← Chapters

ရန်ကျောက်ကဲ၏ဓားအသစ်

Vol. 29 Ch. 413

ရန်ကျောက်ကဲ၏ဓားအသစ်

Vol. 29 Ch. 413

အခန်း (၄၁၃) ရန်ကျောက်ကဲ၏ဓားအသစ်

တစ်စုံတစ်ယောက်က ဖန်းယွင်ရှန်း၏ အစွမ်းသတ္တိကို သံသယဝင်သည်ဟု ပြောလာပါက ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် လှိုင်းနက်ဂေဟာမှ ဖန်ချိုးကို အနိုင်ယူခဲ့ခြင်းက သံသယအားလုံးကို ချိုးဖျက်ရန်အတွက် လုံလောက်သည့် သက်သေပြချက်ပင် ဖြစ်သည်။

ဖန်းယွင်ရှန်း ဤသို့ အစွမ်းပြနိုင်ခြင်းက နေသူတော်စင်ဂိုဏ်းအတွက် စိတ်ခံစားချက်များကို ရှုတ်ထွေးစေသလို တစ်ချိန်တည်းမှာပင် သူမကို သုတ်သင်ရှင်းလင်းပစ်ချင်နေကြသည်။

သို့သော် ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲ ပြီးဆုံးခဲ့သည့်နောက် ဝါဒေတာင်ကတော့ သူမအေပါ် ယုံကြည်ချက် ပိုမိုခိုင်မာလာခဲ့သည်။

အစောပိုင်းက ဖြစ်ပေါ်ခဲ့သော သဘောထားကွဲလွဲမှုများ ပျောက်ကွယ်သွားခဲ့ပြီး မည်သူမှ ဖန်းယွင်ရှန်းကို မဝေဖန်ရဲကြတော့ပေ။

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“မင်း ထူးကဲယင်ပြိုင်ပွဲမှာ တစ်ခါအတွေ့အကြုံယူပြီးပြီလေ ၊ အဲဒီသင်ခန်းစာကို မှတ်ထားပေါ့”

ဖန်းယွင်ရှန်းက...

“ဒါပေမဲ့... အစာနင်နေရင် ဆက်စားလို့မရသလို ကျင့်ကြံခြင်းတစ်ဆို့နေရင်လည်း ဆက်ကျင့်ကြံလို့ မရဘူးလေ...”

သူမက ခပ်ဖြည်းဖြည်းလေသံဖြင့်...

“ပြီးတော့... ထူးကဲယင်သရဖူကို ရရှိပြီးရင် အဲဒါကိုခေါင်းမှာဆင်မြန်းပြီး တောင်ပေါ်ပြန်လာလို့ ရတာမဟုတ်ဘူး ၊ ကျွန်မ ရင်ဆိုင်ရမယ့်သူတွေကလည်း ဝမ်လေးနဲ့ တခြားထူးကဲယင်မိန်းမပျိုတွေပဲ မဟုတ်ဘူးလေ ၊ မီးတောက်မိစ္ဆာတွေကို ရင်ဆိုင်ဖို့လည်း ရှိသေးတယ် ၊ အတိအကျပြောရရင် အရမ်းစွမ်းအားမြင့်မားတဲ့ မီးတောက်မိစ္ဆာတွေနဲ့လည်း ကျွန်မ ရင်ဆိုင်ရနိုင်တယ် ၊ ပြီးတော့... တခြား အားကြီးတဲ့ ရန်သူတွေလည်း ထွက်ပေါ်မလာဘူး မပြောနိုင်ဘူး”

ဖန်းယွင်ရှန်း မျက်ဝန်းများက တည်ငြိမ်နေပြီး သူမ ဤကိစ္စကို သေသေချာချာ စဉ်းစားထားပြီး ဖြစ်ဟန်တူသည်။

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... မင်းက ဒီလိုဆုံးဖြတ်ထားပြီဆိုတော့ ငါကတော့ ငြင်းစရာမရှိပါဘူး ၊ ဒါပေမဲ့ မင်းက သာမန်တပည့်တစ်ယော်ကမဟုတ်တော့ တောင်ပေါ်ကဆင်းချင်တယ်ဆိုရင် ငါ့အဖေနဲ့ မင်းရဲ့ဆရာဆီက ခွင့်ပြုချက် ယူရလိမ့်မယ်”

ဖန်းယွင်ရှန်းက...

