← Chapters

ဖော်ပြလို့မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်တယ်

Vol. 27 Ch. 262

ဖော်ပြလို့မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်တယ်

Vol. 27 Ch. 262

ဤသည်မှာ သူတို့ သိထားသော ဓားတစ်သောင်းဂိုဏ်းမှလူများ ဟုတ်ပါသလော....

မြောက်ပိုင်းဒေသတခွင်လုံးတွင် ဓားတစ်သောင်းဂိုဏ်း၏ မောက်မာမှုနှင့် ဗိုလ်ကျစိုးမိုးတတ်သော စရိုက်သဘာဝသည် နာမည်ဆိုးဖြင့် ကျော်ကြားလှ၏။

သို့သော် ယခုအချိန်၌ ဤမျှထိ ရန်စခံနေရသော်လည်း သူတို့သည် မသိချင်ယောင်ဆောင်ကာ တည်ငြိမ်နေကြသည်။

ဤသည်မှာ ဓားနတ်ဘုရားခန်းမမှလူများ အမှန်တကယ်ကို မျှော်လင့်မထားသော ကိစ္စတစ်ရပ်ပင်။

"ဂိုဏ်းချုပ်... သူတို့ကို တားလိုက်ရမလား... ဒါက သူတို့ကို ရှင်းလင်းပစ်ဖို့ အခွင့်ကောင်းပဲ..."

ဓားနတ်ဘုရားခန်းမဘက်မှ အကြီးအကဲတစ်ဦးက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

ဤတစ်ကြိမ် လျှို့ဝှက်နယ်မြေထဲတွင် သူတို့ရရှိခဲ့သည်မှာ ဧကရာဇ်တစ်ဝက်အဆင့် ဆေးလုံးတစ်လုံးတည်း မဟုတ်ချေ။

ထိုအရာအပြင် တစ်ကြိမ်သုံး တိုက်ခိုက်ရေးရတနာတစ်ခုလည်း ပါဝင်ပေ၏။ ထိုရတနာသည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်ရှိသော ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသည့် စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။

အာဏာရှင်ဓားသည် မည်သည်ကြောင့် အစောပိုင်းက သူတို့ကို ရန်စခဲ့သနည်း။ ဓားတစ်သောင်းဂိုဏ်းမှ လူများကို အကျပ်ရိုက်သွားစေရန် ဖိအားပေးပြီးနောက် သူသည် အခွင့်ကောင်းယူကာ သူတို့အားလုံးကို တိုက်ခိုက်ချေမှုန်းပစ်ရန် မဟုတ်လော။

သို့သော် ယခုအချိန်၌ ပိုင်ဝူရှား၏ သဘောထားကြောင့် အာဏာရှင်ဓားသည် မည်သို့ဆက်လုပ်ရမည်ကို ဇဝေဇဝါ ဖြစ်သွားပေ၏။

"ထားလိုက်တော့... ဓားနတ်ဘုရားခန်းမနဲ့ ဓားတစ်သောင်းဂိုဏ်းက ရန်သူတွေဖြစ်ပေမယ့် သေရေးရှင်ရေးအဆင့်ထိတော့ မရောက်သေးဘူး...ဒါ့ပြင် ဓားတစ်သောင်းဂိုဏ်းမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်နဲ့ ထိပ်သီးကျင့်ကြံသူတွေ အများကြီးရှိတယ်... တကယ်လို့ ငါတို့သာ တကယ်ကြီး တိုက်ခိုက်ကြမယ်ဆိုရင် သူတို့ကို အနိုင်ရချင်မှ ရလိမ့်မယ်..."

"အခု ငါတို့ရဲ့ အဓိကဦးစားပေးက ရတနာတွေ ပိုပြီးရှာဖွေဖို့နဲ့ အစစ်အမှန် နတ်ဆိုးအမွေအနှစ်ရဲ့ တည်နေရာကို ရှာဖွေဖို့ပဲ... ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေအတွက်ကတော့ နောက်မှ ဖြေရှင်းလည်း နောက်မကျသေးပါဘူး..."

တခြားတစ်ဖက်တွင်မူ...

