← Chapters

သေစေခြင်းကျောင်းတော်

Vol. 4 Ch. 337

သေစေခြင်းကျောင်းတော်

Vol. 4 Ch. 337

ဆန်းလျန်သည် ဟိုင်သန်းအဆင့် မအောင်မြင် အချိန်တုန်းက သေစေခြင်း ကျောင်းတော်တွင် ခဏတာ နေခဲ့ဖူးလေသည်။ ထို့ကြောင့် သူ့အနေဖြင့် သေစေခြင်း ကျောင်းတော်နှင့် သိပ်ပြီးစိမ်းခြင်း မရှိပေ။

ချန်ကျန့်မေသည် ခမ်းနားထည်ဝါခြင်း များကို နှစ်သက်သည့်သူ မဟုတ်သည့် အလျှောက် သေစေခြင်း ကျောင်းတော်မှာ သာမန် ရိုးရိုးရှင်းရှင်းပင် ဖြစ်လေသည်။

ကျောင်းတော် ခန်းမထဲတွင် မည်သည့်အရာမှ မရှိဘဲ ရှင်းလင်း နေလေသည်။ အမွှေးတိုင် ထွန်းညှိ ပူဇော်သည့် အမွှေးတိုင် တန်းလေး တစ်ခုသာ ရှိလေသည်။ ကြမ်းခင်း အဝတ်လေး တစ်ခု ခင်းထားပြီး နံရံထက်တွင် လက်ရေးမူဖြင့် ရေးသား ထားသည့် "မိုး နှင့် မြေ" ဆိုသည့် စာလုံးနှစ်လုံး ရှိလေသည်။

ချန်ကျန့်မေ၏ ဓားသိုင်းပညာ အခြေခံမှာ မိုးနှင့်မြေ ဖြစ်လေသည်။ ထို့ကြောင့် ထိုစာလုံးများကို ရေးသား ထားခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် "မိုး နှင့် မြေ" ဆိုသည့် စာလုံးနှစ်လုံးကို ငေးကြည့် နေလေသည်။ စာလုံးများကို ရေးသားထားသည့် စုတ်ချက်တိုင်းတွင် ချန်ကျန့်မေ၏ လူသတ်လိုသည့် အငွေ့အသက် များကို ခံစားနေရသည်။

စာလုံးများ၏ စုတ်ချက်များတွင် လူသတ်လိုသည့် အငွေ့အသက်များ မပါရှိတော့အောင် ကျင့်ကြံနိုင်မှ သာလျှင် ချန်ကျန့်မေ၏ ကျင့်စဉ်လမ်းသည် ပြီးပြည့်စုံမည်ဟု ပြော၍ရမည် ဖြစ်လေသည်။ ထိုအခါမှသာ ချန်ကျန့်မေ သည်လည်း နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်လှမ်း နိုင်မည် ဖြစ်သည်။

ကံဆိုးသည့် အချက်မှာ ချန်ကျန့်မေသည် နတ်ဘုရားတစ်ပါး မဖြစ်မီမှာပင် သူ့ထက်သာသည့် ဓားတန်ခိုးရှင် တစ်ယောက်နှင့် ရင်ဆိုင် ခဲ့ရခြင်းပင် ဖြစ်လေသည်။

ယခုတစ်ကြိမ် ချန်ကျန့်မေ ရရှိခဲ့သည့် ဒဏ်ရာမှာ အလွန် ပြင်းထန်သည့် အပြင် သူရင်ဆိုင် လိုက်ရသည့် ရှုံးနိမ့်မှုကလည်း ကြီးမားလေသည်။

ထို့ကြောင့် ရရှိထားသည့် ဒဏ်ရာကို ကုသခြင်းမရှိဘဲ ပြိုင်ဘက်ရန်သူ၏ ဓားသိုင်းကို လေ့လာနေသည့် ချန်ကျန့်မေ၏ စိတ်ကို ဆန်းလျန် ကောင်းကောင်း နားလည် လိုက်သည်။ သူရင်ဆိုင် လိုက်ရသည့် အရှုံး၏ ဖိအားကို ကျင့်စဉ်လမ်း အဆင့်တက်ရန် အတွက် အသုံးချနိုင်မည် ဖြစ်သလို အရှုံးကြောင့် ရရှိသည့် သူ၏စိတ်ဒဏ်ရာလည်း သက်သာသွားမည် ဖြစ်လေသည်။

