သူတို့အသတ်ချင်ဆုံးလူ
Vol. 29 Ch. 412
အခန်း (၄၁၂) သူတို့အသတ်ချင်ဆုံးလူ
ယင်လုန်ထူ၏လက်ထဲမှ ကျောက်စိမ်းနဂါးဓားကိုကြည့်ရင်း ယင်လျိုဟွားမျက်ဝန်းထဲမှ မနာလိုမှုများက အပြင်သို့လွင့်စင်လာတော့မည့်အလား ထင်မှတ်ရသည်။
ယင်လုန်ထူနှင့် ဖန်းယွင်ရှန်းတို့ကိုကြည့်ရင်း အတွေးထဲနစ်မျောလျှက် သူမမျက်ဝန်းများက အုံ့မှိုင်းနေပြီး အတန်ကြာမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ငါ သတင်းကြားတာတော့... ဒီ ‘ယင်’ မျိုးနွယ်ကောင်လေး... အဲလေ... ဂိုဏ်းတူအစ်ကို’ယင်လုန်ထူ’ ကို ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က အပြင်လောကမှာတွေ့ပြီး တောင်ပေါ်ခေါ်လာတာတဲ့ ၊ ဂိုဏ်းတူအစ်မ’ဖန်းယွင်ရှန်း’ လည်း အတူတူပဲ ၊ ဒီတော့ သူတို့နှစ်ယောက်က ဂိုဏ်းတူအစ်ကိုကြီး’ရန်’ နဲ့ ရင်းနှီးကြတာ မဆန်းပါဘူး”
အတွေးနှင့်အတူ ယင်လျိုဟွား နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
ရန်ကျောက်ကဲ၏အကြည့်က ဖန်းယွင်ရှန်းလက်ထဲမှ အနက်ရောင်ဓားပေါ်သို့ ကျရောက်သွားသည်။
ထိုဓားက မှော်ဝင်ဓားတစ်လက်ဖြစ်ပြီး ဖန်းယွင်ရှန်းနှင့် ပထမဆုံးအကြိမ်တွေ့စဉ်ကပင် သူမ ကိုင်ဆောင်ထားခြင်း ဖြစ်သည်။ နေသူတော်စင်ဂိုဏ်းမှ ထွက်ပြေးလာကတည်းက သူမက ထိုဓားကို ယူဆောင်လာခြင်းပင်။
ထိုစဉ်က ထိုဓားသည် အဆင့်နိမ့်ဝိညာဉ်ဓားတစ်လက်မျှသာ ဖြစ်သည်။
သို့သော် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၊ သို့မဟုတ် သိုင်းပညာရှင်တစ်ယောက်အတွက်တော့ အံ့သြဖွယ်ရာဓားတစ်လက် ဖြစ်နေမည် အမှန်ပင်။
သို့ရာတွင် ဖန်းယွင်ရှန်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ထိုဓားက တဖြည်းဖြည်း နိမ့်ပါးသောပစ္စည်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့မည် ဖြစ်သည်။
ထူးခြားသည်မှာ ဤအနက်ရောင်ဓားသည် ဖန်းယွင်ရှန်းကို ယခုအချိန်ထိ အဖော်ပြုပေးနေခြင်း ဖြစ်၏။
ထိုဓားရှည်က ပုံမှန်မဟုတ်ကြောင်း ရန်ကျောက်ကဲ သတိပြုမိသည်မှာ ကြာပေပြီ။
အဘယ်ကြောင့်ဆိုသော် ထိုအနက်ရောင်ဓားရှည်သည် ဖန်းယွင်ရှန်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ဓားသည်လည်း အလားတူ အဆင့်မြင့်တက်လာသောကြောင့် ဖြစ်သည်။
ယခုဆိုလျှင် ထိုဓားသည် အလယ်ဆင့် မှော်ဝင်ဓားတစ်လက် ဖြစ်နေပေပြီ။
ဖန်းယွင်ရှန်း ရှန်ထျန်းအဆင့်သို့ တက်ရောက်သည့်နေ့တွင် ထိုဓားသည်လည်း အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု ဖြစ်လာမည်ဟု ရန်ကျောက်ကဲ ယုံကြည်ထားသည်။
