အခန်း (၈၇၁-၈၇၃)
Vol. 59 Ch. 871-873
အခန်း (၈၇၁) ဟန်ဆောင်သူ
ကွမ်းရှန်ဟိုင်၏စကားသံက နန်းမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။ နန်းတွင်းမင်းသားများ၊ ထိပ်တန်းအရာရှိများ၊ သာမန်လူများပါမကျန် ထိုနာမည်ကိုကြားပြီးနောက် တုန်လှုပ်သွားကြသည်။
ကိုယ်ပိုင်ကျောင်းများတွင် စာပေသင်ကြားနေသည့် ကလေးများပင် 'မုန်ကျင်းဇီ'ဟူသည့်နာမည်ကို ကြားဖူးသည်။
မုန်မိသားစု၏ဘိုးဘေး။ ကျန်းမိသားစုနှင့် လောကအုပ်ချုပ်ခွင့်ယှဉ်ပြိုင်ခဲ့သူ။ နောက်ဆုံးတွင် ကျန်းမိသားစုက အနိုင်ရပြီး မဟာရှားကို တည်ထောင်သည်။ သို့သော် မုန်မိသားစုလည်း အရင်ခေတ်အရှုံးသမားများလို ပျက်စီးပျောက်ကွယ်သွားခြင်းမရှိ။
တိုးတက်ကြီးပွား၍ မဟာရှား၏ ဩဇာအရှိဆုံး လူချမ်းသာမိသားစုဖြစ်လာသည်။
ကျန်းမိသားစုဘိုးဘေးက မိတ်ဆွေဟောင်းသံယောဇဉ်ကို ထောက်ညှာခဲ့သောကြောင့်လည်းပါသည်။ ထိုထက်အရေးကြီးသည့်အချက်မှာ မုန်မိသားစု၏ နောက်ခံအင်အားက တောင့်တင်းလွန်း၍ဖြစ်သည်။
မုန်မိသားစု၏ သမိုင်းကြောင်းသည် မဟာယုခေတ်တွင် စတင်ခဲ့သည်။ သို့သော် ထိုစဉ်က မုန်မိသားစုသည် သာမန်လူချမ်းသာမိသားစုတစ်ခုသာဖြစ်သည်။ မဟာယုခေတ်အဆုံးတွင် မိသားစုခေါင်းဆောင်ဖြစ်လာသည့် မုန်ကျင်းဇီက မုန်မိသားစုကို ဦးဆောင်၍ တိုးတက်ကြီးပွားအောင် စွမ်းဆောင်ဆောင်ခဲ့သည်။
"မိတ်ဆွေကွမ်း၊ ဒီလောက်လူသတ်ချင်စိတ် ပြင်းထန်နေတာ သိပ်မကောင်းဘူးနော်"
မုန်ကျင်းဇီက လက်နှစ်ဘက်နောက်ပစ်၍ ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှ တည်ငြိမ်အေးချမ်းသည့် စွမ်းအင်ရောင် ထွက်ပေါ်နေသည်။ နန်းမြို့တော်ကို လွှမ်းခြုံထားသည့်ဖိအားကို ဖယ်ရှားသည်။
"မင်းတကယ် မသေမျိုးဖြစ်လာပြီပေါ့"
အရင်က ကွမ်းရှန်ဟိုင် သံသယဝင်ရုံသာ ရှိခဲ့သည်။ သို့သော်ယခု သေချာသွားသည်။ မုန်ကျင်းဇီလည်း သူ့လိုပင် မသေမျိုးအဆင့်ဖြစ်သည်။
မုန်ကျင်းဇီပေါ်လာသဖြင့် မုန်ကျင်းကျိူးအပါအဝင် လူအားလုံးအံ့အားသင့်နေကြသည်။
ဦးခေါင်းထက်မှ သူ့ဘိုးဘေးကိုမော့ကြည့်၍ မုန်ကျင်းကျိုး ပါးစပ်အဟောင်းသားဖြစ်နေသည်။
သူ့ဘိုးဘေးသည် တကယ်မသေမျိုးအဆင့်လော...
အရိုးရိုင်းလည်း အတော်အံ့ဩနေသည်။ နန်းမြို့တော်သို့ သူရောက်သည်မှာ တစ်နာရီပင်မပြည့်သေး။ မသေမျိုးနှစ်ယောက်နှင့် တွေ့ရသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့နောက်သို့လိုက်လျှင် အတွေ့အကြုံတိုးမည်မှန်း သူသိနေသည်။
မဟာရှားစတည်ထောင်ချိန်ကသာ မုန်ကျင်းဇီ လူလုံးထွက်ပြခဲ့သည်။ ထိုကတည်းက နောက်ထပ်ပေါ်မလာတော့။ ကျန်းပင်ကန်းကို ရှုံးပြီးနောက် စိတ်ဓာတ်ကျဆင်း၍ ကိုယ့်ကိုယ်ကိုချိတ်ပိတ်ပြီး အိပ်စက်သွားသည်ဟု ဆိုကြသည်.
ကွမ်းရှန်ဟိုင်လည်း ထိုသို့ထင်ခဲ့သည်။ နောက်မျိုးဆက်ပါရမီရှင် ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီကို သူလျစ်လျူရှုထား၍မရ။ ထို့ကြောင့်သာ မုန်မိသားစုအလွတ်ပညာသင်ကျောင်းသို့ ယဲ့ကုလိုတပည့်များကို စာသင်ဖို့လွှတ်ထားခြင်းဖြစ်သည်။
အရင်က မုန်ကျင်းဇီချိတ်ပိတ်အိပ်စက်သည်ကို သူကိုယ်တိုင်မြင်ခဲ့သည်။ သူ့မျိုးဆက်များက မုန်အိမ်တော်တောင်တန်းပေါ်တွင် မြှုပ်နှံခဲ့သည်။
ယခု ထိုချိတ်ပိတ်အိပ်စက်ခြင်းသည် အယောင်ပြသာဖြစ်ဟန်ရှိသည်။
မသေမျိုးတစ်ယောက်သည် ချိတ်ပိတ်အိပ်စက်ဖို့လည်းမလို။
ကွမ်းရှန်ဟိုင် မုန်ကျင်းဇီကို စိုက်ကြည့်နေသည်။ မုန်ကျင်းဇီဘယ်အချိန်က မသေမျိုးဖြစ်သွားသည်မသိ။ အဆင့်တက်သည့် မသေမျိုးကောင်းကင်လျှပ်စီးကိုလည်း သူအာရုံမခံမိခဲ့။
ထို့နောက် ရုတ်တရက် သူအတွေးပေါက်သွားသည်။ မုန်ကျင်းဇီသည် လွန်ခဲ့သည့်နှစ်တစ်သိန်းက မသေမျိုးအဆင့်တက်ခဲ့ခြင်းဖြစ်သည်။
