တောက်ပနေသည့်ဓားဝိညာဉ်
Vol. 4 Ch. 339
လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်းမှာ ရှေးဟောင်း နတ်မိစ္ဆာဂိုဏ်း တစ်ဂိုဏ်း ဖြစ်လေသည်။ သူတို့က တစ်ယောက်တည်း နေထိုင်တတ်ကြသည့် နတ်မိစ္ဆာများ မဟုတ်ပေ။ အဖွဲ့နှင့် စုပေါင်း နေထိုင်ကာ အဖွဲ့လိုက် ပူးပေါင်းပြီး တိုက်ခိုက်တတ် ကြသူများ ဖြစ်လေသည်။ အဖွဲ့တစ်ခုတွင် အနည်းဆုံး ဆယ်ယောက်မှ အယောက်တစ်ရာ အထိ ရှိလေသည်။
သူတို့တွင် မွေးရာပါ ထူးခြားသည့် စွမ်းရည်များ ရှိလေသည်။ လပြည့်ညများတွင် သူတို့သည် ဧရာမ မျောက်ကြီးများ အဖြစ် အသွင်ကူးပြောင်းသွားပြီး ပတ်ဝန်းကျင်မှ လူအများကို သတ်ဖြတ် တတ်ကြလေသည်။
သူတို့၏ပုံစံမှာ လူသားများနှင့် အလွန်ဆင်တူပြီး အမြီးတစ်ချောင်း အပိုပါရှိလေသည်။ သူတို့သည် အခြားနတ်မိစ္ဆာများကဲ့သို့ လူသားသဏ္ဌာန်ပြောင်းရန် အတွက် မိုးကြိုးပစ် တရားစီရင်ခြင်းကို ခံယူစရာမလိုပေ။
ဒဏ္ဍာရီများအရ ရှေးယခင် အချိန်တုန်းက လူသားများတွင်လည်း အမြီးများပါရှိကြပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် သွေးလည်ပတ်မှုမှာ လမင်းဖြူ နတ်မိစ္ဆာဂိုဏ်းမှ လူများနှင့် အတူတူပင် ဖြစ်သည်ဟူ၍ ဆိုကြလေသည်။ အချိန်ကာလ ကြာလာသည်နှင့် အမျှ ဆင့်ကဲ ဖြစ်စဉ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး လူသားများမှာ ပြောင်းလဲသွားခဲ့ လေသည်။
သို့သော် လူသားများသည်လည်း လပြည့်ညများတွင် ထူးဆန်းသည့် ခံစားချက်များ ခံစားကြရစမြဲ ဖြစ်လသည်။ ဤသည်မှာ လရောင်ဖြူ ဂိုဏ်းသားများနှင့် ဆက်စပ်နေသည့် အတွက် ဖြစ်လေသည်။
လရောင်ဖြူ နတ်မိစ္ဆာဘုရင်၏ မျက်ခုံး နှစ်ခုကြားတွင် သွေးနီရောင် အစင်းကြောင်းတစ်ခု ရှိလေသည်။ ထိုအစင်း ကြောင်းသည် လူသားတစ်ယောက် မျက်လုံးမှိတ် ထားခြင်းနှင့် ဆင်တူ လေသည်။
ချန်ကျန့်မေသည် ရှီးဟွမ်တွင် နတ်မိစ္ဆာပေါင်း များစွာကို နှိမ်နင်းခဲ့သူ ဖြစ်ပြီး သူနှိမ်းနင်းခဲ့သည့် အထဲတွင် လရောင်ဖြူ နတ်မိစ္ဆာ ဘုရင်လည်း ပါဝင်ခဲ့လေသည်။
လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်းမှ နတ်မိစ္ဆာဘုရင်သည် ဟိုင်သန်းအဆင့် ကျင့်ကြံသူ အဆင့် ရှိလေသည်။
ထို့ပြင် လရောင်ဖြူ နတ်မိစ္ဆာဘုရင်များတွင် အရည်အချင်း ရှိသူများသည် လောက နတ်ဘုရား တစ်ပါးဖြစ်သည် အထိပင် ကျင့်ကြံ နိုင်ကြလေသည်။ တစ်ခါတစ်ရံတွင် နတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါးများ ကြားတွင် အမြင့်ဆုံးဖြစ်သည့် မဟာတန်ခိုးရှင် အင့်ထိပင် ရောက်ရှိ သွားတတ်ကြလေသည်။
