အခန်း (၈၈၃-၈၈၅)
Vol. 59 Ch. 883-885
အခန်း (၈၈၃) အနိုင်ယူခြင်း
"သောက်လခွမ်း၊ ကိုယ့်ကိုယ်ကို တိုက်ခိုက်ရတာ တကယ်ပင်ပန်းတာပဲ။ ဒီကောင် ဉာဏ်သိပ်မကောင်းလို့ တော်သေးတယ်"
စွမ်းအားပြည့်တိုက်ကွက်များ ဆက်တိုက်ထုတ်သုံးလိုက်ရသဖြင့် လုယန် အတော်ပင်ပန်းသွားသည်။
အတိအကျဆိုရလျှင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် ဦးနှောက်မရှိ။ လုယန်၏ စွမ်းအားအမြင့်ဆုံးအခြေအနေကို ကိုယ်စားပြုသည်။
သို့သော် ပညာရပ်ကျွမ်းကျင်မှုကိုသာ ကိုယ်စားပြုခြင်းဖြစ်သည်။ ပညာရပ်များ ဘယ်လောက်ပြောင်းလဲသုံးနိုင်သည်ဖြစ်စေ လုယန်လို ဉာဏ်ရည်မမြင့်။
တိုက်ခိုက်နေရင်း စိတ်ကူးပေါ်လာသည့်နည်းလမ်းဖြင့် လုယန် တိုက်ခိုက်သည်။ နတ်ဝိညာဉ်က သူ့လောက် လိုသလိုပြောင်းလဲပြုပြင် တိုက်ခိုက်နိုင်စွမ်းမရှိ။
ထို့ကြောင့် သူ့ပေါင်းစပ်တိုက်ကွက်ကို ရုတ်တရက် မြင်ရချိန်တွင် နတ်ဝိညာဉ် တွေဝေသွားပြီး အချိန်မီမတုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပညာရပ်သီအိုရီသဘောတရားသည် လက်တွေ့အခြေအနေနှင့် မတူ။ နတ်ဝိညာဉ်က သူပိုင်ဆိုင်သည့်စွမ်းအားကိုသာ သုံးနိုင်သည်။ လုယန်က သူ့ရုပ်ခန္ဓာအစစ်မှ စွမ်းအားကိုဆွဲယူနိုင်သည်။
လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိ။ စွမ်းအားမြှင့်တင်နိုင်စွမ်းမရှိ။ ထိုနှစ်ချက်သည် နတ်ဝိညာဉ်၏ အားနည်းချက်များဖြစ်သည်။
ဤနည်းလမ်းဖြင့် နတ်ဝိညာဉ်ကို အနိုင်မယူနိုင်လျှင်လည်း နတ်မယ်အရိပ်တုလက်သီးကိုသုံးပြီး အနိုင်ယူဖို့ လုယန်စဉ်းစားထားသည်။
မည်သို့ဆိုစေ နတ်မယ်သည် နတ်ဝိညာဉ်ကို စွမ်းအားငှားမည်မဟုတ်။ နတ်မယ်အရိပ်တုလက်သီးကို သုံး၍မရ။
တစ်ချက်အားနည်းသည်နှင့် ချွင်းချက်များစွာ ပေါ်လာသည်။ လက်သီးချက်ထိပြီးနောက် ပြိုင်ဘက်ကင်းနတ်ဝိညာဉ် လုယန်အရိပ်တုလက်သီးပညာဖြင့် စွမ်းအားပြန်ဖြည့်ရန် အမြန်ကြိုးစားသည်။ သို့သော် လုယန်က ထိုသို့ခွင့်မပေး။
ဓားပညာနှင့် မှော်ပညာကို ပြိုင်တူသုံးသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အတင်းဖိ၍တိုက်ခိုက်သည်။ နတ်ဝိညာဉ်၏စွမ်းအင်ရောင် ချက်ချင်းအားနည်းသွားသည်။
"ဘုန်း"
လုယန် နောက်တစ်ကြိမ် တိုက်ခိုက်သည်။ နတ်ဝိညာဉ်လွင့်ထွက်သွားသည်။ သိစိတ်နယ်မြေ၏ နန်းတော်ခန်းမတိုင်လုံးတစ်ခု ကျိုးသွားသည်။
လုယန် ဖိတိုက်ခိုက်သည်။ သို့သော် ရှုံးတော့မည်ကို ရိပ်မိသည်နှင့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က ရှေ့ခြေတစ်လှမ်းတိုးပြီးနောက် နေရာမှချက်ချင်းပျောက်ကွယ်သွားသည်။
လုယန် မျက်လုံးပြူးသွားသည်။ နတ်ဝိညာဉ်သုံးသွားသည့်ပညာကို ချက်ချင်းရိပ်စားမိသည်။
"ခြေတစ်လှမ်းမိုင်ချီပညာလား..."
လုယန် ပထမဆုံးတတ်ခဲ့သည့် လေဟာနယ်ပညာဖြစ်သည်။ ထိုပညာကြောင့် ချောက်ကမ်းပါးတစ်ခုထဲ ကျခဲ့ဖူးသည်။
သို့သော် ရောက်မည့်နေရာအတည်တကျ မသိနိုင်သဖြင့် ထိုပညာကို သိပ်မသုံးဖြစ်။ သင်ရုံသာသင်ပြီး ထိုအတိုင်းပစ်ထားခဲ့သည်။
သူမသုံးသော်လည်း ယခု နတ်ဝိညာဉ်က ထိုပညာကိုသုံး၍ ထွက်ပြေးသွားသည်။
နတ်မယ်နှိပ်ကွက်စဉ်က နတ်ဝိညာဉ် ထိုပညာကို ထုတ်မသုံးခဲ့။ နတ်မယ်က စွမ်းအားကြီးလွန်းသဖြင့် ထိုပညာထုတ်သုံးချိန်မရခဲ့ခြင်းဖြစ်သည်။
သို့သော် လုယန်သည် နတ်ဝိညာဉ်နှင့် စွမ်းအားချင်းသိပ်မကွာ။ ထို့ကြောင့် သူ့နတ်ဝိညာဉ်ကို လွယ်လွယ်ထွက်ပြေးခွင့်မပေး။
"မင်းဒီလိုပြေးလို့လွတ်မယ်ထင်နေလား။...ခြေတစ်လှမ်းမိုင်ချီစွမ်းအား"
ဘယ်ချောက်ကမ်းပါးဆီ ရောက်မည်မှန်းမသိသော်လည်း ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် လုယန်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ထွက်ပြေးသည့်နေရာသိ့ လုယန်လိုက်နိုင်သည်။
လုယန်က ရုပ်ခန္ဓာအစစ်ဖြင့် ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ သိစိတ်နယ်မြေမှလည်း ထွက်လိုက်သည်။
ယခု နတ်ဝိညာဉ်က ကိုယ်ထဲမှထွက်သွားပြီဖြစ်၍ သိစိတ်နယ်မြေတွင် ဝိညာဉ်ခန္ဓာဖြင့် ဆက်တိုက်ခိုက်နေဖို့မလိုတော့။
"ဟ၊ ဒါက ဘယ်နေရာလဲ"
မှောင်မည်းနေသည့် နေရာတစ်ခုသို့ ရောက်သွားသည်။ အထက်သို့ ခေါင်းမော့ကြည့်သည်။ ကောင်းကင်အလင်းကို မျဉ်းတစ်ကြောင်းစာသာ မြင်ရသည်။
ချောက်ကမ်းပါးတစ်ခုမှ ငေါထွက်နေသည့် ကျောက်ဖျာတစ်ချပ်ပေါ် သူရပ်နေသည်။ ကျောက်ဖျာအနီးတွင် လှိုဏ်ဂူဝတစ်ခုရှိသည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် ထိုလှိုဏ်ဂူထဲတွင် ပုန်းအောင်းနေခြင်းဖြစ်ကြောင်း သူ့ဗီဇစိတ်က အလိုလိုသိသည်။
လှိုဏ်ဂူထဲတွင် အလင်းရဖို့ ရသာသုံးမျိုးမီးတောက်ကို သုံးလိုက်သည်။ ဂူအတွင်းပိုင်း၌ ပင့်ကူအိမ်များ ပြည့်နေသည်။ မျက်နှာကျက်တွင် ဇောက်ထိုးတွဲခိုနေသည့် လင်းနို့များစွာရှိသည်။
မီးတောက်အလင်းကြောင့် လန့်ဖျတ်၍ စုအပြုံလိုက် ရုတ်တရက်ပျံထွက်လာသည်။
လှိုဏ်ဂူအတွင်းပိုင်းတွင် ကျောက်ကမ္ဗည်းတိုင်တစ်ခုရှိသည်။
လုယန် ကမ္ဗည်းတိုင်ကို သေချာစစ်ဆေးကြည့်သည်။ ထိုကမ္ဗည်းတိုင်ရေးထိုးခဲ့သူသည် မဟာကျင့်ကြံသူတစ်ယောက်ဖြစ်ကြေင်း၊ အဆင့်တက်ဖို့ကြိုးစားရင်း မအောင်မြင်ဘဲ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
သူမသေမီ ဉာဏ်စမ်းပုစ္ဆာတစ်ခု ချန်ထားခဲ့သည်။ ထိုစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်သူမှန်သမျှ သူ့အမွေခံဖြစ်လာမည်။ သူ့ပိုင်ဆိုင်မှုအားလုံးကို ရမည်။
လုယန် နောက်ဆုံးစာကြောင်းကို တစ်လုံးချင်းဖတ်သည်။
"မျိုးဆက်သစ်အမွေခံ၊ ငါ့အမွေကိုရပြီဆိုရင် မင်းဟာဉာဏ်ပါရမီ၊ ရဲစွမ်းသတ္တိနဲ့ တာအိုနှလုံးရှိလို့ပဲ။ နောင်တစ်ချိန်မှာ ငါဆရာရဲ့ တစ်သက်တာဆန္ဒကို ဖြည့်ဆည်းပြီး နတ်ဝိညာဉ်အဆင့်ကို ရောက်လာမယ်လို့ ငါယုံကြည်တယ်..."