“ကျွန်မ နားလည်ပါတယ်”

ထို့နောက် စကားစမြည်အနည်းငယ်ပြောဆိုကြပြီး ရန်ကျောက်ကဲလည်း သူနေထိုင်ရာနေရာသို့ ပြန်လာခဲ့သည်။

အခန်းထဲပြန်ရောက်သည်နှင့် ရန်ကျောက်ကဲက ငြိမ်သက်စွာတင်ပျဉ်ခွေထိုင်ရင်း သူ၏ အသက်ဓာတ်စွမ်းအားများကို ထိန်းညှိလိုက်သည်။

ဖခင်ဖြစ်သူ ပြောသလိုပင် သူက ရေခဲနဂါးကြီး၏ အသွေးအသား စွမ်းအားအနှစ်သာရများကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူပြီး ချီစွမ်းအားများအဖြစ် သိမ်းဆည်းထားခဲ့သည်။ ထိုချိစွမ်းအားများကို ကြယ်တာရာချီစွမ်းအား အနှစ်သာရအဖြစ် ‌ပြောင်းလဲသန့်စင်ရမည် ဖြစ်သည်။

သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ မတက်ရောက်မီအချိန်ထိ သူ့အတွက် ချီစွမ်းအားစုဆောင်းကျင့်ကြံရန် မလိုအပ်တော့ပေ။ သူ့ခန္ဓာကိုယ်ထဲတွင် စုပ်ယူထားသည့် များပြားလှသော ချီစွမ်းအားများကို သိုင်းကျင့်စဉ်များနှင့် ပေါင်းစပ်ပြီး ပြင်းပြင်းထန်ထန်ကျင့်ကြံရန်သာ လိုအပ်တော့သည်။

အမှန်တော့ နဂိုကပင် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်က ချီစွမ်းအားအမြောက်အမြားကို စုပ်ယူနိုင်စွမ်းရှိပြီး ထိထိရောက်ရောက် ပြန်လည်သန့်စင်နိုင်စွမ်း ရှိနေခြင်းကြောင့် ဤသို့သောရလဒ် ရရှိခြင်း ဖြစ်၏။

ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများကို မှိတ်ထားသည်။

သူ့ခန္ဓာကိုယ်အတွင်းမှ ပရမ်းပတာ ချီစွမ်းအားအစုအဝေးထဲတွင် ရေခဲနှင့်မီးများပေါင်းစပ်ထားသည့် သန့်စင်သောချီစွမ်းအားအမြောက်အမြား ထွက်‌ပေါ်လာပြီး ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားသည်။

ရေခဲနှင့်မီးများ ပေါင်းစပ်ထားသော သန့်စင်သောချီစွမ်းအား လှည့်ပတ်လာသည်နှင့်အမျှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများဖြင့် ရောယှက်သွားကာ ရန်ကျောက်ကဲ၏ စွမ်းအားအစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ထဲတွင် စုပ်ယူထားသော များပြားလှသည့် ချီစွမ်းအားများအား သိုင်းပညာအမျိုးမျိုး အသုံးပြုကျင့်ကြံရင်း သန့်စင်အောင်ပြုလုပ်ကာ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းခဲ့လေသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ...

ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှ ပုံရိပ်ယောင်မြင်ကွင်းများ စွမ်းအားနည်းပါးလာသော အချိန်သို့ ရောက်ရှိလာသည်။ တစ်ချိန်တည်းပင် ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ထွက်ပေါ်လာမည့် အချိန်သည်လည်း နီးကပ်လာပေပြီ။

ထိုအချိန် ယွမ်ကျန်းဖုန်းထံမှ သတင်းစကားတစ်ခု ရန်ကျောက်ကဲထံ ရောက်ရှိလာသည်။

“ရန်ကျောက်ကဲအတွက် ဓားအသစ်ပြုလုပ်ပြီးစီးသွားပြီဖြစ်သဖြင့် လာရောက်ယူဆောင်ရန်” အကြောင်းကြားလိုက်ခြင်းပင်။

***

ယွမ်ကျန်းဖုန်းနေထိုင်ရာ နေရာသို့ ရန်ကျောက်ကဲ ရောက်ရှိလာသည်။

ခြံဝင်းထဲတွင် ယွမ်ကျန်းဖုန်းနှင့်အတူ သက်လတ်ပိုင်းလူရွယ်တစ်ယောက် ထိုင်နေသည်ကို တွေ့ရ၏။

“ဆရာဘိုးဘိုး ၊ ဆရာဦးလေး‌’ကောင်း’”

