လရောင်ဖြူနတ်မိစ္ဆာဂိုဏ်း
Vol. 4 Ch. 338
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ဒါဖြင့်လည်း မသင်နဲ့တော့ပေါ့၊ ဒါနဲ့ ကျုပ်အတွက် အလုပ် တစ်ခုလောက် ကူညီပေးပါလား၊ ဒီအလုပ်ကိုတော့ ငြင်းလို့ မရဘူးနော်”
နတ်ဘုရားတစ်ပါး ဖြစ်သည့် ဆန်းလျန်သည် ဖန်းယန်ယင်းကို စတွေ့သည့် အချိန် ကတည်းကပင် ဖန်းယန်ယင်း၏ အကြောင်းများကို သိထားပြီး ဖြစ်လေသည်။ သူမသည် သဏ္ဌာန်မဲ့ ဓားသိုင်းကို ကျင့်ကြံနေပြီး အခြားမည်သည့် ကျင့်စဉ်မှ သင်ယူနိုင်မည် မဟုတ်သည်ကို ဆန်းလျန် သိထားလေသည်။ သို့သော် သူက ဖန်းယန်ယင်း၏ ကျင့်ကြံသူ စိတ်ထားကို စမ်းသပ်လိုသည့် အတွက် ပညာသင်ကြား ပေးရန် စကားကမ်းလှမ်း လိုက်ခြင်း ဖြစ်လေသည်။
ချန်ကျန့်မေသည် သဏ္ဌာန်မဲ့ ဓားသိုင်းပညာ၏ အခြေခံကို သိရှိရန် အတွက်ပင် ဆယ်နှစ်ခန့် ကျင့်ကြံခဲ့ရ လေသည်။ ဖန်းယန်ယင်း အတွက် အခြားသော ကျင့်စဉ်တစ်ခု ကျင့်ကြံရန် အတွက် မည်သည့် နည်းနှင့်မှ အချိန်ရမည် မဟုတ်ပေ။
သူမက နတ်ဘုရားတစ်ပါး ဖြစ်သည့်ဆန်းလျန်၏ ပညာသင်ပေးရန် ကမ်းလှမ်းခြင်း ကိုပင် ငြင်းဆန်ရဲသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် သတ္တိရှိသူ တစ်ယောက် ဖြစ်ကြောင်း ထင်ရှားလေသည်။
ဆန်းလျန်သည် သိမ်မွေ့သူ တစ်ယောက် ဖြစ်သည့်တိုင် နတ်ဘုရား တစ်ပါး ဖြစ်သည့်အတွက် ဘုရင်တစ်ပါး ထက်ပင် သြဇာအာဏာ ရှိသူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ကို ငြင်းဆန်ရဲသူမှာ မရှိသလောက် ရှားပါးလေသည်။
ဖန်းယန်ယင်းမှာ နူးညံ့သိမ်မွေ့ သည့်တိုင် ဝိညာဉ်စွမ်အား မြင့်မားသည့် အတွက်သာ ထိုသို့ ဆန်းလျန်ကို ငြင်းဆန်ရဲခြင်း ဖြစ်လေသည်။ ချန်ကျန့်မေက သူမကို တပည့်ရင်းအဖြစ် လက်ခံခဲ့သည်မှာ မထူးဆန်း တော့ပေ။
“ဘာများလဲ သိပါရစေ ဆရာဦးလေး”
သူမက ပြတ်တောင်း ပြတ်တောင်း လေသံဖြင့် ပြန်ပြော လိုက်သည်။
“ကျင်းကွမ်းဝတ် ကျောင်းတော်က ပေါင်ယွဲ့ ဆရာတော်ကြီးက ကျုပ်နဲ့ တစ်ခါ ဆုံဖူးတယ်၊ အဲဒီတုန်းက ကျုပ်က နတ်ဘုရားတစ်ပါး မဖြစ်သေးဘူး၊ အခုတော့ ကျုပ်က နတ်ဘုရား တစ်ပါး ဖြစ်သွားပြီ၊ ဒါပေမဲ့ သူက ဘဝသံသရာ တစ်ပတ်လည်ဖို့ ထွက်ခွာသွားခဲ့ပြီ၊ တကယ့်ကို စိတ်မကောင်း စရာပါပဲ။
