← Chapters

သေခြင်း ရှင်ခြင်း

Vol. 4 Ch. 336

သေခြင်း ရှင်ခြင်း

Vol. 4 Ch. 336

မိုးတိမ်များသည် သူမကို ဝန်းရံထားပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် မိုးခြိမ်းသံများ ထွက်ပေါ် နေသလို လျှပ်စီးများလည်း လက်နေလေသည်။

သူမနှင့် ဆရာဦးလေး အချိန်မည်မျှ ကြာအောင် ပျံသန်း နေသည်လဲ သူမအနေဖြင့် မခန့်မှန်းနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် လျှပ်စီးများက သူမ၏ စိတ်အာရုံများကို ဖုံးလွှမ်းထား သောကြောင့် ဖြစ်လေသည်။

သူမသည် ဆရာဖြစ်သူ ချန်ကျန့်မေ ပေးထားသည့် လျှို့ဝှက်ဓား အင်းချပ်ကို အသုံးပြုကာ မည်သည့် အကွာအဝေး ကိုမဆို သဲလွန်စ မကျန်အောင် ပျံသန်းနိုင် လေသည်။

သို့သော် နတ်ဘုရား တစ်ပါးဖြစ်သည့် ဆန်းလျန်သည် သူမထက် အဆပေါင်း ထောင်ပေါင်း များစွာ သာလွန်လေသည်။ ထို့ကြောင့် ဆန်းလျန်က မိုင်ထောင် ပေါင်းများစွာ အဝေးကို တစ်ခဏ အတွင်းပင် သွားရောက် နိုင်လေသည်။

လျှပ်စီးများဖြင့် ပြည့်နက်နေသည့် မိုးသား တိမ်တိုက်များ ထဲတွင် ပျံသန်းနေရင်း သူမ ခြေထောက်များ မြေပြင်ထက်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည့် အခါတွင်တော့ သေစေခြင်း ကျောင်းတော်သို့ ရောက်ရှိနေပြီကို သူမ တွေ့လိုက်ရ လေသည်။

သူမ စိတ်ထဲတွင် မည်မျှ အချိန်ကြာသည်ကို မခန့်မှန်း မိသည့်တိုင် နေ့တစ်ဝက် ခန့်သာ ကြာမြင့်သည်ဟု ခံစားလိုက်ရ လေသည်။

သူမ၏ ဆရာ ဦးလေးသည် မိုင်ပေါင်း တစ်သောင်းကျော် ဝေးကွာသည့် ချင်းရွှမ် နတ်တံခါးမှ ရှီးဟွမ်နယ်သို့ အချိန်တိုလေး အတွင်းမှာပင် ရောက်ရှိလာ ခဲ့သည်မှာ အလွန်မှ အံ့သြလွန်းစရာ ကောင်းလေသည်။

သူမသည် ဆန်းလျန်၏ ပတ်ပတ်လည်တွင် တဖြည်းဖြည်း ပျောက်ကွယ် လုနီးပါး ဖြစ်နေပြီ ဖြစ်သည့် လျှပ်စီးများကို တွေ့မြင်လိုက် လေသည်။ ထို့ကြောင့် သူမက မအောင့်နိုင်ဘဲ မေးလိုက်မိသည်။

"အဲဒီ လျှပ်စီးတွေက ဆရာဦးလေး ခန္ဓာကိုယ်ထဲက ထွက်လာတာလား"

ဆန်းလျန်က ရယ်မော လိုက်ရင်း...

"ဒါက ချင်းရွှမ်ရဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုပဲ၊ "လေနှင့် လျှပ်စီးတောင်ပံ အသွင်ပြောင်း ပညာ" လို့ ခေါ်တယ်၊ ဒီပညာက လောကမှာ ခရီးသွားလာဖို့ အတွက် အမြန်ဆုံးပညာ တစ်ခုတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ထိပ်တန်းကျင့်စဉ် တစ်ခုလို့တော့ ပြောလို့ရတယ်၊ အဲဒီကျင့်စဉ်ကို ကျင့်ကြံပြီးတဲ့ နောက်ပိုင်း ကျုပ် ပထမဆုံး ပျံသန်း ကြည့်တာပဲ၊ မင်းကိုခေါ်ပြီး ပျံသန်းလာလို့ နည်းနည်း နှေးနေ တာတောင် ရှီးဟွမ်ကို တစ်နာရီအတွင်း ရောက်လာတာသာ ကြည့်တော့"

မိန်းကလေးငယ်ကို ပြောပြရန် မသင့်သော်လည်း ဆန်းလျန်က ဗဟုသုတ အနေဖြင့် ပြောပြလိုက် လေသည်။ သို့သော် ဖန်းယန်ယင်းမှာ ဆန်းလျန်၏ စကားကို အူကြောင်ကြောင်ဖြင့် နားထောင် နေလေသည်။

ပြီးမှ...