ကျောက်ကမ္ဗည်းဖန်တီးသူသည် ရွှေသန္ဓေအဆင့်သာရှိသည်။ သူ့စမ်းသပ်ချက်အစီအစဉ်သည်လည်း လုယန်၏ဝိညာဉ်အာရုံစက်ကွင်းမှမလွတ်။ ကျောက်ကမ္ဗည်းအောက်တွင် ဝှက်ထားသည့် အမွေအနှစ်များကိုတွေ့သည်။
ကျင့်စဉ်ကျမ်းတစ်ခု၊ ဘာထည့်ထားမှန်းမသိသည့် မှော်လက်စွပ်တစ်ခုနှင့် ဝိညာဉ်ကျောက်တစ်အိတ်ဖြစ်သည်။
"မပြည့်စုံတဲ့ ကျင့်စဉ်ကျမ်းတစ်ခုပဲ"
လုယန် အံ့အားသင့်သွားသည်။ ဝိညာဉ်အာရုံဖြင့် အမြန်ဖတ်ကြည့်သည်။
ကျင့်စဉ်က ထူးခြားသည်။ ကျင့်စဉ်အပြည့်အစုံရလျှင် ဝိညာဉ်ပြောင်းအဆင့်ထိ ကျင့်ကြံနိုင်မည်။
ကျင့်စဉ်အပြည့်အစုံဆိုသည်က ကျင့်စဉ်တစ်ခြမ်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ နောက်ထပ်ကျင့်စဉ်တစ်ခြမ်း ထပ်ရမှသာ စုစည်းခြင်းအဆင့်ထိ ရောက်နိုင်သည်။
ထို့ကြောင့် လုယန် ထိုကျင့်စဉ်ကို ကျင့်ကြံဖို့မတွေးတော့။ ဝိညာဉ်အာရုံကို ထပ်ဖြန့်လိုက်သည်။ ကျောက်ကမ္ဗည်းတိုင်နောက်ဘက်တွင် ပုန်းနေသည့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အလွယ်တကူရှာတွေ့သည်။
လုယန်သူ့ကိုမြင်ကြောင်း နတ်ဝိညာဉ်က ရိပ်စားမိသဖြင့် လျှပ်စီးအလင်းတန်းတစ်ခုအသွင်ပြောင်းပြီး လှိုဏ်ဂူထဲမှ ထွက်ပြေးသည်။
"မပြေးနဲ့"
လုယန် ချက်ချင်းပြေးလိုက်သည်။ လူနှင့်နတ်ဝိညာဉ်တို့ ချောက်ကမ်းပါးအထပ်ထပ် ဖြတ်ကျော်ပြေးလွှား၍ ကျဉ်းမြောင်းသည့် တောင်တက်လမ်းလေးအတိုင်း တက်ကြသည်။
နတ်ဝိညာဉ်ကိုမီခါနီးတွင် လူတစ်ယောက် ထိတ်လန့်တကြားအော်ဟစ်သံကို လုယန်ကြားရသည်။ ချောက်ကမ်းပါးထက်မှ ဆေးမြစ်ရှာသူတစ်ယောက် မတော်တဆ ပြုတ်ကျလာခြင်းဖြစ်သည်။
လုယန် နတ်ဝိညာဉ်ကို မဖမ်းအားတော့ဘဲ ဆေးဆရာကို ကယ်လိုက်ရသည်။
"ကျုပ်ရှိနေလို့ ခင်ဗျားကံကောင်းသွားတယ်။ ချောက်ကမ်းပါးနံရံမှာ အခုအခံဖြစ်မယ့် သစ်ကိုင်းတွေလည်းမရှိဘူး"
အံ့အားသင့်နေသည့် ဆေးဆရာကို နှုတ်ဆက်ခဲ့ပြီးနောက် လုယန် နတ်ဝိညာဉ်နောက်သို့ ဆက်လိုက်သည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က ခြေတစ်လှမ်းမိုင်ချီပညာကို ဆက်သုံး၍ ထွက်ပြေးသည်။ လုယန်လည်း ထိုပညာဖြင့် ဆက်လိုက်သည်။ ချောက်ကမ်းပါးလျိုမြောင်များကြားတွင် သူတို့တိုက်ခိုက်ကြသည်။
တစ်ခါတစ်လေ ချောက်နက်အောက်ခြေတွင် လူတစ်ယောက်၏ သွေးဆက်ကို လှုပ်နှိုးပေးနိုင်သည့် သွေးကန်များတွေ့သည်။ ပိုင်ရှင်မဲ့ မှော်ရတနာများတွေ့သည်။ ဝိညာဉ်ခန္ဓာသာကျန်တော့သည့် အဘိုးအိုများတွေ့သည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ဖမ်းမိခါနီးတိုင်း သေလုမျောပါးဖြစ်နေသည့် ကျင့်ကြံသူများ၊ ကမ်းပါးပေါ်မှ ပြုတ်ကျလာသူများ၊ လမ်းပျောက်နေသည့် ဂိုဏ်းမွေခံများနှင့် လုယန်ကြုံရသည်။
သူတို့ကို ကယ်တင်ပြီးမှသာ နတ်ဝိညာဉ်နောက်သို့ ဆက်လိုက်ရသည်။
ချောက်ကမ်းပါးငါးခု ဖြတ်ကျော်ခဲ့ပြီးနောက် နတ်ဝိညာဉ်ကို သူမီလာသည်။
"မင်းဆက်ပြေးချင်သေးလား"
ဆေးဝါးအထောက်အပံ့မရှိသဖြင့် နတ်ဝိညာဉ်က ခြေကုန်လက်ပမ်းကျနေပြီဖြစ်သည်။ လုယန်က အားဖြည့်ဆေးများ အဆက်မပြတ်စားထားသဖြင့် စွမ်းအားအပြည့်ရှိနေသည်။
လက်ဝါးရိပ်တစ်ခု ကောင်းကင်မှကျလာသည်။ သို့သော် လုယန် ကြောက်ရွံ့ခြင်းမရှိ။ သူ့ဓားကို ဝေ့ယမ်းလိုက်သည်။ ဓားချီက နဂါးအသွင်ပြောင်း၍ ကောင်းကင်သို့ ထိုးတက်သည်။
နတ်ဝိညာဉ်၏ အားနည်းနေသည့်လက်ဝါးရိပ်ကို ဖျက်ဆီးသည်။ ထို့နောက် နတ်ဝိညာဉ်ကို ကျောက်ကမ်းပါးနံရံတွင် ဖိထားလိုက်သည်။
"မင်းရှုံးပြီ"
ချင်ဖုန်းဓားဖြင့် နတ်ဝိညာဉ်ကို သူချိန်ရွယ်လိုက်သည်။ အရောင်တလက်လက်တောက်ပနေသည့် ဓားသွားက ခြောက်ခြားစရာကောင်းသည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ခေါင်းငိုက်စိုက်ကျသွားသည်။ အရှုံးကိုလက်ခံပြီး လုယန်၏သိစိတ်နယ်မြေထဲသို့ ပြန်ဝင်လာသည်။
"ထူးဆန်းတယ်၊ ဘာလို့အခုထိ သူ့ကိုမထိန်းချုပ်နိုင်သေးသလို ခံစားနေရတာလဲ"
အနိုင်ရလိုက်သော်လည်း နတ်ဝိညာဉ်က သူ့အမိန့်ကို အပြည့်အဝမနာခံသေးသလို ခံစားရသည်။
နတ်မယ် ခဏစဉ်းစားသည်။ သူလည်း ထိုအဖြစ်မျိုးမကြုံဖူး။ အမှန်ဆို ထိုသို့မဖြစ်သင့်။
"ဪ..ငါနားလည်ပြီ။ ငါကသူ့ကို အရင်ယူခဲ့တာလေ။ နင်က နောက်မှအနိုင်ယူတဲ့လူ။ ဒီတော့ သူ့ကို အပြည့်အဝထိန်းချုပ်ချင်ရင် နင်ငါ့ကို အနိုင်ယူဖို့လိုတယ်"
လုယန် "..."