သူ့အတွက် ဝမ်းနည်း မှတ်တမ်းလွှာကို ကျုပ်ကိုယ်စား မင်းက သွားပို့ပေးပါ၊ ဒါမှ ပေါင်ယွဲ့ ဆရာတော်ကြီး အပေါ် လေးစားသမှုကို ပြသရာ ရောက်မှာပေါ့၊ ပြီးတော့ အဲဒီဝမ်းနည်း မှတ်တမ်းလွှာကို လက်ရှိ ကျင်းကွမ်း ဝတ်ကျောင်းတော်ရဲ့ ကျောင်းထိုင် ဆရာတော် ဖားဟိုင် ဆရာတော် လက်ထဲ ထည့်ပေးပါ၊ ဒီကိစ္စပြီးမှ ကျုပ်လည်း စိတ်အေးနိုင်မယ်”
“ဆရာဦးလေး၊ ဘာလို့ ကိုယ်တိုင်သွားမပို့ ရတာလဲ၊ ပေါင်ယွဲ့ ဆရာတော်ကြီး ပျံလွန်တော် မူသွားတဲ့ သတင်းက အရမ်းကို ပျံ့နှံ့နေပြီ၊ ပြီးတော့ အဲဒီညက အဖြစ်အပျက်တွေ ကိုလည်း ဘယ်သူ့ကိုမှ ဖုံးကွယ်ထားလို့ မရဘူးလေ”
ဆန်းလျန်က ရယ်မောလိုက်ရင်း…
“ကျုပ်က နတ်ဘုရား ဖြစ်ထားတာ မကြာသေးဘူး၊ ကျင်းကွမ်းဝတ် ကျောင်းတော်မှာ ရွှေခန္ဓာရပြီး ကျင့်စဉ်လမ်း အောင်မြင် ထားတဲ့သူ တစ်ယောက်မှ မရှိတော့တဲ့ အချိန်မှာ ကျုပ်ကိုယ်တိုင် သွားရင် ဘယ်သင့်တော်မှာလဲ ၊ သက်သက် သွားကြွားသလို ဖြစ်နေမှာပေါ့”
“ဖားဟိုင် ဆရာတော်က ထိပ်တန်းအဆင့် နတ်မိစ္ဆာ ဘုရင်တစ်ပါးပဲ၊ သူ့တန်ခိုး စွမ်းအားတွေက ပေါင်ယွဲ့ ဆရာတော်ထက် မသာရင်တောင် မလျော့ပါဘူး၊ ဘာလို့ ကျင်းကွမ်းဝတ် ကျောင်းတော်မှ ကျင့်စဉ်လမ်း အောင်မြင် ထားတဲ့သူ မရှိဘူးလို့ ဆရာဦးလေးက ပြောရတာလဲ”
“ဒီကလေးမလေး ကတော့၊ မေးခွန်းတွေ အရမ်းမေးတာပဲ ၊ ကဲ … ပြောပြလိုက်မယ်၊ ဖားဟိုင် ဆရာတော်က ကျောင်းထိုင် ဆရာတော် ဆိုပေမဲ့ နတ်မိစ္ဆာတစ်ပါး အဆင့်ပဲ ရှိသေးတယ်၊ ဗုဒ္ဓဘာသာက အခုအချိန်မှာ အားလုံး ကျင့်ကြံလို့ရအောင် တံခါးဖွင့်လိုက်ပြီ ဆိုပေမဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာကို လူသားတွေကသာ ကျင့်ကြံနိုင်တယ်၊ ဒါကြောင့် ဖားဟိုင် ဆရာတော်၏ဟာ ဘယ်လောက်ပဲ တန်ခိုးစွမ်းအား မြင့်မားပါစေ ကျင့်စဉ်လမ်း အဆုံးသတ်ပြီလို့ မပြောနိုင်သေးဘူး၊ ကျင့်စဉ်လမ်း ဆိုတာ ဘယ်သူ့ အတွက်မဆို အကန့်အသတ် ရှိတာပဲ၊ မင်းက အခုအချိန်မှာ ဒါတွေကို အပြည့်အဝ နားလည်မှာ မဟုတ်သေးဘူး၊ ကဲ ကျုပ်ပြောတဲ့အတိုင်း လုပ်ပေးလို့ ရပြီလား”