"ဂိုဏ်းချုပ်... အာဏာရှင်ဓားက အရမ်းတရားလွန်နေပြီ... လူအင်အားအရပဲဖြစ်ဖြစ် စွမ်းအားအရပဲဖြစ်ဖြစ် ငါတို့က သူတို့ထက် အများကြီး သာလွန်တယ်... သူ့ကို ဂိုဏ်းချုပ်အပေါ် အခုလို စော်ကားခွင့်ပေးပြီး ဒီအတိုင်း လွှတ်ထားလိုက်လို့ ဘယ်ဖြစ်မလဲ..."

ဓားတစ်သောင်းဂိုဏ်းမှ အကြီးအကဲတစ်ဦးက ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။

ပိုင်ဝူရှားသည် ထိုစကားကိုကြားချိန်၌ ရှင်းပြလိုက်၏။

"အာဏာရှင်ဓားက မောက်မာရိုင်းစိုင်းပုံပေါက်ပေမယ့် တကယ်တော့ သူ့ရဲ့ကြမ်းတမ်းမှုနောက်ကွယ်မှာ သိမ်မွေ့တဲ့ အကြံအစည်တွေ ရှိနေတယ်... သူက ငါတို့ကို အကြောင်းပြချက်မရှိဘဲ ရန်စလာတယ်ဆိုကတည်းက သူ့မှာ အားကိုးစရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်..."

"အခု ငါတို့ရဲ့ အဓိကဦးစားပေးက အဲ့ဒီသခင်တွေကို ပြန်ပြီးကြိုဆိုဖို့ပဲ... တခြားကိစ္စတွေ အားလုံးကို အခုလောလောဆယ် ဘေးဖယ်ထားလို့ရတယ်..."

"သူက ဧကရာဇ်တစ်ဝက်အဆင့် ဆေးလုံးတစ်လုံးတည်းနဲ့ ငါတို့ကို လောဘတက်လာအောင် လုပ်နိုင်မယ်လို့ ထင်နေတာ... အဲ့ဒီသခင်တွေက ပေါ့ပေါ့ပါးပါး ချီးမြှင့်လိုက်တဲ့ ပစ္စည်းလေးတစ်ခုကတောင် ဧကရာဇ်တစ်ဝက်အဆင့် ဆေးလုံးထက် အများကြီး ပိုတန်ဖိုးရှိတယ်ဆိုတာကို သူ သိမှာမဟုတ်ဘူး .. ဒါကြောင့် အပိုပြဿနာတွေ ဖန်တီးနေဖို့ မလိုပါဘူး..."

လူများအားလုံးသည် ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ရာ အမှန်တကယ်ကို မှန်ကန်နေပေ၏။ ရှေ့ဆက်မည့်ခရီးစဉ်တွင် နောက်ထပ် ရှုပ်ထွေးမှုများ ဖြစ်လာမည်ကို ရှောင်ရှားရန်အတွက် ပိုင်ဝူရှားသည် သူတို့အား အရှိန်အဟုန်အပြည့်ဖြင့် ဆက်လက်ထွက်ခွာရန် အမိန့်ပေးလိုက်သည်။

မကြာမီမှာပင်...

လူများအားလုံးသည် ရာသီလေးပါးဂိုဏ်း စခန်းချထားသော နေရာသို့ ရောက်ရှိလာကြ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့ကမူ ရာသီလေးပါးဂိုဏ်းသို့ ရောက်ရှိလာကတည်းက တစ်ဂိုဏ်းလုံးကို လက်အောက်ခံဖြစ်လာစေရန် တိုက်ရိုက်ဖိအားပေးခဲ့သည်။

ယခင်က ရာသီလေးပါးဂိုဏ်းမှ လူများသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့အပေါ် လေးစားမှုမှာ သူတို့၏စွမ်းအားကို ကြောက်ရွံ့၍သာ ဖြစ်ခဲ့သည်။ သို့ရာတွင် ကြက်ပေါက်စတစ်က ထိုရတနာကို ဂိုဏ်းချုပ်အား ပေးအပ်လိုက်ပြီးကတည်းက ရာသီလေးပါးဂိုဏ်းတစ်ဂိုဏ်းလုံး၏ သဘောထားများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူတို့၏ အပေါ်ယံနာခံမှုမှသည် စိတ်နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲအညံ့ခံမှုဆီသို့ ပြောင်းလဲသွားခြင်းဖြစ်ပေ၏။

