ကျုပ်ဓားချက်ကို ခံနိုင်တဲ့သူဆိုလို့ တစ်ယောက်ပဲ တွေ့ခဲ့သေးတယ်
Vol. 4 Ch. 334
ကျင့်ကြံသူ လောကတွင် တန်ခိုးစွမ်းအား ကြီးမားသူက နေရာရစမြဲ ဖြစ်လေသည်။ လူတစ်ယောက်သည် လောကတွင် မိမိနေချင်သလို နေနိုင်သည့်တိုင် တန်ခိုးစွမ်းအား မကြီးမားပါက အလကားပင် ဖြစ်လေသည်။
အတိတ်ကို ပြန်ကြည့်မည် ဆိုလျှင် မိုးကောင်းကင် ခုံရုံးကို အုပ်ချုပ်သည့် မိုးကောင်းကင် နတ်မင်းသည် ကိုယ်ကျင့် တရားဖြင့် နတ်ဘုရားများကို ထိန်းချုပ်ခဲ့ခြင်း မဟုတ်ပေ။ သူက တန်ခိုးစွမ်းအားကို အသုံးပြုကာ နတ်ဘုရားများကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန် သက်ပြင်း တစ်ချက် ကြိတ်ပြီး ချလိုက်မိ လေသည်။
ဆန်းလျန်က ထိုင်ရာမှ ထလိုက်ပြီး တာအို ကျောင်းဆောင် တံခါးကို ဖွင့်လိုက်လေသည်။
တံခါး အပြင်ဘက်တွင် ရော့ရှီလေး ရှိနေပြီး မျက်လုံး အဝိုင်းသားဖြင့် ဆန်းလျန်ကို ကြည့်နေ လေသည်။
"အဲဒီလူက ဘယ်သူလဲဟင်"
"မိတ်ဆွေဟောင်း တစ်ယောက်ပါကွယ်…"
ရော့ရှီလေးသည် စကားတစ်ခွန်းကို ပြောသင့် မပြောသင့် ချိန်ဆနေပုံ ရလေသည်။
ထို့နောက်မှ သူမက ဆန်းလျန်ကို စူးရှသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး…
"သမီး အဲဒီလူကို သဘော မကျဘူး"
"သမီးက ဘာလို့ သဘောမကျ ရတာလဲ"
ရော့ရှီလေး၏ စကားကို ဆန်းလျန်က တအံ့တသြဖြင့် ပြန်မေးလိုက်သည်။
ရော့ရှီက တစ်ချက်မျှ စဉ်းစားလိုက်ပြီး တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်သည်။
"သူ့ရဲ့ အသက်ဓာတ် စွမ်းအားတွေက တစ်မျိုးကြီးပဲ၊ အခုတောင် ဦးဦး ကိုယ်ပေါ်မှာ အဲဒီစွမ်းအားတွေ ကျန်နေခဲ့ သေးတယ်၊ လုံးဝ မသန့်စင်တဲ့ စွမ်းအားတွေပဲ"
ရော့ရှီမှာ ရဲ့လျိုယွင်ဆီမှ လူသတ်လိုသည့် အငွေ့အသက် များကို မနှစ်မြို့ခြင်း ဖြစ်ကြောင်းကို ဆန်းလျန် သဘောပေါက် သွားလေသည်။
ရော့ရှီ၏ တာအို ရုပ်ခန္ဓာမှာ အလွန်မှ သန့်စင်လွန်း လေသည်။ ထို့ကြောင့် လူသတ်လိုသည့် အငွေ့အသက် များကို မနှစ်သက် ရခြင်းမှာ သဘောဝပင် ဖြစ်လေသည်။
ဆန်းလျန်က သူ၏ တာအိုဝတ်ရုံကို အနည်းငယ် ခါလိုက်လေသည်။ ထိုအခါ ရဲ့လျိုယွင်ထံမှ ကပ်ညိနေသည့် အငွေ့အသက်များ ပျောက်ကွယ် သွားပြီး ယခင်ကအတိုင်း ပြန်လည် သန့်စင်သွား လေသည်။
