← Chapters

မဖြစ်ဘူး....သူတို့ကို ပြန်ဖိတ်ခေါ်ရမယ်

Vol. 27 Ch. 261

မဖြစ်ဘူး....သူတို့ကို ပြန်ဖိတ်ခေါ်ရမယ်

Vol. 27 Ch. 261

လေဟာပြင်ထဲတွင် ကျီးဝူချန်က ပိုင်ဝူရှား၏ရှေ့၌ အင်မော်တယ်ရွှေရုပ်ထုကို ဝှေ့ယမ်းပြလိုက်၏။

"ရောင်းရင်းပိုင်... မင်း အဆင်ပြေရဲ့လား..."

ပိုင်ဝူရှားက ဖျစ်ညှစ်၍ ပြုံးပြလိုက်သည်။

"ငါ အဆင်ပြေပါတယ်..."

ယခင်က ကျီးဝူချန်အပေါ် ထားရှိသော သူ၏သဘောထားမှာ အပြစ်မကင်းသကဲ့သို့ ခံစားရမှုနှင့် အနေရခက်မှုတို့ ဖြစ်ခဲ့လျှင် ယခုအခါတွင်မူ မနာလိုမှုနှင့် ရင်နာမှုတို့သာ ဖြစ်နေလေပြီ။

သူသည် ညီအစ်ကိုကို နောက်ကျောအား ဓားနှင့်ထိုးခဲ့သော်လည်း သူ၏ညီအစ်ကိုသည် ထိခိုက်ဒဏ်ရာမရဘဲ သူကိုယ်တိုင်သာ ခန္ဓာကိုယ်တစ်ခုလုံး ဓားဒဏ်ရာတွေ ရသွားလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

သို့သော်လည်း သူသည် အတင်းအကြပ် အားတင်း၍ ပြုံးပြရုံသာ တတ်နိုင်ပေ၏။ မည်သူ့ကို သွားရောက်၍ ညည်းညူပြရမည်နည်း။

အရေးအကြီးဆုံးမှာ ကျီးဝူချန်က သူ၏ဒဏ်ရာကို ဆားပက်ရန် အဆက်မပြတ် ကြိုးစားနေခြင်းပင်။

သူက အကြောင်းအရာဟောင်းကိုပင် ထပ်မံ၍ ဆွဲထုတ်လာခဲ့သည်။

"ရောင်းရင်းပိုင်... အဲ့ဒီစီနီယာတွေ ငါ့ကို ချီးမြှင့်ထားတဲ့ ရတနာတွေကို မင်းကို ဝေမျှပြပြီးပြီ... မင်းရော ဘာတွေရခဲ့လဲ... ငါ့ကို မျက်စိအရသာခံပြီး ကြည့်ခွင့်ပေးပါအုံး..."

ပိုင်ဝူရှား ဆွံ့အသွားသည်။

"..."

သူသည် ပြင်းထန်သော တိုက်ခိုက်မှုပေါင်း တစ်သောင်းတိတိကို ခံရသကဲ့သို့ ခံစားလိုက်ရပေ၏။

သူက အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

"ရောင်းရင်းကျီး...ငါတို့ဂိုဏ်းမှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိသေးတယ်... ဒါကြောင့် မင်းနဲ့ ဆက်ပြီးစကားမပြောနိုင်တော့ဘူး... နောက်တစ်ကြိမ် အားတဲ့အခါမှ ပြန်ဆုံကြတာပေါ့..."

သူ၏စကားများထဲရှိ သွယ်ဝိုက်သောအဓိပ္ပာယ်မှာ ကျီးဝူချန်ကို အလျင်အမြန် ရှောင်ဖယ်လိုခြင်းပင်။

သို့သော် ကျီးဝူချန်ထံတွင်မူ နားမလည်နိုင်သော အမူအယာမျိုး ရှိနေပေ၏။

"ရောင်းရင်းပိုင်... စကားမစပ်...မင်းတို့ဂိုဏ်းက ကြီးမားတဲ့ ကိစ္စတစ်ခုခုနဲ့များ ကြုံတွေ့နေရလို့လား... ဘာဖြစ်လို့ ဂိုဏ်းတစ်ဂိုဏ်းလုံးကို လှုပ်ရှားစေရတာလဲ..."

