← Chapters

လေလျှို့ဝှက်နယ်မြေ

Vol. 27 Ch. 263

လေလျှို့ဝှက်နယ်မြေ

Vol. 27 Ch. 263

လေလျှို့ဝှက်နယ်မြေ....

ဤသည်မှာ ရာသီလေးပါးဂိုဏ်းမှ ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်နယ်မြေငယ်တစ်ခုပင်။

သို့သော် ထိုလျှို့ဝှက်နယ်မြေသည် ဝင်္ကပါတစ်ခု၏ ကာကွယ်မှုအောက်တွင် ရှိနေပေ၏။

လျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိခဲ့သော ရာသီလေးပါးဂိုဏ်း၏ အကြီးအကဲသည် ထိုဝင်္ကပါကြီးကို မဖျက်ဆီးနိုင်ခဲ့ချေ။ ထို့ကြောင့် ဝင်္ကပါကို အတူတကွ ဖျက်ဆီးရန်အတွက် ဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပေ၏။

ယခုအချိန်တွင် လျှို့ဝှက်နယ်မြေ၏ရှေ့၌...

ကျီးဝူချန်သည် ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲတစ်စုကို စုဝေးလိုက်ပြီးနောက် ကျယ်လောင်စွာ ပြောဆိုလိုက်၏။

"မင်းတို့အားလုံး ဒီလျှို့ဝှက်နယ်မြေရဲ့ ဝင်္ကပါကို ဖျက်ဆီးဖို့ အရင်ကြိုးစားကြည့်ကြအုံး...အခု ဂိုဏ်းမှာ အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်နေလို့ အခြေအနေအရပ်ရပ်ကို ကြီးကြပ်ဖို့အတွက် ငါ ပြန်သွားရမယ်...အရာအားလုံးကို မင်းတို့ဆီမှာပဲ အပ်ခဲ့မယ်..."

သူသည် ပြောဆိုရင်း မည်သူ့ကိုမျှ မေးခွန်းမေးရန် အချိန်မပေးတော့ဘဲ ကောင်းကင်ယံသို့ တိုက်ရိုက်ပျံသန်းသွားလေ၏။

သူ အလျင်စလို ထွက်ခွာသွားခဲ့သည်။

ဤမြင်ကွင်းက မူလက လျှို့ဝှက်နယ်မြေကို စောင့်ကြပ်နေသော အကြီးအကဲကို လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ဂိုဏ်းချုပ်သည် ရောက်လာသည်မှာ မကြာသေးဘဲ ယခုချိန်၌ ပြန်ထွက်သွားလေပြီ။

လျှို့ဝှက်နယ်မြေတစ်ခုကို ဖွင့်လှစ်ခြင်းထက် ပို၍အရေးကြီးသောကိစ္စများ ရှိနေသေးသလော...

အမှန်တကယ်ဆိုရလျှင် ကျီးဝူချန်၏စိတ်ထဲတွင်မူ ရှိနေပေ၏။

သခင်ဆယ့်သုံးယောက်၏ အရေးပါမှုသည် လျှို့ဝှက်နယ်မြေငယ်တစ်ခုနှင့် နှိုင်းယှဉ်၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည်။

...

တခြားတစ်ဖက်တွင်မူ...

ရာသီလေးပါးဂိုဏ်း စခန်းချထားသော နေရာတွင်...

ပိုင်ဝူရှားသည် လူများအားလုံးကို ဦးဆောင်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

သို့သော် သူတို့သည် စောင့်ရင်း စောင့်ရင်းနှင့်သာ အချိန်ကုန်လွန်သွားခဲ့ပေ၏။

ထိုသို့ဆိုသည့်တိုင် အကအခုန်ဧည့်ခံပွဲသည် ပြီးဆုံးမသွားသေးချေ။

ထိုအစား ကျီးဝူချန်သာ ရောက်ရှိလာခဲ့သည်။

"အဘိုးကြီးပိုင်... မင်းက သခင်ဆယ့်သုံးယောက်ကို ခေါ်သွားချင်နေတယ်လို့ ငါ ကြားတယ်..."