"ဝူယော်နဲ့ငါက နိုင်ငံတည်ပွဲတော်အတွင်းမှာ အဆင့်တက်တယ်။ မင်းနဲ့ကျန်းပင်ကန်းလည်း နောက်ဆုံးတိုက်ပွဲမှာ အဆင့်တက်ပြီး နှစ်ယောက်လုံးမသေမျိုးဖြစ်လာတယ်ပေါ့။
နှစ်တစ်သိန်းကြာအောင် အရိယဖလစွမ်းအားမသုံးဘဲ မသေမျိုးတစ်ဝက်လို အမြဲဟန်ဆောင်နေနိုင်ခဲ့တာ အံ့ဩစရာပဲ။ မင်းတကယ် စိတ်ရှည်တာပဲ မုန်ကျင်းဇီ။
ငါမင်းကို တကယ်လျှော့တွက်ခဲ့မိတာပဲ"
မုန်ကျင်းဇီက မပွင့်တပွင့်ပြုံးသည်။
"ငါးမျှားတဲ့အခါ စိတ်ရှည်ဖို့လိုတယ်လေ။ အခုကြည့်လိုက်၊ စိတ်ရှည်တဲ့အကျိုးကျေးဇူးကို ခံစားရပြီပဲမဟုတ်လား"
ကွမ်းရှန်ဟိုင်သည် အမြဲတမ်းသတိထားသူဖြစ်သည်။ တိုက်ပွဲများကို တတ်နိုင်သမျှရှောင်သည်။ ထိုသို့ရှောင်နိုင်လျှင် သူရည်ရွယ်ချက် တစ်နေ့အောင်မြင်မည်ဟု ယုံကြည်ထားသည်။
ထို့ကြောင့်လည်း ကျန်းပင်ကန်းကို သူပ,ထုတ်ခဲ့သည်။ မုန်ကျင်းဇီ မသေမျိုးဖြစ်နေမှန်းသိလျှင် သူလုံးဝ လူလုံးထွက်ပြခဲ့မည်မဟုတ်။
ကွမ်းရှန်ဟိုင်က မုန်ကျင်းဇီ၏စိန်ခေါ်စကားကို အရေးမစိုက်ဘဲ အေးစက်စက်ရယ်လိုက်သည်။
"တပ်မှူးယုကို မသေမျိုးသစ်သီးလုခိုင်းတဲ့အချိန်က မင်းဝင်မတားဘူး။ အင်ပါယာရှားသေတာကို ဒီအတိုင်းစောင့်ကြည့်နေတယ်ပေါ့။ မင်းတကယ် ရက်စက်တဲ့လူပဲ"
ထိုစကားက မုန်ကျင်းဇီ၏ တာအိုနှလုံးယိမ်းယိုင်အောင် ထိုးနှက်ခြင်းဖြစ်သည်။ အင်ပါယာဆိုသည်မှာ မသေမျိုးများထိန်းချုပ်ခံထားရသည့် အရုပ်တစ်ရုပ်ထက်မပိုကြောင်း နန်းမြို့တော်မှလူအားလုံးသိသွားအောင် ပြောလိုခြင်းလည်းဖြစ်သည်။
ထိုစကားကြောင့် မြို့ခံတို့စိတ်ထဲမှ အင်ပါယာအပေါ် ကြည်ညိုလေးစားမှုများ လျော့ပါးသွားမည်။
သို့သော် မုန်ကျင်းဇီက အရေးစိုက်ဟန်မရှိ။
"အင်ပါယာတကယ်သေပြီလို့ မင်းထင်နေတာလား။ အင်ပါယာရှားက တကယ်ရော သက်တမ်းပြဿနာကြုံခဲ့ရဲ့လား"
ထိုစကားကြားပြီးနောက် လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။
"ခင်ဗျားပြောတဲ့ ကစားပွဲဆိုတာ ဘာလဲနတ်မယ်။ အင်ပါယာရှားက မသေသေးဘူးလား။ မသေမျိုးမက်မွန်ကို သွားပို့ရင် အချိန်မီလောက်သေးလား"
နတ်မယ်က အိပ်ချင်မပြေသေးဟန်ဖြင့် တဝါးဝါးသမ်းဝေနေသည်။
"ဟိုမသေမျိုးသစ်သီးလား။ အဲဒီတစ်လုံးပဲတွေ့တာလို့ ရှောင်ယွမ်က ပြောတယ်မဟုတ်လား။ ကောင်းကင်မြစ်ဘယ်ရောက်နေလဲ မသိဘူးတဲ့။
ဒီလိုရတနာမျိုးကို နင်ပဲစားလိုက်သင့်တယ် ရှောင်ယန်။ အင်ပါယာရှား သက်တမ်းကုန်တယ်ဆိုတာက လိမ်ဆင်ပါ"
"လိမ်ဆင်..."
ခုနက 'ကစားပွဲ'ဆိုသည်ကို သူနားမလည်ခဲ့။ ယခု အင်ပါယာရှား၏သက်တမ်းကိစ္စက လိမ်ဆင်ဟု နတ်မယ်ကပြောနေသည်။
ဒုခေါင်းဆောင် တအံ့တဩကြည့်နေသဖြင့် နတ်မယ် အလေးအနက်ပြန်ပြောသည်။
"သေတော့မယ့်လူဆိုရင် ငါကဘာလို့သူ့ကို ဝန်ကြီးချုပ်ခန့်နေမှာလဲ"
"အစကတည်းက အင်ပါယာရှားဟန်ဆောင်နေတာ ခင်ဗျားသိတယ်ပေါ့"
"အစကတည်းက သိတာမဟုတ်ဘူး။ ငါယာယီဂိုဏ်းချုပ်လုပ်ပြီး ဂိုဏ်းနှစ်ပတ်လည်ပွဲကျင်းပဖို့ ပြင်ဆင််နေတဲ့အချိန်တုန်းကပါ။
နန်းတော်မှာ အင်ပါယာရှားနဲ့ သွားတွေ့ခဲ့တာမှတ်မိလား။ အဲဒီ့အချိန်ကျမှ သူဟန်ဆောင်နေမှန်းသိခဲ့တာ"
"ဒါပေမယ့် အဲဒါက ခင်ဗျားသူ့နဲ့ ပထမဆုံးအကြိမ် တွေ့တာလေ"
ထိုကိစ္စကို ယွမ်ကျိပင် ထင်ထားမည်မဟုတ်။ အင်ပါယာရှားက လုယန်ကို လှည့်စားသည်။ တစ်လောကလုံးကိုလှည့်စားသည်။ ကွမ်းရှန်ဟိုင်ကိုပင် လှည့်စားနိုင်ခဲ့သည်။
သို့သော် ထာဝရအရိယဖလပိုင်ရှင် နတ်မယ်ကိုတော့ မလှည့်စားနိုင်။
လုယန် ပြန်စဉ်းစားကြည့်သည်။
အင်ပါယာရှား သက်တမ်းကုန်ခါနီးပြီဖြစ်ကြောင်း သူနှင့်နတ်မယ်ကို ပထမဆုံးပြောခဲ့သူက အမယွမ်ဖြစ်သည်။ သက်တမ်းဆွဲဆန့်နိုင်မည့် မသေမျိုးရတနာရှိမရှိ နတ်မယ်ကိုမေးသည်။