"အခုရော ဘယ်လို နေသေးလဲ"
ဆန်းလျန်က ရော့ရှီကို ပြုံးရင်း မေးလိုက်လေသည်။
ရော့ရှီက နှာခေါင်း တစ်ချက် ရှုံ့ကာ အနံ့ခံ ကြည့်လိုက်သည်။
"အခု ကောင်းသွားပြီ"
ဆန်းလျန်သည် ရော့ရှီကို ကြည့်ရင်း စိတ်ထဲမှ ရယ်မော လိုက်မိလေသည်။ ဤကလေး မလေးသည် ကလေး သာသာလေးပင် ရှိသေးသည် မဟုတ်ပါလား။
ဆန်းလျန်သည် သူ၏ တန်ခိုးစွမ်းအား များကို မိန်းကလေးငယ် ဆီမှ လွယ်လွယ် ကူကူပင် ဖုံးကွယ်ထား နိုင်လေသည်။ သူမ၏ ဝိညာဉ်စွမ်းအား မည်မျှပင် ကောင်းပါစေ ဆန်းလျန် ကိုတော့ အာရုံခံနိုင်မည် မဟုတ်ပေ။
မိုးမခရွက်ကြွေ လေးများသည် နေရာအနှံ့တွင် ပြန့်ကျဲ နေလေသည်။ တာအို ကျောင်းဆောင် ရှေ့တွင် ပန်းများ ကလည်း ပွင့်လန်း နေလေသည်။
ကောင်းကင်ထက်တွင် တိမ်ဖြူများက ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ပျံသန်း နေကြလေသည်။
"ဒီအချိန် ခဏလေးက သာယာလိုက်တာ၊ ဒီလို အချိန်လေးကို ရပ်တန့် ထားနိုင်ရန် ကောင်းမှာပဲ"
ရော့ရှီလေးသည် တိမ်ဖြူများကို ငေးမော ကြည့်ရင်း တွေးနေမိ လေသည်။
သူမဘဝတွင် မည်သည့်အရာမှ မလိုအပ်ပါ။ တာအို ကျင့်စဉ် လမ်းသည်လည်း သူမဘဝတွင် သိပ်ပြီး အရေးမပါလှပါ။ သူမက သူမ ချစ်သည့် ဦးလေးဖြစ်သူ၏ အနားတွင် ထာဝရ နေထိုင်ခွင့် ရသွားရန်သာ ဆန္ဒပြုမိ လေသည်။
ဆန်းလျန်သည် တောင်များကို ငေးကြည့် နေလေသည်။
လေများက ပြင်းထန်စွာ တိုက်ခတ်နေပြီး လေသံများကို သူ၏နားထဲတွင် ကြားနေရ လေသည်။
သူသည် ငေးမောရင်း အတွေးထဲတွင် နစ်မျောလျက် ရှိလေသည်။ သူ့အကြောင်း တစ်ခုတည်းသာ မဟုတ် အခြားသူများ၏ အကြောင်းများကိုပါ ဆန်းလျန် စဉ်းစား နေမိလေသည်။ အမြဲတမ်း ပြောင်းလဲလျက် ရှိသည့် လောက အလယ်တွင် သူ့အတွက် သာမက အခြားသူများ အတွက်လည်း မဖြစ်မနေ စဉ်းစားပေးရန် လိုအပ်လေသည်။
ဆန်းလျန် အတွေးထဲတွင် နစ်မျော နေဆဲမှာပင် သူ၏ စိတ်အာရုံတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရ လေသည်။
ချင်းရွှမ်နတ်တံခါး အပြင်ဘက်တွင် ဓားဝိညာဉ်ကို စီးပြီး လာနေသည့် လာနေသည့် မိန်းကလေးငယ် တစ်ယောက်ကို တွေ့မြင်ရ လေသည်။