ထိုသို့ဖြစ်ရခြင်းကို ရန်ကျောက်ကဲ အတော်လေး စိတ်ဝင်စားလျှက်ရှိ၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိုသို့ အဆင့်မြှင့်တက်နိုင်သည့်လက်နက်မျိုးဆို၍ တစ်ခုသာလျှင် ရန်ကျောက်ကဲ တွေ့ရှိဖူးသည်။
အခြားလက်နက်မဟုတ် ၊ သူကိုယ်တိုင်ပြုလုပ်ထားသည့် အစိမ်းရောင်ဝါးကိုင်းပင် ဖြစ်လေသည်။
သို့ပေသိ ထိုအစိမ်းရောင်ဝါးကိုင်းက ဝိညာဉ်လက်နက် ၊ မှော်ဝင်လက်နက် စသည့် အဆင့်သတ်မှတ်ချက်များဖြင့် တိုင်းတာမရနိုင်သော ရတနာတစ်ခု ဖြစ်၏။
ဖန်းယွင်ရှန်းကိုယ်တိုင်သည်လည်း သူမ၏ဓား အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို နားမလည်ပေ။
သူမက ထိုဓားကို နေသူတော်စင်ဂိုဏ်း၏ လက်နက်တိုက်ထဲမှ ရွေးယူခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဓားက သူမလက်နှင့်သင့်တော်သည်ဟု ခံစားရပြီး အဆင့်နိမ့်ဝိညာဉ်လက်နက်တစ်ခုပင် ဖြစ်လင့်ကစား စွမ်းအားမြင့်မားသည်ဟု ခံစားမိသည်။ သို့သော် ဤသို့ ထူးခြားချက်ရှိမည်ဟု တွေးမထားခဲ့မိပေ။
ဤအနက်ရောင်ဓားက ခရီးတစ်လျှောက်လုံး သူမကို အဖော်ပြုပေးခဲ့ပြီး သူမနှင့်အတူ အဆင့်မြင့်တက်လာခဲ့သည်။ ထိုအချက်က ဖန်းယွင်ရှန်းအကို အတော်လေး ပျော်ရွှင်စေခဲ့ပြီး သူမ၏ဓားကို ပို၍လည်း တန်ဖိုးထားခဲ့သည်။
ယင်လုန်ထူ၏ ကျောက်စိမ်းနဂါးဓားကိုကြည့်ရင်း ဖန်းယွင်ရှန်းက မလှုပ်မယှက်ရှိနေသည့် သူမ၏ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
ယင်လုန်ထူနှင့် ယင်လျိုဟွား အတော်လေး အံ့အားသင့်သွားကြသည်။ ဖန်းယွင်ရှန်း ထိုသို့သော ကိုယ်နေဟန်ဖြင့် ကျင့်ကြံလေတိုင်း မည်သို့သောကိစ္စကြုံတွေ့ပါစေ ကိုယ်ဟန်ကိုမပြောင်းလဲဘဲ အချိန်ကြာမြင့်စွာ ကျင့်ကြံခဲသည်ချည်း ဖြစ်သည်။
ရန်ကျောက်ကဲက သူမကို လှမ်းကြည့်ရင်း...
“ဘာလို့ ကျင့်ကြံနေတာ ရပ်လိုက်တာလဲ”
ဖန်းယွင်ရှန်းက...
“ဘာမှ မဖြစ်ပါဘူး ၊ စဉ်းစားစရာလေးတွေ ရှိလာလို့”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဘာလဲ... ငါက ဟန်လုန်အာကို ကျောက်စိမ်းနဂါးဓားလက်ဆောင်ပေးလို့ မင်းလည်း လိုချင်တာလား ၊ ကြိုပြောထားမယ်နော်... ငါ့မှာ ဘာမှော်ဝင်လက်နက်မှ မရှိတော့ဘူး”
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
“မဟုတ်တာရှင်... ရှင်က ကျောက်စိမ်းနဂါးဓားအကြောင်း ပြောလိုက်တော့ ကျွန်မစိတ်ထဲ ခံစားချက်တစ်ခု ဖြစ်လာလို့ပါ”
ရန်ကျောက်ကဲက နားလည်သွားဟန်ဖြင့် မျက်နှာအမူအရာ တည်ကြည်လေးနက်သွားပြီး...