အထင်ရှားဆုံး ပြောင်းလဲမှုမှာ ထိုအချိန်မှစ၍ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့ကို အလုပ်အကျွေးပြုသော အစေခံများ၏ မျက်နှာများပေါ်ရှိ အပြုံးများသည် တောင့်တင်းနေခြင်း မရှိတော့ဘဲ စိတ်အားထက်သန်မှုနှင့် မျက်နှာချိုသွေးသော အပြုံးများ ဖြစ်လာခြင်းပင်။ သူတို့အတွက် ကပြဖျော်ဖြေပေးသော အမျိုးသမီးတပည့်များသည် သူမတို့၏ စိတ်အားထက်သန်မှုနှင့် တက်ကြွမှုများကို အဆုံးစွန်ဆုံးထိပင် ဖော်ပြနေပေ၏။

ယခုအချိန်တွင်မူ...

ခန်းမဆောင်တစ်ခုအတွင်း၌ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့သည် သီချင်းနှင့် အကအခုန် ဖျော်ဖြေမှုများကို နှစ်ခြိုက်စွာ ခံစားနေကြသည်။ တေးသီချင်းသီဆိုသံများသည် ကြည်လင်ပြတ်သားကာ သာယာနာပျော်ဖွယ်ကောင်းပြီး ကျက်သရေရှိလှ၏။

အကအခုန်များကမူ ဆွဲဆောင်မှုရှိပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရေများကို တစ်စိတ်တစ်ပိုင်း လှစ်ဟပြနေသည်။ အစိမ်းရောင်ဝတ်ရုံများနှင့် အနီရောင်ပဝါများ၏နောက်ကွယ်တွင် နွေဦးရှုခင်း၏ အငွေ့အသက်လေးများကို ဝိုးတဝါးမြင်တွေ့နိုင်ပေ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကမူ ထိုအရာကို အလွန်အမင်း နှစ်ခြိုက်သဘောကျနေကြသည်။ စာခြောက်ရုပ်ပင်လျှင် ထူးခြားစွာဖြင့် သူ၏အကြည့်များကို ထိုအမျိုးသမီးများထံသို့သာ လုံးလုံးလျားလျား စူးစိုက်ထားပေ၏။

ပင်မခန်းမကြီး၏ အပြင်ဘက်တွင်မူ...

ပိုင်ဝူရှားသည် ဓားတစ်သောင်းဂိုဏ်းမှ တပည့်တစ်စုကို ဦးဆောင်ကာ ကြီးမားသော ဝေါယာဉ် ဆယ်လုံးကျော်ဖြင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။ ဝေါယာဉ်များ၏အနောက်တွင်မူ ချောမောလှပသော အမျိုးသမီးတပည့်တစ်စုက လိုက်ပါလာကြ၏။

"ဂိုဏ်းချုပ်ပိုင်... ဒါက ဘာသဘောလဲ..."

ဤမျှ ကြီးမားသော လူအုပ်စုကြီး ရောက်ရှိလာခြင်းက ရာသီလေးပါးဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများကို ထိတ်လန့်တကြား ဖြစ်စေခဲ့သည်။ သူတို့သည် ထိုအရှင်သခင်များကို ဤအတိုင်း လွှတ်မပေးလိုချေ။ သတင်းကြားသည်နှင့် အကြီးအကဲတစ်ဦးက ကမန်းကတန်း ပြေးလာခဲ့ပြီး ထိုကဲ့သို့ အစုအဖွဲ့ကြီးကို မြင်တွေ့ချိန်၌ အံ့အားတသင့် မေးမြန်းလိုက်၏။

"အကြီးအကဲ... ဒီခရီးစဉ်အတွက် ငါတို့ရဲ့ ရည်ရွယ်ချက်က သခင်ဆယ့်သုံးယောက်ကို အိမ်ပြန်ဖို့ လေးလေးစားစားနဲ့ ကြိုဆိုဖို့ပါပဲ..."