နတ်မယ်က အင်ပါယာရှားကို အရိယဖလသန္ဓေပေးပြီး စတုတ္ထခေါင်းဆောင်ခန့်မည်ဟုပြောသည်။ ယွမ်ကျိက ငြင်းသည်။ ထို့နောက်တွင်မှ နတ်မယ်က မသေမျိုးမက်မွန်သီးအကြောင်း ပြောခြင်းဖြစ်သည်။
နန်းတော်တွင် အင်ပါယာရှားကို တွေ့ပြီးနောက် စတုတ္ထခေါင်းဆောင်ခန့်ဖို့ နတ်မယ်အကြံပြုခဲ့သည်။ မသေမျိုးလေးဂိုဏ်းခေါင်းဆောင်များကို အနိုင်ယူပြီးနောက် အင်ပါယာရှားကိုပင် သူစိန်ခေါ်ခဲ့သည်။
အင်ပါယာရှားသာ တကယ်သက်တမ်းကုန်ခါနီးဖြစ်နေလျှင် သူထိုသို့လုပ်မည်မဟုတ်။
လုယန် နားလည်လာသည်။ ဤဖြစ်စဉ်တစ်ခုလုံးက ကွမ်းရှန်ဟိုင်ကိုထောင်ဖမ်းဖို့ အကွက်ချခဲ့ခြင်းဖြစ်သည်။
မသေမျိုးသစ်သီးကို အမယွမ်က နန်းတော်သို့တိုက်ရိုက်သွားမပို့ပဲ အရိုးရိုင်းကို တာဝန်ပေးခဲ့သည်မှာ မဆန်းတော့။
အင်ပါယာရှား သက်တမ်းဆွဲဆန့်နိုင်လျှင် နိုင်ငံ့ကြမ္မာစွမ်းအားက ကိုယ်နှင့်မကွာရှိနေမည်။ ကွမ်းရှန်ဟိုင် ထွက်လာမည်မဟုတ်။
မသေမျိုးမက်မွန်ကို အင်ပါယာရှား တကယ်သက်တမ်းကုန်ခါနီးဖြစ်ကြောင်း ကွမ်းရှန်ဟိုင်ယုံကြည်အောင် အသုံးချခဲ့ခြင်းဖြစ်သည်။
ကွမ်းရှန်ဟိုင်မျက်နှာ တင်းမာခက်ထန်လာသည်။ အားလုံးကထောင်ချောက်ဖြစ်နေမည်ဟု သူမတွေးခဲ့မိ။
အင်ပါယာရှား၏ လှုပ်ရှားမှုများကို သူသေချာစောင့်ကြည့်ခဲ့သည်။ မော်ကွန်းထိန်းချီအဖြစ်ရုပ်ဖျက်၍ အနီးကပ်စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ သို့သော် အင်ပါယာ၏လှည့်စားမှုကို သူမရိပ်မိခဲ့။
နန်းမြို့တော်တွင် ဖြစ်ပေါ်နေသည့် လတ်တလောအပြောင်းအလဲများက အင်ပါယာရှား တကယ်သက်တမ်းကုန်တော့မည့် အနေအထားမျိုးဖြစ်သည်။ အိမ်ရှေ့မင်းသား၏စွမ်းရည်ကို စမ်းသပ်ဖို့ ရုပ်ဖျက်ပြီးပလ္လင်ပေါ်တက်ခိုင်းသည်။
အိမ်ရှေ့မင်းသားက ထီးနန်းဆက်ခံလိုစိတ်မရှိ။ သူ့ကိုနန်းတင်နိုင်ဖို့ အင်ပါယာရှားက စတုတ္ထမင်းသားနှင့် ပဥ္စမင်းသားကို ရှင်းထုတ်သည်။
"ဪ...ငါက တစ်သက်လုံး သူများတွေကိုပဲ အကွက်ချခဲ့တာ။ မျိုးဆက်သစ်တွေ လှည့်စားတာကို ခံရမယ်လို့ တစ်ခါမှမတွေးခဲ့မိဘူး"
**********************************
အခန်း (၈၇၂) နိုင်ငံ့ဆရာ၏ အရိယဖလ
"ဒါပေမယ့် မင်းငါ့ကို လွယ်လွယ်နိုင်မယ်ထင်နေလား"
လှည့်စားခံလိုက်ရသော်လည်း ကွမ်းရှန်ဟိုင် ထိတ်လန့်ခြင်းမရှိ။ သူမတိုက်ခိုက်ချင်။ သို့သော် မတိုက်ခိုက်ရဲခြင်းမဟုတ်။
ထို့ပြင် မုန်ကျင်းဇီသည် သူ့အရိယဖလအကြောင်းကိုပင် မသိသေး။
သို့သော် မုန်ကျင်းဇီက ဆက်ပြောသည့်စကားကြောင့် သူအံ့အားသင့်သွားသည်။
"ငါ့အထင်မမှားရင် မိတ်ဆွေကွမ်းရဲ့ အရိယဖလက ဖန်တီးခြင်းစွမ်းရည်မျိုး ရှိတယ်မဟုတ်လား။ လူတစ်ယောက်ကို တစ်ခြားတစ်ယောက်အဖြစ် အပြည့်အဝပြောင်းလဲနိုင်တယ်လေ။
အဲလိုသာမဟုတ်ရင် မဟာယုကို ဘယ်လိုပြန်တည်ဆောက်နိုင်မှာလဲ"
မုန်ကျင်းဇီနှင့် ကျန်းပင်ကန်းတို့ ကွမ်းရှန်ဟိုင်ရှိနေကြောင်း အစောကတည်းက ရိပ်မိကြသည်။ မဟာယု ပြန်အသက်သွင်းလိုသည့် သူ့ရည်ရွယ်ချက်ကို သတိထားမိသည်။
ကွမ်းရှန်ဟိုင်၏ အရိယဖလအကြောင်း သမိုင်းမှတ်တမ်းများတွင် လုံးဝမတွေ့ရ။ မဟာယုပြန်တည်ဆောက်ဖို့ဆိုသည်မျာ ကျန်းမိသားစုကိုသတ်ပြီး နေရာဝင်ယူရုံလောက်ဖြင့်မရ။
နှစ်တစ်သိန်းကျော် တိုးတက်ပြောင်းလဲခဲ့ခြင်းသည် မဟာယုနှင့် မဟာရှား ခေတ်နှစ်ခုလုံးဝကွဲပြားသွားသည့် သဘောဖြစ်သည်။
ကွမ်းရှန်ဟိုင်၏ အရိယဖလက မဟာယုကိုပြန်တည်ဆောက်ဖို့ ကူညီနိုင်သည့်အမျိုးအစားဖြစ်လိမ့်မည်ဟု မုန်ကျင်းဇီနှင့်ကျန်းပင်ကန်းတို့ မှန်းဆခဲ့ကြသည်။
ခုနက ကွမ်းရှန်ဟိုင် အလောင်းတစ်ခုကို ဒုတိယနိုင်ငံ့ဆရာအဖြစ် အသွင်ပြောင်းလိုက်သည်ကို မုန်ကျင်းဇီမြင်သည်။ ထို့ကြောင့် သူ့မှန်းဆချက်ကို အတည်ပြုနိုင်ခဲ့သည်။