“ဘာလဲ... မင်းလည်း ဂိုဏ်းတူညီမလေး’စစ်ခုန်’ လိုမျိုး ပြင်ပလောကကို ခရီးထွက်ပြီး အတွေ့အကြုံရှာချင်တာလား”
ဖန်းယွင်ရှန်းက အေးဆေးစွာဖြင့်...
“ထူးကဲယင်မိန်းမပျိုတစ်ယောက်အနေနဲ့ ကျွန်မက ဂိုဏ်းအတွက် အရေးကြီးတယ်ဆိုတာ သိပါတယ် ၊ ပြင်ပလောကကို သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘူးဆိုရင် နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက ကျွန်မကို ပစ်မှတ်ထားကြမှာပဲ”
သူမက ဆက်ပြောသည်။
“တစ်ခုခုမှားသွားခဲ့ရင်... ကျွန်မတစ်ယောက်တည်းအတွက်ဆိုရင် ပြောစရာမရှိပေမယ့် ဝါဒတောင်တစ်ခုလုံးကိုလည်း ထိခိုက်စေလိမ့်မယ်”
ဖန်းယွင်ရှန်းက အဝေးဆီသို့ လှမ်းကြည့်ရင်း...
“ဒါပေမဲ့ တောင်ပေါ်မှာပဲ ကျင့်ကြံနေတာက ကျွန်မအတွက် သင့်တော်တဲ့အရာမဟုတ်ဘူး ၊ ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲ ပြီးဆုံးတဲ့နောက်... ကျွန်မ ကျင့်ကြံခြင်းက တိုးတက်နှုန်းနှေးကွေးလာတယ် ၊ ကျင့်ကြံခြင်းတစ်ဆို့နေပြီလို့ ခံစားရတယ်”
စကားပြောရင်း ဖန်းယွင်ရှန်းက သူမကိုယ်သူမ လှောင်ပြောင်ရယ်မောလိုက်သည်။
“နှိုင်းယှဉ်ပြောရရင်... ကျွန်မက ဓားတစ်လက်လိုပဲ ၊ တခြားသူတွေနဲ့ ရင်ဆိုင်ထိုးခုတ်ရင်း ရန်သူရဲ့သွေးကို သောက်ရမှ ထက်မြက်လာသလိုမျိုးပေါ့”
ရန်ကျာက်ကဲက သက်ပြင်းသဲ့သဲ့ချရင်း...
“အဲဒီလိုတော့ မဟုတ်ပါဘူးကွာ ၊ မင်း ကိုယ့်ကိုယ်ကိုယ် ဖိအားတွေအရမ်းပေးပြီး ဖြစ်ချင်စိတ်တွေ များနေလို့ပါ”
ဖန်းယွင်ရှန်းက ခပ်သဲ့သဲ့ ပြုံးရင်း စကားဆက်မပြောတော့ပေ။
ထိုစကားများကို နားထောင်ရင်း ယင်လျိုဟွားမှာ ဆက်လက်ကျင့်ကြံရန်ပင် တွန့်ဆုတ်သွားသည်။
သို့သော် ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ ယင်လျိုဟွားကို ကဲ့ရဲ့လိုစိတ်မရှိကြသလိုစိတ်ပျက်သွားအောင် လုပ်လိုစိတ်လည်း မရှိခဲ့ကြပေ။
ဖန်းယွင်ရှန်းက အစကတည်းကပင် ကျင့်ကြံခြင်းတွင် စိတ်အားထက်သန်သူတစ်ယောက်ဖြစ်လေရာ အခြားသူတစ်ယောက်အနေဖြင့် သူမကဲ့သို့ ကျင့်ကြံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
အခြားသူများက ဖန်းယွင်ရှန်းလောက် ခံနိုင်ရည်မရှိ ၊ စိတ်ဓာတ်မခိုင်မာ ၊ ဇွဲလုံ့လမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ လူတိုင်းက သူ့အတိုင်းအတာနှင်သူ ရှိကြသည်ပင်။