ဤမေးခွန်းကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ပိုင်ဝူရှား၏မျက်နှာ ပို၍ပင် မည်းမှောင်သွားတော့သည်။

သူ၏ဂိုဏ်းတစ်ဂိုဏ်းလုံး အသက်လု၍ ထွက်ပြေးခြင်းဟု သူ ပြောနိုင်မည်လော...

သူ ထိုကိစ္စကို မည်သို့မျှ ထုတ်မပြောနိုင်ချေ။

"ကောင်းပြီ... အချိန်လည်း လင့်နေပြီ... ငါတို့ သွားသင့်ပြီ... မင်းရဲ့စိတ်ထဲမှာ မေးခွန်းတွေ ရှိနေတယ်ဆိုတာ ငါ သိပါတယ်... နောက်တစ်ကြိမ် တွေ့တဲ့အခါမှ ငါတို့ အသေးစိတ် ပြောကြတာပေါ့..."

သူသည် ထိုစကားများကို ပြောဆိုရင်း ကျီးဝူချန်ကို စကားပြောခွင့် မပေးတော့ချေ။

သူက လက်ဝှေ့ယမ်းလိုက်ကာ ဓားတစ်သောင်းဂိုဏ်းကို ခရီးဆက်ရန် အချက်ပြလိုက်၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျီးဝူချန် အလွန်အမင်း စိတ်ရှုပ်ထွေးသွားသည်။

ဒီအဘိုးကြီးပိုင်က ဒီနေ့ နည်းနည်းထူးဆန်းနေသလိုပဲ....

နောက်တစ်ကြိမ် သူတို့တွေ့ဆုံသည့်အချိန်၌ သူ သေချာပေါက် မေးမြန်းရပေမည်။ သူသည် ပိုင်ဝူရှားအပေါ် မတော်တဆ အပြစ်ပြုမိတာမျိုး ရှိနေသလော....

ကျီးဝူချန်က ထိုကိစ္စကို မှတ်သားထားလိုက်၏။

သို့သော် သူသည်လည်း သူ၏ခရီးလမ်းကို အလျင်အမြန် ဆက်လက်၍ ထွက်ခွာလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ သူတို့၏ဂိုဏ်းသည် လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိထားသဖြင့် ထိုအရာကို စောင့်ကြပ်ရန် ထိပ်သီးကျင့်ကြံသူများ သေချာပေါက် လိုအပ်ပေမည်။ အကယ်၍ သူသည် အဘိုးကြီးပိုင်နှင့် မတွေ့ခဲ့ပါက လမ်းခုလတ်တွင် တစ်စက္ကန့်လေးမျှပင် အချိန်ဆွဲနေမည် မဟုတ်ပေ။

ပိုင်ဝူရှားတို့လူစုသည် ကျီးဝူချန်နှင့် လမ်းခွဲပြီးနောက် မကြာမီမှာပင် သူ၏အမြင်အာရုံအောက်မှ ထိုလူစု ပျောက်ကွယ်သွားသည်နှင့် ရပ်တန့်လိုက်ကြ၏။

"ဂိုဏ်းချုပ်... နောက်ထပ် ဘယ်နေရာကို ဆက်သွားရမလဲ..."

အကြီးအကဲတစ်ဦးက မေးမြန်းသည်။

ဤအချိန်တွင် ပိုင်ဝူရှား၏မျက်နှာထားသည် ကောင်းမွန်မနေပေ။ သူက အချိန်အတော်ကြာ လေးလေးနက်နက် စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးလိုက်၏။

"ငါတို့ မသွားတော့ဘူး... ငါတို့ နောက်ပြန်လှည့်ကြမယ်..."

"ဂိုဏ်းချုပ်... ဘာလို့လဲ..."