ဆန်းလျန်က ခန္ဓာကိုယ် တစ်ချက် လှုပ်ရှားလိုက်ပြီး မိန်းကလေး အနားသို့ ရောက်သွားလ ေသည်။ သူက မိန်းကလေးကို တားဆီး လိုက်သည်။
သူမသည် ဆန်းလျန်ကို တွေ့သည်နှင့် ဆန်းလျန်မှန်း ချက်ချင်း မှတ်မိသွားပြီး ငိုကြွေးလေ တော့သည်။
"ဆရာဦးလေး ဆန်းလျန်၊ ကျွန်မရဲ့ ဆရာကို အမြန် ကယ်တင်ပေးပါ"
ဟု တောင်းပန် ပြောကြားလိုက် လေတော့သည်။
***
ကျင်းကွမ်းဝတ် ကျောင်းတော်မှ ပေါင်ယွဲ့ ဆရာတော်ကြီးသည် ရှီးဟွမ်နယ် တစ်ဝိုက်တွင် အလွန်နာမည် ကျော်ကြားသူ တစ်ယောက် ဖြစ်ပြီး ရွှေခန္ဓာ ရရှိသည်အထိ ကျင့်စဉ် အောင်မြင်ထားသူ တစ်ယောက် ဖြစ်လေသည်။ သူ၏ တန်ခိုး စွမ်းအားမှာ အလွန် မြင့်မားပြီး ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ရှစ်ဂိုဏ်းမှ ဆရာတော်ကြီး ရှစ်ပါးနှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သူ တစ်ယောက် ဖြစ်သည်။
နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်သည့် ဟိုင်သခင်ကြီးကို အနိုင်ရခဲ့ ပြီးသည့်နောက် ပေါင်ယွဲ့ ဆရာတော်ကြီး၏ ဂုဏ်သတင်းမှာ ပို၍ပင် ကြီးမားလာ ခဲ့သည်။
သို့သော် ရှီးဟွမ်မှ အခြားသော ဘုန်းတော်ကြီး များက ပေါင်ယွဲ့ ဆရာတော်ကြီးကို သဘောမကျကြပေ။ အဘယ်ကြောင့် ဆိုသော် ဆရာတော်၏ တရားများသည် နတ်မိစ္ဆာ ဒေသများသို့ပင် ကျယ်ကျယ်ပျံ့ပျံ့ ပျံ့နှံ့ လာသောကြောင့် ဖြစ်လေသည်။ သူတို့က ဟွေခဲ့ ဆရာတော်က လူတန်းစားမရွေး တရားဟောပြော စဉ်ကလည်း နှစ်သက် သဘောကျ ခဲ့ကြသည့် ဆရာတော်များ မဟုတ်ခဲ့ကြပေ။
ထိုအကြောင်း များကြောင့် သူတို့သည် ပေါင်ယွဲ့ ဆရာတော်နှင့် ဟွေခဲ့ ဆရာတော် တို့ကို မကိုးကွယ် တော့ဘဲ ဂိုဏ်းပြောင်းသွား ကြလေသည်။
သို့သော် မည်သို့ပင် ဖြစ်ပါစေ ပေါင်ယွဲ့ ဆရာတော်ကြီး၏ ဂုဏ်သတင်း ကတော့ အဆက်မပြတ် တိုးတက် လာနေဆဲ ဖြစ်လေသည်။ ထို့ပြင် ဟွေခဲ့ ဆရာတော် ပြန်ရောက်မလာ တော့သည်မှာ နှစ်ပေါင်း အတန်ကြာခဲ့ပြီ ဖြစ်သည့်တိုင် ဆရာတော်၏ လွှမ်းမိုးမှု ကတော့ ကျန်ရှိနေဆဲပင် ဖြစ်လေသည်။
ပေါင်ယွဲ့ ဆရာတော်ကြီးမှာ တန်ခိုးစွမ်းအား ကြီးမားသည့် အပြင် ဟိုင်သခင်ကြီး ကိုလည်း တပည့်အဖြစ် လက်ခံထား လေသည်။ ထိုအချက်ကို အခြားသော ဘုန်းတော်ကြီး များက မကျေနပ်ကြပေ။