အမှန်တော့ သူ့မှန်းဆချက်က အမှန်တရားနှင့် နည်းနည်းလွဲနေသေးသည်။ ကွမ်းရှန်ဟိုင်က သူ့အရိယဖလကို 'ပုံသွန်းအရိယဖလ'ဟု နာမည်ပေးထားသည်။
ဥပမာ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ အလောင်းကိုအသုံးချပြီး သူမှတ်မိသည့် ဒုတိယနိုင်ငံဆရာ၏ မှတ်ဉာဏ်များကို သွင်းပေးနိုင်သည်။
မှတ်ဉာဏ်ကူးထည့်ပေးရုံလောက်သာမဟုတ်။ ရုပ်ရည်၊ ကြွက်သားအာရုံကြော၊ အရိယဖလသန္ဓေ၊ ဗီဇတုံ့ပြန်မှု၊ ခန္ဓာဖွဲ့စည်းပုံ စသဖြင့် လူတစ်ယောက် ပြန်ရှင်သန်လာသလောက်နီးပါး အပြည့်အဝ တည်ဆောက်ပေးနိုင်သည်။
ပြဿနာတစ်ခုတော့ရှိသည်။ ဒုတိယနိုင်ငံ့ဆရာ တာအိုလမ်းစဉ်ဂိုဏ်းသို့ ဝင်သွားပြီးနောက်ပိုင်း ဖြစ်ခဲ့သည့်ကိစ္စများကို သူမသိ။
ထို့ကြောင့် ပုံသွန်းထားသည့် ဒုတိယနိုင်ငံ့ဆရာသည် သူမသေမီကြုံခဲ့ရသည့်မှတ်ဉာဏ်များ ရှိမည်မဟုတ်။
သက်ရှိလူတစ်ယောက်ကို အသွင်ပြောင်းသည်က ပိုထိရောက်သည်။ သေပြီးသူကို ပုံသွန်းခြင်းသည် မှတ်ဉာဏ်များဖြင့် ခန္ဓာကိုယ်ဖန်တီးရုံသာဖြစ်သည်။
သက်ရှိလူကို ပုံသွန်းလျှင် ထိုလူ၏ဝိညာဉ်ကို နောက်ထပ်ဝိညာဉ်သစ်တစ်ခုအဖြစ် အပြည့်အဝပြောင်းလဲနိုင်သည်။
နိုင်ငံကံကြမ္မာစွမ်းအားသည် မဟာရှားပြည်သူများနှင့် ဆက်နွယ်နေသည်။ ထိုအချက်ကို ကွမ်းရှန်ဟိုင်က စိတ်ဝင်စားခြင်းဖြစ်သည်။
သူ့စိတ်ထဲတွင် မဟာယုအစောပိုင်းနေ့ရက်များကို မှတ်မိနေသည်။ ဝူယော်ဘုန်းမီးနေလ တောက်ပခဲ့သည့် အချိန်ဖြစ်သည်။ နှစ်ပေါင်းများစွာကျော်လွန်ခဲ့သော်လည်း ထိုအချိန်ကာလမှ လူတိုင်း အဖြစ်အပျက်တိုင်း အရာဝတ္ထုတိုင်းကို သူမှတ်မိနေသည်။
နိုင်ငံ့ကြမ္မာစွမ်းအားကိုသုံး၍ လက်ရှိမဟာရှားခေတ်လူများကို ဝူယော်ခေတ်မှလူများအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ဥပမာဆိုရလျှင် လုယန်ကို ဝူယော်ခေတ်မှ ပါရမီရှင်တစ်ယောက်အဖြစ် သူပြောင်းလဲနိုင်သည်။
ထိုသို့လုပ်မှလည်း မဟာယုကို ပြန်အသက်သွင်းသည်ဟု ခေါ်နိုင်လိမ့်မည်။
အမှန်တော့ နိုင်ငံ့ကြမ္မစွမ်းအားမသုံးလည်း မဟာရှားကို သူ့အာရုံထဲမှ မဟာယုအဖြစ်ပြောင်းနိုင်ပါသည်။ သို့သော် အချိန်အရမ်းကြာမည်။ ကျန်းပင်ကန်းကလည်း သေချာပေါက်တားဆီးလိမ့်မည်။
နိုင်ငံ့ကံကြမ္မာစွမ်းအားကို သုံးရသလောက် ထိရောက်မှုမရှိ။
သို့သော် မုန်ကျင်းဇီပေါ်လာကတည်းက သတိထားနေရသဖြင့် နိုင်ငံ့ကြမ္မာစွမ်းအားကို သူမစုစည်းရသေး။ မသန့်စင်ရသေး။
.....
လူတစ်ယောက်က တပ်ဖွဲ့တစ်ခုကိုဦးဆောင်၍ နန်းမြို့တော်ထဲဝင်လာပြီး အလောတကြီးညွှန်ကြားနေသည်။
"သွားကြ...သွားကြ။ အားလုံး ကိုယ့်တာဝန်ကျတဲ့နေရာကို မြန်မြန်သွားကြ။ မဟာမှော်စက်ဝန်းကို အသက်သွင်းမယ်။ အမှားနည်းနည်းလုပ်မိပြီဆိုတာနဲ့ ပြစ်ဒဏ်ခံယူဖို့ ပြင်ထားပါ"
နန်းမြို့တော်၏ မြို့စောင့်တပ်ဖြစ်သည်။ နန်းမြို့တော်အနီးတွင် တပ်စွဲထားသည်။ မသေမျိုးတိုက်ပွဲရလာဒ်ကို သူတို့ဆုံးဖြတ်မပေးနိုင်သော်လည်း ယခု နန်းမြို့တော် အန္တရာယ်ကြုံပြီဖြစ်၍ မြို့တော်မထိခိုက်အောင် ကြိုးစားကာကွယ်ရမည်။
အမိန့်ပေးနေသူက မုန်ကျင်းကျိုး၏ တတိယဦးလေး တပ်မှူးမုန်ပိုစီဖြစ်သည်။
မုန်ပိုစီက ကောင်းကင်မှ လူနှစ်ယောက်ကို မော့ကြည့်၍ ခုနကမှသူရခဲ့သည့် ရာထူးပြောင်းရွှေ့မိန့်အကြောင်း ပြန်တွေးနေသည်။
"မနှစ်ကငါ့ကို နတ်ဆိုးလှောင်တောင်ကြားဂိတ်ကနေ မြို့တော်ကို ဆင့်ခေါ်တာက ဒီနေ့တိုက်ပွဲအတွက်များလား"
မြို့စောင့်တပ်၏ တပ်မှူးသည် မုန်ပိုစီမဟုတ်။ သို့သော် အင်ပါယာရှား သေဟန်ဆောင်ပြီးနောက် ကွမ်းရှန်ဟိုင်ထွက်လာချိန်တွင် မုန်ကျင်းဇီက သိစိတ်အာရုံမှ မုန်ပိုစီကို ဆက်သွယ်သည်။ မြို့စောင့်တပ်ကို ဦးဆောင်ပြီး မြို့တော်ကိုကာကွယ်ဖို့ ညွှန်ကြားသည်။
တော်ဝင်တံဆိပ်ပါသည် ပြောင်းရွှေ့မိန့််တစ်ခုပေးသည်။
