက်ရွှီး တန်ခိုးစွမ်းအား ကတော့ တိတ်ဆိတ်ပြီး အထီးကျန် လွန်းတယ်၊ အလယ်ဗဟိုချက် ဖြစ်ပြီး လျိုရွှီးရဲ့ အလယ်မှာ စီးမျော နေတတ်တယ်၊ အသူရာချောက် ကိုးထပ်အထိ သွားရောက်နိုင်ပြီး မပြောင်းလဲတဲ့ သဘောတရား၊ လွတ်လပ်ခြင်း သဘောတရား၊ လှည့်ပတ်ခြင်း သဘောတရားနဲ့ မရပ်မနား ဖြစ်ခြင်း သဘောတရား တွေကို ပိုင်ဆိုင်တယ်၊ ထိုအရာက ဖြစ်တည်မှု အားလုံးရဲ့ မိခင်ဖြစ်တယ်"

အထက်ပါ တာအို စာပိုဒ်သည် နားလည်ရန် ခက်ခဲလွန်း လေသည်။

သို့သော် နတ်ဘုရား တစ်ပါး ဖြစ်သည့် ဆန်းလျန် ကတော့ ကောင်းစွာ နားလည်လေသည်။

ဆန်းလျန် ထိုတာအိုစာပိုဒ် အကြောင်း စဉ်းစား နေစဉ်မှာပင် ရဲကလျိုယွင်က ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။

ထိုတာအို ကျမ်းစာပိုဒ်မှာ ငရဲလမ်း ဓားဝိညာဉ်ကို ထိန်းချုပ်ရန် အတွက် အဓိကအားဖြင့် အကူအညီ ပေးနိုင်မည့် ကျမ်းစာပိုဒ် ဖြစ်လေသည်။ ထိုစာပိုဒ်ကို သိရှိလိုက်ရ ခြင်းကြောင့် ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကိုပါ ပိုပြီး နားလည် သွားရလေသည်။

ဆန်းလျန်က လက်ဖျောက် တစ်ချက် တီးလိုက်လေသည်။

ကြာပွတ်တစ်ခု အလား ရှည်လျားသည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး တာအို ကျောင်းဆောင်၏ ခေါင်မိုးကိုပင် ဖောက်ထွက်သွားလေသည်။ ဓားဝိညာဉ်မှ တစ်ဝီဝီ မြည်သံများ ထွက်ပေါ်နေပြီး ကောင်းကင်ထက် အမြင့်ဆုံးထိ ပျံသန်းထွက်ခွာ သွားလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင် တစ်ခုလုံးကို ထိုးခွင်းပြီး အမြင့်ဆုံး ကောင်းကင်ဘုံ အထိ ရောက်ရှိ သွားသည့်အလား ခံစားလိုက်ရ လေသည်။

ထိုကြာပွတ် အလား ရှည်လျားသည် ဓားဝိညာဉ် ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ပင် ဖြစ်ပြီး ယခင်က ဓားဝိညာဉ်ထက်ပင် တန်ခိုး စွမ်းအားများ မြင့်မား နေလေသည်။

ရဲ့လျိုယွင် သူ့ကို သိမြင်စေခဲ့သည့် တာအို ကျမ်းစာပိုဒ်သည် မည်သည့် စာအုပ်ထဲမှ တာအို ကျမ်းစာပိုဒ် ဖြစ်သည်ကို ဆန်းလျန် မသိခဲ့ပါ။ သို့သော် ထိုကျမ်းစာပိုဒ်သည် ထူခြား ဆန်းကျယ် လွန်းပြီး ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကို ပိုမိုနားလည် လာစေရန် အကူအညီ ပေးခဲ့လေသည်။ ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ် မှာလည်း တန်ခိုး စွမ်းအားများ ပိုပြီးတိုးတက် မြင့်မားလာ ခဲ့လေသည်။