ဟိုင်သခင်ကြီး၏ မူလပုံစံမှာ ဝိညာဉ်စွမ်းအား မြင့်မားသည့် မြွေမိစ္ဆာကြီး တစ်ကောင် ဖြစ်လေသည်။ မသောက်စား မပျော်ပါးရ တော့သလို မိန်းမလှလေး များနှင့်လည်း မပျော်ရတော့သည့် အတွက် ဟိုင်သခင်ကြီးမှာ အချိန်ပေါင်း အတော်ကြာ အခက်တွေ့နေ ခဲ့ရလေသည်။
သူက ပေါင်ယွဲ့ ဆရာတော်ကြီးနှင့်ပင် မရမက အငြင်းပွား ခဲ့သည့်တိုင် နောက်ဆုံး တွင်တော့ ပေါင်ယွဲ့ ဆရာတော်ကြီးကို မလွန်ဆန် နိုင်ခဲ့ပေ။ ပေါင်ယွဲ့ ဆရာတော်ကြီးက လောကီ အပျော်အပါး များကို စွန့်လွှတ်ရန်နှင့် အမှန်အမှားကို ခွဲခြားနားလည် ရန်လည်း သေသေချာချာ ပြောဆိုဆုံးမ ခဲ့သည်။
ယခုအချိန် တွင်တော့ ဟိုင်သခင်ကြီးသည် တရားဓမ္မ ရွတ်ဖတ်သံများ အလယ်တွင် နေ့နေ့ညည ဖြတ်သန်း ခဲ့ရပြီး တရားဓမ္မ အရှိန်ဖြင့် အနည်းငယ် ယဉ်ကျေးလာပြီ ဖြစ်လေသည်။
သူက ပေါက်ကရ လေးဆယ် စကားများကို အခြားသော ဘုန်းတော်ကြီး များနှင့် လျှောက်ပြော သော်လည်း ဘုန်းတော်ကြီး များက သူ၏ ပြောစကားများကို စိတ်မဝင်စား ကြပေ။ ဘုန်းတော်ကြီးများ ဖြစ်သည့်အတွက် ဗုဒ္ဓစာပေ များကိုသာ စိတ်ဝင်စားကြ သဖြင့် ဟိုင်သခင်ကြီးကို အရေးပင် မလုပ်ကြပေ။
ဟိုင်သခင်ကြီးသည် ပေါင်ယွဲ့ ဆရာတော်ကြီးကို ဆန့်ကျင်ပြီး ဂိုဏ်းပြောင်း သွားကြသည့် ဘုန်းတော်ကြီး များကို မကျေမနပ် ဖြစ်နေခဲ့ လေသည်။
နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်သည့် ဟိုင်သခင်ကြီး အတွက် သစ္စာဖောက် ခံရခြင်းမှာ အဆန်း မဟုတ်တော့ပေ။ သူက ဂိုဏ်းပြောင်း သွားသည့် ဘုန်းတော်ကြီး များကို လိုက်လံဖမ်းဆီး နှိမ်နင်းပစ်ရန် ပေါင်ယွဲ့ ဆရာတော်ကြီးကို အကြံဉာဏ် ပေးခဲ့လေသည်။
သို့သော် ပေါင်ယွဲ့ ဆရာတော်ကြီး၏ စိတ်ထားက ဟိုင်သခင်ကြီးနှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။
ဆရာတော်ကြီးက -
"အခြားသူများ၏ ယုံကြည်မှုကို အတင်းအဓမ္မ ပြောင်းလဲခြင်းသည် ဓမ္မမဟုတ်ပေ။ မကောင်းမှုပင် ဖြစ်သေးသည်။ စစ်မှန်သည့် ဓမ္မဆိုသည်မှာ လူတစ်ယောက်ကို အနိုင်ယူခြင်း မဟုတ်ဘဲ နားလည် ပေးခြင်းသာ ဖြစ်လေသည်"