ကျီးဝူချန်၏မျက်နှာသည် မည်းမှောင်နေပြီး သူ၏လေသံမှာလည်း ဖော်ရွေမှုမရှိချေ။

"အမှန်ပဲ...ရောင်းရင်းကျီးမှာ သဘောမတူချင်တာများ ရှိနေလို့လား..."

တစ်ဖက်လူ၏မျက်နှာ မည်သည်ကြောင့် မည်းမှောင်နေသည်ကို ပိုင်ဝူရှားက သိရှိနေပေ၏။

သို့သော် ဓနဥစ္စာနတ်ဘုရားများနှင့် ပတ်သက်လာလျှင် သူသည်လည်း အနည်းငယ်မျှ နောက်ဆုတ်ပေးလိုခြင်း မရှိပေ။

"အရေးမပါတဲ့ အဘိုးကြီးပိုင်...ငါက မင်းကို ညီအစ်ကိုတစ်ယောက်လို သဘောထားပေမယ့် မင်းကတော့ သခင်ဆယ့်သုံးယောက်ကို တကယ်ကြီး ခေါ်သွားချင်နေတာပဲ..."

"မင်းက သခင်ဆယ့်သုံးယောက်အပေါ်ထားတဲ့ ငါတို့ ရာသီလေးပါးဂိုဏ်းရဲ့ ရိုသေကိုင်းရှိုင်းမှုကို မေးခွန်းထုတ်နေတာလား..."

"တောက်..."

ပိုင်ဝူရှားသည် သူ၏ အရှက်မရှိသော မျက်နှာကြောင့် ဆွံ့အသွားခဲ့ပြီးနောက် ဒေါသများ ပွင့်အံ့ထွက်လာပေ၏။

"ကျီးဝူချန်... အစတုန်းက သခင်ဆယ့်သုံးယောက်ကို ဘယ်သူက ပို့ပေးခဲ့တာလဲဆိုတာ မေ့မပစ်လိုက်နဲ့...သခင်ဆယ့်သုံးယောက်က ရာသီလေးပါးဂိုဏ်းရဲ့ ရာသီလေးပါးဝိုင်အရက်ကို နှစ်သက်လို့သာ ငါ ပို့ပေးခဲ့တာ... အခု သူတို့က စားသောက်လို့ ပြီးသွားပြီဆိုတော့ ငါတို့ ဓားတစ်သောင်းဂိုဏ်းရဲ့ လုပ်ကျွေးပြုစုမှုတွေကို ခံစားဖို့ ဓားတစ်သောင်းဂိုဏ်းကို ပြန်လာရမယ်ဆိုတာ သဘာဝပဲလေ..."

"မင်းတို့ ရာသီလေးပါးဂိုဏ်းက ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရပြီးသွားပြီ... လောဘကြောင့် မျက်ကန်းဖြစ်ပြီး ဘယ်သူက အရေးကြီးတယ် ဘယ်သူက အရေးမကြီးဘူးဆိုတာကို ခွဲခြားမသိနိုင်တာမျိုး မဖြစ်စေနဲ့..."

ဤမြင်ကွင်းသည် ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးစားနေကြသော ကိုယ်လုပ်တော်နှစ်ဦးနှင့် အတိအကျ တူညီနေသည်။

တစ်ချိန်တည်းမှာပင် ပိုင်ဝူရှား အလွန်အမင်း နောင်တရနေမိသည်။

ထိုအချိန်က သူသည် မည်သည်ကြောင့် စကားလွန်သွားပြီး သခင်ဆယ့်သုံးယောက်ကို ရာသီလေးပါးဂိုဏ်းဆီသို့ တွန်းပို့ခဲ့မိသနည်း...