အစပိုင်းတွင် ဆန်းလျန်က ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကို လျှော့တွက်ခဲ့ မိလေသည်။ သို့သော် ဓားဝိညာဉ်ကို အပြည့်အဝ နားလည်သွားသည့် အခါတွင်တော့ နတ်ဘုရားများပင် ကျောရိုးထဲအထိ စိမ့်ကာ ကြောက်ရွံ့သွား စေနိုင်သည့် အဆင့်မြင့် ဓားဝိညာဉ်တစ်ခု ဖြစ်ကြောင်း သဘောပေါက် သွားရလေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်၏ စိတ်ထဲတွင် သိလိုစိတ်တစ်ခု ပြင်းပြလာရ လေသည်။ ရဲ့လျိုယွင် သင်ယူခဲ့သည့် အရာများသည် အဘယ့်ကြောင့် ဆရာဘိုးဘိုး ယွမ်ချင်းနှင့် ဆက်စပ် ပတ်သက် နေရပါသနည်း။

ထို့ပြင် ရဲကလျိုယွင် ထားခဲ့သည့် ကျမ်းစာပိုဒ်သည် နတ်ဆိုး လောကနှင့် ဆက်စပ် နေသော်လည်း တာအို အယူဝါဒများ များစွာပါဝင် နေလေသည်။

ရဲ့လျိုယွင်သည် ချင်းရွှမ် နတ်တံခါး၏ တရားဝင်တပည့် မဟုတ်သည့်တိုင် ချင်းရွှမ် နတ်တံခါးနှင့် ပတ်သက် နေသည့် တပည့် တစ်ယောက် များလေလား။

သို့သော် ရဲ့လျိုယွင်သည် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည့် ကျင့်စဉ်လမ်းကို လျှောက်လှမ်း နေခြင်း မဟုတ်ပေ။

ဆန်းလျန်နှင့် ရဲ့လျိုယွင် သွားနေသည့် ကျင့်စဉ် လမ်းသည် လုံးဝတူညီခြင်း မရှိပေ။ ထို့ကြောင့် ရဲ့လျိုယွင်သည် မည်သည့် အခါမှ လောကကို ကျော်လွန် နိုင်မည် မဟုတ်ပေ။

ဆန်းလျန်၏ သံသယ အားလုံးတွင် အဖြေမရှိပါ။ ထို့ကြောင့် သူက ဆက်လက် စဉ်းစားခြင်းကို မပြုလုပ်တော့ပါ။

သူက မိုးကောင်းကင် တောင်ဘက်တံခါး အကြောင်းကို စတင်စဉ်းစား လိုက်လေသည်။

ရဲ့လျိုယွင် ပြောစကား အရဆိုလျှင် မိုးကောင်းကင် တောင်ဘက်တံခါး ပေါ်လာသည့် အချိန်တွင် ဆန်းလျန်က မြင်တွေ့ရမည် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် အနေဖြင့် သွားပြီး ကြည့်သင့် လေသည်။

ထို့ပြင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှာလည်း မိုးကောင်းကင် ခုံရုံးသို့ ဝင်ရောက်ရန် အတွက် ပြင်ဆင်ပြီး လောက်ပြီ ဖြစ်လေသည်။ ဆန်းလျန်သည် အခြေအနေ အရပ်ရပ်ကို သုံးသပ်ထား လေသည်။ သူ့အနေဖြင့် အကြီးအကျယ် တိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရ လျှင်လည်း ရှောင်ရှား နိုင်ရန်လည်း စီစဉ်ထား လေသည်။

"မိမိ၏ ရန်သူကို နားလည်ပါ၊ မိမိ ကိုယ်ကိုယ်လည်း နားလည်ပါ"

ထိုသို့ဆိုလျှင် မည်သည့် တိုက်ပွဲကိုမဆို အရှုံးမရှိ ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။

ထို့ပြင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းနှင့် ချင်းရွှမ် နတ်တံခါး၏ ပြဿနာ များသည် ဖြေရှင်း၍ မရနိုင်တော့ လောက်အောင် လက်လွန်ခဲ့ကြပြီ ဖြစ်လေသည်။

"စစ်ပွဲပြီးမှသာ ငြိမ်းချမ်းရေးကို ရယူနိုင်မည်"

ထိုအချက်ကို ဆန်းလျန်က ရှင်းရှင်းလင်းလင်း သိထားပါသည်။ ထို့ကြောင့် သူသည် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကို တိုက်ခိုက် ရမည်ပဲ ဖြစ်လေသည်။

***

All Chapters