ဟု တရားဟောပြော ခဲ့လေသည်။
ဟိုင်သခင်ကြီးမှာ ပေါင်ယွဲ့ ဆရာတော်ကြီး၏ စကားကို သိပ်မကျေနပ် သော်လည်း အငြင်းအခုန် မလုပ်တော့ပေ။
ဟိုင်သခင်ကြီး အတွက် ကျင်းကွမ်းဝတ် ကျောင်းတော်တွင် နေထိုင်ရသည်မှာ အလွန်မှ ပျင်းစရာ ကောင်းလေသည်။
သို့သော် နေ့ရက်ပေါင်း များစွာ ဖြတ်သန်းလာ ခဲ့ပြီးသည့် နောက်တွင်တော့ တိတ်ဆိတ် ငြိမ်သက်ခြင်းဖြင့် အသားကျ လာတော့သည်။
ထို့ပြင် ဟိုင်သခင်ကြီး စိတ်ပျက်သည်မှာ တစ်ခု ရှိသေးသည်။
ပေါင်ယွဲ့ ဆရာတော်ကြီးက သူသည် ပျံလွန်တော်မူပြီး သံသရာ စက်ဝန်း အတွင်းသို့ ပြန်သွားသည့် အချိန်ကျလျှင် ကျင်းကွမ်းဝတ် ကျောင်းတော်ကြီးကို ဟိုင်သခင်ကြီးကို ဆက်ခံခွင့် ပေးမည်ဆိုသည့် စကားပင် ဖြစ်လေသည်။
သို့သော် ထိုသို့စကားမျိုး ပြောသည့်တိုင် ပေါင်ယွဲ့ ဆရာတော်ကြီးသည် ပျံလွန်တော် မူမည့် အရိပ်လက္ခဏာ တစ်စက် ကလေးမှ မရှိပေ။
သေမည့်သေလျှင် စောစော သေမည့်သူမှာ ဟိုင်သခင်ကြီးသာ ဖြစ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော် သူ ကြုံတွေ့ရမည့် အဖြစ်ဆိုး ကြီးသည် နီးကပ်လာပြီ ဖြစ်သည့်အပြင် သူရင်ဆိုင်ရမည့် အဖြစ်ဆိုးသည် ကမ္ဘာကပ်ဘေး ကြီးကိုပင် ဖြစ်စေနိုင်သည် အထိ ပြင်းထန် လေသည်။ လက်ရှိ အခြေအနေဖြင့် ဟိုင်သခင်ကြီးသည် ထိုအခက်အခဲကို မည်သို့မျှ ကျော်ဖြတ် နိုင်မည် မဟုတ်ပေ။
တစ်နေ့တွင်တော့…
ကျင်းကွမ်းဝတ် ကျောင်းတော် တစ်ခုလုံး ရွှေရောင်များ တောက်ပလာ လေသည်။
ပေါင်ယွဲ့ ဆရာတော်ကြီး တန်ခိုးစွမ်းအား တစ်ခုခုကို အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း ဟိုင်သခင်ကြီး ချက်ချင်း သိလိုက်လေသည်။
"ဒီဘုန်းကြီး ကတော့ တစ်နေ့တခြား တန်ခိုး စွမ်းအားတွေ မြင့်မား လာတာပဲ"
ရွှေရောင် အလင်းတန်းများကို ကြည့်ရင်း ဟိုင်သခင်ကြီးက မှတ်ချက် ပြုလိုက်သည်။
ရွှေရောင် အလင်းတန်း များသည် ဝတ်ကျောင်းတော် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မိုးတိမ်တောင်များ အဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ တက်သွား လေသည်။