"ဆရာဦးလေးက တကယ့် နတ်ဘုရား တစ်ပါးပဲ"

ဟု ပြောလိုက် လေသည်။

ဆန်းလျန်က သူမကို မည်သည့် စကားမှ ပြန်မပြောပါ။

ဆန်းလျန်သည် သေစေခြင်း ကျောင်းတော်၏ ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။ ဆိုင်းဘုတ်သည် အရင်ကအတိုင်းပင် မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်လေသည်။

ဆန်းလျန်က သူ၏ နတ်ဘုရား ဝိညာဉ်ကို ဖြန့်ကျက် လိုက်ရာ ကျောင်းတော်ထဲတွင် လူပေါင်း ဆယ့်တစ်ယောက်ခန့် ရှိနေသည်ကို သတိပြုလိုက် မိလေသည်။ သူတို့ အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။

သို့သော် ထိုသူ ဆယ့်တစ်ယောက် လုံး၏ တန်ခိုးစွမ်းအား များသည် ဖန်းယန်ယင်းကို မမီကြပေ။

ထိုသူများမှာ သေစေခြင်း ကျောင်းတော်၏ အမည်နာမ အောက်တွင် ချန်ကျန့်မေ ပညာသင်ပေး နေသည့် တပည့်များ ဖြစ်ဟန် တူလေသည်။

ဆန်းလျန်သည် သေစေခြင်း ကျောင်းတော် အတွင်းသို့ မည်သူမျှ မရိပ်မိအောင် လျင်မြန်လွန်းသည့် အရှိန်ဖြင့် ဝင်ရောက် သွားကာ ချန်ကျန့်မေ၏ အတွင်းခန်း ဆောင်သို့ ရောက်ရှိသွား လေသည်။

ကျောက်သလွန် ထက်တွင် တင်ပျဉ်ခွေ ထိုင်နေသည့် ချန်ကျန့်မေကို ဆန်းလျန် တွေ့လိုက်ရသည်။ ချန်ကျန့်မေ၏ ဦးခေါင်းထက်မှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ် နေလေသည်။

ချန်ကျန့်မေ၏ မျက်နှာမှာ စာရွက်ဖြူ တစ်စအလား ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ၏ နှုတ်ခမ်းများ ကလည်း သွေးရောင်လုံးဝ မရှိတော့ပေ။

ဆန်းလျန် ကြည့်နေဆဲမှာပင် ချန်ကျန့်မေက သွေးများ အန်ချလိုက်ပြီး သူဝတ်ဆင် ထားသည့် အဖြူရောင် ဝတ်စုံသည် သွေးများဖြင့် စွန်းထင်း ကုန်လေသည်။

ထို့နောက် သူက ချောင်းများ အဆက်မပြတ် ဆိုးလာလေသည်။

ဆန်းလျန်က မျက်မှောင် တစ်ချက် ကြုတ်လိုက် လေသည်။

ထို့နောက် သူ၏ ပြဒါးအတွင်းအား များကို ချန်ကျန့်မေ၏ ကိုယ်တွင်းသို့ သွင်းပေးလိုက် လေသည်။

ဆန်းလျန်၏ ထိုက်ရွှီးနတ်ဘုရား စွမ်းအားများသည် ချန်ကျန့်မေ၏ ကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်သွား လေသည်။ ဒြပ်စင်ငါးပါး စွမ်းအားသည် သစ်သားဒြပ်စင် စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ချန်ကျန့်မေ၏ အသွေးအသားထဲ အထိ စီးဝင်သွား လေသည်။

ဆန်းလျန်သည် ချန်ကျန့်မေ၏ ဝမ်းဗိုက်ထဲတွင် လှည့်ပတ် နေသည့် ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်စွမ်းအား တစ်ခုကို ခံစားလိုက်ရ လေသည်။ ထိုဓားဝိညာဉ်ကြောင့် ချန်ကျန့်မေသည် သွေးများ အဆက်မပြတ် အန်နေခြင်း ဖြစ်လေသည်။

ခဏအကြာ တွင်တော့ ချန်ကျန့်မေက မျက်လုံးများကို အသာအယာ ဖွင့်ကြည့် လိုက်သည်။

"ကျုပ်ရဲ့ အသုံးမကျတဲ့ တပည့်က စကား နားမထောင်ဘူးပဲ၊ သူက မင်းကို သွားခေါ်ခဲ့တယ်"