ချန်ကျန့်မေ၏ စိတ်ခံစားချက် များကို သိရှိနေသည့်တိုင် ဆန်းလျန် ကတော့ ချန်ကျန့်မေ အတွက် စိတ်ပူနေဆဲ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် လူတစ်ယောက်သည် အသက်ဆုံးခဲ့လျှင် အရာအားလုံးကို ဆုံးရှုံးရမည် ဖြစ်သည်။ သူသာ ချန်ကျန့်မေ နေရာတွင်ဆိုလျှင် ဒဏ်ရာသက်သာ ပျောက်ကင်းရေး အတွက်သာ အရင်ဦးဆုံး အာရုံစိုက်ပြီး နောက်ပိုင်း ကိစ္စများကို နောက်မှသာ ကြည့်ရှင်းမည် ဖြစ်လေသည်။

ဤသည်မှာ ဆန်းလျန်နှင့် ချန်ကျန့်မေ၏ မည်သည့်အခါမှ တူညီလာနိုင်ခြင်း မရှိသည့် စရိုက် လက္ခဏာပင် ဖြစ်လေသည်။

သို့သော် ထိုအချက်ကြောင့်ပင် ဆန်းလျန်သည် ချန်ကျန့်မေလောက် မတော်ခြင်းလည်း ဖြစ်နိုင်လေသည်။

ဆန်းလျန်၏သဘော သဘာဝက ရေနှင့်ဆင်တူ လေသည်။ သူက သဘာဝအတိုင်း အရာရာကို လက်ခံနိုင်စွမ်း ရှိသူ ဖြစ်လေသည်။

သူက မည်သည့် အရာကိုမှ ဖိအားပေး လုပ်ဆောင်ခြင်း မရှိပေ။ သူက အရာရာကို သဘာဝအတိုင်း လွတ်လပ်စွာဖြင့် သူ့သဘော သူဆောင်ခွင့် ပေးလေ့ ရှိလေသည်။ ထိုသို့ လိုက်လျောညီထွေ ရှိလွန်းလှသည့် သူ့သဘောထား ကြောင့်ပင် သူက အချိန်တိုအတွင်း နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်က ခန်းမထဲရှိ ကြမ်းခင်း အဝတ်လေး ထက်တွင် အေးချမ်းစွာပင် ထိုင်လိုက်လေသည်။

ချန်ကျန့်မေ၏ တပည့်များက ဆန်းလျန်ရှေ့တွင် မတ်တတ်ရပ် လိုက်ကြပြီး ဆန်းလျန်ကို ဦးညွွှတ်ဂါရဝ ပြုလိုက်ကြ လေသည်။

ဖန်းယန်ယင်းမှလွဲပြီး ကျန်သည့် တပည့်များမှာ သိပ်ပြီး အဆင့်မြင့်သည့် ကျင့်ကြံသူများ မဟုတ်ကြပေ။

ထို့ပြင် သူတို့မှာ ချန်ကျန့်မေ၏ တပည့်ရင်း များလည်း မဟုတ်ကြပေ။ သူတို့အထဲမှ ခုနစ်ယောက်မှာ ဟန့်ဟိုင် တိုင်းပြည်မှ ဖြစ်ကြပြီး အခြားသူများမှာ ရှီးဟွမ်မှ ဖြစ်ကြလေသည်။

ချန်ကျန့်မေက သူတို့ကို တပည့်အဖြစ် ခေါ်ယူခဲ့ပြီးစဉ် ကတည်းက သူတို့က ဆန်းလျန်ကို သိရှိထား ကြလေသည်။ သေစေခြင်း ကျောင်းတော်သည် ချင်းရွှမ် နတ်တံခါး၏ အနွယ်တော် ဂိုဏ်းခွဲတစ်ခု ဖြစ်သည့် အလျှောက် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်သူကို သိရှိနေသည်မှာ မဆန်းလှပေ။

ထို့ပြင် သူတို့က ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်သည် သူတို့၏ ဆရာဖြစ်သူ ချန်ကျန့်မေ ထက်လည်း အသက်များစွာ ငယ်သေးသည်ဟု သိထားကြပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့သည်ဟု သိထားကြ လေသည်။