မိုးကောင်းကင် ထက်တွင် သွေးနီရောင် မီးတောက်များ တောက်လောင် နေသည့် ဓားဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး ပေါင်ယွဲ့ ဆရာတော်ကြီး၏ ရွှေရောင် အလင်းတန်း များကို သုတ်သင်ပစ် လိုက်လေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီး၏ မြင့်မား လွန်းသည့် တန်ခိုး စွမ်းအားကို မည်သူက ထိုမျှ လွယ်ကူစွာဖြင့် သုတ်သင် ပစ်လိုက် နိုင်ပါသနည်း။
ထိုမြင်ကွင်းကို မြင်တွေ့ လိုက်ရသည်နှင့် ဟိုင်သခင်ကြီး ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့် အတွေးမှာ ထွက်ပြေးရန် ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ပေါင်ယွဲ့ ဆရာတော်ကြီး၏ မြင့်မားသည့် တန်ခိုးစွမ်းအားကို တွန်းလှန် နိုင်သည့် သူသည် အလွန် ကြောက်စရာ ကောင်းသူ ဖြစ်သောကြောင့် ဖြစ်လေသည်။ သူနှင့် ပေါင်ယွဲ့ ဆရာတော် နှစ်ယောက် ပေါင်းလျှင်တောင်မှ ထိုသူကို အနိုင်ရနိုင်ရန် မသေချာလှပေ။
နတ်မိစ္ဆာ ဘုရင်များသည် အနိုင်မရ တော့သည့် အခါတွင် ထွက်ပြေးကြ စမြဲပင် ဖြစ်လေသည်။
မိုက်မဲသည့် နတ်မိစ္ဆာ ဘုရင်သာလျှင် အသက် အသေခံပြီး တိုက်ခိုက်မည် ဖြစ်လေသည်။ မိုက်မဲသည့် နတ်မိစ္ဆာဘုရင် ရှိခဲ့လျှင်လည်း ယနေ့အချိန်ထိ အသက်ရှင်သန် နိုင်တော့မည် မဟုတ်ပေ။
လရောင် အောက်တွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင် ထားသည့် တာအိုဆရာ တစ်ယောက် ပေါ်လာလေသည်။ သူ၏ ကျောထက်တွင် ဓားရှည် တစ်လက်ကို လွယ်ထားပြီး ထိုဓားရှည်မှ သွေးနီရောင် မီးတောက်များ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။
သူ၏ ပုံပန်းသဏ္ဌာန်က သာမန်ပင် ဖြစ်သော်လည်း မျက်ဝန်းများ ကတော့ ထူးဆန်းစွာ လင်းလက် တောက်ပ နေလေသည်။
ပေါင်ယွဲ့ ဆရာတော်ကြီးသည် ဖေးထိုင်စေတီ တောင်ထိပ်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။
အပြာရောင်ဝတ်စုံ ဝတ်ဆင် ထားသည့် လူငယ်တာအို ဆရာသည် ကောင်းကင် ထက်တွင် ရပ်နေရင်း ပေါင်ယွဲ့ဆရာ တော်ကြီးကို ကြည့်နေ လေသည်။
ဆရာတော်ကြီး၏ မျက်နှာထက်တွင် အပြုံးတစ်စ ထင်ဟပ်သွား လေသည်။ သူ၏ တန်ခိုး စွမ်းအားများ ပြိုကွဲသွား သော်လည်း သူက ထိုလူငယ်ကို အေးဆေး တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့ လေသည်။