"ဂိုဏ်းတူ အစ်ကိုချန်၊ ဒီလောက် ဒဏ်ရာ ရထားတာ ဘာလို့ ကျွန်တော့်ကို အကြောင်း မကြားရတာလဲ"

ဆန်းလျန်က ခပ်တိုးတိုး လေသံဖြင့် ပြောလိုက်သည်။

အမှန်တော့ ချန်ကျန့်မေတွင် ချင်းရွှမ် နတ်တံခါးနှင့် တိုက်ရိုက် ဆက်သွယ် နိုင်သည့် လက်မှတ်တစ်ခု ရှိလေသည်။ သူ့အနေဖြင့် ဆန်းလျန်ကို အကြောင်းကြားရန် အတွက် တပည့် တစ်ယောက် စေလွှတ်စရာ မလိုပေ။ ထိုလက်မှတ်ကို အသုံးပြု လိုက်ရုံဖြင့် ဆန်းလျန်က သူ့ထံမှ သတင်းကို ရမည် ဖြစ်လေသည်။

"မင်းကို မပတ်သက် စေချင်လို့ပေါ့၊ ဒီကိစ္စက ကျုပ်နဲ့ပဲ ပတ်သက်တယ်၊ ကျုပ်ကပဲ လက်စား ပြန်ချေမယ်"

ဆန်းလျန်သည် ချန်ကျန့်မေကို အေးစက်စွာဖြင့် စိုက်ကြည့် လိုက်လေသည်။

"အစ်ကို့ရဲ့ ဒဏ်ရာက ကျွန်တော်သာ အရောက် နောက်ကျရင် အသက်တောင် ပါသွားနိုင်တယ်၊ ဘယ်လိုလုပ် လက်စား ချေမှာလဲ"

သို့သော် ချန်ကျန့်မေ၏ အဖြေက ထူးခြားလေသည်။

"ကျုပ်လိုက်ခဲ့တဲ့ ကျင့်စဉ် လမ်းကိုက သေခြင်း ရှင်ခြင်းနဲ့ ဆက်စပ် နေတာပဲ၊ ပြီးတော့ ကျုပ်က အဲဒီလူရဲ့ ဓားပညာကို လေ့လာဖို့ ဆုံးဖြတ်ထားတာ၊ သူ့ရဲ့ ဓားသိုင်းပညာက အရမ်း အဆင့်မြင့်တယ်၊ မရဏ ဓားတစ်လက်ကို ကျင့်ကြံအောင်မြင် ထားတာပဲ၊ ဒီတော့ ကျုပ်ကသာ ကျုပ်ရဲ့ ဒဏ်ရာကို ကုသလိုက်ရင် အဲဒီလူရဲ့ ဓားသိုင်းပညာကို နားလည်နိုင်ခွင့် ရှိမှာ မဟုတ်တော့ဘူး"

ချန်ကျန့်မေ၏ အဖြေကြောင့် ဆန်းလျန်မှာ အံ့သြမှင်တက် သွားရလေသည်။ သူက ချန်ကျန့်မေသည် သူ၏ ဓားဒဏ်ရာကို မကုသခြင်းမှာ ထိုသူ၏ ဓားသိုင်းပညာကို လေ့လာလို၍ ဖြစ်သည်ဟု လုံးဝ ထင်မထား ခဲ့မိပေ။

ချန်ကျန့်မေသည် ဘဝနှင့် သေခြင်း တရားကိုပင် လျစ်လျူရှုကာ ဓားသိုင်းပညာ အပေါ်တွင် အရူးအမူး စွဲလန်းသူ တစ်ယောက် ဖြစ်လေသည်။ ချန်ကျန့်မေကို ရူးမိုက်သူအဖြစ် သတ်မှတ် ရမည်လား၊ ဓားသိုင်းပညာ အတွက် မွေးဖွားလာသူဟု သတ်မှတ် ရမည်လား ဆန်းလျန် မဝေခွဲနိုင် တော့ပေ။

"ဒါဆို ကျွန်တော်က အစ်ကို သေတာကို ထိုင်ကြည့်နေ ရမှာလား"

ဆန်းလျန်က ပြောလိုက်သည်။

ချန်ကျန့်မေက ဆန်းလျန်၏ ပခုံးကို လက်ဖြင့်အသာ ပုတ်လိုက်သည်။

ချန်ကျန့်မေ၏ အကြည့်များတွင် ခိုင်မာသည့် ဆုံးဖြတ်ချက် များကို မြင်တွေ့ရ လေသည်။ အစ်ကိုဖြစ်သူကို ဆန်းလျန်သည် မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။ ချန်ကျန့်မေလို လူမျိုးက ဆုံးဖြတ်ချက် ချပြီးလျှင် ပြန်ပြင် တတ်သည့် လူစားမျိုး မဟုတ်ကြောင်း ဆန်းလျန် သိထားလေသည်။

ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"အခုလို အခြေအနေမှာ ပြဒါးဆေး နည်းနည်းတော့ သောက်လိုက်ပြီး ဒဏ်ရာ ပိုဆိုး မလာအောင် လုပ်သင့်တယ် မဟုတ်ဘူးလား"

ချန်ကျန့်မေက အားတင်းပြီး တစ်ချက် ပြုံးလိုက်သည်။

"တကယ်တော့ ကျုပ်က ဆေးတော့ သောက်မလို့ပါပဲ၊ ဒါပေမဲ့ အဲဒီလူရဲ့ ဓားဝိညာဉ်ထဲက ဓားသိုင်းပညာ သဘော တရားတွေမှာ နစ်မျော သွားတာနဲ့ ဆေးသောက်ဖို့ မေ့သွားတာ"

ချန်ကျန့်မေ၏ တန်ခိုးစွမ်းအား များမှာ အလွန်အားနည်း နေသည့်တိုင် သူ၏ မျက်ဝန်းများသည် သေခြင်းတရားနှင့် နီးကပ်လွန်းခြင်း မရှိသေးပါ။ ထို့ကြောင့် ဆန်းလျန်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားရ လေသည်။

ပုဂ္ဂိုလ်ရေးအရ ပြောရလျှင် ချန်ကျန့်မေသည် ဆန်းလျန်၏ ဂိုဏ်းတူအစ်ကို ဖြစ်သည့် အတွက် သူ့ကို မည်သည့် အန္တရယ်မှ မကြုံတွေ့စေလိုပေ။ ထို့ပြင် ချင်းရွှမ် နတ်တံခါး ပြန်လည် ဦးမော့လာကာစ အချိန်တွင် သူက ချန်ကျန့်မေကို များစွာမျှော်လင့် ထားခဲ့လေသည်။ ချန်ကျန့်မေ နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် နိုင်သည်အထိပင် သူက မျှော်လင့်ထား ခဲ့မိသည်။

ချန်ကျန့်မေသာ တစ်ခုခု ဖြစ်ပါက ချင်းရွှမ် နတ်တံခါး အတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီး တစ်ရပ်ကို ရင်ဆိုင်ရမည် ဖြစ်လေသည်။

ထိုအရာ အားလုံးထက် ပိုသည့် အချက်မှာ သူတို့ နှစ်ယောက်သည် စကားများစွာ ပြောဆိုကြခြင်း မရှိသည့်တိုင် တစ်ယောက်ကို တစ်ယောက် နားလည်မှု အပြည့်ဖြင့် ခိုင်မာသည့် ခင်မင်မှုများကို တည်ဆောက်ရယူ ထားသည့် ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်ကြလေသည်။

ထိုမျှ မကသေးပါ ချန်ကျန့်မေသည် ဆရာသခင် ကျန်းရော့ရွှီး၏ အချစ်ဆုံးနှင့် တန်ဖိုးအထားဆုံး တပည့် တစ်ယောက် ဖြစ်လေသည်။ ဆရာ သခင်သည် ဆန်းလျန်ကို ချစ်ခင်သည် ဆိုသော်လည်း ချန်ကျန့်မေနှင့် ယှဉ်လျှင် ဒုတိယ အဆင့်တွင်သာ ရှိလေသည်။ ချန်ကျန့်မေသာ တစ်ခုခု ဖြစ်ခဲ့လျှင် ဆန်းလျန်သည် တမလွန်မှ ဆရာသခင် ကျန်းရော့ရွှီး ကိုလည်း မျက်နှာ ပြရဲမည် မဟုတ်ပေ။

"ဒါဆိုလည်း ကျွန်တော် ဒီမှာနေပြီး အစ်ကို့ကို ကာကွယ်ပေးမယ်၊ အစ်ကို အန္တရာယ် မကင်းဘူးဆိုရင် ကျွန်တော်လည်း စိတ်မချနိုင်ဘူး"