ဆန်းလျန်က ပြန်ပြော လိုက်လေသည်။
ဖန်းယန်ယင်းသည် ဆန်းလျန် ပြောသည့် စကားများကို နားမလည်ပါ။ သို့သော် သူမက ခေါင်းညိတ်လိုက်ပြီး…
“ဟုတ်ကဲ့၊ ဆရာဦးလေး အမိန့်ကို နာခံပါ့မယ်”
ဟု ပြောလိုက်လေသည်။
ဆန်းလျန်က သူ၏အင်္ကျီလက် အတွင်းမှ အိတ်ငယ်လေး တစ်ခုကို ထုတ်ယူ လိုက်လေသည်။ အိတ်လေးမှာ ငွေချည်ထိုး အိတ်လေးဖြစ်ပြီး အလွန်လှပပြီး သဘာဝကျ လေသည်။
“ဒီအိတ်လေးကို ကျယ်ကျီအိတ်လို့ ခေါ်တယ်၊ ကျုပ်ရဲ့ တာအိုစွမ်းအားတွေ ထည့်ပြီး အထူးပြုလုပ် ထားတာ၊ ဒီအိတ်လေးရဲ့ တာအိုစွမ်းအား တွေကို ထိန်းထားဖို့ အတွက် မိုးမြေစွမ်းအား တွေကို အမြဲစုပ်ယူ နေတတ်တဲ့ အိပ်ကလေးပဲ၊ ဘယ်ပစ္စည်းမဆို ထည့်လို့ရတယ်၊ ကျုပ်က မင်းကို တာအိုကျင့်စဉ် ပညာ သင်ကြားမပေး လိုက်ရဘူး ဆိုတော့ ဒီပစ္စည်းလေးကို လက်ဆောင် ပေးမယ်၊ ပေါင်ယွဲ့ ဆရာတော်ကြီး အတွက် ကျုပ်ရေးထားတဲ့ ဝမ်းနည်း မှတ်တမ်းလွှာ ကိုလည်း ဒီအိတ်လေး ထဲမှာပဲ ထည့်ထားတယ်၊ ပြီးတော့ မင်းရဲ့ ဆရာပေးထားတဲ့ လျှို့ဝှက်ဓား အင်းချပ်ကိုလည်း တန်ခိုးစွမ်းအား ပြန်ဖြည့်ပေးပြီး ဒီအိတ်လေး ထဲမှာပဲ ထည့်ထား ပေးတယ်၊ မင်းသွားမယ့် လမ်းမှာ တစ်စုံတစ်ယောက်က မင်းကို တားဆီးမယ် ဆိုရင် မကြောက်နဲ့၊ လျှို့ဝှက်ဓား အင်းချပ်ကို သုံးပြီးတော့ အဲဒီလူကို သုတ်သင်ပစ်လိုက်”
ဖန်းယန်ယင်းက ခေါင်းညိတ်လိုက်ပြီး ဆန်းလျန်ထံမှ ကျယ်ကျီအိတ် လေးကို ယူလိုက်လေသည်။ အိတ်လေးနှင့် ထိတွေ့ လိုက်သည်နှင့် သူမ၏ လက်တစ်လုံး အေးစက်သွားပြီး အအေးဓာတ်က သူမ၏ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်သန်း စီးဆင်း သွားလေသည်။ ချက်ချင်းပင် ထိုအိတ်လေးကို မည်သို့အသုံးပြု ရမည်ကိုလည်း သိရှိသွားလေသည်။ သူမ၏ စိတ်နှင့် ဝိညာဉ်သည် အိတ်လေး အတွင်းသို့ စီးဆင်းပျော်ဝင် သွားလေသည်။
အိတ်ထဲမှ သူမလိုချင်သည့် ပစ္စည်းများကို သူမစိတ်ဖြင့် အမိန့်ပေး လိုက်ရုံဖြင့် ထုတ်ယူ အသုံးပြုနိုင်မည် ဖြစ်လေသည်။