အကယ်၍ သူတို့သာ အနည်းငယ်ခန့် ထပ်မံ၍ သည်းခံခဲ့ပြီး သခင်ဆယ့်သုံးယောက်၏ ရက်ရောမှုကို သိရှိခဲ့မည်ဆိုလျှင် ယခုအချိန်၌ သူတို့၏မျက်နှာသာပေးမှုကို ဓားတစ်သောင်းဂိုဏ်းတစ်ဂိုဏ်းတည်း လက်ဝါးကြီးအုပ်ထားနိုင်မည် မဟုတ်လော....

ယခုကဲ့သို့ မည်သည်ကြောင့် ဒုက္ခများနေရမည်နည်း....

ကံကောင်းထောက်မစွာဖြင့် သူ ယခုချိန်မှ သိရှိလိုက်ရသည်မှာလည်း နောက်မကျသေးချေ။

ယနေ့တွင် သူသည် သံမဏိကဲ့သို့ ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားလေ၏။

သခင်ဆယ့်သုံးယောက်ကို သူ၏ဓားတစ်သောင်းဂိုဏ်းက မဖြစ်မနေ လုပ်ကျွေးပြုစုရပေမည်။

ထိုအချိန်မှာပင် ကျီးဝူချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"သခင်ဆယ့်သုံးယောက်ကို လုပ်ကျွေးပြုစုတယ်ဆိုတာ ဘယ်သူက ပိုပြီးရိုးသားဖြူစင်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်... ဘယ်လိုလုပ်ပြီး အရင်လာသူ အရင်ရတယ်ဆိုတဲ့ ခွဲခြားမှုမျိုး ရှိနိုင်မှာလဲ..."

"ဒီနေ့ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်..."

"သခင်ဆယ့်သုံးယောက်က ရာသီလေးပါးဂိုဏ်းရဲ့ ကျေးဇူးရှင်တွေပဲ..."

"သူ့ကို ငါတို့ ရာသီလေးပါးဂိုဏ်းကပဲ လုပ်ကျွေးပြုစုမယ်..."

"တကယ်လို့ မင်းက သခင်ဆယ့်သုံးယောက်အပေါ်မှာ အကြံအစည်တွေ ရှိနေတယ်ဆိုရင် ငါတို့ ရာသီလေးပါးဂိုဏ်းက သဘောတူမတူ အရင်မေးကြည့်ပါအုံး..."

ထိုစကားများကြောင့် ပိုင်ဝူရှား၏မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။

"ဒါဆိုရင် ဆွေးနွေးစရာ ဘာမှမရှိတော့ဘူးပေါ့...ရာသီလေးပါးဂိုဏ်းနဲ့ ဓားတစ်သောင်းဂိုဏ်းက နှစ်ပေါင်းများစွာကြာအောင် ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတာ...မင်းက ငါ့ကို တကယ်ကြီး တားဆီးချင်တာ သေချာပြီလား..."

"နှစ်ပေါင်းများစွာရှိခဲ့တဲ့ ညီအစ်ကို သံယောဇဉ်ကိုတောင် ဂရုမစိုက်တော့ဘူးလား..."

ကျီးဝူချန်သည် လက်နောက်ပစ်ကာ ရပ်နေပြီး သူ၏အကြည့်ကို လူများအားလုံးအပေါ်သို့ စူးစိုက်ထားသည်။

"နှစ်ပေါင်းများစွာရှိခဲ့တဲ့ ညီအစ်ကို သံယောဇဉ်ကို လာမပြောနဲ့... ဒီနေ့ ငါ့ရဲ့မိဘအရင်းတွေ ရောက်လာရင်တောင်မှ ငါ့ရဲ့ဆုံးဖြတ်ချက်အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး..."

အချိန်တခဏအတွင်းတွင် အခင်းဖြစ်ပွားရာ နေရာရှိ အခြေအနေသည် လေးလံထိုင်းမှိုင်းသွားပေ၏။

ပြင်းထန်သော ရန်လိုမှုအငွေ့အသက်များက လေထုထဲတွင် ပြည့်နှက်နေသည်။

နှစ်ဖက်လုံးသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပုံရသည်။

"ကောင်းပြီလေ...မင်းက တရားမျှတမှု မရှိဘူးဆိုတော့ ....ငါ မတရားဘူးဆိုပြီး လာအပြစ်မတင်နဲ့....ငါက သခင်ဆယ့်သုံးယောက်ကို ကြိုဆိုမယ့်ကိစ္စကို မင်း တားဆီးနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့..."