လူများအားလုံး အလွန်အမင်း အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးသွားကြသည်။

သူတို့သည် မိသားစုများကိုလည်း ဆွဲခေါ်ကာ အလျင်စလို ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ပြီး ယခုအချိန်၌ ဂိုဏ်းချုပ်က ရှေ့ဆက်မသွားတော့ဘဲ နောက်ပြန်လှည့်မည်ဟု ပြောနေပေ၏။

ဤသည်က ဟာသပြက်လုံးတစ်ခု မဟုတ်လော....

ပိုင်ဝူရှားက လူများအားလုံးကို ဝေ့ဝိုက်၍ကြည့်ရှုပြီး ရှင်းပြလိုက်သည်။

"ခုဏက ကျီးဝူချန်နဲ့ငါ ပြောခဲ့တဲ့ စကားတွေကို မင်းတို့ ကြားခဲ့ကြမှာပါ...အဲ့ဒီ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးက ဘယ်လိုလုပ်ပြီးတော့ ကံဆိုးမှုတွေကို သယ်ဆောင်လာတဲ့သူတွေ ဖြစ်နိုင်မှာလဲ... သူတို့က ဓနဥစ္စာနတ်ဘုရားတွေဆိုတာ သိသာနေတယ်.."

"ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် တိုက်ခိုက်ရေးစွမ်းအားတွေ ပါဝင်တဲ့ ရုပ်သေးရတနာကို သူတို့က ဒီအတိုင်း ပေးပစ်လိုက်တာ..."

"တကယ်လို့ ငါတို့ ဓားတစ်သောင်းဂိုဏ်းမှာသာ အဲ့ဒီလိုရတနာမျိုး ရှိမယ်ဆိုရင် ငါတို့ရဲ့စွမ်းအားက သေချာပေါက် အများကြီး တိုးတက်လာမှာပဲ... မင်းတို့ နည်းနည်းလေးတောင်မှ မလိုချင်ကြဘူးလား..."

လူများအားလုံးသည် မည်သည်ကြောင့် မလိုချင်ဘဲ နေမည်နည်း...

အမှန်အတိုင်းပြောဆိုရလျှင် ကျီးဝူချန်က သူ၏လက်ထဲရှိ အင်မော်တယ်ရွှေရုပ်ထုကို ကြွားဝါနေချိန်တွင် သူတို့အားလုံး အလွန်အမင်း မနာလိုအားကျ ဖြစ်နေခဲ့ကြသည်။

အကယ်၍ သူတို့၏ဘိုးဘေးသာ သတိလစ်မေ့မြောနေခြင်း မရှိပါက ညီအစ်ကိုဂိုဏ်းဖြစ်နေလျှင်ပင် ထိုအရာကို လုယူချင်စိတ်အား ထိန်းချုပ်၍မရနိုင် ဖြစ်မိမည်မှာ သေချာပေါက်ပင်။

"ဂိုဏ်းချုပ်... ဒါဆို ဂိုဏ်းချုပ်က ဘာကိုဆိုလိုချင်တာလဲ..."

အကြီးအကဲတစ်ဦးက မေးမြန်းလိုက်သည်။

ပိုင်ဝူရှားသည် လူများအားလုံး၏ရှေ့တွင် မတ်တတ်ရပ်ကာ စကားတစ်ခွန်းချင်းစီကို ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။

"ဓနဥစ္စာနတ်ဘုရားတွေကို ရာသီလေးပါးဂိုဏ်းဆီကို ငါတို့ကိုယ်တိုင် ခေါ်သွားပေးခဲ့တာဆိုတော့..... ငါတို့ကိုယ်တိုင် သူတို့ကို ပြန်ပြီးကြိုဆိုရမှာပေါ့..."

"ငါတို့ရဲ့ရိုးသားဖြူစင်မှုကို ပြသဖို့အတွက်..."

"ငါကိုယ်တိုင် ဝေါယာဉ်ထမ်းတဲ့သူအနေနဲ့ လုပ်ဆောင်ပြီး ခမ်းနားတဲ့ ဝေါယာဉ်ဆယ့်သုံးခုနဲ့ ဓနဥစ္စာနတ်ဘုရားတွေကို ပြန်ပြီးဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်... ငါနဲ့အတူ ဘယ်သူတွေ လိုက်ချင်လဲဆိုတာ ငါ သိချင်တယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အကြီးအကဲတစ်ဦးက ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို ထည့်တွက်လိုက်ပါ..."