သူမသည် မိန်းကလေး တစ်ယောက် ဖြစ်သည့်တိုင် လေ့လာစွမ်းအား ကောင်းပြီး သတိလည်းရှိသူ ဖြစ်လေသည်။ သူက အိတ်လေး အတွင်းမှ မည်သည့် ပစ္စည်းကိုမှ ယောင်ယမ်းပြီး စမ်းသပ်ထုတ်ယူ ကြည့်လိုက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ဆန်းလျန်က သူမကို ပြောစရာစကား မရှိတော့သည့် အတွက် သူမက ခွင့်တောင်းကာ ထွက်ခွာလာ ခဲ့လေသည်။
နောက်မှ အိတ်လေးကို စမ်းသပ် အသုံးပြုရန် သူမက စဉ်းစားထား လေသည်။
သူမ ခန်းမထဲမှ ထွက်လာသည်နှင့် ခန်းမ အပြင်ဘက်တွင် သူမကို စောင့်နေကြသည့် ဂိုဏ်းတူ အစ်ကိုများကို သူမ တွေ့လိုက်ရ လေသည်။ သူတို့က သူမကို မြင်သည်နှင့် အပြေးအလွှား ရောက်လာကြပြီး မေးမြန်းကြ လေသည်။
“ဆရာဦးလေးက မင်းကို အပြစ်ပေးလိုက် သေးလား”
ဖန်းယန်ယင်းက စိတ်မပူရန် လက်ကာ ပြလိုက်ပြီး…
“ဂိုဏ်းတူ အစ်ကိုတို့၊ စိတ်မပူကြပါနဲ့၊ ဆရာဦးလေးက ကျွန်မအပေါ် အရမ်း ကောင်းပါတယ်၊ သူက ကျွန်မကို ဆူတောင် မဆူလိုက်ဘူး၊ ပြီးတော့ သူက အလုပ်တစ်ခု လုပ်ပေးဖို့ ကျွန်မကို တစ်နေရာကို သွားခိုင်းတယ်”
သူမသည် ချန်ကျန့်မေ၏ တပည့်များ အားလုံးထဲတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သည့်တိုင် အသက်ကတော့ အငယ်ဆုံး ဖြစ်လေသည်။ သူမက ချန်ကျန့်မေ၏ တပည့်ရင်း ဖြစ်ခွင့်ရခဲ့သည့် အတွက် မာနကြီး ထောင်လွှားခြင်း လည်းမရှိခဲ့ပေ။ ထို့ကြောင့် အားလုံးက သူမကို ချစ်ခင်ကြ လေသည်။
“အပြင်မှာ ဘာတွေဆူညံ နေကြတာလဲ”
ခန်းမအတွင်းမှ ဆန်းလျန်၏အသံကို ကြားလိုက်ရ လေသည်။
ဆန်းလျန်၏အသံကို ကြားသည်နှင့် အားလုံး အလျှိုလျှို ထွက်ခွာသွား ကြလေတော့သည်။
ဆန်းလျန် ဆူမည်၊ အပြစ်ပေးမည်ကို ကြောက်သောကြောင့် သူတို့က ထွက်ခွာ သွားကြခြင်း မဟုတ်ပါ။ ဆန်းလျန် သင်ကြားပေး ထားသည့် ကျင့်စဉ်များကို အမြန်စမ်းသပ် လေ့ကျင့်ကြည့်ရန် အတွက် ထွက်ခွာ သွားကြခြင်း ဖြစ်လေသည်။ ဖန်းယန်ယင်း မှာလည်း အပြစ်ပေး မခံရသည့် အတွက် စိတ်ပူစရာ မလိုတော့ပေ။
ဂိုဏ်းတူ အစ်ကိုများ ထွက်ခွာ သွားသည်နှင့် ဖန်းယန်ယင်းလည်း ထွက်ခွာလာ ခဲ့လေသည်။ သူမက ကျယ်ကျီ အိတ်လေးကို စမ်းသပ် အသုံးပြုရန် အတွက် နေရာတစ်နေရာ ရှာလိုက်လေသည်။ အိတ်ထဲတွင် ပစ္စည်းနှစ်ခုသာ ရှိလေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီး အတွက် ဝမ်းနည်း မှတ်တမ်းလွှာနှင့် လျှို့ဝှက် ဓားအင်းချပ် ဖြစ်လေသည်။