မုန်ကျင်းဇီနှင့် တွေ့ရစဉ်က သူလည်းအံ့ဩခဲ့သည်။ သူတို့ဘိုးဘေး ဤအချိန်မျိုးတွင် ပေါ်လာမည်ဟု မထင်ခဲ့။
သို့သော် အံ့ဩနေဖို့အချိန်မရှိ။ မြို့တော်အပြင်ဘက်မှ တပ်စခန်းသို့ သူအမြန်သွားသည်။
ထိုတပ်ဖွဲ့တွင် မဟာရှား၏ ဝါရင့်စစ်သည်တော်များ ပြည့်နေသည်။ အတော်များများက တာဝန်ထမ်းဆောင်သည့်သက်တမ်း မုန်ပိုစီထက်ပိုများသည်။
ကျင့်စဉ်အဆင့် ပိုမြင့်သည်။ သို့သော် အကာအကွယ်မှော်စက်ဝန်းများနှင့် ပတ်သက်လာလျှင် မုန်ပိုစီကိုဘယ်သူမှမယှဉ်နိုင်။
ကွမ်းရှန်ဟိုင် အောက်ဘက်မှအခြေအနေများကို အရေးမစိုက်။ နန်းမြို့တော်ဘယ်လိုဖြစ်ဖြစ် သူစိတ်မဝင်စား။ သူ့တစ်ဦးတည်းသောရန်သူက မုန်ကျင်းဇီသာဖြစ်သည်။
"ကောင်းကင်ရုံးတော်ကမိတ်ဆွေသုံးယောက်၊ ဒီကကိစ္စတွေကို ကျုပ်ဖြေရှင်းနိုင်ပါတယ်"
မုန်ကျင်းဇီက အောင်းလင်းတို့ကို ယဉ်ယဉ်ကျေးကျေးပြောသည်။ ကိုယ့်ဘက်တော်သားများမှန်း သိသည်။
မသေမျိုးအဆင့်တိုက်ပွဲတွင် အောင်းလင်းတို့ ဘာမှကူညီနိုင်မည်မဟုတ်။ အောင်းလင်း၏ မသေမျိုးခန္ဓာထိန်းထားနိုင်စွမ်းကလည်း ကုန်တော့မည်။ ဆက်နေလျှင် မုန်ကျင်းဇီကို အနှောက်အယှက်ပေးသလိုသာဖြစ်မည်။
ထို့ကြောင့် သူတို့သုံးယောက် တိုက်ပွဲနယ်မြေမှ အလိုက်တသိထွက်သွားကြသည်။
"ငါတို့တိုက်ပွဲက ရှောင်လွှဲလို့မရတော့ဘူးထင်တယ်"
ကွမ်းရှန်ဟိုင် မပွင့်တပွင့်ပြုံးနေသည်။
တစ်ချိန်တည်းမှာပင် ဒုတိယနိုင်ငံ့ဆရာက ကြောင်းကျိုးဆက်စပ်မှုကို ဖြတ်တောက်၍ လေထဲတွင် ပျောက်သွားသည်။ မုန်ကျင်းဇီနောက်ကျောဘက်တွင် ဖျတ်ခနဲပေါ်လာသည်။
မသေမျိုးဝိညာဉ်ကျောက်ကို သွန်းလုပ်ထားသည့်ဓားမြှောင်ဖြင့် မုန်ကျင်းဇီဦးခေါင်းကို ထိုးစိုက်လိုက်သည်။
မုန်ကျင်းဇီက လက်တစ်ဘက်မြှောက်၍ ဒုတိယနိုင်ငံ့ဆရာ၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်သည်။ အားနည်းနည်းသုံး၍ လိမ်ချိုးလိုက်သည်။
"ကံကြမ္မာအရိယဖလသန္ဓေဟာ ရင်ဆိုင်ရတကယ်ခက်ပါတယ်။ မသေမျိုးတစ်ဝက်အဆင့်တွေအတွက်ပေါ့။ ဒါပေမယ့် မသေမျိုးတစ်ယောက်ကိုတော့ ဘာမှမလုပ်နိုင်ပါဘူး"
ဒုတိယနိုင်ငံ့ဆရာ၏ လက်ကောက်ဝတ်ကျိုးကြေသွားသည်။ လက်ထဲမှဓားမြှောင် ပြုတ်ကျလာသည်။ မုန်ကျင်းကျိုးက ဓားကိုဖမ်းယူပြီး သိမ်းလိုက်သည်။
ထိုပစ္စည်းသည် မသေမျိုးရတနာဟု သတ်မှတ်နိုင်သည်။ ရှားပါးပစ္စည်းဖြစ်သည်။
"ဘုန်း"
ထိုစဉ် ဓားမြှောင်က ရုတ်တရက်ပေါက်ကွဲသွားသည်။ အစိမ်းရောင်အဆိပ်ငွေ့များ မုန်ကျင်းဇီကို ဖုံးလွှမ်းသွားသည်။
ထိုအဆိပ်ငွေ့သည် မဟာချန်ခေတ်နှောင်းတွင် သေဆုံးခဲ့သည့် သန်းချီသည့်လူများ၏ နာကျည်းဒေါသစွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ထိုအဆိပ်မိသည်နှင့် ခန္ဓာကိုယ်ပေါက်ကွဲထွက်မည်။
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဒုတိယနိုင်ငံ့ဆရာ အဝေးသို့ထွက်ပြေးသည်။ တိုက်ပွဲကွင်းထဲမှ ထွက်သွားသည်။
လုပ်ကြံသတ်ဖြတ်နည်းများ ကျိန်စာပညာများ သူကျွမ်းကျင်သည်။ သို့သော် ထိုပညာများဖြင့် မသေမျိုးတစ်ယောက်ကို ထိခိုက်အောင်မလုပ်နိုင်။ ခုနက သူတိုက်ခိုက်ခြင်းသည် ဓားမြှောင်ကို ဖောက်ခွဲဖို့သာဖြစ်သည်။
ဘေးပတ်လည်မှ မရေမတွက်နိုင်သည့် ပြစ်တင်ညည်းညူသံများကို မုန်ကျင်းဇီ ကြားရသည်။ လောကကို စစ်ပွဲများသယ်ဆောင်လာသဖြင့် တရားမမျှတဟု ကောင်းကင်ကို အပြစ်တင်နေသည်။
လူ့အသက်များကို အရေးမစိုက်ဘဲ သွေးအေးအေးထိုင်ကြည့်နေသည့် အင်ပါယာကို အပြစ်တင်နေသည်။
"ညည်းမနေကြနဲ့။ အဲဒီ့ကိစ္စအတွက် ငါ့ကိုပါ အပြစ်တင်နေတယ်ပေါ့"
နာကျည်းဒေါသစွမ်းအင်က မုန်ကျင်းဇီအပေါ် လုံးဝမသက်ရောက်။ အဆိပ်ငွေ့အားလုံးကို ချက်ချင်းရှူသွင်းလိုက်သည်။
သူ့ရန်သူများက သူ့ကိုဘယ်လိုအကဲဖြတ်သည်ဖြစ်စေ သူသည်အမြဲတမ်း ဖြောင့်မတ်မှန်ကန်စွာရပ်တည်ခဲ့သည်။ သူ့လိပ်ပြာသူလုံသည်။