ချန်ကျန့်မေ သတ်ဖြတ်ပစ်ခဲ့သည့် လရောင်ဖြူ နတ်မိစ္ဆာဘုရင်မှာ အလွန်ကြောက်စရာ ကောင်းသူ ဖြစ်ပြီး နတ်ဘုရား တစ်ပါးပင် ဖြစ်လာရန် နီးကပ်နေပြီ ဖြစ်သည်။
ဖန်ယန်ယင်းသည် ဆရာဖြစ်သူ၏ အကြောင်းကို စဉ်းစား နေမိလေသည်။ သူမ၏ ဆရာသည် သေခြင်းရှင်ခြင်း တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့သူ ဖြစ်လေသည်။ သို့သော် တိုက်ပွဲတိုင်းတွင် သူ၏ ဆရာကသာ အနိုင်ရစမြဲ ဖြစ်လေသည်။ သို့သော် နောက်ပိုင်း အချိန်များတွင် ဆရာဖြစ်သူသည် အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။
ဆရာဦးလေး ဆန်းလျန်နှင့် တွေ့တော့မှ ဖန်းယန်ယင်း ထိုအချက်ကို သဘောပေါက် သွားရလေသည်။ ဆရာဦးလေးထံမှ တွေ့မြင် ခံစားရသည့် နတ်ဘုရား တန်ခိုးစွမ်းအား အငွေ့အသက်များကို ဆရာဖြစ်သူထံတွင်လည်း စတင် ခံစားလာရခြင်းကြောင့် ဆရာဖြစ်သူမှာ ပြောင်းလဲ သွားရခြင်း ဖြစ်လေသည်။
သို့သော်... ဆရာဦးလေးက နတ်ဘုရား တစ်ပါးဖြစ်ပြီး သူမ၏ ဆရာကတော့ နတ်ဘုရား တစ်ပါးဖြစ်ရန် ခြေတစ်လှမ်းမျှ လိုနေသေးသည်။
ယခုတော့ လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်းက သူမ၏ ဆရာဖြစ်သူကို လက်စားချေရန် ရောက်လာပြီ ဖြစ်လေသည်။
လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်း၏ ဘုရင်အသစ်က စကားစပြောလိုက်သည်။
"ကောင်မလေး၊ ချန်ကျန့်မေရဲ့ဒဏ်ရာ ဘယ်လောက် ပြင်းထန်သလဲ၊ ငါ့ကိုပြောပြစမ်း၊ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"
ဖန်းယင်းမှာ ရုတ်တရက် ကြောက်လန့် သွားလေသည်။ သို့သော် ဆန်းလျန်အကြောင်း စဉ်းစားလိုက်မိသည့် အခါတွင်တော့ သူမစိတ်ထဲတွင် အကြောက်တရားများ ကင်းစင် သွားရလေသည်။
"မင်းသွားမယ့် လမ်းမှာ တစ်စုံတစ်ယောက်က မင်းကို တားဆီးမယ် ဆိုရင် မကြောက်နဲ့၊ လျှို့ဝှက်ဓား အင်းချပ်ကို သုံးပြီးတော့ အဲဒီလူကို သုတ်သင်ပစ်လိုက်”
ဆရာဦးလေး ဖြစ်သူ၏ သိမ်မွေ့သည့် စကားသံကို သူမနားထဲတွင် ပြန်လည် ကြားယောင် နေမိလေသည်။
လျှို့ဝှက်ဓား အင်းချပ်သည် သူမလက်ထဲတွင် ပေါ်လာလေသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တန်ခိုးစွမ်းအားများ ပြည့်ဝလာသလို ခံစား လိုက်ရလေသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ မြင့်တက်လာပြီး မရေမတွက်နိုင်သည့် နတ်မိစ္ဆာများကို သတ်ဖြတ် နှိမ်နင်းခဲ့သည့် သူမ၏ ဆရာဖြစ်သူ ချန်ကျန့်မေ၏ ဒဏ္ဍာရီ ဆန်သည့် ညများကိုလည်း သူမ သတိရလာ မိလေသည်။
ဆရာဖြစ်သူ၏ ပြိုင်ဘက် မရှိသည့် ဓားသိုင်းပညာ…
ဆရာဖြစ်သူ၏ မာန်ဟုန် ပြင်းပြီး အထီးကျန်ဆန်သည့် ဓားဝိညာဉ်…
ထိုအရာများ အားလုံးကို သူမ ပြန်လည် အမှတ် ရလာခဲ့မိလေသည်။
လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်း၏ နတ်မိစ္ဆာ ဘုရင်အသစ်က မျက်မှောင် တစ်ချက် ကြုတ်လိုက်သည်။
လွန်ခဲ့သည့် ငါးနှစ်ခန့်က သူ၏ဖခင်ဖြစ်သူမှာ ချန်ကျန့်မေ၏ ဓားချက်အောက်တွင် မရှုမလှ အသက် ပျောက်ခဲ့ရသည်။ ထိုအချိန်က သူက ဂိုဏ်းသားများ အလယ်တွင် ရှိနေခဲ့လေသည်။
အလွန်မှ မာန်မာန ကြီးလွန်းသည့် ဓားတန်ခိုးရှင် ချန်ကျန့်မေသည် လမင်းထက်မှ ဆင်းသက် လာသည့်အလား ကောင်းကင်ထက်မှ ခမ်းနားစွာ ဆင်းသက်လာပြီး တောင်ထိပ်ရှိ တိမ်ဖြူများ ကြားတွင် ဖခင်ဖြစ်သူနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့လေသည်။
ထိုညက မယုံနိုင်စရာ ကောင်းစွာပင် ဖခင်ဖြစ်သူသည် သူ့ကို ထာဝရ ခွဲခွာသွားခဲ့လေသည်။
ချန်ကျန့်မေ၏ ဓားဝိညာဉ်က ဖခင်ဖြစ်သူ၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်သည့် မြင်ကွင်းကို သူ့ဘဝတွင် မည်သည့်အခါမှ မေ့ပျောက် နိုင်ခဲ့ခြင်း မရှိပေ။
ချန်ကျန့်မေ၏ အေးစက်သည့် အကြည့်များကို သူမှတ်မိ နေခဲ့သေးသည်။
သူက ဖခင်ဖြစ်သူဆီသို့ သွားရန် ကြိုးစားသော်လည်း ဂိုဏ်းသားများက မသွားရန် တားဆီး ထားလေသည်။
"ကျုပ်ဖခင်အတွက် ကျုပ်လက်စားချေမယ်"
သူက အော်ဟစ် လိုက်လေသည်။
သူ့အော်သံကို ကြားသည့်တိုင် ချန်ကျန့်မေက အရေးပင် မလုပ်ပါ။
ကြီးမြတ်သည့် ဓားတန်ခိုးရှင် ချန်ကျန့်မေသည် သူ့ကို အထင်သေးသည့် အတွက် ထိုသို့ ဂရုမစိုက်ခြင်း ဖြစ်လေသည်။
ဖခင်ကွယ်လွန်ပြီးသည့်နောက် သူက လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်း၏ နတ်မိစ္ဆာ ဘုရင်အသစ် ဖြစ်လာပြီး ဂိုဏ်းကို အုပ်ချုပ်သူ ဖြစ်လာခဲ့လေသည်။ သူ၏ တန်ခိုးစွမ်းအား များမှာလည်း အချိန်တို အတွင်းမှာပင် တိုးတက်လာခဲ့ပြီး အခြားသော နတ်မိစ္ဆာဂိုဏ်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကာ လရောင်ဖြူ နတ်မိစ္ဆာ ဘုရင်အသစ်၏ အင်အားကို ပြသခဲ့လေ သည်။
သို့သော်... သူ့စိတ်ကို အနှောင့်အယှက် ပေးနေသူက "ချန်ကျန့်မေ" ဖြစ်လေသည်။
သူက ဖခင်ဖြစ်သူလောက် တန်ခိုးစွမ်းအား ကြီးမားခြင်း မရှိသေးသည့် အတွက် ချန်ကျန့်မေကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပေ။ သို့သော် သူ၏ဖခင်ကဲ့သို့ စွမ်းအား ကြီးမား လာပါကလည်း ချန်ကျန့်မေက သူ့ကို လာရောက် နှိမ်နင်းလျှင် သူ့ဖခင်ကဲ့သို့ပင် ဘဝအဆုံးသတ် ရမည်ဟု တွေးတောကာ ကြောက်လန့် နေမိလေသည်။
ထိုအတွေးက သူ့ဘဝတွင် အိပ်မက်ဆိုးကြီး အလား ဖြစ်နေပြီး သူ၏ကျင့်စဉ်လမ်း အဆင့်တက်ရန် ကိုပင် တားဆီးသည့် အရာတစ်ခု ဖြစ်လာခဲ့လေသည်။ တစ်ချိန်က သူ့လောက်ပင် တန်ခိုး စွမ်းအား မရှိသည့် နတ်မိစ္ဆာဘုရင် တစ်ပါးဖြင့် တိုက်ခိုက်သည့်တိုင် ထိုအတွေးကြောင့် တိုက်ပွဲတွင် ထင်သလောက် တန်ခိုးစွမ်အား ပြသနိုင်ခြင်း မရှိခဲ့ပေ။