ဒါခင်ဗျား တမင်သက်သက်လုပ်တာမဟုတ်လား နတ်မယ်...
နတ်မယ်က သွားဖြဲရယ်လျက် မျက်နှာတင်းနေသည့် လုယန်နားသို့ကပ်လာပြီး ချော့မော့ရန် ကြိုးစားသည်။
"...စိတ်မဆိုးပါနဲ့ ရှောင်ယန်။ ဒီလိုလုပ်ပါလား...နင်ငါ့ကို တစ်ချက်ရိုက်လေ"
လုယန် နတ်မယ်ကို မယုံမရဲကြည့်၍ ညင်သာစွာ တစ်ချက်တွန်းလိုက်သည်။
နတ်မယ် ခြေနှစ်လှမ်းနောက်သို့ယိုင်သွားသည်။ ထို့နောက် ကုတင်ပေါ် ဟန်ဆောင်ပန်ဆောင်လှဲချသည်။ မျက်နှာကိုလက်ဖြင့်အုပ်၍ ဝမ်းနည်းပက်လက်လေသံဖြင့်ပြောသည်။
"အား...ငါရှုံးသွားပြီ"
ယနေ့ လုယန်သည် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် နတ်မယ်ကို အနိုင်ယူနိုင်ခဲ့သည်။ သမိုးတွင် တစ်ခါမှမရှိခဲ့ဖူးသည့် အောင်နိုင်မှုဖြစ်သည်။
******************************
အခန်း (၈၈၄) လေ့ကျင့်ဖော်
နတ်ဝိညာဉ်နှင့်နတ်မယ်ကို အနိုင်ယူပြီးနောက် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် ရင်းနှီးခိုင်မာသည့် ဆက်နွယ်မှုမျိုးကို လုယန် ခံစားရသည်။ သူထင်ထားသည်ထက် များစွာပိုကောင်းသည်။
"အခုမှပဲ လုပ်နိုင်တော့တယ်"
လုယန် အမည်မသိတောင်ကြားတစ်ခုအောက်ခြေတွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူ့အောင်နိုင်မှုကြောင့်ရလာသည့် အပြောင်းအလဲများကို ခံစားကြည့်ဖို့ စိတ်အားထက်သန်နေသည်။
"ထွက်ခဲ့"
နတ်ဝိညာဉ်ကို သူအမိန့်ပေးလိုက်သည်။ နတ်ဝိညာဉ်က သူ့သိစိတ်နယ်မြေမှ ပျံထွက်လာသည်။ သူ့ကိုမတိုက်ခိုက်တော့။
"သွား၊ ဟိုကျောက်တုံးကို သွားသယ်ပါ"
နတ်ဝိညာဉ် ပျံထွက်သွားပြီး 'ကျင်း'တစ်ရာခန့်လေးသည့် ကျောက်တုံးကြီးကို လုယန်ရှေ့သို့ သယ်လာသည်။
"ရပြီ၊ သူ့နေရာသူ ပြန်ထားလိုက်တော့"
နတ်ဝိညာဉ်က တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်တုံးကို မူလနေရာတွင် ပြန်ထားသည်။
လုယန် မျက်ရည်ကျမတတ်ဝမ်းသာသွားသည်။ တစ်ခြားလူများက နတ်ဝိညာဉ်အဆင့်ရောက်ရောက်ချင်း သူတို့နတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်သည်။
သူက ဝိညာဉ်ပြောင်းအဆင့် တက်ခါနီးအချိန်ရောက်မှ နတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်သည်။ တကယ်မလွယ်ကူခဲ့။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်ယူခက်ခဲခဲ့သော်လည်း ယခုသူရလာသည့် အကျိုးကျေးဇူးက အလွန်များသည်။
နတ်ဝိညာဉ်၏ သူ့ကိုယ်ပွားသဘောမျိုးဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်စွမ်းအား နှစ်ဆဖြစ်လာသည့်သဘောဖြစ်သည်။
သို့သော် သူ့ထုတ်သုံးသည့်ပညာများက စွမ်းအားကြီးလွန်းသည်။ ဤတောင်ကြားက စွမ်းအားပြည့်ထုတ်သုံးဖို့ နေရာကျဉ်းလွန်းနေသည်။
"ဂိုဏ်းကိုပြန်ပြီး အတူလေ့ကျင့်မယ်လူ ရှာမှဖြစ်မယ်"
တောင်ကြားမှထွက်ပြီး အနီးဆုံးမြို့တော်ကို သူရှာသည်။ လေဟာနယ်ခုန်ကူးမှု ဆက်တိုက်လုပ်ပြီးနောက် ဂိုဏ်းအနီးမှ ပြည်နယ်တစ်ခုသို့ရောက်နေကြာင်း သိလိုက်ရသည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ စွမ်းအားကို စမ်းသပ်လိုစိတ် ပြင်းပြနေသည်။ ဓားဆေးကန်ကိုစီး၍ ဂိုဏ်းသို့အမြန်ပြန်သည်။ သန့်စင်မှုတစ်ရာတောင်ထိပ်မှ လီဟော်ရန်ကို သွားရှာသည်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းက နန်းမြို့တော်တွင် ကျန်ခဲ့သည်။ ထောင်ယော်ယဲ့နဲ့ယှဉ်ဖို့ကလည်း ငှက်မသေမျိုးခန္ဓာစွမ်းအားသုံးလျှင် သူနိုင်မည်မဟုတ်။ သူနဲ့သက်တူရွယ်တူကြားတွင် သူ့ကိုယှဉ်နိုင်သူဟူ၍ လီဟော်ရန်သာရှိသည်။
"ညီလေးလီ၊ မင်းအားလား။ လက်ရည်စမ်းကြမယ်လေ...အဲ...မင်းက ညီလေးလီလား"
မသေချာသဖြင့် လုယန်မေးရသည်။ သူ့ရှေ့မှလူက သံချပ်ကာအပြည့်ဝတ်ထားသည်။
"ဟုတ်ပါတယ်"
သံချပ်ကာထဲမှ မသဲမကွဲစကားသံတစ်ခု ထွက်လာသည်။ သူ့တစ်ကိုယ်လုံး သံချပ်ကာအပြည့်ဖုံးနေသည်။ မျက်လုံးပေါက်ပင် မကျန်။
လီဟော်ရန်ကက ခေါင်းစွပ်ကိုချွတ်၍ ထပ်ပြောသည်။
"ကျုပ်ပါပဲ"
"ဒါကဘာလဲ"
လီဟော်ရန် ခပ်ညှင်းညှင်းရယ်လျက် သူ့သံချပ်ကာကို ပုတ်ပြသည်။
"အခုမှ ဒီမှော်ရတနာပုံသွန်းလို့ ပြီးသွားတာ။ ဒါဝတ်ထားရင် တိုက်ခိုက်တာရော ခုခံတာရော လုပ်လို့ရတယ်။ ဝိညာဉ်ပြောင်းအဆင့်တောင် ဒီသံချပ်ကာကို ထိုးဖောက်ဖို့ခက်လိမ့်မယ်"
နိယာမသခင်နှင့်တိုက်ပွဲတွင် တာအိုလမ်းစဉ်ဂိုဏ်းက ကွေ့ယန်ဘိုးဘေး၏ ပြိုင်ဘက်ကင်းမှော်ရတနာ သံချပ်ကာကို သုံးခဲ့သည်။ စုစည်းခြင်းအဆင့်တစ်ယောက်ကို ကူးဖြတ်ခြင်းအဆင့်သို့ ယာယီမြှင့်ပေးနိုင်သည်။
ထိုသံချပ်ကာကြောင့် လီဟော်ရန် စိတ်ကူးရလာပြီး ကိုယ်ပိုင်သံချပ်ကာတစ်ခု တစ်နှစ်ကျော်အချိန်ယူ၍ သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။