သူ၏အသံ အဆုံးသွားသည်နှင့်တပြိုင်နက် ဓားချီအလင်းတန်းများ ပွင့်အံ့ထွက်ပေါ်လာလေ၏။

ပိုင်ဝူရှားက ချက်ချင်းလှုပ်ရှားလိုက်သည်။

သူ၏လှုပ်ရှားမှုနှင့်အတူ ကျီးဝူချန်သည်လည်း လှုပ်ရှားလေသည်။

ပထမတန်းစားအင်အားစုနှစ်စု၏ ဂိုဏ်းချုပ်များသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်အား လုပ်ကျွေးပြုစုခွင့် ရရှိရေးအတွက် စတင်တိုက်ခိုက်ကြတော့သည်။

"ဝုန်း..."

ပတ်ဝန်းကျင်နေရာတဝိုက်တွင် ဓားချီအလင်းတန်းသည် ရှည်လျားသော သက်တံတစ်စင်းကဲ့သို့ ဖြစ်နေပြီး ကောင်းကင်နှင့်မြေပြင်ကို ဆုတ်ဖြဲတော့မည့်အလား ထွက်ပေါ်လာပေ၏။

ထိတ်လန့်ဖွယ်ကောင်းသော ဓားတာအို ဥပဒေသများ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင်ကို ဆုတ်ဖြဲပြီး တိမ်တိုက်များကို ထွင်းဖောက်သွားတော့မည့်အလားပင်။

ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ပိုင်ဝူရှား၏စွမ်းအားမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသည်ဟု ဆိုရပေမည်။

သူ၏ဓားနည်းစနစ်သည် အမှန်တကယ်ကို ထူးချွန်ပြောင်မြောက်ပြီး ထိုအရာ၏စွမ်းအားမှာလည်း အံ့အားသင့်ဖွယ်ကောင်းပေ၏။

သူသည် တောင်များကို ဖြိုခွဲနိုင်ပြီး ပင်လယ်များကို ပြောင်းရွှေ့နိုင်စွမ်းရှိသော စွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ သိသာထင်ရှားသည်။

ရာသီလေးပါးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ကျီးဝူချန်သည်လည်း မည်သို့အားနည်းနိုင်မည်နည်း။

ရာသီလေးပါးဂိုဏ်းသည် ရာသီလေးပါးလည်ပတ်ခြင်းနည်းစနစ်ကို အဓိကကျင့်ကြံသည်။ ထိုနည်းစနစ်သည် ရာသီလေးပါး၏ စွမ်းအားကို ရယူကာ ဒြပ်စင်ငါးပါး၏ စွမ်းရည်များကို ပြောင်းလဲဖန်တီးနိုင်သည်။

ထိုအရာ၏ဖျက်ဆီးခြင်းစွမ်းအားမှာလည်း ပိုင်ဝူရှား၏နည်းစနစ်နှင့်တန်းတူ ကြီးမားပေ၏။

နှစ်ဖက်လုံးသည် ယန်သုံးပါးနယ်ပယ် ပထမအဆင့်တွင်ရှိသော ထိပ်သီးကျင့်ကြံသူများပင်။

သူတို့ စတင်တိုက်ခိုက်ချိန်၌ အမှန်တကယ်ကိုနတ်ဆိုးကြီးနှစ်ကောင်၏ တိုက်ပွဲနှင့် တူညီနေပေ၏။

နတ်ဆိုးမြို့တော်၏တည်နေရာသည် ထူးခြားနေခြင်းကြောင့်သာ တောင့်ခံနိုင်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ဘဲ နှစ်ဖက်လုံးက သူတို့၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်လိုက်မည်ဆိုပါက မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော နေရာသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပေမည်။

ထိုသို့ဆိုသည့်တိုင်...