သူမလည်း အိတ်လေးကို စိတ်ဝင်တစားနှင့် စမ်းသပ် အသုံးပြုနေခဲ့ရာ နေပင်စောင်းသွား ခဲ့လေပြီ။
ထိုအခါမှ သူမလည်း ကျင်းကွမ်းဝတ် ကျောင်းတော်သို့ ထွက်ခွာလာ ခဲ့လေသည်။ ယခုအချိန် ထွက်ခွာမှ မနက် မိုးလင်းလျှင် ကျင်းကွမ်းဝတ် ကျောင်းတော်သို့ ရောက်ရှိနိုင်မည် ဖြစ်လေသည်။
ရှီးဟွမ်တွင် ကျင့်ကြံသူများစွာ ရှိသလို စိတ်နေစိတ်ထား များကလည်း ထူးဆန်း ကြလေသည်။
ကောင်းကင်တွင် ပျံသန်းသွား သည်ကို မြင်လျှင်ပင် အလိုလိုနေရင်း လာရောက် တိုက်ခိုက်သည်ကို ခံရမည် ဖြစ်လေသည်။ ထို့ကြောင့် ကိုယ့်အစွမ်း အစကို ယုံကြည်သည့် ကျင့်ကြံ သူများသာ ကောင်းကင်တွင် ပျံသန်းရဲကြ လေသည်။
ဖန်းယန်ယင်းသည် ချန်ကျန့်မေ ပေးထားသည့် လျှို့ဝှက် ဓားအင်းချပ်ကို အသုံးပြုကာ သဲလွန်စ မကျန်ဘဲ ကောင်းကင် ထက်သို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။
ဓားအင်းချပ်မှ ဓားဝိညာဉ်သည် နတ်ဘုရား ဓားများထက်ပင် သာလွန်လေသည်။ သူမသည် ထိုလျှို့ဝှက် ဓားအင်းချပ်ဖြင့်ပင် တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်းကာ ချင်းရွှမ် နတ်တံခါးအထိ ပျံသန်း လာခဲ့ပြီးပြီ မဟုတ်ပါလား။
ကျင်းကွမ်းဝတ် ကျောင်းတော်သို့ ရောက်လုနီးပြီ ဖြစ်လေသည်။ ဓားအင်းချပ်၏ အစွမ်းက အကန့်အသတ် ရှိသောကြောင့် သူမက ပျံသန်းခြင်းကို ရပ်တန့်လိုက်ပြီး ကိုယ်ဖော့ပညာ အသုံးပြုကာ လျင်မြန်စွာ ခရီးဆက်လာ ခဲ့လေသည်။
သူမတွင် မည်သည့် တန်ခိုးစွမ်းအားမှ မရှိသည့် အတွက် တန်ခိုးစွမ်းအား အသုံးပြုကာ ပျံသန်းခြင်းမှာ မဖြစ်နိုင်ပေ။ သူမသည် အလွန် လျင်မြန်စွာ သွားနေပြီး သူမ၏ ခြေထောက်သည် မြေပြင်နှင့် ထိသည်ဟုပင် မထင်ရပေ။
သူမ၏ တန်ခိုးစွမ်းအား များမှာ သူမကိုယ်တိုင် သတိမထား မိခင်မှာပင် သိသိသာသာ တိုးတက်လာ လေသည်။
သူမသည် အလွန်မှ ပျော်ရွှင်သွား လေသည်။
သူမ ဝတ်ဆင်ထားသည့် ဝတ်စုံသည် လေထဲတွင် လွင့်ပျံနေကာ သူမက ပျော်ရွှင်စွာဖြင့် သီချင်းလေး တစ်ပုဒ်ကိုပင် ညည်းနေလိုက် လေသည်။ လွန်ခဲ့သည့်ရက် အနည်းငယ်က ဆရာဖြစ်သူ အတွက် စိတ်ပူပန်ခဲ့ရခြင်း များမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