ကွေ့ယန်ဘိုးဘေး၏ သံချပ်ကာကို မမီသော်လည်း လီဟော်ရန်၏ တိုက်ခိုက်စွမ်းအားကို သိသိသာသာတိုးတက်စေသည်။
"ကောင်းတာပေါ့။ ငါ့လည်း အခုရက်ပိုင်း ကျင့်ကြံရင်း နည်းနည်းအကျိုးထူးလာတယ်။ အတူလေ့ကျင့်ကြမလား"
လုယန် ပြုံး၍ပြောသည်။ ထိုထက်အဆင်ပြေသည့် အခြေအနေမျိုး ရှိမည်မဟုတ်တော့။
လီဟော်ရန်ကလည်း သူ့တိုက်ပွဲသံချပ်ကာကို ယုံကြည်သည်။ လုယန်ထက် အားမနည်းနိုင်ဟု တွေးနေသည်။
"ကောင်းပြီလေ။ ဒီနေရာက ကျဉ်းလွန်းတယ်။ တစ်ခြားနေရာကို သွားရအောင်"
တာအိုလမ်းစည်ဂိုဏ်း အတွင်းဗဟိုနေရာမှ သူတို့ပျံထွက်လာကြသည်။ ဂိုဏ်းအပြင်ပိုင်း မြက်ခင်းပြင်ကိုဖြတ်သန်း၍ တောင်တန်းများကြားသို့ ရောက်လာသည်။
ထိုနေရာသည်လည်း ဂိုဏ်းနယ်နိမိတ်ထဲတွင် ရှိသည်။ ဂိုဏ်းတပည့်များ စွမ်းအားမြင့်ပညာရပ်များကို စမ်းသပ်ရန် ဤနေရာသို့ မကြာခဏလာလေ့ရှိသည်။
ပျံသန်းနေစဉ်အတွင်း လီဟော်ရန်၏ ပျံသန်းနှုန်းသည် သံချပ်ကာဝတ်ပြီးနောက် သိသိသာသာတိုးလာကြောင်း လုယန် သတိထားမိသည်။
"စကြတော့မလား"
"စကြစို့"
နှစ်ယောက်လုံးက ကျင့်စဉ်တိုးတက်မှုရထားသူများဖြစ်၍ လက်ရှိကိုယ်စွမ်းကိုယ်စကို စမ်းကြည့်ချင်နေကြသည်။ တိုက်ခိုက်ကြည့်မှသာ အကဲဖြတ်နိုင်မည်။
လီဟော်ရန်ကို လုယန် လျှော့မတွက်ရဲ။ လီဟော်ရန် ပြန်မွေးဖွားမှုအရိယဖလသန္ဓေရထားသည့် မသေမျိုးတစ်ဝက်ဖြစ်သည်။
(**လီဟော်ရန်ကို အရိယဖလသန္ဓေပိုင်ရှင်ဟု နတ်မယ်က သတ်မှတ်ထားသည်။ ထိုစွမ်းအားမျိုးတော့ လောလောဆယ်မရှိသေးပါ။ ကိုးငရဲဂိုဏ်းချုပ်ဟောင်း၊ ချီလင်မသေမျိုး၏ ဘဝရှစ်ခုမြောက် လူဝင်စားဖြစ်သည်ဟု မှန်းဆထားကြသည်။
ဇာတ်သိမ်းပိုင်းတွင် သူ့နောက်ခံအကြောင်း ရှင်းလင်းသွားပါလိမ့်မည်)
သူ့လို နတ်ဝိညာဉ်အဆင့်တစ်ယောက်အနေဖြင့် ကိုယ့်ထက်စွမ်းအားအဆင့်မြင့်သူ ယှဉ်နိုင်ဖို့ အလွန်တရာခက်ခဲသည်။
ချင်းဖုန်းဓားနှင့် တစ်ခြားဓားရှစ်လက်ကိုထုတ်ပြီး လေထဲသို့ ပစ်လွှတ််၍ ဓားစက်ဝန်းတစ်ခု ဖန်တီးလိုက်သည်။
"မသေမျိုးသတ် ဓားစက်ဝန်း"
ဓားစက်ဝန်းမှ မမြင်နိုင်သည့် စွမ်းအားတစ်ခု ထွက်လာသဖြင့် လီဟော်ရန် ဒူးထောက်ကျသွားသည်။ ထိုစွမ်းအားက ပြင်းထန်လွန်းသည်။ ခုခံနိုင်ဖို့ခက်သည်။
"အကိုလုမှာ ဒူးထောက်အောင်လုပ်နိုင်တဲ့ ဓားစက်ဝန်းတစ်ခုရှိတယ်လို့ ကြားဖူးတာကြာပြီ။ ဒီနေ့မှ တကယ်လက်တွေ့ကြုံရတယ်။ တကယ်ထူးခြားတာပဲ။
ဒါပေမယ့် ကျုပ်ကို ဒီလောက်နဲ့တော့ အနိုင်ယူလို့မရဘူးနော်"
ဒူးထောက်နေရင်းမှ လီဟော်ရန်ခန္ဓာကိုယ်က ခြောက်ပိုင်းကွဲထွက်သွားသည်။ ခေါင်း၊ ကိုယ်၊ ခြေလက်လေးခု။
မသေမျိုးသတ်မှော်စက်ဝန်းသည် အလွန်စွမ်းအားကြီးသည့် ချုပ်နှောင်မှုပညာဖြစ်သည်။ မုန်ကျင်းကျိုးပင် ထိုဓားစက်ဝန်းဒဏ်ကို မခံနိုင်ဘဲ ဒူးထောက်ရသည်။
မခုခံနိုင်ဆိုသော်လည်း တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းမရှိဟုတော့ မဆိုလို။
လီဟော်ရန်က ခြေနှစ်ဘက်ကို မြေပြင်နှင့်ကပ်၍ အလျားလိုက်ဖြန့်ခွဲသည်။ ဒူးထောက်အနေအထားရှိနေသော်လည်း သူ့တိုက်ခိုက်နိုင်စွမ်းက ပျောက်ကွယ်မသွား။
"မီးတောက်စစ်မုန်တိုင်း"
မီးတောက်စစ်မှ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ လေအကူရသဖြင့် မီးတောက်စွမ်းအားက အဆများစွာပိုပြင်းထန်လာသည်။ တောင်နံရံတစ်ခုလုံး မီးပင်လယ်ဖြစ်သွားသည်။ မုန်တိုင်းဖြတ်သွားရာတလျှောက် သစ်ပင်များအားလုံး ချက်ချင်း မီးသွေးဖြစ်သွားသည်။ မြေပြင်လည်း အပူလောင်၍ မည်းနက်သွားသည်။
လုယန်လည်း မီးတောက်စစ်ကို ထိန်းချုပ်နိုင်ပါသည်။ သို့သော် မီးဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်သည့် လီဟော်ရန်လောက်တော့ မကျွမ်းကျင်။
လုယန်လည်း မပေါ့ဆရဲသလို လီဟော်ရန်လည်း မပေါ့ဆရဲ။ ပွဲစကတည်းက အမြင့်ဆုံးတိုက်ကွက်ကို ထုတ်သုံးကြသည်။
လီဟော်ရန်သည် အပြင်လောကနတ်ဝိညာဉ်အဆင့်များကြားတွင် ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်သည်။ သို့သော် တကယ့်နတ်ဝိညာဉ်အဆင့်နံပတ်တစ်က လုယန်ဖြစ်မှန်း သူသိသည်။
အပြင်လောကတွင် ယာယီဂိုဏ်းချုပ်လုယန်နှင့် ဂိုဏ်းသခင်လေးလုကို နံပတ်တစ်ပါရမီရှင်ဟု အားလုံးအသိအမှတ်ပြုထားသည်။
သို့သော် ထိုနှစ်ယောက်လုံးသည် လူတစ်ယောက်တည်းသာဖြစ်ကြောင်း သူသိသည်။ အပြင်လောကတွင် စွမ်းရည်တစ်ဝက်သာ ထုတ်ပြထားသော်လည်း နံပတ်တစ်ပါရမီရှင်ဖြစ်လာသည်။ သူ့စွမ်းအားအစစ်က ဘယ်လောက်ကြောက်စရာကောင်းမှန်း သိသာနေသည်။
"ဓားချီကို ကျားအသွင်ပြောင်း"
ဓားချီက အဖြူရောင်ချုန်းချီအဖြစ်ပြောင်းသွားသည်။ အော်ဟစ်ဟိန်းဟောက်လျက် မီးတောက်စစ်မုန်တိုင်းကို ချက်ချင်းဖျက်ဆီးသည်။
"ကောင်းကင်မီးတောက် မြေကိုဆင်းမယ်"