ထိုလူနှစ်ဦး၏ အစွမ်းကုန် ကြိုးစားမှုအောက်တွင် သူတို့၏တိုက်ခိုက်မှုအတွင်း၌ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားလှိုင်းဂယက်များ ထွက်ပေါ်နေဆဲဖြစ်ပြီး မရေမတွက်နိုင်သော မုန်တိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။

သူတို့၏ခန္ဓာကိုယ်များမှ အဆုံးအစမရှိသော အလင်းတန်းများ ပွင့်အံ့ထွက်လာပြီး တစ်ဦးသည် နေ့လယ်ခင်းနေမင်းကြီးကဲ့သို့ တောက်ပနေကာ တခြားတစ်ဦးကမူ လမင်းကြီးကဲ့သို့ နက်ရှိုင်းသော အပြာရောင် ရှိနေပေ၏။

ဤသည်က နေနှင့်လတို့ကြား အငြင်းပွားမှုတစ်ခုနှင့် တူညီနေသည်။

နောက်ဆုံးတွင် နှစ်ဖက်လုံးသည် အမှန်တကယ်ကို ဒေါသထွက်လာကြပြီး သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကိုပင် ထုတ်လွှတ်လာကြသည်။

သူတို့သည် အပြင်ဘက်တွင် သေရေးရှင်ရေး တိုက်ခိုက်နေကြစဉ်၌ ဤကိစ္စရပ်တွင် ပါဝင်ပတ်သက်နေသူများဖြစ်သည့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့မှာမူ သီချင်းနှင့်အကအခုန် ဖျော်ဖြေမှုများကို အလွန်အမင်း နှစ်ခြိုက်စွာ ခံစားနေကြဆဲပင်။

အပြင်ဘက်ရှိ ထိုနှစ်ဦးသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ပျော်ရွှင်မှုကို မထိခိုက်စေရန် အစွမ်းကုန် ထိန်းချုပ်ထားခဲ့ကြသော်လည်း...

နောက်ဆုံးတွင်မူ သူတို့သည် ပြင်းထန်သော စိတ်ခံစားမှုများဖြင့် တိုက်ခိုက်နေကြပြီဖြစ်ရာ သူတို့၏ထိန်းချုပ်မှုများသည်လည်း တိကျမှု မရှိတော့ပေ။

ရလဒ်အနေဖြင့် ပြန့်ကျဲနေသော စွမ်းအင်လှိုင်းဂယက်များကြောင့် ခန်းမကြီးတစ်ခုလုံး တုန်ခါသွားပေ၏။

အပြင်ဘက်မှ တစ်ခါတစ်ရံ ထွက်ပေါ်လာသော မိုးကြိုးပစ်သကဲ့သို့ မြေပြင်ကို တုန်ခါစေသည့် တိုက်ခတ်မိသံများနှင့် ပေါင်းစပ်ချိန်၌ ပတ်ဝန်းကျင်ရှိ လေထုကို အနည်းငယ် ထိခိုက်စေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ..."

ကြက်ပေါက်စတစ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နောက်ရှိ ရာသီလေးပါးဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲတစ်ဦးကို မေးမြန်းလိုက်၏။

"ကြက်သခင်ကြီး..."

ထိုအကြီးအကဲက မျက်နှာချိုသွေးကာ ပြောဆိုသည်။

"ဓားတစ်သောင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်က သခင်ဆယ့်သုံးယောက်ကို လုပ်ကျွေးပြုစုဖို့အတွက် လာကြိုနေတာပါ...ကျွန်တော်တို့ ရာသီလေးပါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကလည်း သခင်ဆယ့်သုံးယောက်ကို လုပ်ကျွေးပြုစုချင်နေတယ်..."