သူတို့၏ ဆရာဖြစ်သူ ချန်ကျန့်မေမှာ ရှီးဟွမ်မှ မိုင်တစ်ထောင် ပတ်လည် အတွင်းရှိ ထိပ်တန်းတန်ခိုးရှင် ဆယ်ယောက်တွင် တစ်ယောက် အပါအဝင် ဖြစ်လေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီးနှင့် ဟိုင်သခင်ကြီး ပြီးလျှင် ချန်ကျန့်မေသည် တန်ခိုးစွမ်းအား အထက်မြက်ဆုံး ဖြစ်လေသည်။

သို့သော် လောကနတ်ဘုရား တစ်ပါးဖြစ်သည့် ဆန်းလျန်သည် သူတို့၏ ဆရာထက်ပိုပြီး တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့်ပင် သူတို့က ဆန်းလျန်ကို တွေ့သည့်အခါ စိတ်လှုပ်ရှား နေကြခြင်း ဖြစ်လေသည်။

ဆန်လျန်က သူတို့၏ဆရာ ချန်ကျန့်မေလောက် မျက်နှာထား တင်းမာခြင်း မရှိပါ။ ထို့ပြင် သူ၏ မျက်နှာမှာလည်း နူးညံ့သိမ်မွေ့ လွန်းလေသည်။ ဆန်းလျန်က ပြုံးနေခြင်း မရှိသည့်တိုင် ဆန်းလျန်၏ သိမ်မွေ့မှုကို သူတို့ ခံစားလိုက်ရ လေသည်။ သို့သော် သာမာန်လူသား တစ်ယောက်၏ နူးညံ့သိမ်မွေ့ခြင်း နှင့်လည်း တူညီခြင်း မရှိပေ။

ဆန်းလျန်၏ သိမ်မွေ့ခြင်းသည် နွေဦးလေပြေလေး အလားပင် ဖြစ်လေသည်။ လေးစားစရာလည်း ကောင်းသလို ဆွဲဆောင်မှုလည်း ရှိလေသည်။

“မင်းတို့ အားလုံးက အစ်ကို ချန်ကျန့်မေရဲ့ တပည့်တွေပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ မင်းတို့က ချင်းရွှမ် နတ်တံခါးရဲ့ တပည့်တွေတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ မင်းတို့က ချင်းရွှမ် လမ်းစဉ်ကို ကျင့်ကြံနေကြတဲ့ သူတွေဆိုတော့ ကျင့်စဉ်လမ်းနဲ့ ပတ်သက်ပြီး သင်ကြားပေးမယ် ဆိုရင် ကျုပ်သင်ကြား ပေးတာနဲ့ အစ်ကို ချန်ကျန့်မေ သင်ကြားပေးတာ သိပ်ပြီး ကွာမှာတော့ မဟုတ်ပါဘူး၊ အခု ကျုပ် သင်ပေးမယ့် ကျင့်စဉ် အနည်းငယ်က မင်းတို့ကို နတ်ဘုရား တစ်ပါးတော့ ဖြစ်လာစေမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ ချောင့်တုန့် အဆင့်ကို တက်ရောက်နိုင်ပြီ ဆိုတာနဲ့ ကိုယ်ပိုင် တန်ခိုးစွမ်းအား ရရှိပြီလို့ ပြောလို့ရတယ်၊ ပြီးတော့ မင်းတို့အားလုံးက ရှီးဟွမ်မှာ တိုက်ပွဲတွေ အများကြီးကို ရင်ဆိုင်ကြရဦးမှာ၊ ဒီတော့ ကျုပ်က မင်းတို့အားလုံးကို တာအိုကျင့်စဉ်တွေ သင်ကြားပေးမယ်၊ ဒါပေမဲ့ မင်းတို့ကို ဓားသိုင်း ပညာတော့ သင်ကြားပေးမှာ မဟုတ်ဘူး၊ ဓားသိုင်းပညာနဲ့ ပတ်သက်ရင်တော့ အစ်ကို ချန်ကျန့်မေရဲ့ ဓားသိုင်းဟာ မင်းတို့ တစ်ဘဝလုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက် လုံလောက်နေပြီ”

ဆန်းလျန်က ချန်ကျန့်မေ၏ တပည့်များ အားလုံးကို တစ်ချက် ဝေ့ကြည့်ပြီး ပြောလိုက်လေသည်။

ဆန်းလျန်၏ စကားများကြောင့် တပည့်များ အားလုံး ကျေနပ်ပျော်ရွှင် သွားကြလေသည်။ သူတို့၏ ဆရာဖြစ်သူ ချန်ကျန့်မေမှာ အလွန် တန်ခိုးစွမ်းအား ကြီးမားသည့်တိုင် ဓားသိုင်း ပညာကိုသာ တစ်စိုက်မတ်မတ် ကျင့်ကြံခဲ့သူ ဖြစ်လေသည်။ တန်ခိုးစွမ်းအားနှင့် ပတ်သက်ပြီး သူတို့ကို သင်ပြပေးခြင်း မရှိပေ။