မိုးနှင့်မြေပြင် ချက်ချင်းအရောင်ပြောင်းသွားသည်။ ကောင်းကင်က ကြက်သွေးရောင်ဖြစ်လာသည်။ မီးမိုးများ ကျလာသည်။ လေထုတစ်ခုလုံး ခြောက်သွေ့ပူပြင်းလာသည်။
လေတစ်ချက်ရှူမိရုံဖြင့် လည်ချောင်းထဲတွင် အပူလောင်သလို ခံစားရလိမ့်မည်။
အရင်က ထိုတိုက်ကွက်ကို လီဟော်ရန် ထုတ်မသုံးနိုင်ခဲ့။ ယခု တိုက်ပွဲသံချပ်ကာက သူစွမ်းအားကို တိုးမြှင့်ပေးထားသည်။ သံချပ်ကာအတွင်းပိုင်းတွင် စွမ်းအင်ဖိအားကိုလျှော့ချပြီး အမြန်နှုန်းတိုးစေသည့် မှော်စက်ဝန်းများ ရေးဆွဲထားသည်။
"ဓားတစ်သောင်းအသွင်ပြောင်း"
ချင်ဖုန်းဓားက ပူခြစ်နေသည့် မြေပြင်ထဲသို့ ထိုးစိုက်သွားသည်။ ချင်ဖုန်းဓားရိပ်များစွာ မြစ်စို့များပမာ ထိုးထွက်လာသည်။ ကောင်းကင်မီးတောက်များကို ရင်ဆိုင်ဖျက်ဆီးသည်။
ဤတစ်ကြိမ်တွင် လုယန်နှင့်ပြိုင်ဘက်ကင်းနတ်ဝိညာဉ်တို့ ပြိုင်တူလှုပ်ရှားသည်။ ဓားရိပ်အရေအတွက် နှစ်ဆပိုများလာသည်။ ဓားရိပ်များက အုပ်စုလိုက် ကောင်းကင်သို့ ထိုးတက်သွားသည်။ အကာအကွယ်တစ်ခုဖန်တီးသည်။
ကောင်းကင်မီးတောက်များ တစ်စွန်းတစ်စပင် မြေပေါ်သို့ ကျမလာတော့။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က မှော်ပညာများကို ဒန်ထန်ထဲမှမထွက်ဘဲ တိုက်ရိုက်ထုတ်သုံးနိုင်သည်။
ထိုတိုက်ပွဲမြင်ကွင်းကို ဝိညာဉ်ပြောင်းကျင့်ကြုံသူတစ်ယောက်သာမြင်လျှင် အံ့ဩတုန်လှုပ်သွားပေလိမ့်မည်။ တောင်တန်းများကိုရွှေ့၍ ကောင်းကင်ကို အသွင်ပြောင်းနိုင်သည့်အစွမ်းဖြစ်သည်။
နတ်ဝိညာဉ်အဆင့်တိုက်ပွဲမျိုးမဟုတ်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများပင် ထိုစွမ်းအားမျိုး ထုတ်နိုင်ကြမည်မဟုတ်။
ရုတ်တရက် အရိပ်တစ်ခု လုယန်နောက်ဘက်တွင်ပေါ်လာပြီး အလစ်တိုက်ခိုက်သည်။ နောက်ထပ်သံချပ်ကာတစ်ခုဖြစ်သည်။
တိုက်ပွဲသံချပ်ကာကို ဘယ်လိုပစ္စည်းသုံး၍ ဖန်တီးထားသည်မသိရ။ ဝိညာဉ်အာရုံကို ရှောင်ပုန်းနိုင်သည့်အစွမ်းမျိုးရှိသည်။
လုယန်က ဆယ့်ခြောက်ပေဗုဒ္ဓရွှေခန္ဓာစွမ်းအားသုံး၍ သံချပ်ကာ၏ တိုက်ခိုက်မှုကို ရှောင်ထွက်သည်။
ထို့နောက် ကောင်းကင်တွင်ဝဲပျံနေသည့် လီဟော်ရန်၏ ခန္ဓာကိုယ်အပိုင်းအစများကို သူလှမ်းကြည့်သည်။ ထို့နောက် အလစ်တိုက်ခိုက်သည့် သံချပ်ကာကိုကြည့်သည်။ ထို့နောက် သဘောပေါက်သွားဟန်ဖြင့် သူပြုံးလာသည်။
"ညီလေးလီ။ ဒီသံချပ်ကာထဲမှာ မင်းရဲ့အလောင်းရှိတယ်မဟုတ်လား"
လီဟော်ရန်သည် ခြေလက်များ ပြန်ပေါက်နိုင်သည့်အစွမ်းရှိသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စုစည်း၍ အလောင်းတစ်ခုဖန်တီးနိုင်သည်။ အလောင်းထိန်းပညာဖြင့် တိုက်ခိုက်နိုင်သည်။
"အကိုလုက ချက်ချင်းတန်းရိပ်မိတာပဲ"
တိုက်ခိုက်နေသည့်သံချပ်ကာထဲမှ လီဟော်ရန်၏စကားသံ ထွက်လာသည်။ လီဟော်ရန်၏အလောင်းက စကားပြောနေခြင်းဖြစ်သည်။
လုယန်တစ်ယောက်သာ ထိုလှည့်ကွက်ကို ထိုမျှမြန်မြန်နားလည်နိုင်စွမ်းရှိသည်။ တစ်ခြားလူဆိုလျှင် တိုက်ပွဲပြီးသွားသည့်တိုင် ရိပ်မိမည်မဟုတ်။
"အကိုလုယန်က စွမ်းအားကြီးလွန်းတယ်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်တာကို အပြစ်မမြင်ပါနဲ့"
လုယန် ပြုံးလိုက်သည်။
"ငါ့ညီကို ဘယ်အပြစ်တင်လို့ဖြစ်ပါ့မလဲကွာ"
ဒန်ထန်ထဲမှ ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ပျံထွက်လာပြီး လီဟော်ရန်၏အလောင်းကို အရဟတ်လက်သီးပညာဖြင့် တရစပ်တိုက်ခိုက်သည်။
တိုက်ပွဲသံချပ်ကာ ချိုင့်ဝင်သွားသည်။
"နတ်ဝိညာဉ်လား"
လုယန်၏နတ်ဝိညာဉ်က တစ်ခြားနတ်ဝိညာဉ်များနှင့်အတူဟု လီဟော်ရန် အမြဲတွေးမိသည်။ ဝိညာဉ်သိစိတ်အပို ပိုင်ဆိုင်ထားသလို ဖြစ်နေသည်။
ထိုနတ်ဝိညာဉ်ကို အကိုလုက ထိန်းချုပ်ညွှန်ကြားနေပုံမျိုးမဟုတ်။ သူ့ဘာသာ တိုက်ခိုက်နေသယောင်ရှိသည်။
"ဟော်ယင်၊ ထွက်ခဲ့စမ်း"
လီဟော်ရန် သူ့ကိုယ်ပိုင်နတ်ဝိညာဉ်ကို ထုတ်လိုက်သည်။ မီးတောက်များထိုးထွက်နေသည့် သူ့နတ်ဝိညာဉ်ကို ဟော်ယင်ဟု နာမည်ပေးထားသည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို တိုက်ခိုက်ဖို့ သူ့အလောင်းကိုရော ဟော်ရင်ကိုပါ သူထိန်းချုပ်ရတော့မည်။ သူကိုယ်တိုင်က လုယန်နှင့် ရင်ဆိုင်သည်။
ထိုသို့တိုက်ခိုက်ဖို့ ဝိညာဉ်စွမ်းအား များစွာလိုအပ်သည်။ သို့မှသာ ဟော်ယင်နှင့် သူ့အလောင်းကို ကောင်းစွာထိန်းချုပ်နိုင်မည်။
သို့သော် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က လုံးဝထိန်းချုပ်စရာလိုပုံမရ။ တိုက်ခိုက်မှုတိုင်းက သေကွင်းသေကွက်များကို တိတိကျကျထိသည်။ သူ့အလောင်းနှင့်ပင် မကြာခဏ ဆက်သွယ်မှု ပြတ်တောက်သွားသည်။
လုယန်၏ နောက်ထပ်ကိုယ်ပွားတစ်ခုကို တိုက်ခိုက်နေရသလို ဖြစ်နေသည်။
အကိုလု၏ နတ်ဝိညာဉ်က ဘယ်လိုကြီးမှန်းမသိ...