ဟိုင်သခင်ကြီးမှာ ထွက်ပြေးရန် ချီတုံချတုံ ဖြစ်နေလေသည်။
သူက ထွက်ပြေးရန် စဉ်းစား နေသည့်တိုင် နတ်မိစ္ဆာတို့၏ ဗီဇအရ အပြာရောင်ဝတ် လူငယ်တာအို ဆရာကို ကြောက်ရွံ့မိခြင်း မရှိခဲ့ပါ။
ထို့ပြင် ပေါင်ယွဲ့ ဆရာတော်ကြီးသည် သူ့အပေါ်တွင် အလွန် ကောင်းမွန်ခဲ့ပြီး ကျင်းကွမ်းဝတ် ကျောင်းတော် ကိုပင် ဆက်ခံခွင့် ပေးမည်ဟု ပြောကြားထားသူ ဖြစ်လေသည်။
လူသားများ ပြောလေ့ရှိသည့် စကားပုံအရ …
"သင် ကောင်းလျှင် ကျွန်ုပ် မဆိုးပါ"
ဆိုသကဲ့သို့ပင် ဖြစ်လေသည်။
ထိုအတွေးများ ကြောင့်ပင် ဟိုင်သခင်ကြီးသည် မိုက်မဲသည့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်သွားခဲ့ရ လေသည်။
အဘယ်ကြောင့် ဆိုသော် သူက ထွက်မပြေး တော့ရန် ဆုံးဖြတ် လိုက်လေသည်။ သူက ဖေးထိုင် စေတီတော် ထိပ်သို့ ပျံသန်းသွားပြီး ပေါင်ယွဲ့ ဆရာတော်၏ ဘေးတွင် ရပ်လိုက် လေသည်။
ဟိုင်သခင်ကြီးနှင့် ပေါင်ယွဲ့ ဆရာတော်တို့ နှစ်ယောက် လုံးသည် လောကနတ်ဘုရား တစ်ပါးအလား တန်ခိုးစွမ်းအား ကြီးမားသူများ ဖြစ်ကြလေသည်။ သူတို့ နှစ်ယောက်၏ တန်ခိုး စွမ်းအားများ ပေါင်းစပ် လိုက်ပါက ကြောက်မက်ဖွယ်ရာ လူငယ်တာအို ဆရာကို အနိုင်ရကောင်း ရပေလိမ့်မည်။
"ကျုပ် ရှီးဟွမ်ကို ထွက်လာခဲ့တာ ကျုပ် ဓားချက်ကို ခံနိုင်တဲ့သူဆိုလို့ တစ်ယောက်ပဲ တွေ့ခဲ့သေးတယ်၊ ဆရာတော် ကတော့ ကျုပ်ဓားချက်ကို ခံနိုင်တဲ့ ဒုတိယ တစ်ယောက်ပဲ"
လူငယ်တာအို ဆရာက ပြောလိုက် လေသည်။
"ပထမလူက ဘယ်သူလဲ"
ဟိုင်သခင်ကြီးက မေးလိုက် လေသည်။
"ဒီနေရာကနေ သိပ်မဝေးတဲ့ နေရာမှာ သေစေခြင်း ကျောင်းတော် ဆိုတာ ရှိတယ်၊ အဲဒီ သေစေခြင်း ကျောင်းတော်ကို တည်ထောင်တဲ့ ဆရာသခင်က ကျုပ်ရဲ့ ဓားချက်ကို တားဆီးနိုင်တယ်၊ ဒါပေမဲ့ အဲဒီလူ သေလား ရှင်လားတော့ မသိရသေးဘူး၊ သူသာ ဒီထက်နည်းနည်း ပိုတော်မယ် ဆိုရင် ကျုပ်ရဲ့ ဓားသိုင်းကို စမ်းသပ်ဖို့ နောက်ထပ် လူတွေတောင် ထပ်ရှာနေစရာ မလိုတော့ဘူး"
ထိုစကား ပြောလိုက်သည့် အချိန်တွင် လူငယ်တာအို ဆရာ၏ မျက်နှာ ထက်တွင် စိတ်မကောင်း ဖြစ်သည့် ဟန်များဖြင့် ပြည့်နက် နေလေသည်။
***