ရန်ကျောက်ကဲက နှစ်ယောက်လုံးကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

ယွမ်ကျန်းဖုန်းနှင့် လူရွယ်တို့က ရန်ကျောက်ကဲကို ခေါင်းညိတ်ပြုံးပြ နှုတ်ဆက်ကြသည်။

သက်လတ်ပိုင်းလူရွယ်၏ မျိုးနွယ်က ‘ကောင်း’ မျိုးနွယ် ဖြစ်သည်။ သူက ယွမ်ကျန်းဖုန်း၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်ကတော့ ရန်တိ ၊ ရှီတိ ၊ ဖန်ကျွင်းနှင့် ဖူအန်းစုတို့ထက် နိမ့်ကျသည်။

သူက လက်နက်ပစ္စည်းများ ပြုလုပ်ရာတွင် အတော်လေး ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲအတွက် လက်နက်ပြုလုပ်သည့်အခါ ‘ကောင်း’ မျိုးနွယ်တပည့်က အများဆုံးကူညီပေးရပြီး ယွမ်ကျန်းဖုန်းကတော့ အရေးကြီးသောအပိုင်းများကိုသာ ပြုလုပ်သည်။ လက်နက်တစ်ခုပြုလုပ်ရာတွင် အရာအားလုံး ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရန် မဖြစ်နိုင်ဘူး မဟုတ်လား။

ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲအတွက် ဓားတစ်လက် ပြုလုပ်ပေးသည့်အခါ အစပိုင်းတွင် လူရွယ်က အတော်လေး စိတ်ခံစားချက်များနေဟန်ပင်။

သူက ဆရာဦးလေးတစ်ယောက်အနေဖြင့် ရန်ကျောက်ကဲအတွက် လက်နက်ပြုလုပ်ပေးရသည်မှာ ပြဿနာမရှိပေ။

သို့သော် ယွမ်ကျန်းဖုန်းကိုယ်တိုင်က သူ၏မြေးတပည့်အတွက် ကိုယ်တိုင်ကိုယ်ကျ လက်နက်ပြုလုပ်ပေးခြင်းကတော့...

ထိုသတင်းသာ ပျံ့နှံ့သွားပါက ကြားရသူတိုင်း အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြမည်သာ။

သမိုင်းတစ်လျှောက်တွင် သိုင်းသူတော်စင်တစ်ယောက်က အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လက်နက်ပြုလုပ်ပေးသည်ကို မည်သူကြားဖူးပါသနည်း။

သို့သော် အကြောင်းအရာကို သေသေချာချာသိရှိသွားပြီးနောက် အများစုက ဤကိစ္စကို လက်ခံရန် ခက်ခဲကြမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ယွမ်ကျန်းဖုန်း လက်နက်ပြုလုပ်ပေးသည့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်မှာ အခြားသူမဟုတ်ဘဲ ‘ရန်ကျောက်ကဲ’ ဖြစ်နေသောကြောင့်ပင်။

သူ၏ အောင်မြင်မှုများကို ဝါစဉ် ၊ အသက်အရွယ် ၊ ကျင့်ကြံခြင်းအဆင့်များဖြင့် တိုင်းတာရနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲအတွက် ဓားပြုလုပ်ပေးရာတွင် ကူညီပေးခဲ့သော ‘ကောင်း’ မျိုးနွယ်လူရွယ်မှာ ကူညီထိုက်သည်ဟုပင် စိတ်ထဲမှ ခံစားခဲ့ရသည်။

ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို ပြုံးပြရင်း...

“မင်းရဲ့ ဓားအသစ်ကို စမ်းကြည့်ပါဦး”

ပြောပြီးသည်နှင့် သူကလက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိသွားသည်။

ရန်ကျောက်ကဲ စူးစိုက်ကြည့်လိုက်တော့ လေထဲတွင် ပျံဝဲနေသည့် ဓားတစ်လက်ကို တွေ့လိုက်ရသည်။ ဓားရောင်က ကျောက်စိမ်းရောင်တောက်နေပြီး အေးစိမ့်သည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။ ဓားထိပ်ဖျားတွင်တော့ သွေးနီရောင်အလင်းတန်းတစ်ခု တောက်ပနေပြီး ဓားက ပျော့ပြောင်းသော်လည်း အလွန်တရာ ထက်မြက်ဟန်ရှိ၏။

ဓားအတွင်းမှ စွမ်းအားအတက်အကျများကို ခံစားနိုင်ပြီး ပြင်းထန်သောစွမ်းအားများကို ပြင်ပသို့မထုတ်လွှတ်ဘဲ အတွင်းထဲမှာပင် ထိန်းချုပ်ထားဟန် ရှိသည်။

သို့ပေသိ သေသေချာချာ အာရုံခံကြည့်မည်ဆိုလျှင် ဓားအတွင်းတွင် ဖုံးကွယ်ထားသည့် စွမ်းအားက အလွန်တရာ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားရပေမည်။ ထိုစွမ်းအားများ ပေါက်ကွဲထွက်လျှင် မည်မျှ ထိတ်လန့်ဖွယ်ဖြစ်မည်ကို ခန့်မှန်း၍ပင် မကြည့်နိုင်ပေ။

ယွမ်ကျန်းဖုန်းက...