"ညီလေးလီ၊ ဒီတိုက်ကွက်ကို ရင်ဆိုင်ကြည့်ပါ။ သတိတော့ထားနော်"
လုယန် ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်သည်။ သူနှင့်ပြိုင်ဘက်ကင်းနတ်ဝိညာဉ် အဆင့်မြင့်တိုက်ကွက်တစ်ခုကို ပြိုင်တူထုတ်သုံးသည်။
လက်ဝါးတစ်ခု ကောင်းကင်မှ ဆင်းလာသည်။ တောင်တန်းများ ပြိုကျသွားသည်။ နောက်ထပ်လက်ဝါးတစ်ခုက မြေပြင်မှ တက်လာသည်။
"ဟော်ယင် ပြန်လာတော့"
လီဟော်ရန် ထိတ်လန့်သွားပြီး ဟော်ယင်ကို ပြန်ခေါ်သည်။ အတူပေါင်းစပ်ပြီးနောက် မီးလူသားအဖြစ် အသွင်ပြောင်းသည်။
မီးလူသားခန္ဓာစွမ်းအား ထုတ်သုံးလျှင် တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းနိုင်စွမ်းရှိသည်။ မုန်ကျင်းကျိုးပင် သူ့ကိုမတိုက်ခိုက်နိုင်။
သို့သော် လက်ဝါးနှစ်ခု ပူးပေါင်းတိုက်ခိုက်လာသဖြင့် သူလုံးရှောင်တိမ်းနိုင်စွမ်းမရှိ။
ထိုမျှကျယ်ပြန့်သည့် တိုက်ခိုက်မှုစက်ကွင်းမှ ထွက်ပြေး၍လည်းမရ။
"ဘုန်း"
လက်ဝါးနှစ်ခု အတူပူးကပ်သွားသည်။ မီးလူသားအသွင်ပြောင်းထားသည့် လီဟော်ရန် ပြားချပ်သွားသည်။
လုယန်တို့ထုတ်သုံးသည့်စွမ်းအားက လေဟာနယ်စွမ်းအားပညာဖြစ်သည်။ လက်ဝါးနှစ်ခု ပုံမှန်ရိုက်ချက်မျိုးမဟုတ်။ လေဟာနယ်ကမ္ဘာငယ်နှစ်ခု အတွင်းဘက်တွင် ရှိနေသည်။
နတ်ဝိညာဉ်အဆင့်တစ်ယောက်၏ ခုခံနိုင်စွမ်းထက် များစွာကျော်လွန်နေသည်။
လုယန် လက်ဝါးရိပ်များကို ပျော်ရွှင်စွာ ပြန်ရုတ်သိမ်းလိုက်သည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် ပူးပေါင်းတိုက်ခိုက်ရသည့် အကျိုးကျေးဇူးက အံ့ဩဖွယ်ကောင်းလွန်းသည်။
********************************
အခန်း (၈၈၅) မျက်နှာပျက်ရသည်
"အကို့ရဲ့ နောက်ဆုံးတိုက်ကွက်က တကယ်စွမ်းအားကြီးတာပဲ"
ပြားချပ်နေရာမှ လီဟော်ရန် တဖြေးဖြေးဖောင်းလာပြီး မူလမီးလူသားအသွင် ပြန်ဖြစ်လာသည်။
နောက်ဆုံးတိုက်ကွက်တွင် လုယန် အားအရှိန်ထိန်းခဲ့ကြောင်း သူသိသည်။ မဟုတ်လျှင် သူသေလျင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန်ရခဲ့လိမ့်မည်။
အရှေ့ပင်လယ်ခရီးတွင် သူနှင့်လုယန်ကြား စွမ်းအားချင်း ထိုမျှမကွာခြားသေး။ ယခု တကယ့်လက်နက်အစစ်များဖြင့် တိုက်ခိုက်ကြည့်ပြီးနောက် များစွာကွာခြားနေကြောင်း တွေ့ရသည်။
လုယန်ကိုမနိုင်လျှင်ပင် အနည်းဆုံးတော့ အခက်တွေ့သွားစေလိမ့်မည်ဟု ယူဆထားသည့် တိုက်ကွက်များ သူထုတ်သုံးခဲ့သည်။
သို့သော် တကယ့်အဖြစ်မှန်က ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထိုတိုက်ကွက်များကို လုယန်က အတင်းတန်ပြန်ချေဖျက်ခဲ့သည်။
လုယန် ပင့်သက်တစ်ချက်ချသည်။ သူ့ခရီးစဉ်အကြောင်း ပြန်တွေးမိသယောင်ရှိသည်။
"နောက်ဆုံးတော့ ငါ့နတ်ဝိညာဉ်က တကယ်အပိုးကျိုးသွားပြီပဲ"
နတ်ဝိညာဉ်အနိုင်ကျင့်သည်ကို တောက်လျှောက်သည်းခံခဲ့ရသည့်အကျိုးကျေးဇူးကို ယခုမှခံစားရသည်။ ယခု သူ့တိုက်ကွက်တိုင်း စွမ်းအားနှစ်ဆတိုးလာသည်။ တကယ်ကျေနပ်စရာကောင်းသည်။
လီဟော်ရန် "..."
...ဒါဆို အကိုလုရဲ့နတ်ဝိညာဉ်ဟာ အရင်က ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့တာလား..
"ညီလေးလီ၊ မင်းလည်း တကယ်တော်ပါတယ်။ တစ်ခြားနတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသာဆို မင်းတိုက်ကွက်နှစ်ကွက်စာတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
လုယန် အမှန်အတိုင်းပြောခြင်းဖြစ်သည်။ မြှောက်ပင့်ခြင်းမဟုတ်။
လီဟော်ရန်က မချိပြုံးပြုံး၍ ခေါင်းခါသည်။
"အကို့ကိုမီဖို့ အဝေးကြီးလိုပါသေးတယ်"
တိုက်ပွဲပြီးဆုံးပြီးနောက် နှစ်ယောက်လုံး သစ်ပင်စိုက်ပညာသုံး၍ တောင်တန်းသစ်တောများကို မူလအတိုင်းဖြစ်အောင် ပြန်ပြင်ကြသည်။
လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်သည်။ ယွမ်ကျိက အင်ပါယာထိုင်ခုံတွင်ထိုင်လျက် စာရွက်တစ်ရွက်ကို စားပွဲပေါ်ဖြန့်၍ကြည့်နေသည်။
လုယန် အနားသို့လျှောက်သွားပြီး စပ်စုကြည့်သည် ကြယ်များပြည့်နေသည့် မြေပုံတစ်ခုဖြစ်သည်။ ယွမ်ကျိက တစ်ချို့ကြယ်များကို စက်ဝိုင်းဝိုင်းနေသည်။
"အမယွမ်က ကြယ်မြေပုံကို လေ့လာနေတာလား"
"မဟုတ်ဘူး။ ငါ့ရွှေသန္ဓေတွေကို အမှတ်အသားလုပ်နေတာ"
ယွမ်ကျိ ခေါင်းမော့လာပြီးနောက် လုယန်ကို အတော်ကြာအောင် အကဲခတ်နေသည်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ဖြတ်ခနဲပေါ်လာသည်။ ထို့နောက် ချက်ချင်းပြန်ပျောက်သွားသည်။
"ဪ...မင်းက နတ်ဝိညာဉ်ကို နိုင်သွားပြီလား"
လုယန် ခေါင်းငြိမ့်သည်။ သူအတော်လေးစိတ်သက်သာရာရနေသည်။
"မဆိုးဘူး။ နတ်မယ်ထက် ပိုမြန်သားပဲ"
"ဘယ်လို"
ယွမ်ကျိစကားကြောင့် လုယန်အူကြောင်ကြောင်ဖြစ်သွားသည်။