ဆန်းလျန်က ပြောလိုက်သည်။

"ကျုပ်က သေတဲ့အထိတော့ မလုပ်ပါဘူးကွာ၊ မင်း ရောက်လာပြီး ကျုပ်ကို ကာကွယ်ပေးမယ် ဆိုတော့လည်း ကောင်းတာပေါ့၊ ဒါပေမဲ့ အခုပဲ မင်းရဲ့ အသက်ဓာတ် စွမ်းအားတွေကို ထိန်းချုပ် လိုက်ရင် ကောင်းမယ်၊ မဟုတ်ရင် အဲဒီကောင်က တန်ခိုးစွမ်းအား တွေကို အာရုံခံပြီး ဒီနေရာကို ထပ်ရောက် လာဦးမှာ၊ ကျုပ်က မင်းကို အထင်သေးလို့  ဒီစကားပြောတာ မဟုတ်ပါဘူး၊ ဒါပေမမဲ့ မင်းရဲ့လက်ရှိ တန်ခိုးစွမ်းအား တွေက အဲဒီကောင် ကိုတော့ လုံး၀ မမီနိုင်သေးဘူး၊ ပြီးတော့ ကျုပ်အထင် ပြောရရင် အဲဒီကောင်က ဓားသိုင်းပညာကို နှလုံးသား တစ်ခုလုံးနဲ့ ရင်းပြီး ကျင့်ကြံထားပုံ ရတယ်၊ သူ့ရဲ့ ကျင့်စဉ်လမ်းက ကျုပ်တို့နဲ့ မတူညီပေမဲ့  သူက ဓားသိုင်း ကျင့်ကြံသူ တစ်ယောက်ရဲ့ စိတ်ထားအတိုင်း သေခြင်းရှင်ခြင်း တွေကို အရေးမထားဘူး၊ ဆန်းလျန် … မင်းနားလည် ထားရမှာက ချင်းရွှမ် နတ်တံခါးဟာ ချန်ကျန့်မေ မရှိလို့ ဘာမှ ဖြစ်မသွားဘူး၊ ဒါပေမမဲ့ ဆန်းလျန်ဆိုတဲ့ မင်းက ချင်းရွှမ်မှာ မရှိလို့မဖြစ်ဘူး"

စကား အရှည်ကြီးကို မနားတမ်း ပြောလိုက်ရသည့် အတွက် ချန်ကျန့်မေ၏ နဖူးထက်တွင် ချွေးများပင် ထွက်လာ လေသည်။

"ဆန်းလျန် နားလည်ပါပြီ၊ ဂိုဏ်းတူအစ်ကို ကောင်းကောင်း အနားယူပါ"

ဆန်းလျန်က သိမ်မွေ့စွာဖြင့် ချန်ကျန့်မေကို စကားဆို လိုက်သည်။

ချန်ကျန့်မေ၏ စကားလုံးများသည် ဆန်းလျန်၏ နှလုံးသားကို တည့်တည့် ထိသွားလေသည်။

ချန်ကျန့်မေသည် ဓားသိုင်းပညာကို စွဲစွဲလန်းလန်း ကျင့်ကြံနေခဲ့ပြီး ဓားနှင့်လူ တစ်သားတည်း ကျနေသည့် ဓားတန်ခိုးရှင် တစ်ယောက် ဖြစ်လေသည်။ သူက ဆရာသခင် ကျန်းရော့ရွှီး၏ မျက်နှာ တစ်ခုတည်းဖြင့် ချင်းရွှမ် နတ်တံခါးကို သံယောဇဉ် ထားနေခြင်း ဖြစ်လေသည်။

သူက ချင်းရွှမ် နတ်တံခါးအတွက် အသက်ပင် ပေးရဲသည့်တိုင် ချင်းရွှမ် နတ်တံခါး၏ တိုးတက် ပြောင်းလဲမှုများနှင့် စည်းရုံးမှုများ တွင်တော့ ပါဝင် ပတ်သက်ခြင်း မရှိပေ။

သူ၏ ပြိုင်ဘက်မရှိဖြင့် ဓားသိုင်းပညာဖြင့် ချင်းရွှမ် နတ်တံခါး အကူအညီ လိုအပ်သည့်အခါ အကူအညီ ပေးရန်သာ မျှော်လင့်ထား ခဲ့လေသည်။

သို့သော် ဆန်းလျန်ကတော့ ချန်ကျန့်မေနှင့် မတူညီပါ။

ချင်းရွှမ် နတ်တံခါးနှင့် ဆန်းလျန်၏ ပတ်သက် ဆက်နွယ်မှုမှာ အလွန်မှ ခိုင်မာလွန်း လေသည်။

ချင်းရွှမ် နတ်တံခါးမှ အခြားသူများက ထိုအချက်ကို မရိပ်မိသည့်တိုင် ချန်ကျန့်မေ ကတော့ ရှင်းလင်းစွာဖြင့် သိမြင်ထား လေသည်။

***

All Chapters