သို့သော် သူမ၏ စိတ်ပျော်ရွှင် နေမှုက သိပ်ပြီး မကြာလိုက်ပါ။ ရုတ်တရက် သူမရှေ့တွင် အဖြူရောင် လတစ်စင်း ပေါ်လာလေသည်။ ထိုအဖြူရောင် လသည် ချက်ချင်းပင် သွေးနီရောင် လွှမ်းသွားပြီး သူမ၏ နားထဲတွင်လည်း တဝီဝီမြည်သံ များကို ကြားနေရ လေသည်။ ပတ်ဝန်းကျင်ရှိ မြက်ပင်များ ဆီမှပင် လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ် လာလေသည်။
ဖန်းယန်ယင်းသည် သူမ၏ တန်ခိုးစွမ်းအား များကို စုစည်းကာ မြက်ပင်များ ထက်တွင် ရပ်နေလေသည်။ သူမ၏ ခြေဖျားလေး များသည် မြက်ပင်များပေါ်တွင် ထောက်ထား လေသည်။ အနောက်ဘက်သို့ ဝင်လုဆဲဆဲ နေရောင်နှင့် သွေးနီရောင် လမင်းသည် ပေါင်းစပ်လု မတတ် ဖြစ်နေလေသည်။
ထိုလမှာ တကယ့် လအစစ် မဟုတ်ပါ။ လမင်းထံမှ လူသတ်လိုသည့် အငွေ့အသက်များ ကလည်း ပြင်းထန်စွာ ထွက်ပေါ် နေလေသည်။
သူမက လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြုကာ သွေးနီရောင် လမင်းကို ထိုးညွှန်လိုက်သည်။ သူမ လက်ချောင်းများ ဆီမှ သဏ္ဌာန်မဲ့ ဓားဝိညာဉ် ထွက်ပေါ် လာလေသည်။ ထို့နောက် ဓားဝိညာဉ်သည် သွေးနီရောင်လမင်းထံသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ပျံသန်းသွားကာ လမင်းကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားအောင် ထိုးခွဲလိုက် လေတော့သည်။
အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည့် လမင်း၏ အတွင်းမှ လူတစ်ယောက် ထွက်လာလေသည်။ ထိုသူ၏ ဝိညာဉ်စွမ်းအား များမှာ ပြင်းထန် လွန်းသည့် အတွက် မြက်ပင်များပင် သူ့ကို ဦးညွှတ်တော့မည့် အလား ကွေးညွှတ်သွား ကြရလေသည်။
ထိုသူ၏ ပုံပန်းသဏ္ဌာန် မှာလည်း ထူးဆန်း လေသည်။ ထိုသူ၏ မျက်ဆံများက အနီရောင်ဖြစ်ပြီး ရှည်လျားသည့် အမြီး တစ်ချောင်းလည်း ရှိသေးသည်။ သူ့ကို ကြည့်ရသည်မှာ မျောက်တစ်ကောင်နှင့် ဆင်တူလေသည်။
ဖန်းယန်ယင်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိရ လိုက်လေသည်။
“လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်း”
***