← Chapters

အထွတ်အထိပ် ဖားယားသူ

Vol. 27 Ch. 264

အထွတ်အထိပ် ဖားယားသူ

Vol. 27 Ch. 264

"ကျွန်တော်တို့ ဓားတစ်သောင်းဂိုဏ်းက ကြက်သခင်ကြီးကိုယ်တိုင် လက်ခံထားတဲ့ ညီငယ်တွေပါ...ဒီရာသီလေးပါးဂိုဏ်းက တကယ်ကို အသိဉာဏ်မဲ့လွန်းတယ်...သူတို့က ကျွန်တော်တို့ သခင်ဆယ့်သုံးယောက်ကို လုပ်ကျွေးပြုစုဖို့အတွက် ခမ်းနားတဲ့ ဝေါယာဉ်ကြီးနဲ့ ပြန်ခေါ်မယ့်ကိစ္စကို တကယ်ကြီး တားဆီးရဲတယ်...သူတို့ရဲ့ ရည်ရွယ်ချက်တွေက အပြစ်ပေးခံရသင့်တယ်..."

"ကြက်သခင်ကြီးက တရားမျှတမှုရအောင် စီရင်ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျီးဝူချန်သည် စိုးရိမ်ပူပန်သွားပေ၏။

"ကြက်သခင်ကြီး... သခင်ဆယ့်သုံးယောက် ရောက်လာတာက ကျွန်တော်တို့ ရာသီလေးပါးဂိုဏ်းအတွက် ကောင်းချီးမင်္ဂလာတစ်ခုပါပဲ..."

"ရာသီလေးပါးဂိုဏ်းထဲက မရေမတွက်နိုင်တဲ့ မိန်းမပျိုလေးတွေက ကြက်သခင်ကြီးကို အရမ်းသဘောကျလေးစားနေကြတာပါ..."

"ပြီးတော့ မရေမတွက်နိုင်တဲ့ မိန်းမပျိုလေးတွေက ကြက်သခင်ကြီးရဲ့ လမ်းညွှန်မှုတွေကို ရရှိဖို့ မျှော်လင့်ရင်း ကြက်သခင်ကြီးအတွက် အကအခုန်တွေနဲ့ ဖျော်ဖြေပေးချင်နေကြတယ်..."

"ကျွန်တော်တို့ ရာသီလေးပါးဂိုဏ်းရဲ့ မူလဂိုဏ်းနေရာမှာ ကြက်သခင်ကြီးကို ဆက်သဖို့ အခွင့်အရေး မရသေးတဲ့ နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိတဲ့ ဝိုင်အရက်ကောင်းတစ်အိုး ရှိနေတယ်..."

"ကျွန်တော် တားဆီးဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး... သခင်ဆယ့်သုံးယောက်ကို လုပ်ကျွေးပြုစူဖို့အတွက် ရာသီလေးပါးဂိုဏ်းက ပိုပြီး သင့်တော်တယ်လို့ ကျွန်တော် ယုံကြည်လို့ပါ..."

"ကြက်သခင်ကြီး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အလင်းပြပေးပါ..."

ကျီးဝူချန် ပြောလိုက်သော စကားတစ်ခွန်းချင်းစီနှင့်အတူ ကြက်ပေါက်စတစ်၏မျက်လုံးများက အနည်းငယ်စီ ပို၍တောက်ပလာသည်။

နောက်ဆုံးတွင် သူ၏မျက်လုံးများသည် လျှပ်စစ်မီးသီးများကဲ့သို့ စူးရှတောက်ပနေလေပြီ။

ဤရာသီလေးပါးဂိုဏ်းတွင် သူ မြည်းစမ်းခွင့် မရသေးသော ထိုကဲ့သို့ ဝိုင်အရက်ကောင်းများ ရှိနေအုံးမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ထို့ထက်ပို၍ သူ၏လမ်းညွှန်မှုကို စောင့်ဆိုင်းနေသော မိန်းမလှလေးများ ရှိနေမည်ဟု သူ ပို၍ပင် မျှော်လင့်မထားမိပေ။

သူသည် ကျီးဝူချန်ကို ကြည့်လေလေ ပို၍စိတ်ကျေနပ်လာလေလေပင်။

ဤကောင်လေး၏အလုပ်လုပ်ပုံသည် သူ့ကို အလွန်အမင်း စိတ်ကျေနပ်စေပြီး သူ၏ အကြိုက်နှင့် ကိုက်ညီနေသည်။

ပိုင်ဝူရှားသည် ကြက်ပေါက်စတစ်၏ စိတ်ကျေနပ်နေသော အမူအယာကို မြင်တွေ့ချိန်၌ သူ၏စိတ်ထဲတွင် နာကျင်မှုတစ်ခုကို မခံစားဘဲ မနေနိုင်တော့ပေ။

"ကြက်သခင်ကြီး..."