အဆိပ်ငွေ့စုပ်ယူပြီးချိန်တွင် ကွမ်းရှန်ဟိုင်နောက်ဘက်၌ လူငါးယောက်ရပ်နေသည်ကို သူမြင်လိုက်ရသည်။
တပ်မှူးယု၊ အိပ်မက်ဆိုး အဓိပဓိ၊ နိယာမသခင်၊ သစ်သားတံဆိပ်အကြီးအကဲ၊ မသေမျိုးတစ်ဝက်အဆင့်သာရှိသေးသည့် အင်ပါယာဝူယော်။
မသေမျိုးတစ်ဝက်ငါးယောက်။
တပ်မှူးယုမှလွဲ၍ ကျန်လေးယောက်သည် ကူးဖြတ်ခြင်းအဆင့်အလောင်းများကို ပုံပြောင်းထားခြင်းဖြစ်သည်။
တပ်မှူးယုက လက်ရှိအခြေအနေကို နားလည်သည်။ ကျန်လေးယောက်က ဘာမှနားမလည်ကြ။
ဝူယော် မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူ့ဆရာနှင့်အတူ အိပ်မက်ဆိုးအဓိပဓိကို အနိုင်ယူပြီး နိုင်ငံသိမ်းပိုက်ဖို့ ပြင်ဆင်နေခဲ့သည်ကို သူမှတ်မိသည်။
သူ့ဆရာလည်း မသေမျိုးတစ်ဝက်အဆင့်သာ ဖြစ်သင့်သည်။
ယခု ဘာတွေဖြစ်နေသည်မသိ။ အိပ်မက်ဆိုးအဓိပဓိက အသက်ရှင်နေသည်။ သူ့ဆရာက မသေမျိုးအဆင့်ရောက်နေသည်။ အောက်ဘက်မှမြို့တော်ကိုလည်း သူလုံးဝမသိ။
သူ့ဆရာ၏ အရိယဖသန္ဓေအကြောင်း ပြန်တွေးသည်။ သူ့ကိုယ်သူ ပုံသွန်းထားသည့်လူဖြစ်ကြောင်း ချက်ချင်းခန့်မှန်းမိလာသည်။
"ဆရာ၊ အခု ဘယ်အချိန်ကာလကို ရောက်နေတာလဲ။ ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ"
ကွမ်းရှန်ဟိုင် မျက်မှောင်ကျုံ့သွားသည်။ ပုံပြောင်းလူသားများ၏ အားနည်းချက်ကို သူသိသည်။ အားလုံးက လူအစစ်များလိုပင်ဖြစ်သည်။ သူ့ထိန်းချုပ်မှုအောက်တွင်မရှိ။
******************************
အခန်း (၈၇၃) ငှားခြင်း
ကွမ်းရှန်ဟိုင်နှင့် ဝူယော်သည် မိတ်ဆွေဆရာ ဆက်ဆံရေးမျိုး ရှိသည်။ ဝူယော်က ကွမ်းရှန်ဟိုင်ကို 'ဆရာ'ဟု ခေါ်နေသော်လည်း ဝူယော်သည် ကွမ်းရှန်ဟိုင်အပေါ် အပြည့်အဝယုံကြည်သည်တော့မဟုတ်။
ဒုတိယဆရာလည်း ထိုနည်းတူပင်ဖြစ်သည်။
ဝူယော်၏ စူးစမ်းလိုစိတ်က အရမ်းပြင်းထန်သည်။ မသိသေးသည့် အရာအားလုံးကို သူစူးစမ်းချင်သည်။ သေဆုံးနေသည့် ကျင့်ကြံသူတစ်ယောက်လက်ထဲမှ ကျင့်စဉ်ကျမ်းကို စူးစမ်းလေ့လာရာမှ သူ့ကျင့်စဉ်လမ်း အစပြုခဲ့သည်။
သူ့ကျင့်စဉ်အဆင့်များ တရှိန်ထိုးမြင့်တက်ခဲ့သည်။ ထိုထက်အဆင့်မြင့်လျှင် ဘယ်လိုခံစားရသည်ကို သိလိုစိတ်ပြင်းထန်သောကြောင့်ဖြစ်သည်။
ထိုစူးစမ်းလိုစိတ်ကြောင့်ပင် မဟာယုကို တည်ထောင်ခဲ့သည်။ မသေမျိုးအဆင့်ထိ ကျင့်ကြံခဲ့သည်။ လောကအပြင်ဘက်ကိုထွက်၍ စူးစမ်းလေ့လာဖို့ မဟာယုနိုင်ငံကိုပင် သူစတေးခဲ့သည်။
ကွမ်းရှန်ဟိုင်ဖန်တီးထားသည့် ဝူယော်လည်း မူလဝူယော်လို စရိုက်မျိုးရှိသည်။ ယခုအခြေအနေကို သူသိလိုသည်။ ဘာကြောင့် သူ့မူလခန္ဓာမရှိသည်ကို သိလိုသည်။ ဘာကြောင်းတိုက်ခိုက်ရမည်ကို သိလိုသည်။
ကွမ်းရှန်ဟိုင် ပြန်မဖြေမီ အိပ်မက်ဆိုးအဓိပဓိက နောက်သို့ခြေလှမ်းဆုတ်သွားပြီး အံ့ဩထိတ်လန့်နေသည့်မျက်နှာဖြင့် တုန်တုန်ရင်ရင်ပြောသည်။
"ကွမ်းရှန်ဟိုင်၊ မင်း...မင်းဘယ်တုန်းက မသေမျိုးဖြစ်လာတာလဲ"
အိပ်မက်ဆိုးအဓိပဓိ၏ မှတ်ဉာဏ်က မဟာချန်ခေတ်အဆုံးသတ်၍ လောကအုပ်ချုပ်ခွင့်ယှဉ်ပြိုင်ချိန်က မှတ်ဉာဏ်ဖြစ်သည်။
တပ်မှူးယုအပါအဝင် အင်အားကြီးရန်သူများစွာကို သူအနိုင်ယူခဲ့သည်။ နိုင်ငံသစ်တစ်ခုတည်ထောင်ဖို့ တက်သက်စဝူယော်နှင့် ဝူယော်၏ဆရာ ကွမ်းရှန်ဟိုင်ကိုလည်း အနိုင်ယူဖို့လိုသေးသည်။
သို့သော်ယခု ကွမ်းရှန်ဟိုင်က မသေမျိုးအဆင့်ရောက်နေသည်။ သူဘယ်လို နိုင်ငံသစ်တည်ထောင်နိုင်တော့မည်နည်း။
နိယာမသခင်နှင့် သစ်သားတံဆိပ်သခင်လည်း ကျန်သုံးယောက်ကိုကြည့်ပြီး မယုံနိုင်အောင်ဖြစ်နေကြသည်။
ဆူညံစွာငြင်းခုန်နေသည့် မသေမျိုးတစ်ဝက်အဆင့် ပုံပွားများကိုကြည့်ရင်း ကွမ်းရှန်ဟိုင် စိတ်ပျက်သွားသည်။ တိုက်ပွဲမစမီပင် စိတ်ဝမ်းကွဲနေကြသည်။