"အဲ့ဒီသခင်တွေက အရင်တုန်းက လူတွေ ကျွမ်းဘားကစားပြတာကို ကြည့်ရတာ သဘောကျကြတယ်..."

"ငါတို့က သူတို့ကို မမြင်ရတာ အတော်ကြာပြီဆိုတော့ အဲ့ဒီသခင်တွေကို တကယ်သတိရမိတယ်... ဒါက သူတို့အတွက် ဖျော်ဖြေပေးဖို့ အခွင့်ကောင်းပဲ... ဂိုဏ်းချုပ်... ကျွန်တော့်ကိုလည်း ထည့်တွက်လိုက်ပါ..."

အချိန်တခဏအကြာတွင် အဆင့်မြင့်အကြီးအကဲများအားလုံးက လိုက်ပါရန် တောင်းဆိုကြလေ၏။

ယခုအချိန်တွင် သူတို့သည်လည်း အသိတရားများ ပြန်လည်၍ ရရှိလာကြလေပြီ။

နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကဲ့သို့ ထိပ်သီးကျင့်ကြံသူများသည် သာမန်အသိဉာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော နည်းလမ်းများဖြင့် ပြုမူနေထိုင်ကြသည်ကို သူတို့ နားလည်ပေး၍ရပေ၏။

ထိုကဲ့သို့ လူများ၏ အနိုင်ကျင့်ခြင်းကို ခံရသည်မှာ သူတို့အတွက် အရှက်ရစရာ ကိစ္စတစ်ရပ် မဟုတ်ပေ။ ဤသည်မှာ သူတို့အတွက် ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ရပ်ပင်။

တစ်ခါတစ်ရံ ထိုအရှင်သခင်များ ပျော်ရွှင်နေပါက သူတို့အား ပစ္စည်းတချို့ကို ပေါ့ပေါ့ပါးပါး ချီးမြှင့်နိုင်ပြီး နှစ်ထောင်ပေါင်းများစွာ သူတို့၏ ပင်ပင်ပန်းပန်း ကျင့်ကြံရမှုများကို သက်သာစေနိုင်သည်။ ထိုအရာက တခြားမည်သည့် ကံကြမ္မာကောင်းများထက်မဆို ပိုကောင်းသည် မဟုတ်လော။

အမှန်အားဖြင့် လူတစ်ဦး၏စိတ်ထား ပွင့်လင်းလာချိန်တွင် သူတို့သည် အဆုံးအစမရှိသော အလားအလာများကို ပိုင်ဆိုင်လာကြသည်။

ပိုင်ဝူရှားသည်လည်း လူများအားလုံး၏ စိတ်အားထက်သန်မှုများကြောင့် အံ့အားသင့်သွားပေ၏။

မူလက သူတို့အားလုံး ဤသဘောတရားကို နားလည်သဘောပေါက်စေရန် စကားလုံးများစွာ ဖြုန်းတီးရလိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။

သို့သော် ယခုအချိန်၌ သူ ထိုသို့ပြုလုပ်ရန် လုံးဝလိုအပ်ပုံ မရတော့ချေ။

သူသည် အဆင့်မြင့်အကြီးအကဲများနှင့် ငယ်ရွယ်လှပသော အမျိုးသမီးတပည့်တစ်စုကို ချက်ချင်းရွေးချယ်လိုက်ပြီး နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့ကို အတူတကွ ပြန်လည်ကြိုဆိုရန် ထွက်ခွာခဲ့ကြသည်။

ကြွင်းကျန်သောလူများကို မူလက ဓားတစ်သောင်းဂိုဏ်း၏နယ်မြေသို့ ပြန်လည်၍ စေလွှတ်လိုက်၏။

ရွေးချယ်ခံရသူများသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ ဝမ်းသာပီတိဖြစ်သွားကြသည်။