"အိမ်" ဟူသော စကားလုံးကို ပိုင်ဝူရှားက အလေးပေးပြောဆိုလိုက်ခြင်းမှာ တစ်စုံတစ်ရာသော အချုပ်အခြာအာဏာကို ကြေညာနေသည့်အလားပင်။

အကြောင်းအရင်းတစ်ခုကြောင့် ရာသီလေးပါးဂိုဏ်း၏အကြီးအကဲသည် ပိုင်ဝူရှား၏ မျက်လုံးများထဲရှိ သွယ်ဝိုက်သော အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သွားခဲ့သည်။

'ငါတို့က သခင်ဆယ့်သုံးယောက်ရဲ့ သစ္စာအရှိဆုံး ညီငယ်တွေပဲ....အရင်သိကျွမ်းသူတွေက အရင်ရင်းနှီးခွင့်ရတယ်ဆိုတာကိုသိထားသင့်တယ်...အခု မင်းတို့က သခင်ဆယ့်သုံးယောက်ကို လုံလောက်အောင် လုပ်ကျွေးပြုစုပြီးပြီဆိုတော့ သူတို့အနေနဲ့ ငါတို့ ဓားတစ်သောင်းဂိုဏ်းရဲ့ အလုပ်အကျွေးပြုမှုကို ခံယူဖို့ ပြန်လာရမယ့်အချိန် ရောက်ပြီ'

အကယ်၍ ယခင်ကသာဆိုလျှင် ထိုအကြီးအကဲသည် ဒုတိယအကြိမ် စဉ်းစားနေစရာမလိုဘဲ ထိုလူများကို သူတို့အား ခေါ်ဆောင်သွားခွင့် ပေးမည်မှာ သေချာပေါက်ပင်။

သို့သော် ယခုအချိန်၌ ရာသီလေးပါးဂိုဏ်းတွင် ထိုသခင်များ၏အဆင့်အတန်းမှာ အလွန်အမင်း မြင့်မြတ်နေပေပြီ။ သူတို့သည် လူတိုင်းက မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြသော ပုဂ္ဂိုလ်များ ဖြစ်နေကြ၏။ သူသည် ထိုသခင်များကို ဤအတိုင်း လွှတ်မပေးလိုက်လိုချေ။

ထိုကြောင့် သူက ချက်ချင်းပြောဆိုလိုက်သည်။

"သခင်ဆယ့်သုံးယောက်က အခုလောလောဆယ်မှာ တေးသီချင်းနဲ့ အကအခုန် ဖျော်ဖြေမှုတွေကို ခံစားနေကြပြီးတော့ သူတို့ရဲ့ စိတ်နေစိတ်ထားတွေကလည်း တက်ကြွနေတာဆိုတော့ သူတို့ကို အနှောင့်အယှက်ပေးဖို့ မသင့်တော်သေးဘူး... ဂိုဏ်းချုပ်ပိုင်က ခရီးဝေးကနေ လာရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းနေလောက်ပြီ... ပင်မခန်းမကြီးဆီကို အရင်လိုက်ခဲ့ပြီးတော့ လက်ဖက်ရည်လေး တစ်ခွက်လောက် သောက်ရင်း အနားယူပါလား..."

သူသည် ယခုလောလောဆယ်တွင် ဓားတစ်သောင်းဂိုဏ်းမှ လူများကို တည်ငြိမ်သွားစေရန်သာ ကြိုးစားနိုင်သည်။

တစ်ချိန်တည်းမှာပင် သူသည် တခြားအကြီးအကဲတစ်ဦးထံသို့ တိတ်တဆိတ်အသံသတင်းစကား ပေးပို့လိုက်၏။ ဓားတစ်သောင်းဂိုဏ်းမှ လူများသည် သူတို့၏ဓနဥစ္စာနတ်ဘုရားများကို လုယူရန် ရောက်ရှိနေကြောင်း ဂိုဏ်းချုပ်ထံသို့ အမြန်ဆုံး အကြောင်းကြားရန် သူက ပြောဆိုလိုက်သည်။

ပိုင်ဝူရှားကမူ ထိုအကြီးအကဲ၏ တိတ်တဆိတ် လှုပ်ရှားမှုများကို မသိရှိခဲ့ပေ။ သူသည် အကြီးအကဲ၏ နွေးထွေးသော ဖိတ်ကြားချက်ကို တိုက်ရိုက်ငြင်းဆန်လိုက်၏။

"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ လက်ဖက်ရည်သောက်ဖို့ မလိုတော့ပါဘူး... ဒီခရီးစဉ်အတွက် ငါတို့ရဲ့ ရည်ရွယ်ချက်က သခင်ဆယ့်သုံးယောက်ကို ကြိုဆိုဖို့အတွက် သီးသန့်ပါပဲ..."