ကွမ်းရှန်ဟိုင် သက်ပြင်းချသည်။ မသေမျိုးတိုက်ပွဲများတွင် မြန်မြန်ဆုံးဖြတ်နိုင်စွမ်းက အရေးကြီးသည်။ စိတ်စွမ်အားဖြင့်ထိန်းချုပ်ပြီး တအံ့တဩဖြစ်နေသည့် လူလေးယောက်ကို သူသတ်လိုက်သည်။
အရိယဖလသန္ဓေများကို စုပ်ယူသည်။
သူပုံသွန်းထားသူများ၏အတွေးကို မထိန်းချုပ်နိုင်သော်လည်း ထိုလူများ၏ အရိယဖလသန္ဓေများကို ထိန်းချုပ်နိုင်သည်။
သို့သော် ပြဿနာက လူနှင့်အရိယဖလသည် ခွဲမရအောင် ဆက်စပ်နေသည်။ အရိယဖလသန္ဓေများကို သီးခြားပုံသွန်း၍မရ။
အရိယဖလသန္ဓေလေးခု သူရလိုက်သည်။ အိပ်မက်မြေအရိယဖလ၊ ဖလှယ်ခြင်းအရိယဖလ၊ သက်ရှည်အရိယဖလ၊ သစ်သားဓာတ်(ပြန်ပေါက်ဖွားခြင်း)အရိယဖလ။
ကွမ်းရှန်ဟိုင် ကိုယ်ပိုင်အချိန်ကို ချက်ချင်းအရှိန်မြှင့်သည်။ မုန်ကျင်းဇီ၏ မသေမျိုးဝိညာဉ်သိစိတ်ဖြင့် အာရုံမခံနိုင်လောက်သည့် အတိုင်းအတာထိ အရှိန်မြှင့်သည်။
အောက်ဘက်မှ ကြည့်နေသူများအမြင်တွင် သူရုတ်တရက် ပျောက်ကွယ်သွားသလိုထင်ရသည်။
"ဆင်းရဲကိုးမျိုး မဖျက်ဆီးနိုင်တဲ့ ရွှေခန္ဓာ"
ဗုဒ္ဓစွမ်းအားတစ်ခု ကွမ်းရှန်ဟိုင် အသက်သွင်းသည်။ ဆင်းရဲကိုးမျိုး ဖြတ်ကျော်၍ မသေဆုံးနိုင်သည့် ရွှေခန္ဓာတစ်ခုဖန်တီးသည်။ ဗုဒ္ဓရွှေခန္ဓာအဖြစ် အသွင်ပြောင်းသည်။
ထိုရွှေခန္ဓာပညာဖြင့် မသေမျိုးလျှပ်စီးကို သူဖြတ်ကျော်ခဲ့သည်။ ယခု မသေမျိုးအဆင့်ရောက်ပြီးမှ ဖန်တီးသည့်ရွှေခန္ဓာသည် ဘယ်လောက်ခိုင်ခံ့မာကျောမည်မှန်း တွေးကြည်ရုံဖြင့် သိနိုင်သည်။
ထာဝရတည်တံ့မည့် ခန္ဓာကိုယ်ဟုပြောလျှင် လွန်ရာကျမည်မထင်။
နန်းမြို့တော်ထဲတွင် လုယန်နှင့်နတ်မယ်သာ ကွမ်းရှန်ဟိုင်၏လှုပ်ရှားမှုကို မြင်ရသည်။
အရှိန်မြှင့်ထားသည့် ကွမ်းရှန်ဟိုင်ကိုကြည့်၍ နတ်မယ် ပြုံးလိုက်သည်။
"အတော်ပါးနပ်တဲ့ နည်းလမ်းပဲ။ နိယာမသခင်ရဲ့သက်ရှည်အရိယဖလနဲ့ ကိုယ်ပိုင်အချိန်ကိုမြှင့်တယ်။ ခန္ဓာကိုယ်ကို အားဖြည့်တယ်။ လှုပ်ရှားမှုတိုင်းက မသေမျိုးရတနာနဲ့တန်းတူ စွမ်းအားရှိတယ်"
ကွမ်းရှန်ဟိုင် မုန်ကျင်းဇီနောက်ဘက်တွင် သရဲတစ်ကောင်လို ပေါ်လာသည်။ လက်ငါးချောင်းအတူစု၍ ရွှေဓားတစ်လက်ဖန်တီးပြီး မုန်ကျင်းဇီ၏လည်ပင်းကို ချိန်ရွယ်ခုတ်ပိုင်းသည်။
သူ့လက်တွင် ကျိန်စာစွမ်းအားတစ်ခုလည်း ထည့်သွင်းထားသည်။ မုန်ကျင်းဇီ ဦးခေါင်းပြန်ဆက်နိုင်လျှင်ပင် အသက်စွမ်းအင် များစွာထိခိုက်သွားလိမ့်မည်။
သို့သော် မုန်ကျင်းဇီက ဦးခေါင်းကို နည်းနည်းငုံ၍ ဓားချက်လွတ်ရုံ ရှောင်လိုက်သည်။
"မဖြစ်နိုင်ဘူး။ ငါလှုပ်ရှားတာကို မင်းဘယ်လိုမြင်တာလဲ"
အမြန်နှုန်းမြှင့်ထားသည့် သူ့တိုက်ကွက် လွဲချော်သွားသဖြင့် ကွမ်းရှန်ဟိုင် အံ့အားသင့်နေသည်။
"မဟာကရုဏာတံဆိပ်"
"ကောင်းကင်လွှမ်းမိုးခြင်း"
"အတုမဲ့မသေမျိုးစွမ်းအား"
နန်းမြို့တော်ထက်ပင် ပိုကြီးမားသည့် ဗုဒ္ဓလက်ဝါးက တိမ်လွှာများကို ထိုးခွဲ၍ ကျဆင်းလာသည်။ ကောင်းကင်လွှမ်းမိုးသည့်စွမ်းအားကို သယ်ဆောင်လာသည်။
မုန်ကျင်းဇီရင်ဘတ်ကို ကွမ်းရှန်ဟိုင်က လက်ဝါးဖြင့်ရိုက်ချသည်။ အဖိုအမဆန့်ကျင်ဘက်အားလှိုင်းနှစ်ခု မုန်ကျင်းဇီဘေးပတ်လည်တွင် စုဖွဲ့လာသည်။ ခန္ဓာကိုယ်ကို လိမ်ချိုးရန်ကြိုးစားသည်။
တိုက်ကွက်တစ်ကွက်တွင် မသေမျိုးပညာသုံးခု စုပေါင်းထားခြင်းဖြစ်သည်။ တစ်ခုချင်းစီက မသေမျိုးတစ်ဝက်များကို ကြိတ်ချေနိုင်လောက်အောင် စွမ်းအားကြီးသည်။ အောင်းလင်းလိုလူသာ မသေမျိုးခန္ဓာပျက်စီးပြီး အသက်ရှင်ကောင်းရှင်မည်။
အကာအကွယ်မဲ့နေသည့် မသေမျိုးတစ်ယောက် ထိုတိုက်ကွက်ထိလျှင် သွေးအဆက်မပြတ် အန်လိမ့်မည်။
ထိုမသေမျိုးပညာသုံးခုတွင် အားနည်းချက်နှစ်ခုသာရှိသည်။ အသက်သွင်းချိန်ကြာ၍ တိုက်ခိုက်နှုန်းနှေးသည်။ သို့သော် ကိုယ်ပိုင်အချိန်ကို အရှိန်မြှင့်ထားသဖြင့် ထိုအားနည်းချက်များသည် ပြဿနာမရှိတော့။