"ဒါဆို နတ်မယ်က သူ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ကျုပ်လိုအဆင့်မှာ အနိုင်မယူနိုင်ခဲ့တဲ့သဘောလား"
"ထာဝရနတ်မယ်၊ ရှင်ရှင်းပြလိုက်ပါလား"
နတ်မယ်က နှုတ်ခမ်းစူလျက် လုယန်ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ယွမ်ကျိကို မကျေမနပ်စိုက်ကြည့်သည်။
"ရှောင်ယွမ်၊ လျှို့ဝှက်ထားရမယ့်ကိစ္စတွေကို နင်ထုတ်မပြောသင့်ဘူး"
ယွမ်ကျိက သူ့ကိုမသိကျိုးကျွံပြု၍ ဖြေးညှင်းစွာ ရှင်းပြသည်။
"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ဆိုတာ လူတစ်ယောက်ရဲ့ စွမ်းအားအမြင့်ဆုံးပုံစံပဲ။ ပညာရပ်တွေကျွမ်းကျင်တယ်။ အားသုံးတဲ့နေရာမှာ တိကျတယ်။ တိုက်ကွက်အပြောင်းအလဲတွေကြားမှာ ဟာကွက်မရှိဘူး။
နတ်မယ်၊ ရှင်တောင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်ယူဖို့ အတော်အခက်တွေ့ခဲ့တယ်မဟုတ်လား"
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို စတွေ့ကတည်းက နတ်ဝိညာဉ်အဆင့်ရောက်ရုံဖြင့် ထိုမျှပြည့်စုံသည့်ဝိညာဉ်ပုံစံကို လွယ်လွယ်အနိုင်မယူနိုင်မှန်း သိသည်။
နတ်မယ်လည်း ထိုသို့ပင်ဖြစ်မည်။
"ဒါဆို နတ်မယ်၊ ခင်ဗျားလည်း ကိုယ့်နတ်ဝိညာဉ်က ရိုက်နှက်တာကို ခံခဲ့ရတယ်ပေါ့"
လုယန် မပွင့်တပွင့်ပြုံး၍ မေးသည်။ နတ်မယ်က သူ့ကိုအမြဲတမ်း ဝေဖန်ခဲ့သည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကိုတစ်ခုကိုပင် အနိုင်မယူနိုင်သဖြင့် သူကျင့်ကြံမှုမလုံလောက်သေးဟု ပြောခဲ့သည်။
ယခု အဖြစ်မှန်က သူတစ်ယောက်တည်းသာ ကိုယ့်နတ်ဝိညာဉ်ကို ရှုံးခဲ့သည်မဟုတ်။ မူလဖန်တီးရှင်လည်း ရှုံးခဲ့သည်။
"နတ်မယ်ရဲ့လမ်းညွှန်မှုကြောင့် မင်းမြန်မြန်တိုးတက်လာတာပါ ရှောင်လု။
...နတ်မယ်၊ ရှင်ကကျတော့ အဲဒီ့အဆင့်မှာ ဘယ်သူ့လမ်းညွှန်မှုမှမရှိလို့ နတ်ဝိညာဉ်ကို အနိုင်ယူဖို့ အချိန်ပိုကြာခဲ့တယ်မဟုတ်လား။ ဥပမာပြောရရင် ရှင်ဝိညာဉ်ပြောင်းအဆင့်တက်ခါနီးကျမှ နတ်ဝိညာဉ်ကို အနိုင်ယူနိုင်ခဲ့တာမျိုးပေ့ါ"
ဘယ်သူမှမသိစေလိုသည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံရသဖြင့် နတ်မယ် စိတ်ဆိုးမာန်ဆိုး ခြေဆောင့်သည်။
"ရှောင်ယွမ်၊ ဒါနင်တမင်သက်သက် လုပ်တာမဟုတ်လား"
ထို့အကြောင်းကြောင့်လည်း သူ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်အကြောင်း စကားစပ်မိတိုင်း မလုံမလဲခံစားခဲ့ရခြင်းဖြစ်သည်။ သူ့နတ်ဝိညာဉ်ကို အနိုင်ယူဖို့ နတ်ဝိညာဉ်အဆင့်တလျှောက်လုံး အရိုက်နှက်ခံခဲ့ရသည်။
ထိုအဖြစ်ကို လုယန်သိသွားလျှင် သူသိက္ခာကျမည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်ယူဖို့ အဆင့်မတက်ဘဲထိန်းချုပ်ထားခဲ့ရသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို နိုင်ပြီးနောက် သူ့စွမ်းအားကို ဆက်ထိန်းမထားနိုင်တော့ဘဲ ဝိညာဉ်ပြောင်းအဆင့်သို့ ချက်ချင်းတက်သွားသည်။
ထို့ကြောင့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်ယူပြီးလျှင် နတ်ဝိညာဉ်အဆင့်တွင် ဘယ်လိုအကျိုးကျေးဇူးရမည်ကို သူလုံးဝမသိ။ အားလုံးက ထင်မြင်ယူဆချက်များသာဖြစ်သည်။
ယွမ်ကျိက အလေးအနက်လေသံဖြင့်ပြောသည်။
"ရှင့်အားနည်းချက်တွေကို ကျွန်မဝေဖန်နေတာမဟုတ်ပါဘူး နတ်မယ်။ ရှင်ကပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အရင်ဆုံးဖန်တီးနိုင်ခဲ့တဲ့လူပါ။ ရှင့်အတွေ့အကြုံတွေကို ရှင်းပြလိုက်ရင် ရှောင်လုက ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ဆိုတဲ့အယူအဆကို ပိုနားလည်လာမယ်လေ။ ရှောင်လုအကျိုးအတွက် ပြောနေတာပါ"
"ရှောင်ယန်အကျိုးရှိဖို့လား"
ယွမ်ကျိစကားက နည်းနည်းတော့ ဟုတ်သလိုလိုရှိသည်ဟု နတ်မယ်ခံစားရသည်။ ထို့ကြောင့် သူအရှက်ကွဲသည့်ကိစ္စအတွက် ဆက်ပြဿနာမရှာတော့။
"ရှောင်လု၊ မင်းက နတ်ဝိညာည်ကို အနိုင်ယူပြီးပြီဆိုတော့ အေးအေးဆေးဆေးကျင့်ကြံပြီး ဝိညာဉ်ပြောင်းအဆင့်တက်ဖို့ ပြင်ဆင်သင့်တယ်"
ယွမ်ကျိက ပြောသည်။ လုယန်ကို ခြေဦးတည့်ရာ လျှောက်သွားပြီး အချိန်ဖြန်းမနေဖို့ သတိပေးခြင်းဖြစ်သည်။
"ဒါနဲ့ အမယွမ်၊ အမ အကျဉ်းထောင်ကနေ ပြန်လာပြီဆိုတော့ ကွမ်းရှန်ဟိုင်ကို စစ်ဆေးမေးမြန်းတာ ပြီးသွားပြီလား"
ယွမ်ကျိ ခေါင်းခါသည်။
"သူကတာအိုနှလုံးတည်ငြိမ်တဲ့ မသေမျိုးတစ်ယောက်ပဲလေ။ ဝိညာဉ်သုံးခုပဲကျန်ပေမယ့် လွယ်လွယ်နဲ့ ဘယ်အညံ့ခံမလဲ။ ငါခဏနားဖို့ ထွက်လာတာ။ ပြီးရင် နောက်ထပ်ဆက်ကြိုးစားရဦးမှာ"
နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်ရောက်ဖို့ လုယန် ဝိညာဉ်စွမ်းအားလုံလောက်အောင်စုစည်းဖို့သာ လိုတော့သည်။ ထိုအဆင့်က အချိန်ယူရမည်။
........