သို့သော် ရွေးချယ်မခံရသူများကမူ အလွန်စိတ်ပျက်သွားကြသည်။

ကျီးဝူချန်နှင့်တွေ့ဆုံခြင်းက သူတို့၏အမြင်များကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့သည်။

နောက်ဆုံးတွင် ပိုင်ဝူရှားသည် ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲတစ်စုကို ဦးဆောင်ကာ ကြီးကျယ်ခမ်းနားသော ဝေါယာဉ်ဆယ်လုံးကျော်ကိုရှာဖွေပြီး ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုဖြင့် ထွက်ခွာသွားလေ၏။

နတ်ဆိုးမြို့တော်တွင် နေ့နှင့်ညကြား အပြောင်းအလဲများ မရှိပေ။

မှောင်မိုက်ခြင်းနှင့် ကြက်သွေးရောင်တို့သည် နတ်ဆိုးမြို့တော်၏ အဓိကအရောင်များ ဖြစ်ကြသည်။

တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအင်များသည် မှောင်မိုက်သောအရောင်ကိုသာ ထုတ်လွှတ်ပေးနေပေ၏။

ယခုအချိန်၌ နတ်ဆိုးမြို့တော်တွင် လူသောင်းနှင့်ချီ၍ စုရုံးနေကြသော်လည်း လမ်းမများပေါ်တွင် လူသူကင်းမဲ့နေသည်။ တစ်ခါတစ်ရံမှသာ မြို့တွင်း၌ လှည့်လည်သွားလာနေသော သုံးယောက် သို့မဟုတ် ငါးယောက်ပါသော လူစုများကိုသာ မြင်တွေ့နိုင်သည်။

လူသောင်းနှင့်ချီသည်ဟု ဆိုရာတွင် များပြားလှသည်ဟု ထင်ရသော်လည်း ဤမြို့သည် အလွန်ကြီးမားနေပေ၏။

ကမ္ဘာငယ်လေးတစ်ခုအလား ကြီးမားလှသည်။

ထို့ပြင် လူအမြောက်အများသည် အခွင့်အလမ်းများကို ရှာဖွေနေကြပြီး အစစ်အမှန် နတ်ဆိုးအမွေအနှစ်၏တည်နေရာကို ရှာဖွေရန် ကြိုးစားနေကြသည်။ ရလဒ်အနေဖြင့် လူသောင်းနှင့်ချီပြီး ဝင်ရောက်လာခြင်းက နတ်ဆိုးမြို့တော်ကို အနည်းငယ် လူသိများလာစေပြီး မြို့တံခါးတွင် လူစည်ကားလာစေသည်မှလွဲ၍ မြို့တွင်းသို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်မိလေလေ ပို၍လူသူကင်းမဲ့လေလေပင်။

ထိုသို့ဆိုသည်တိုင် ပိုင်ဝူရှားတို့လူစု၏ စီတန်းလှည့်လည်မှုသည် လူအများ၏ အာရုံစိုက်မှုနှင့် အံ့အားသင့်တုန်လှုပ်မှုကို ဆွဲဆောင်နိုင်ဆဲပင်။

သူတို့ ခရီးတစ်ဝက်သို့ မရောက်သေးခင်မှာပင် လူတစ်စုက သူတို့ထံသို့ ချဉ်းကပ်လာခဲ့သည်။

ထိုလူများသည်သည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အေးစက်ပြီး ချောမောသော မျက်နှာများနှင့် ထူးခြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြ၏။

ခေါင်းဆောင်ဖြစ်သူမှာ အသက်လေးဆယ်အရွယ်ခန့်ရှိသည့် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် အမာရွတ်ရှည်ကြီးတစ်ခု ရှိနေသည်။

ပိုင်ဝူရှားတို့လူစုကို မြင်တွေ့ချိန်၌ သူက လှောင်ပြောင်လိုက်၏။

"ဒါက ဓားတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်ဘူးလား...ဘာတွေဖြစ်နေတာလဲ... မင်းတို့က ဒီနတ်ဆိုးမြို့တော်ကို လာတာ အခွင့်အရေးတွေ ရှာဖို့ မဟုတ်ဘဲနဲ့ ဝေါယာဉ်ထမ်းတဲ့သူ လုပ်ဖို့လား... ဘယ်လို လှည့်ကွက်မျိုးကို သုံးနေတာလဲ..."