ဖန်းယွင်ရှန်းကတော့ သာမန်ထက်ပိုပြီး အခက်အခဲများကို ရင်ဆိုင်နိုင်သူတစ်ယောက် ဖြစ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ လောကတွင် အောင်မြင်မှုရရှိသူများမှာ သာမန်လူများထက် လုံ့လဝီရိယကျော်လွန်ပြီး လိုချင်သည့်ပန်းတိုင်ကို ရောက်အောင်သွားနိုင်သူများသာ ဖြစ်ကြသည်။ ထိုသို့သောသူများကို အခြားသူများက အံ့အားသင့်စွာခေါင်းမော့ကြည့်ရင်း ချီးကျူးကြသည်သာပင်။
ရန်ကျောက်ကဲကို ဖယ်ထားမည်ဆိုလျှင် မျိုးဆက်တူလူငယ်များထဲတွင် ဖန်းယွင်ရှန်းလောက် ပြင်းပြင်းထန်ထန် ကျင့်ကြံနိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။
ဖန်းယွင်ရှန်းနောက် အနီးစပ်ဆုံး အမီလိုက်နိုင်သူဆို၍ တောင်ပေါ်တွင် (၃)ယောက်သာ ရှိသည်။
ရွှီဖေး ၊ စစ်ခုန်ချင်းနှင့် ယင်လုန်ထူတို့ ဖြစ်၏။
ထို့ကြောင့် သူမကဲ့သို့ အပြင်းအထန်ကျင့်ကြံရန် ဖန်းယွင်ရှန်းက ယင်လျိုဟွားကို တွန်းအားပေးမည် မဟုတ်ပေ။
ယင်လျိုဟွားသာ ထူးကဲယင်မိန်းမပျိုတစ်ယောက် မဟုတ်ပါက သူမအနေဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး တစ်လုံးမှပင် ပြောဆိုမည် မဟုတ်ပေ။
ယင်လျိုဟွားအခြေအနေကို နားလည်သွားပြီးနောက် ရန်ကျောက်ကဲသည်လည်း ထိုမိန်းကလေးအပေါ်ထားရှိသည့် မျှော်လင့်ချက်များကို လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။
လူတစ်ယောက်အနေဖြင့် အခွင့်အရေးနှင့် ပံ့ပိုးမှုများ ပိုမိုရရှိလေ ထမ်းရွက်ရသည့်တာဝန်မှာလည်း ကြီးမားလေ ဖြစ်ပေလိမ့်မည်။
ယင်လျိုဟွားအနေဖြင့် ကြိုးစားလိုစိတ်မရှိပါက သူမအဆင့်က တဖြည်းဖြည်း အောက်သို့ကျဆင်းသွားပေမည်။ ထိုအချိန် ဂိုဏ်းကသူ့အပေါ် ထောက်ပံ့ပေးထားသော အခွင့်ထူးများသည်လည်း လျော့နည်းသွားမည်သာပင်။
ဖူအန်းစု တောင်ပေါ်သို့ ပြန်ရောက်လာပြီဖြစ်ရာ မကြာမီအချိန်တွင် ယင်လျိုဟွားတစ်ယောက် ကြီးမားသောစမ်းသပ်မှုကြီးတစ်ခုဖြင့် ရင်ဆိုင်ရတော့မည်ကို ရန်ကျောက်ကဲ ရိပ်မိသည်။
ဖူအန်းစုသည် သိုင်းတာအိုကိုစွဲလန်းသူဖြစ်ပြီး အရူးအမူး အပြင်းအထန် ကျင့်ကြံလေ့သူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမက ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းကိုပင် အားမလိုအားမရ ဖြစ်နေခဲ့သည်။
ဖူအန်းစု၏ သဘောထားကို သိလိုက်ရစဉ်က ရန်ကျောက်ကဲပင် မျက်လုံးလှန်မိသည်အထိ စိတ်ပျက်ရသည်။ သူ၏ ဆရာဒေါ်လေး’ဖူ’ သည် အတော်လေးပင် ခေါင်းမာပြီး ကျိုးကြောင်းမဆီလျော်သူတစ်ယောက်ဖြစ်၏။
သူမပြောသည်မှာ...