“ဒီဓားကို ‘အစိမ်းရောင်ချောက်နက်ဓား’ လို့ခေါ်တယ် ၊ ပင်လယ်တစ်ဖက်ခြမ်းကရရှိတဲ့ အစိမ်းရောင်‌ချောက်နက်သံမဏိနဲ့ မီးနယ်မြေကိုတိုက်ခိုက်တုန်းက ရရှိခဲ့တဲ့  နေကိုးစင်းရွှေစင် ‌ပေါင်းစပ်ပြုလုပ်ထားတာ ၊ ပြီးတော့ ‌မင်းယူလာတဲ့ ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်တွေထဲက အဖိုးတန်ပစ္စည်းတွေကိုလည်း ထပ်ထည့်ထားသေးတယ်”

ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းကို ဦးညွှတ်ဂါရဝပြုရင်း...

“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”

ထို့နောက်သူက ‘အစိမ်းရောင်ချောက်နက်ဓား’ ၏ဓားသွားကို ထိကိုင်လိုက်ရာ ထက်ရှသောဓားသွားသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားသည်။

ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် မြင်ကွင်းတစ်ခုပေါ်လာသည်။

ကျယ်ပြောလှသော ကောင်းကင်ပြင်ကြီးထက်မှ မီးတောက်မီးလျှံများ ကျဆင်းလာပြီး ကောင်းကင်ထက်တွင် နီရဲသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းကြီးက ကောင်းကင်ထက်တွင် အမာရွတ်တစ်ခုနှင့် ဆင်တူသည်။

မကြာမီ တောင်လောင်နေသည့် အက်ကွဲကြောင်းကြီး ပြန်ပိတ်သွားသည်။ သို့သော် သူရပ်တည်နေသော ကောင်းကင်နှင့် မြေကြီးက ပြောင်းပြန်လှည့်သွားသလို ခံစားရသည်။

သူက ကောင်းကင်ကိုမော့ကြည့်နေသော်လည်း တွေ့မြင်ရသည်က နက်ရှိုင်းသောအနီရောင်မီးများတောက်လောင်နေသည့် မြေပြင်သာလျှင် ဖြစ်သည်။

ဓားအတွင်းမှ ထက်ရှလွန်းသော ဓားဝိညာဉ်ထွက်ပေါ်လာပြီး ဓားကိုင်ထားသော ရန်ကျောက်ကဲ၏လက်ကို ထိုးခွဲတော့မတတ် ဖြစ်သည်။

ရန်ကျောက်ကဲ၏မျက်ဝန်းထဲတွင် အကန့်အသတ်မဲ့ နက်ရှိုင်းသော အစိမ်းရောင်ချောက်နက်ကြီးတစ်ခုကို တွေ့မြင်ရသည်။ သူက ချက်ချင်း အာရုံစိုက်လိုက်ပြီး သူ၏ အစစ်အမှန်သိုင်းဝိညာဉ်ကို ဓားဝိညာဉ်နှင့်ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။

ရန်ကျောက်ကဲက ‘အစိမ်းရောင်ချောက်နက်ဓား’ ကို သူ့ကိုယ်ပိုင်အဖြစ် သန့်စင်နေသည်ကို ယွမ်ကျန်းဖုန်းနှင့် သက်လတ်ပိုင်းလူရွယ်က တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။

လူငယ်၏ တည်ငြိမ်မှုနှင့် စည်းစနစ်ကျနမှုကို တွေ့မြင်လျှင် နှစ်ယောက်လုံး ခေါင်းတညိတ်ညိတ် လုပ်မိကြသည်။

အချိန်အတန်ကြာပြီးမှ ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်ရင်း...