"အခု သခင်တွေက စိတ်ပျော်ရွှင်နေကြတယ်ဆိုတော့ ငါ့အနေနဲ့ သူတို့ကို မနှောင့်အယှက်ရဲပါဘူး... ဒါပေမဲ့ စားသောက်ပွဲ ပြီးသွားတဲ့အချိန်ကျရင် ဓားတစ်သောင်းဂိုဏ်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေက အမျိုးသမီးတပည့်တစ်စုနဲ့အတူ ခမ်းနားတဲ့ ဝေါယာဉ်တွေကို အပြင်ဘက်မှာ ပြင်ဆင်ထားပြီးတော့.... သခင်ဆယ့်သုံးယောက် ဓားတစ်သောင်းဂိုဏ်းကို ပြန်လာမယ့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတယ်ဆိုတာ အကြီးအကဲက သူတို့ကို အသိပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အကြီးအကဲ၏မျက်နှာအမူအယာသည် ရှုံမဲ့မသွားဘဲ မနေနိုင်တော့ပေ။ ဤသည်မှာ သူတို့ ရာသီလေးပါးဂိုဏ်း၏ ဓနဥစ္စာနတ်ဘုရားများကို လုယူရန်အတွက် ခိုင်မာစွာ ဆုံးဖြတ်ထားသော ကြိုးပမ်းမှုတစ်ခုပင်။

"အဲဒီလိုဆိုရင်လည်း ဂိုဏ်းချုပ်ပိုင် ဆန္ဒရှိသလိုသာ လုပ်ပါ... ငါက မင်းရဲ့သတင်းစကားကို ပေးပို့လိုက်ပါ့မယ်..."

သို့သော် ဤသတင်းစကားကို ပေးပို့ရန် အချိန်အတော်ကြာယူခဲ့ရပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိသေးပေ။ ထိုအစား မိုင်ရာနှင့်ချီ ဝေးကွာသောနေရာတွင်ရှိသည့် ရာသီလေးပါးဂိုဏ်းချုပ် ကျီးဝူချန်သည် ဂိုဏ်းမှ သတင်းစကားကို လက်ခံရရှိခဲ့လေ၏။

"ဘာ... အဲ့ဒီ လူအိုကြီး ပိုင်ဝူရှားက ငါတို့ဂိုဏ်းဆီကနေ ဓနဥစ္စာနတ်ဘုရားတွေကို တကယ်ကြီး ခေါ်သွားချင်နေတာလား... အရမ်းတရားလွန်သွားပြီ..."

ကျီးဝူချန်၏ဒေါသတကြီး အော်ငေါက်သံက တိမ်တိုက်များကိုပင် တုန်ခါသွားစေသည်။ နံဘေးပတ်ဝန်းကျင်ရှိ အဆင့်မြင့်အကြီးအကဲများအားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြ၏။

"ဂိုဏ်းချုပ်... ဓနဥစ္စာနတ်ဘုရားတွေကို ဓားတစ်သောင်းဂိုဏ်းက အကြံပြုခဲ့တာလေ... တကယ်လို့ သူတို့က ခေါ်သွားချင်တယ်ဆိုရင်တောင် ငါတို့မှာ ကန့်ကွက်စရာ အကြောင်းပြချက် မရှိသလိုပဲ..."

"အဓိပ္ပာယ်မရှိတာ..."

ကျီးဝူချန်က ဒေါသတကြီးဖြင့် ပြန်လည်၍ ချေပလိုက်၏။

"တစ်ကြိမ် သခင်ဖြစ်ရင် အမြဲတမ်း သခင်ပဲ... သခင်ဆယ့်သုံးယောက်ကို သူတို့ ဓားတစ်သောင်းဂိုဏ်းက အဖွဲ့ဝင်တွေများ မှတ်နေတာလား... သူတို့က ပို့ချင်တဲ့အချိန် ပို့ပြီး ခေါ်သွားချင်တဲ့အချိန် ခေါ်သွားလို့ရအောင်... သူတို့က ငါတို့ကို ဘာမှတ်နေတာလဲ... သခင်ဆယ့်သုံးယောက်ကိုရော ဘာများမှတ်နေတာလဲ..."

"ဂိုဏ်းချုပ်... ဒါဆိုရင် ငါတို့က... သူတို့ကို ပေးမသွားဘူးလို့ ပြောချင်တာလား..."