“ငါ မလုပ်နိုင်တာတွေကို ငါ့တပည့်တွေကို မလုပ်ခိုင်းဘူး ၊ ဒါပေမဲ့ ငါလုပ်နိုင်တာတွေအကုန်လုံး ငါ့တပည့်တွေလုပ်နိုင်ရမယ်”
ဟူ၏။
အရှေ့ပင်လယ်တွင် ဖူအန်းစုက သူ့ကို ယင်လျိုဟွားနှင့် မိတ်ဆက်ပေးစဉ်ကလည်း စကားတစ်ခွန်းဆိုခဲ့သေးသည်။
“ယွင်ရှန်းတောင်မှ (၃)နှစ်လောက်အချိန်အတွင်း အခုလောက် အဆင်ပြေလာတာပဲ မဟုတ်လား”
ဆိုသော စကားပင်။
ထိုစကားအရ ဖူအန်းစုသည် ယင်လျိုဟွားကိုလည်း ဖန်းယွင်ရှန်းနှင့်တန်းတူ မျှော်လင့်ချက်ထားရှိသည်ကို တွေ့ရသည်။
သူမမျက်လုံးများထဲတွင် ဖန်းယွင်ရှန်းသည် ဇွဲသတ္တိအပြည့်ဖြင့် ခါးသီးသောအရာများကိုပင် ကြိတ်မှိတ်သည်းခံ ကျင့်ကြံနိုင်သူ ဖြစ်သည်။ သူမနည်းတူ ဖူအန်းစုနှင့် စစ်ခုန်ချင်းတို့သည်လည်း ကျင့်ကြံနိုင်သည်ပင်။
ထို့ကြောင့် တစ်ယောက်တည်းလုပ်နိုင်သည့်အလုပ်မဟုတ်ဘဲ (၃)ယောက်လုံး လုပ်နိုင်သည်ဖြစ်ရာ ယင်လျိုဟွားသည်လည်း လုပ်နိုင်ရမည်ဟု သူမက ယူဆသည်။
ရန်ကျောက်ကဲ ယင်လျိုဟွားကို တစ်ချက်လှမ်းကြည့်ရင်း နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။
ကျိုးကြောင်းဆီလျော်မှုမရှိသော ဆရာတစ်ယောက်လက်အောက်တွင် ဤမိန်းကလေးသည် လုံလောက်စွာ မကျင့်ကြံနိုင်ပါက ဖူအန်းစုမျက်နှာဖြင့် ယခုအချိန်ထိ ရရှိနေသော အကျိုးအမြတ်များမှာ တဖြည်းဖြည်း လျော့နည်းသွားမည် ဖြစ်သည်။ သူမ၏စိတ်နေစိတ်ထားကို မပြုပြင်လျှင် အချိန်ကြာလာသည်နှင့်အမျှ သူမဘဝသည်လည်း ချောမွေ့လိမ့်မည် မဟုတ်ပေ။
သူမ ခံနိုင်ရည်ရှိလျှင်တော့ အရိုးများကို ပြန်လည်ပြုပြင်နိုင်ပြီး အသစ်ပြန်လည်မွေးဖွားလာရန် အခွင့်အရေး ရှိနိုင်သည်။ မဟုတ်လျှင်တော့ သူမအတွက် ခက်ခဲသော အချိန်ကာလများသာ ရှိပေလိမ့်မည်။
ရန်ကျောက်ကဲက...
“မင်းပြောနေတဲ့ အတွေ့အကြုံရှာဖို့ဆိုတာက ဂိုဏ်းတူညီမလေး’စစ်ခုန်’လိုမျိုး ဂိုဏ်းရဲ့အကာအကွယ်မယူဘဲ ပြင်ပလောကကို သွားချင်တာမျိုးလား ၊ အဲဒါဆိုရင်တော့ အရမ်းအန္တရယ်များလိမ့်မယ် ၊ မင်းကို ဆုံးရှုံးရရင် ငါတို့ဂိုဏ်းအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပဲလေ”
သူက ဆက်ပြောသည်။
“အထူးသဖြင့် ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲမှာ မင်းရဲ့အစွမ်းကို ပြသနိုင်ခဲ့တယ်ဆိုတော့... ထိပ်သီးသိုင်းဂိုဏ်းကြီးတွေက အဆင့်မြင့်အကြီးအကဲတွေက မင်းကို လျစ်လျူရှုထားမှာ မဟုတ်ဘူး ၊ အထူသဖြင့် နေသူတော်စင်ဂိုဏ်းပဲ ၊ အခုချိန်မှာ သူတို့သတ်အပစ်ချင်ဆုံးလူက ငါဆိုရင် ဒုတိယတစ်ယောက်ကတော့ သေချာပေါက် မင်းပဲ”