သူ့စိတ်ထဲတွင် အကြောက်တရားကို အမြဲတမ်း ခံစား နေရလေသည်။ သူ၏ရင်ထဲမှ အကြောက်တရားကို ငြိမ်းအေးစေရန် အတွက် သာမန် နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများကို သတ်ဖြတ် ခဲ့သော်လည်း ထင်သလောက် သက်သာခြင်း မရှိခဲ့ပေ။
ချန်ကျန့်မေကို မသတ်နိုင်သေးသရွေ့ သူ့ရင်ထဲမှ အကြောက်တရား ကိုလည်း တွန်းလှန် နိုင်မည် မဟုတ်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ချန်ကျန့်မေသည် သူ့ထက် တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရထားသည်ဟု သတင်းရခဲ့လေသည်။
သို့သော်... သူက ချန်ကျန့်မေဆီသို့ တိုက်ရိုက်သွားပြီး မတိုက်ခိုက်ရဲပေ။
ထို့ပြင် ချန်ကျန့်မေကို လက်စားချေရန် အတွက် သေစေခြင်း ကျောင်းတော် ပတ်ဝန်းကျင်တွင် ပုန်းအောင်း နေကြသည့် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများ များစွာ ရှိလေသည်။ သို့သော်... ထိုသူများအားလုံးမှာလည်း သေစေခြင်း ကျောင်းတော်သို့ မသွားရဲကြပေ။ ထို့ကြောင့် မည်သူမျှ ချန်ကျန့်မေ၏ ဒဏ်ရာ မည်မျှ ပြင်းထန်သည်ကို မခန့်မှန်းနိုင်ကြပေ။
သူတို့အားလုံးမှာ ချန်ကျန့်မေကို လုပ်ကြံရန် အခွင့်ကောင်းကို စောင့်နေကြခြင်း ဖြစ်လေသည်။ သူတို့က ချန်ကျန့်မေ၏ အခြေအနေ အတိအကျကို ဦးဆောင် စုံစမ်းပေးမည့် တစ်စုံတစ်ယောက်များ ရှိမည်လားဟူသော အတွေးဖြင့် စောင့်နေကြခြင်း ဖြစ်လေသည်။
ထို့ပြင် ထိုကျင့်ကြံသူများနှင့် နတ်မိစ္ဆာများ အားလုံးမှာ ချန်ကျန့်မေထက် ချန်ကျန့်မေ၏ နောက်ကွယ်မှ ချင်းရွှမ်နတ်တံခါးနှင့် နတ်ဘုရား တစ်ပါးဖြစ်သည့် ဆန်းလျန်ကို ပိုပြီး ကြောက်ရွံ့ကြခြင်း ဖြစ်လေသည်။
ထို့ကြောင့် သေစေခြင်း ကျောင်းတော်မှ မိန်းကလေးတစ်ယောက် အပြင်သို့ ထွက်လာသည့် အခါတွင်တော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြလေသည်။
လရောင်ဖြူ နတ်မိစ္ဆာဂိုဏ်းမှ ဘုရင်အသစ်မှာလည်း ထိုမိန်းကလေးကို စိတ်ဝင်စား နေမိလေသည်။
သူမ ခရီးအတော် ဝေးဝေး ရောက်သည်အထိ နောက်ယောင် ခံလိုက်လာခဲ့ပြီး ယခုကဲ့သို့ တားဆီးခဲ့ခြင်း ဖြစ်လေသည်။
သို့သော် သူ့ရှေ့မှ မိန်းကလေးသည် အနည်းငယ် ထူးဆန်း နေလေသည်။ သူသည် မိန်းကလေးကို ကြည့်ပြီး ကြောက်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့သည်။