“ဆရာဘိုးဘိုး... ဆရာဘိုးဘိုးက ကျွန်တော့်အတွက် ဓားတစ်လက်လုပ်ပေးမယ်ဆိုတော့ တစ်ဖက်သွားဓားတစ်လက် လုပ်ပေးမယ်ထင်ထားတာ ၊ ဒါမှမဟုတ် ကောင်းကင်ဝါဒလက်ဝါးသိုင်း အဓိပ္ပါယ်ပါဝင်တဲ့ ဓားတစ်လက်လည်း ဖြစ်နိုင်တယ်ပေါ့ ၊ အခုလို နှစ်ဖက်သွားဓားရှည်ဖြစ်နေမယ်လို့ ထင်မထားမိဘူး”

ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်တွင် ယွမ်ကျန်းဖုန်းက ကောင်းကင်ဝါဒလက်ဝါးသိုင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို လေ့ကျင့်ခဲ့သူ ဖြစ်သည်။

အထွတ်ထိပ်အဆင့်ရှိသော သိုင်းတာအိုကျင့်ကြံသူများ လက်နက်ပြုလုပ်မည်ဆိုလျှင် ထိုလက်နက်ထဲတွင် သူတို့ကျင့်ကြံထားသည့် သိုင်းပညာအခြေခံအုတ်မြစ်သဘောတရားများနှင့် နားလည်မှုများပေါင်းစပ်ပါဝင်နေမည် ဖြစ်သည်။ ထို့ကြောင့် ရန်ကျောက်ကဲက ဤသို့ ပြောဆိုလိုက်ခြင်းပင်။

ယွမ်ကျန်းဖုန်းကလည်း ရယ်မောလိုက်ရင်း...

“မင်း ကံဆိုးတာပဲ ၊ ဒီအဘိုးကြီးက ဒီရက်တွေမှာ အဆုံးမဲ့ကောင်းကင်ဓားသိုင်းကို လေ့လာနေခဲ့တာ ၊ ဒါကြောင့် ‘အစိမ်းရောင်ချောက်နက်’ ကို ပြုလုပ်တော့ ငါက အဲဒီဓားသိုင်းလေ့ကျင့်ရင်း ပြုလုပ်ခဲ့တာလေ ၊ တခြားသိုင်းပညာတွေ မပါတော့ဘူးပေါ့”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကျွန်တော် သိသားပဲ”

ရန်ကျောက်ကဲ ပြုံးလိုက်သည့်အချိန် သူ့မျက်ဝန်းများက ဖျတ်ခနဲ လင်းလက်သွားပြီး သူ့လက်ထဲမှဓားသွားကလည်း လင်းလက်လာကာ နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာသည်။

ယွမ်ကျန်းဖုန်းက ခေါင်းတညိတ်ညိတ်လုပ်ရင်း...

“ဓားနဲ့လူပေါင်းစည်းသွားတာ အရမ်းမြန်တယ်... အင်း... ဒီအဘိုးကြီး ခန့်မှန်းထားတာထက် ပိုမြန်တယ်”

ရန်ကျောက်ကဲက အဆင့်မြင့်မှော်ဝင်ဓားတစ်လက်ဖြစ်သော ‘အစိမ်းရောင်ချောက်နက်ဓား’ဖြင့် ကနဦး ပေါင်းစည်းခြင်းအဆင့် ပြီးဆုံးသွားတော့မှ ယွမ်ကျန်းဖုန်းက စကားဆိုသည်။

“ရန်တိနဲ့ ဖူအန်းစုက ယွင်ရှန်းအကြောင်း ငါ့ကို ပြောပြတယ် ၊ ငါတို့ သေသေချာချာ တိုင်ပင်ပြီးတဲ့နောက် သူ ပြင်ပလောကကို သွားချင်တယ်ဆိုရင် ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ကျောက်စိမ်းသားဟာ ကွဲကြေလွယ်ရင် ရတနာပစ္စည်းပြုလုပ်လို့ မရနိုင်ဘူး ၊ ငါတို့ ဝါဒတောင်ကတပည့်တွေက အမြဲတမ်း မာကျောပြီး ခံနိုင်ရည်ရှိတဲ့လူတွေပဲ ဖြစ်နေရမယ် ၊ ဒါပေမဲ့... ငါတို့အနေနဲ့ သူ့ကို ပြီးပြီးရော ပြင်ပလောကကို မလွှတ်လိုက်နိုင်ဘူး”

အဘိုးအိုက သူ၏မြေးတပည့်ကို တစ်ချက်အကဲခတ်ရင်း...

“မင်း မကြာခင် ပုံရိပ်ယောင်ပင်လယ် စိမ့်စမ်းတောကို ခရီးထွက်မယ်လို့ ရန်တိက ပြောတယ် ၊ ဆိုတော့... မင်းနဲ့အတူ ယွင်ရှန်းကို ခေါ်သွားလိုက်ပါ ၊ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက အတွေ့အကြုံရှာဖို့အတွက် နေရာကောင်းတစ်ခုပါပဲ ၊ ယွင်ရှန်း မင်းနဲ့အတူပါသွားရင်တော့ ငါတို့အနေနဲ့ စိတ်အေးနိုင်လိမ့်မယ်”

All Chapters