ချန်ကျန့်မေ၏ တပည့်များ ဖြစ်သည့် သူတို့သည် ဓားသိုင်း ပညာကိုသာ တစ်စိုက်မတ်မတ် လေ့ကျင့်ခဲ့ ကြရလေသည်။ သို့သော် ဓားသိုင်းပညာ ဆိုသည်က လွယ်ကူသည့် ပညာရပ်တစ်ခု မဟုတ်ပေ။ အခြေခံ ဓားသိုင်းပညာကို ကြေညက်အောင် လေ့လာနိုင်ရန် မှာပင် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်မျှ ကြာမည် ဖြစ်လေသည်။

ထို့ကြောင့် ရှီးဟွမ်တွင် အန္တရယ်များကို ရင်ဆိုင်နိုင်ရန် အတွက် ဓားသိုင်း မဟုတ်သည့် အခြားသော တန်ခိုးစွမ်းအား များကိုလည်း လိုအပ်လေသည်။

“ကျေးဇူးတင်ပါတယ်၊ ဆရာဦးလေး”

“ဖန်းယန်ယင်းက လွဲပြီး ကျန်တဲ့သူတွေရဲ့ အမည်တွေကို မိတ်ဆက် ပေးပါဦး”

သူတို့က တစ်ယောက်ချင်း အမည်များ ပြောပြကာ ဆန်းလျန်ကို မိတ်ဆက် လိုက်ကြလေသည်။

သူတို့၏ အမည်များမှာ လီယွမ်လျန်၊ ယွမ်ရွယ်ဖုန်း၊ နီဟုန်ယိ၊ ဖီယွိရှန်း၊ ဟယ်ကန်းကျယ်၊ ကျင်းကျန်းကျန့်၊ လျိုဝေ့ယီ၊ ယွီယင်းဖား၊ ရှောင်ခိုင်တင်၊ စုန့်ရှိုးဝေ့နှင့် ဝမ်ကောင်းချန်တို့ ဖြစ်ကြလေသည်။

ဆန်းလျန်က လီယွမ်လျန်ကို နတ်ဘုရား မီးလျှံကျင့်စဉ်၊ ယွမ်ရွှယ်ဖုန်းကို ထိုက်ယီ ကျားကျင့်စဉ်၊ နီဟုန်ယိကို လေနတ်ဘုရား ခြေထောက်သိုင်း ကျင့်စဉ် စသည်ဖြင့် သင်ကြားပြသ ပေးလေသည်။ သူတို့၏ လက်ရှိ အဆင့်အတန်း ဖြင့်ဆန်းလျန် သင်ပေးသည့် ပညာရပ်များသည် များစွာ အသုံးဝင် လေသည်။ သူတို့အားလုံးမှာ ပျော်ရွှင်လျက် ရှိကြလေသည်။

ဖန်းယန်ယင်းကို သင်ပေးရမည့် အလှည့်သို့ ရောက်လာလေသည်။

သို့သော် သူမက ကြော်ရွံ့သည့် အမူအရာဖြင့် ဆန်းလျန်ကို စကားတစ်ခွန်း ပြောလိုက်သည်။

“ဆရာဦးလေး၊ ကျွန်မ မသင်တော့ဘူး”

အခြားသော တပည့်များမှာ ဖန်းယန်ယင်းကို တအံ့တသြဖြင့် လှမ်းကြည့် ကြလေသည်။ သူမသည် ဆရာဦးလေး၏ သင်ပြပေးမှုကို ငြင်းပယ်ရဲသည် အထိ အဘယ်ကြောင့် သတ္တိကောင်း နေရပါသနည်း။