"သူတို့နှစ်ယောက် သဘောတူညီမှု မရကြတာကြောင့် စပြီးတိုက်ခိုက်ကြတာပါ..."

ဤအကြီးအကဲသည် ရာသီလေးပါးဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း ကြက်ပေါက်စတစ်၏ရှေ့တွင် ကောလာဟလများ ဖြန့်ရန် သို့မဟုတ် အမှန်တရားကိုဖုံးကွယ်ပြီး လိုရာဆွဲပြောရန် မလုပ်ဝံ့ချေ။ သူက အချက်အလက်များကို အမှန်အတိုင်းသာ ပြောဆိုခဲ့ခြင်း ဖြစ်ပေ၏။

ထိုစကားကိုကြားချိန်၌ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏စိတ်ထဲတွင် အနည်းငယ် စိတ်ကျေနပ်ကာ ဂုဏ်ယူဝံ့ကြွားသွားကြသည်။

ဤသည်မှာ အမျိုးသမီးနှစ်ဦး၏ တပြိုင်နက်တည်း လိုက်လံပိုးပန်းခြင်းကို ခံနေရသော အမျိုးသားတစ်ဦးနှင့် တူညီနေသည်။ ထိုအမျိုးသမီးနှစ်ဦးသည် အမျိုးသားကြောင့် စတင်တိုက်ခိုက်နေကြခြင်းပင်။

ဥပမာပေးမှုသည် ပြီးပြည့်စုံမှုမရှိသော်လည်း ခံစားချက်ကမူ အကြမ်းဖျင်းအားဖြင့် ထိုအတိုင်းသာ ဖြစ်သည်။

"ဒီဓားတစ်သောင်းဂိုဏ်းက ညီငယ်လေးတွေက တော်တော်လေး သစ္စာရှိကြတာပဲ..."

ကြက်ပေါက်စတစ်က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

ထို့နောက် သူက ပြောဆိုသည်။

"ကောင်းပြီလေ... ငါ အပြင်ထွက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ကြည့်လိုက်ဦးမယ်... ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက ငါလက်ခံထားတဲ့ ညီငယ်လေးတွေချည်းပဲ... တစ်ဖက်ဖက်က ထိခိုက်ဒဏ်ရာရသွားရင် ဖြေရှင်းရ တော်တော်ခက်လိမ့်မယ်..."

သူက ပြောဆိုရင်း ပင်မခန်းမကြီးထဲမှ လျှောက်လှမ်းထွက်ခွာသွားသည်။

ဤအချိန်တွင် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ကြားရှိ အငြင်းပွားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

သူတို့နှစ်ဦးလုံး၏လှုပ်ရှားမှုများသည် အသက်အန္တရာယ်ရှိစေနိုင်ပြီး အချိန်တခဏကြာမျှ ပေါ့ဆလိုက်ပါက ဒဏ်ရာအပြင်းအထန်ရခြင်း သို့မဟုတ် သေဆုံးခြင်းဆို့ကို ဖြစ်စေနိုင်ပေ၏။

သူတို့အကြားတွင် နက်ရှိုင်းသော ညီအစ်ကို သံယောဇဉ်ဟူ၍ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။

"ရပ်လိုက်ကြစမ်း..."

ကြက်ပေါက်စတစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး တိုက်ပွဲ၏အလယ်ဗဟိုသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

သူသည် သူ၏အတောင်ပံနှစ်ဖက်ကို ဖြန့်ကားပြီး တိုက်ခိုက်နေသူနှစ်ဦးကို ချက်ချင်းလူခွဲလိုက်၏။

"ကြက်သခင်ကြီး... သခင်ကြီးက ကျွန်တော့်အတွက် တရားမျှတမှုကို ယူဆောင်ပေးရမယ်..."

ကြက်ပေါက်စတစ် ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ပိုင်ဝူရှား၏မျက်လုံးအကြည့် ရွေ့လျားသွားပြီး သူ၏သရုပ်ဆောင်မှုကို ချက်ချင်းစတင်လိုက်တော့သည်။

All Chapters