အကြီးအကဲတစ်ဦးက သွေးတိုးစမ်း၍ မေးမြန်းလိုက်သည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အဲ့ဒီလို ပြောရဲတာလဲ..."

ကျီးဝူချန်က ထိုလူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

"သခင်ဆယ့်သုံးယောက် ဘယ်ကိုသွားမလဲဆိုတာက ငါတို့ ထိန်းချုပ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး... သခင်ဆယ့်သုံးယောက်က ရာသီလေးပါးဂိုဏ်းမှာနေပြီးတော့ ငါတို့ရဲ့လုပ်ကျွေးပြုစုမှုတွေကို ခံစားရတာ ပိုသဘောကျနေတာ အသိသာကြီးလေ... အဲ့ဒါကို မင်းက ဘယ်လိုလုပ်ပြီးတော့ ငါတို့က ပေးမသွားဘူးလို့ ပြောနိုင်ရတာလဲ..."

"ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်... ဂိုဏ်းချုပ်ပြောတာ မှန်ပါတယ်..."

အကြီးအကဲများက အလျင်အမြန် သဘောတူလိုက်ကြသည်။

"ဒါပေမဲ့ ဒီလိုနည်းနဲ့ဆိုရင် ငါတို့ ရာသီလေးပါးဂိုဏ်းနဲ့ ဓားတစ်သောင်းဂိုဏ်းကြားက ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်တယ် မဟုတ်လား..."

"ဟမ့်..."

ကျီးဝူချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"ငါတို့က ဓားတစ်သောင်းဂိုဏ်းကို ညီအစ်ကိုတွေလို ဆက်ဆံပေမယ့် ဓားတစ်သောင်းဂိုဏ်းကတော့ ငါတို့ရဲ့ သခင်ဆယ့်သုံးယောက်ကို တကယ်ကြီး လုယူချင်နေတယ်... ဒီညီအစ်ကို သံယောဇဉ်က မရှိတာကမှ ပိုကောင်းဦးမယ်..."

"အမိန့်တစ်ခု ပြန်ပို့လိုက်စမ်း... သခင်ဆယ့်သုံးယောက်ကို သေချာဂရုစိုက်ဖို့ ဂိုဏ်းထဲက လူတိုင်းကို ပြောလိုက်... အဲ့ဒီ လူအိုကြီးပိုင်ဝူရှားက အကောက်ကျစ်ဆုံးပဲ... သူက သခင်ဆယ့်သုံးယောက်ကို ခေါ်သွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလိမ့်မယ်... သူ့ရဲ့ အကြံအစည်ကို ငါတို့ လုံးဝအောင်မြင်ခွင့် ပေးလို့မဖြစ်ဘူး..."

"ထားလိုက်ပါတော့... ငါကိုယ်တိုင်ပဲ ပြန်သွားလိုက်မယ်... အကြံအစည်တွေနဲ့ လှည့်ကွက်တွေအကြောင်း ပြောရမယ်ဆိုရင် ဂိုဏ်းထဲက အဆင့်မြင့်အဖွဲ့ဝင်တွေက အဲ့ဒီလူအိုကြီး ပိုင်ဝူရှားရဲ့ ပြိုင်ဘက်တွေ မဖြစ်နိုင်ဘူး..."

လောကကြီးအတွင်း၌ ကိစ္စရပ်များသည် အမှန်တကယ်ကို ဤမျှထိ အံ့ဩဖွယ်ကောင်းလှပေ၏။

လွန်ခဲ့သော အချိန်တိုလေးအတွင်းကပင် ဂိုဏ်းနှစ်ဂိုဏ်းလုံးသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးအား ကြီးမားသော ဘေးကပ်ဆိုးကြီးတစ်ခုကဲ့သို့ ရှုမြင်ခဲ့ကြသည်။ သို့သော် ယခုအချိန်၌ သူတို့အား အလုပ်အကျွေးပြုနိုင်ရန်အတွက် ညီအစ်ကိုဂိုဏ်းအချင်းချင်း ရန်သူများ ဖြစ်လာမည့် အနေအထားမျိုး ရှိနေလေပြီ။

ကံကြမ္မာ၏ အံ့အားသင့်ဖွယ်ကောင်းမှုသည် နက်ရှိုင်းပြီး ဖော်ပြ၍မရနိုင်ဟုသာ ဆိုရပေမည်။

All Chapters