အခြား တပည့်များက ဖန်းယန်ယင်းကို ထိုသို့ မလုပ်သင့်ကြောင်း ဝိုင်းပြော ကြလေသည်။

ချန်ကျန့်မေမှာ သူ၏ တပည့်များကို အရည်အချင်းနှင့် အလားအလာကောင်း ရှိသည်ကို ကြည့်ရှုပြီး ရွေးခြယ်ခဲ့ခြင်း မဟုတ်ပါ။ စိတ်နေစိတ်ထား ဖြောင့်မတ်သူ များကိုသာ ရွေးချယ်ကာ တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်လေသည်။ စိတ်ထား မကောင်းသော သူများသည် မည်သည့်အခါမှ သူ၏တပည့် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဖန်းယန်ယင်းကို ဆရာဦးလေး၏ စကားကို မဆန့်ကျင် သင့်ကြောင်း ဝိုင်းဝန်း အကြံပေး ကြခြင်းမှာ စိတ်ရင်းအမှန်ဖြင့် အကြံပေးကြခြင်း ဖြစ်လေသည်။

ထို့ပြင် ချန်ကျန့်မေက ဖန်းယန်ယင်းကို သူ၏ တပည့်ရင်း အဖြစ် ရွေးချယ် လိုက်သည့် အချိန်တွင်လည်း အခြားသော တပည့်များ ကလည်း သူမအပေါ်တွင် မနာလိုခြင်း မရှိကြပေ။

ဆန်းလျန်က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ပြီး…

“မင်းတို့အားလုံး သွားလို့ရပြီ”

တပည့်များ အားလုံးမှာ ဖန်းယန်ယင်း အတွက် စိတ်ပူ နေကြလေသည်။ ဆရာ ဦးလေးသည် ကြင်နာတတ်သည့် ပုံပေါက်သော်လည်း ယခုမှ တွေ့ရခြင်း ဖြစ်သည့်အတွက် သူ၏ စိတ်ဓာတ်ကို မခန့်မှန်းနိုင်ပေ။ ဆရာဦးလေး ဒေါသထွက်သွားပြီး ဖန်းယန်ယင်းကို အပြစ်ပေးမည်ကို သူတို့က စိတ်ပူပန် နေကြခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်က “သွားလို့ရပြီ” ဟု ပြောသည့်အခါတွင် မည်သူမျှ ဆက်ပြီး မနေရဲကြတော့ပေ။

“ကျုပ်သင်ပေးတဲ့ ပညာတွေက အဆင့်နိမ့်လို့ မင်းက မသင်ချင်တာလား”

ဆန်းလျန်က ဖန်းယန်ယင်းကို မေးလိုက်သည်။

“မဟုတ်ရပါဘူး၊ အဲဒီလို မတွေးရဲပါဘူး ဆရာဦးလေး၊ တကယ်တော့ ဆရာက သဏ္ဌာန်မဲ့ ဓားသိုင်းပညာ ကလွဲရင် အခြား ဘယ်ပညာကိုမှ မသင်ယူရဘူးလို့ ကျွန်မကို မှာထားလို့ပါ”

ဖန်းယန်ယင်းက ပြာပြာသလဲ ရှင်းပြလိုက် လေသည်။

“ဒါဖြင့် စောစောက ဘာလို့ မပြောတာလဲ”

“ဆရာက ကျွန်မကို သဏ္ဌာန်မဲ့ ဓားသိုင်းပညာကို သင်ပေး နေတာကို တခြားသူတွေ သိသွားရင် စိတ်မကောင်း ဖြစ်သွားကြမှာ စိုးလို့ မပြောမိတာပါ”

ဖန်ယန်ယင်းက တိုးတိတ်စွာ ဆိုလိုက်ရင်း ဆန်းလျန်၏ မျက်နှာကို သတိထားကာ အကဲခတ် လိုက်သည်။

သဏ္ဌာန်မဲ့ ဓားသိုင်းပညာသည် ချန်ကျန့်မေ ဆင်းသက်လာရာ ကျင့်စဉ်လမ်း တစ်လျှောက်၏ အခြေခံ ဓားသိုင်းပညာ ဖြစ်လေသည်။

အခြားသော တပည့်များကို ချန်ကျန့်မေက သူကိုယ်တိုင် တီထွင်ထားသည့် အခြေခံ အတွင်းအား ပညာနှင့် ဓားသိုင်းပညာများ သင်ကြား ပေးထားခြင်း ဖြစ်ပြီး ထိုပညာများမှာ နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ ဦးတည် သွားနိုင်သည့် သဏ္ဌာန်မဲ့ ဓားသိုင်းပညာနှင့် မည်သို့မျှ မယှဉ်နိုင်သည့် ပညာရပ်များ ဖြစ်လေသည်။

***

All Chapters