ထိုစကားများ ပြောဆိုလိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံဝတ် လူများထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

ဤလူများသည် ဓားနတ်ဘုရားခန်းမမှ ဖြစ်ကြ၏။

ဓားနတ်ဘုရားခန်းမသည် ဓားတစ်သောင်းဂိုဏ်းကဲ့သို့ ပထမတန်းစားအင်အားစုများအနက်မှ တစ်ခုပင်။

သို့သော် အင်အားစုနှစ်စုကြားရှိ ဆက်ဆံရေးမှာ ရင်းနှီးမှုမရှိချေ။ ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် နှစ်ဖက်ကြား၌ ပဋိပက္ခတချို့ရှိသည်ဟုပင် ဖော်ပြနိုင်ပေ၏။

ထိုအနက်ရောင်ဝတ်စုံဝတ်လူများ၏ ခေါင်းဆောင်မှာ တခြားသူမဟုတ်ဘဲ ဓားနတ်ဘုရားခန်းမ၏ဂိုဏ်းချုပ် အာဏာရှင်ဓားပင်။

ပိုင်ဝူရှားတို့လူစု၏လုပ်ရပ်များကို သူ နားမလည်သော်လည်း နှစ်ဖက်ကြားရှိ ဆက်ဆံရေးကို ထောက်ရှုပါက သူတို့ကို ဤသို့မြင်တွေ့ချိန်၌ သူ မည်သို့ လှောင်ပြောင်ရယ်မောခြင်း မပြုဘဲ နေနိုင်မည်နည်း။

"ပိုင်ဝူရှား... ငါ့ကို မေးမယ်ဆိုရင်တော့ မင်းက တကယ်ကို နိမ့်ကျသွားတာပဲ... ဝေါယာဉ်ထမ်းတဲ့သူအနေနဲ့ မင်း ပိုက်ဆံဘယ်လောက်များ ရှာနိုင်မှာမလို့လဲ..."

"ဒီနေ့ ငါတို့ ဓားနတ်ဘုရားခန်းမက အပြင်ဘက်မှာရှိတဲ့ လျှို့ဝှက်နယ်မြေတစ်ခုအတွက် ယှဉ်ပြိုင်ခဲ့ပြီးတော့ ဧကရာဇ်တစ်ဝက်အဆင့် ဆေးလုံးတစ်လုံးကို လုယူနိုင်ခဲ့တယ်..."

"ငါ့ကို ပြောစမ်းပါဦး... ဒီဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးရဲ့ တန်ဖိုးကို ရဖို့အတွက် မင်း နှစ်ပေါင်း ဘယ်နှစ်သောင်းလောက်ကြာကြာ ဝေါယာဥ်ထမ်းဖို့ လိုအပ်မှာလဲ..."

ဤမျှထိ လှောင်ပြောင်ရယ်မောခံရခြင်းအပေါ် အကယ်၍ ပိုင်ဝူရှား၏ ယခင် စိတ်နေသဘောထားမျိုးဖြင့်သာဆိုလျှင် သူသည် လွန်ခဲ့သော အချိန်အတန်ကြာကတည်းက သူ၏ဓားကို ဆွဲထုတ်ခဲ့ပြီးလောက်လေပြီ။

သို့သော် ယခုအချိန်တွင်မူ သူက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"မင်းတို့ ပြောလို့ ပြီးပြီလား... ပြီးပြီဆိုရင် ငါ သွားဖို့လိုတယ်..."

သူသည် စကားပြောဆိုရင်း ဓားနတ်ဘုရားခန်းမ အုပ်စုကို တိုက်ရိုက်ပင် ရှောင်ကွင်းသွားကာ သူ၏လူများကို ဦးဆောင်၍ ထွက်ခွာသွားလေ၏။

ဤအခြေအနေက အာဏာရှင်ဓားတို့လူစုကို လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

All Chapters