"မိုးမြေဓမ္မစက်ဝန်း၊ ကောင်းကင်ပြုပြင်စွမ်းအား။ အတုမဲ့ဖန်တီးခြင်းစွမ်းအား"
မုန်ကျင်းဇီကလည်း မသေမျိုးပညာသုံးခု အချိန်တိုအတွင်း ထုတ်သုံးလာသဖြင့် ကွမ်းရှန်ဟိုင် အံ့ဩနေသည်။
မုန်ကျင်းဇီက အလွန်တရာကြီးမားသည့် ဓမ္မရွှေခန္ဓာအဖြစ် အသွင်ပြောင်းသည်။ မြေပြင်ပေါ် ခြေခိုင်ခိုင်ရပ်၍ ကျဆင်းလာသည့် ဗုဒ္ဓလက်ဝါးကို ထိုးဖောက်သည်။
နန်းမြို့တော် အလင်းရောင်ပြန်ရလာသည်။ ကောင်းကင်ပြုပြင်စွမ်းအားဖြင့် ကောင်းကင်လွှမ်းခြုံစွမ်းအားကို ကာကွယ်သည်။
ဖန်တီးခြင်းစွမ်းအားဖြင့် ဓာတ်ဖိုဓာတ်မအားလှိုင်းများကို ဖျက်ဆီးသည်။ တိုက်ကွက်သုံးခုလုံးကို ချေဖျက်သည်။
"မဖြစ်နိုင်ဘူး။ မင်းမှာ ငှားယူခြင်းအရိယဖလရှိတာမဟုတ်လား"
မဟာယုခေတ်နှောင်းပိုင်းတွင် မုန်ကျင်းဇီနှင့် ကျန်းပင်ကန်းတို့အကြောင်း သူအလေးထားစုံစမ်းခဲ့သည်။ မသေမျိုးအာရုံဖြင့် အမြဲမပြတ်စောင့်ကြည့်ခဲ့သည်။
ထိုနှစ်ယောက်၏ အရိယဖလသန္ဓေများအကြောင်း အစောကြီးကတည်းက သူသိထားသည်။
မုန်ကျင်းဇီ၏ ငှားယူခြင်းအရိယဖလသန္ဓေသည် ရန်သူများ၏ မှော်ရတနာများ၊ ဝိညာဉ်ကျောက်များကို ငှားယူနိုင်သည့်စွမ်းအားမျိုးရှိသည်။ ရန်သူများ လက်နက်မဲ့သွားမည်။ သူက လက်နက်အပြည့်အစုံဖြစ်လာမည်။ တစ်ဘက်ရန်သူ ပြန်တိုက်ခိုက်ခွင့်ရမည်မဟုတ်။
သို့သော် ငှားယူခြင်းအရိယဖလသည် အချိန်စွမ်းအားနှင့် ဘာမှဆက်စပ်မှုမရှိ။ ထို့ကြောင့်လည်း ကွမ်းရှန်ဟိုင် ယုံကြည်မှုအပြည့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"ဘယ်လိုဖြစ်သွားတာလဲ နတ်မယ်။ ငှားယူခြင်းအရိယဖလက အချိန်ကိုလည်း ငှားနိုင်တာလား"
လောကအတွေ့အကြုံရင့်နေသည့် နတ်မယ်က ကွမ်းရှန်ဟိုင်နှင့်မတူ။ သဲလွန်စတစ်ချို့ကို မြင်သည်။
"စိတ်ဝင်စားစရာပဲ။ မုန်ကျင်းဇီက အချိန်စွမ်းအား ငှားတာမဟုတ်ဘူး။ သူ့ကိုယ်သူပဲ အရှိန်မြှင့်လိုက်တာပါ။ မသေမျိုးလမ်းစဉ်မှာ အချိန်မသေမျိုးကြုံခဲ့ရတဲ့ မြန်နှုန်းမြင့်အရိယဖလသန္ဓေပိုင်ရှင် ရန်သူတစ်ယောက်အကြောင်း ငါပြန်တွေးမိတယ်။
လောကမှာ အမြန်နှုန်းအမြင့်ဆုံး အရိယဖလစွမ်းအားမျိုးပေါ့။ အမြန်နှုန်းဆိုတာ အတိုင်းအတာတစ်ခုထိ ရောက်သွားတဲ့အခါ အချိန်နဲ့ဆက်စပ်သွားတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ မသေမျိုးအဆင့်ကို တက်နိုင်ခဲ့တယ်။
နင်တို့ခေတ်မှာလည်း အဲလိုအရိယဖလသန္ဓေပိုင်ရှင် ရှိတဲ့သဘောပဲ။ မုန်ကျင်းဇီရဲ့ ငှားယူခြင်းအရိယဖလက တစ်ခြားလူတွေရဲ့ အရိယဖလသန္ဓေစွမ်းအားကို ငှားသုံးနိုင်တယ်လေ။
မုန်မိသားစုရဲ့ စွမ်းအင်ငှားယူခြင်းမှော်ပညာအကြောင်း နင်မှတ်မိလား။ စုစည်းခြင်းအဆင့်နဲ့အထက် ကျင့်ကြံသူတွေ မုန်မိသားစုဆီ ငွေလာချေးတဲ့အခါ အကြွေးစာချုပ်ထားရတယ်။ ပြီးတောြ သူတို့စွမ်းအားတစ်မျိုး မုန်မိသားစုကို ငှားရတယ်။
ဒီလိုပညာမျိုး ငါတစ်ခါမှမမြင်ဖူး မုန်မိသားစုက သီးခြားတီထွင်ထားတာလို့ ထင်ခဲ့တယ်။ အခုကြည့်ရတာ အဲဒါက ငှားယူခြင်းအရိယဖလကနေ ဖန်တီးထားတဲ့ ပညာဖြစ်မယ်ထင်တယ်"
"အဲလောက်တောင် စွမ်းအားကြီးတယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။
"နေဦး...အရိယဖလသန္ဓေကိုတောင် ငှားယူနိုင်တယ်ဆိုရင် သက်တမ်းကိုလည်း ငှားယူနိုင်လောက်တယ်မဟုတ်လား"
လုယန် နားလည်လာသည်။
အင်ပါယာရှား သက်တမ်းကုန်ပြီဟု မသေမျိုးကွမ်းရှန်ဟိုင်ယုံကြည်အောင် လှည့်စားနိုင်ခဲ့သည်။ ကွမ်းရှန်ဟိုင်ကလည်း ထိုငှားယူခြင်းပညာမျိုး တစ်ခါမှမမြင်ဖူး။ ထိုပညာကလည်း မသေမျိုးအဆင့် ပညာရပ်ဖြစ်သည်။
ငှားယူခြင်းအရိယဖလသည် ထိုအခြေအနေနှစ်ခုလုံးနှင့် ကွက်တိကျနေသည်။
"အဲလိုပဲဖြစ်လောက်တယ်"