အချိန်တစ်နှစ်ခွဲ ကုန်လွန်သွားသည်။ ထိုအချိန်အတွင်း လုယန်က ကောင်းကင်ဂိတ်တောင်ထိပ်တွင် ကျင့်ကြံနေခဲ့သည်။ တစ်ခါတစ်လေ ကျမ်းစာတိုက်မှ စာအုပ်တစ်ချို့သွားငှားသည်။
ရှေ့မျိုးဆက်များ၏ အဆင့်တက်ခဲ့သည့်အတွေ့အကြုံများကို လေ့လာသည်။ အပြင်လောကအပြောင်းအလဲများကို သူအာရုံမစိုက်။
သို့သော် အာရုံစိုက်စရာလည်း သိပ်မရှိ။ တစ်နှစ်ခွဲအတွင်း အပြင်လောကတွင် ပြဿနာတစ်စုံတစ်ရာမရှိခဲ့။ ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲပင် မဖြစ်ခဲ့။
နောက်ဆုံးတွင် သူ့ကိုယ်ထဲမှ ပြည့်လျှံနေသည့် ဝိညာဉ်စွမ်းအင်များ လည်ပတ်နေသည်ကို ခံစားလာရသည်။ နတ်ဝိညာဉ်ထိပ်ဆုံးအဆင့် ရောက်လာသည့် လက္ခဏာဖြစ်သည်။
တစ်ချို့ကျင့်ကြံသူများအတွက် ထိုအဆင့်ရောက်သည့်တိုင် နောက်တစ်ဆင့်တက်ဖို့ အခက်ကြုံနေတတ်သည်။
သို့သော် လုယန်က ထိုသို့မဟုတ်။ ဝိညာဉ်ပြောင်းအဆင့်သို့တက်ဖို့ သူ့ဆန္ဒတစ်ခုသာလိုသည်။
နတ်ဝိညာည်အဆင့်မှ ဝိညာဉ်ပြောင်းအဆင့်သို့တက်ရာတွင် ကျင့်ကြံသူများရင်ဆိုင်ရသည့် ကြီးမားသည့်အခက်အခဲတစ်ခု ရှိသည်။
အရင်အဆင့်တက်ခဲ့သည့် ဖြစ်စဉ်များတွင် အဆင့်တက်ခါနီးအချိန် လမ်းပိတ်နေသည့်အခြေအနေကို ဖြတ်ကျော်ဖို့သာလိုသည်။ ဖြတ်ကျော်ပြီးလျှင် ဘာအန္တရာယ်မှမရှိဘဲ နောက်တစ်ဆင့်ရောက်လာသည်။
သို့သော် ဝိညာဉ်ပြောင်းအဆင့်တွင် ထိုသို့မဟုတ်။ ကျင့်ကြံသူတစ်ယောက်သည် ထိုအဆင့်တွင် ကောင်းကင်လျှပ်စီးကို ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရသည်။
ထိုမှစ၍ နောက်ပိုင်းတွင် အဆင့်တက်တိုင်း ကောင်းကင်ဆင်းရဲကို ရင်ဆိုင်ကြရသည်။ ထိုကိစ္စက အတော်အန္တရာယ်များသည်။
လုယန်က ပို၍ပင်အန္တရာယ်များသေးသည်။ ယင်ထန်မသေမျိုးသေမသေ သေချာမသိရသေး။ အသက်ရှင်နေသေး၍ ဤနေရာကို အာရုံစိုက်နေခဲ့လျှင် ရှေးဟောင်းလျှို့ဝှက်ချက်များကို လုယန်သိထားကြောင်း ယင်ထန်မသေမျိုးအာရုံခံမိပေလိမ့်မည်။
"မကြောက်ပါနဲ့ရှောင်ယန်။ ကောင်းကင်လျှပ်စီးတွေက ငါမသေမျိုးကို လေးစားကြပါတယ်။ ဘာမှမဖြစ်နိုင်ပါဘူး"
နတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် ကြေညာသည်။ လက်မထောင်၍ ပြုံးပြသည်။
အကြောင်မသိသူအဖို့ နတ်မယ်၏အမူအရာကိုမြင်လျှင် ချက်ချင်းအဆင့်တက်ဖို့ စိတ်အားထက်သန်လာကြလိမ့်မည်။
သို့သော် လုယန်က သူ့အကြောင်းကို သိနေသည်။
"ဒီအဆင့်ရောက်မှတော့ နောက်ပြန်လှည့်လို့မရဘူး။ အဆင့်တက်မှဖြစ်မယ်"
လုဘန် သက်ပြင်းချသည်။ ထိန်းချုပ်ထားသည့်စွမ်းအားများကို အသက်သွင်းလိုက်သည်။ မိုးမြေဝိညာဉ်စွမ်းအင်လည်ပတ်မှုကို အာရုံခံသည်။ ကောင်းကင်ဆင်းရဲဖြတ်ဖို့ ပြင်ဆင်သည်။
"ဂျိန်း"
ကောင်းကင်ဂိတ်တောင်ထိပ်တွင် အနက်ရောင်တိမ်တိုက်များ အုံ့ဆိုင်းလာသည်။ လျှပ်စီးများ လင်းလက်တောက်ပလာသည်။
"ကောင်းကင်လျှပ်စီးက သိပ်တော့မပြင်းထန်လှဘူး။ ညီလေးလုယန် အဆင့်တက်တာဖြစ်မယ်ထင်တယ်"
"အကိုလုက အဆင့်တက်တော့မှာလား။ ကျင့်စဉ်တိုးတက်တာ အရမ်းမြန်တာပဲ"
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ စိတ်ဝင်စားလာသည်။ ကောင်းကင်ဂိတ်တောင်ခြေတွင် စုဝေးလာပြီး အဖြစ်အပျက်ကို စောင့်ကြည့်နေကြသည်။
လူအရေအတွက် တဖြေးဖြေးများလာသည်။
"ဒီကောင်းကင်လျှပ်စီးက ဘာအမျိုးအစားလဲ"
ကောင်းကင်လျှပ်စီးများအကြောင်း သိပ်မသိသည့် ဂိုဏ်းတူညီမတစ်ယောက်က ဘေးလူများကို မေးသည်။ အကိုလုယန်အတွက် သူစိုးရိမ်နေသည်။
"အဖြူရောင်ကောင်းကင်လျှပ်စီးဆိုတော့ ရွှမ်ယုကာင်းကင်ဆင်းရဲဖြစ်မယ်။ ဝိညာဉ်ပြောင်းအဆင့်မှာ ရင်ဆိုင်ရတဲ့ လျှပ်စီးတွေထဲမှာ အဆင့်ကိုးပါ"
"အဆင့်ကိုးကောင်းကင်လျှပ်စီးလား။ တကယ်အားကျစရာပဲ"
ဦးခေါင်းထက်သို့ ကျလာသည့် စွမ်းအင်ဖိအားကို အာရုံခံမိပြီးနောက် လုယန် ကျိတ်၍သက်ပြင်းချလိုက်သည်။ အဆင့်ကိုးရွှမ်ယုကောင်းကင်လျှပ်စီးသာဖြစ်သည်။ သူဖြတ်ကျော်နိုင်လောက်သည်။
"ထူးဆန်းတယ်ကွ။ လျှပ်စီးဦးတည်လမ်းကြောင်းက နည်းနည်းလွဲနေသလိုပဲ"
လေဟာနယ်သန့်စင်အဆင့် ဂိုဏ်းအကိုတစ်ယောက် မျက်မှောင်ကျုံ့နေသည်။ တစ်ခုခုမူမမှန်ကြောင်း အာရုံခံမိသည်။
ရုတ်တရက် အဖြူရောင်လျှပ်စီးတန်းတစ်ခု ထိုးဆင်းလာသည်။ လုယန်ဆီ ထိုးဆင်းလာခြင်းမဟုတ်။ တောင်ခြေတွင် စုဝေးနေသည့် ဂိုဏ်းတပည့်များဆီသို့ဖြစ်သည်။
"ပြေးကြဟေ့။ ရွှမ်ယုလျှပ်စီးက ငါတို့ကိုပစ်မှတ်ထားနေပြီ။
တစ်ယောက်က အော်လိုက်သည်။ လူအုပ်ကြီး နောက်ထပ်ဘာမှထပ်တွေးမနေဘဲ ချက်ချင်းလှည့်ပြေးကြသည်။
သူတို့တစ်ခြားတောင်တန်းများဆီရောက်မှ ရွှမ်ယုလျှပ်စီးက တိုက်ခိုက်မှုရပ်သွားသည်။
ထိုအဖြစ်ကိုကြည့်၍ လုယန် မျက်ခုံးလှုပ်လာသည်။ ဘာကြောင့် ကောင်းကင်လျှပ်စီးက ဘေးပတ်လည်မှလူများကို ရှင်းထုတ်နေသည်မသိ။
အမှန်ဆိုလျှင် တောင်ခြေဆိုသည်မှာ နတ်ဝိညာဉ်အဆင့်တက်သည့် ကောင်းကင်လျှပ်စီးစက်ကွင်း လွတ်ကင်းသည့်နေရာဖြစ်သည်။
သို့သော် အဆင့်ကိုးရွှမ်ယုလျှပ်စီးက နေရာရှင်းရုံသာဖြစ်သည်။ ဆက်မတိုက်ခိုက်။
တွေးရင်းတွေးရင်း လုယန် တံတွေးတစ်ချက်ကျိတ်မျိုလိုက်သည်။
သို့ဆိုလျှင် ဘယ်လိုကောင်းကင်လျှပ်စီးမျိုး သူရင်ဆိုင်ရတော့မည်မသိ။