သူမထံမှ ထွက်ပေါ်နေသည့် တန်ခိုး စွမ်းအားများမှာ ယခင်တစ်ချိန်က ချန်ကျန့်မေထံမှ ထွက်ပေါ်နေသည့် တန်ခိုး စွမ်းအားများနှင့် အလွန် ဆင်တူလေသည်။ နက်ရှိုင်းပြီး ကြောက်မက် ဖွယ်ရာ ကောင်းလွန်းလေသည်။
သို့သော် ထိုမိန်းကလေးသည် သူသတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများ လောက်ပင် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။
ထို့ကြောင့် သူက ဒေါသထွက်ပြီး သူမကို လက်စား ချေလိုစိတ်များ ပြင်းထန် လာလေတော့သည်။
သူက သူ၏ မျက်ခုံးနှစ်ခုကြားမှ သွေးနီရောင် အစင်းကြောင်းလေးကို ဖွင့်လိုက်လေသည်။ ထိုအခါ သွေးနီရောင် အလင်းတန်း တစ်ခုသည် ဖန်းယန်ယင်းထံသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ဝင်ရောက် လာလေသည်။
ထိုအလင်းတန်းမှာ နှစ်တစ်ထောင် ရေခဲသံမဏိဖြင့် ပြုလုပ်ထားသည့် ဓားဝိညာဉ်ပင် ဖြစ်လေသည်။
ထိုသွေးနီရောင် ဓားဝိညာဉ်က လျှို့ဝှက် ဓားအင်းချပ်ကို ကိုင်ဆောင် ထားသည့် ဖန်းယန်ယင်း၏ လက်ကို ဖြတ်ချရန် ဦးတည် လာလေသည်။
သို့သော် ဖန်းယန်ယင်းက လုံး၀ အကြောက်အလန့် မရှိပါ။ သူမလက်ထဲမှ ဓားအင်းချပ်မှာ တုန်ခါလာပြီး ဓားဝိညာဉ် တစ်ခုအသွင်သို့ ကူးပြောင်း သွားလေသည်။ ဓားဝိညာဉ်သည် အလွန် တောက်ပ လင်းလက်နေလေသည်။
တောက်ပနေသော ဓားဝိညာဉ်ထက်တွင် နဂါးငွေ့တန်းသည် အတောမသတ် စီးဆင်း နေလေသည်။ လောကတစ်ခုလုံးတွင် မည်သည့် အရာကမှ ထိုဓားဝိညာဉ်ကို ရပ်တန့်နိုင်မည် မဟုတ်ပေ။
သူမ၏ မြင်ကွင်းရှေ့မှ အရာအားလုံးသည် ပျောက်ကွယ် သွားလေသည်။
သစ်ပင်များ၊ မြက်ပင်များ …
သွေးနီရောင် ဓားဝိညာဥ်နှင့် လရောင်ဖြူ နတ်မ္ဆိစာဘုရင်…
အရာအားလုံး ပျောက်ကွယ်သွား လေသည်။
သူမမျက်စိရှေ့တွင် လယ်ကွင်းပြင်ကြီးအလား ရှင်းလင်းနေပြီး အနောက်ဆီသို့ ဝင်တော့မည့် နေရောင်ခြည်ကို ထိတွေ့ ခံစားနေရလေသည်။
သူမလက်ထဲမှ ဓားဝိညာဉ်မှာ ဆရာဖြစ်သူ ချန်ကျန့်မေ၏ လျှို့ဝှက် ဓားအင်းချပ်ကို ဆရာဦးလေးဖြစ်သူ ဆန်းလျန်က ပြန်လည် အားဖြည့်ပေးထားသည့် ဓားအင်းချပ် ဖြစ်လေသည်။
ဓားအင်းချပ်သည် သူမ၏ ဆရာဖြစ်သူ ချန်ကျန့်မေ မူလ ပြုလုပ်ပေးထားသည့် ဓားဝိညာဉ်ထက် တန်ခိုး စွမ်းအားများစွာ မြင့်မားနေလေသည်။
ဖန်ယန်ယင်းသည် မယုံကြည် နိုင်ခြင်းများစွာဖြင့် ဓားဝိညာဉ်ကို ကြည့်နေမိလေသည်။
သူမကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများသည် သူမကို ဆက်ပြီး မကြည့်ရဲကြတော့ပေ။
ပတ်ဝန်းကျင်တွင် အသံမျိုးစုံ ထွက်ပေါ်လာလေသည်။ သူမကို စောင့်ကြည့် နေကြသည့် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများ အလျင်အမြန် ထွက်ပြေး ကုန်ကြသောကြောင့် ထွက်ပေါ်လာသည့် အသံများ ဖြစ်လေတော့သည်။
***