"ကြက်သခင်ကြီးက ဓားတစ်သောင်းဂိုဏ်းကို အကာအကွယ်ပေးခဲ့ကတည်းက..... ဂိုဏ်းက တပည့်တွေက ကြက်သခင်ကြီးကို တစ်ရက်လောက် မတွေ့ရရင်တောင် အရမ်းကို လွမ်းဆွတ်နေကြတာပါ..."

"ဂိုဏ်းသားတွေက ကြက်သခင်ကြီးရဲ့ ခမ်းနားကြီးကျယ်ပြီး ချောမောတဲ့ ရုပ်ရည်ကို အမြဲတမ်း တွေးတောနေကြတယ်..."

"အမျိုးသမီးတပည့်တွေ အများကြီးကလည်း ကြက်သခင်ကြီးအတွက် အရည်အချင်းအမျိုးမျိုးကို ပြသချင်နေကြတယ်..."

"ဂိုဏ်းက အကြီးအကဲတွေဆိုရင် ကြက်သခင်ကြီးကို အကောင်းဆုံးနဲ့ ပြီးပြည့်စုံဆုံး ကျွမ်းဘားကပြဖို့အတွက် အဲ့ဒီပညာရပ်ကိုတောင် ကြိုးကြိုးစားစား လေ့ကျင့်နေကြတာပါ..."

"လူတွေအားလုံးက ကြက်သခင်ကြီးရဲ့ ဂုဏ်ကျက်သရေအောက်မှာ အသစ်တဖန် ပြန်ပြီးမွေးဖွားလာသလိုမျိုး ခံစားနေကြရတယ်..."

"ကြက်သခင်ကြီးက ကျွန်တော်တို့ ဓားတစ်သောင်းဂိုဏ်းရဲ့ အလင်းရောင်ပါပဲ..."

"ဓားတစ်သောင်းဂိုဏ်းက ဂိုဏ်းချုပ်မရှိဘဲ နေနိုင်တယ်... တပည့်တွေ မရှိဘဲ နေနိုင်တယ်... အကြီးအကဲတွေ အများကြီး မရှိဘဲ နေနိုင်တယ်... ဒါပေမဲ့ ကြက်သခင်ကြီး မရှိဘဲတော့ လုံးဝမနေနိုင်ပါဘူး..."

ထိုစကားများကြောင့် ကျီးဝူချန်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားပေ၏။

ပိုင်ဝူရှားသည် အရှက်မရှိကြောင်း သူ သိထားသော်လည်း ဤမျှထိ အရှက်မဲ့နိုင်လိမ့်မည်ဟု သူ လုံးဝတွေးထင်မထားခဲ့မိပေ။

မြှောက်ပင့်သောစကားလုံးများက သူ၏ပါးစပ်မှ တစ်လုံးပြီးတစ်လုံး ချောမွေ့စွာ စီးဆင်းထွက်ပေါ်လာပေ၏။

ဤသည်က အလွန်အမင်း ပျို့အန်ချင်စရာ ကောင်းကာ သူ့ကို ကြက်သီးထသွားစေခဲ့သည်။

လူတစ်ယောက်သည် ထိုကဲ့သို့ အရှက်မဲ့သော စကားများကို ပြောထွက်ရန်အတွက် မည်မျှထိ အရှက်မရှိ ဖြစ်နေရမည်နည်း။

သို့သော် အရှက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကြက်သခင်ကြီးက ထိုအရာကို မနှစ်မြို့ပုံမပေါ်ပေ။ ထိုအစား သူက ဤမြှောက်ပင့်ဖားယားမှုကို နှစ်သက်နေပုံရပေ၏။

ဤသည်ကိုမြင်တွေ့ချိန်၌ ပိုင်ဝူရှားက အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်။

သူက နောက်ထပ် တိုက်ခိုက်မှုအစီအစဉ်တစ်ခုကို ထပ်မံ၍ စတင်လိုက်သည်။

"ကြက်သခင်ကြီး... ကျေးဇူးပြုပြီးတော့ ကျွန်တော်နဲ့အတူ ဂိုဏ်းကို ပြန်လိုက်ခဲ့ပါ...သခင်ဆယ့်သုံးယောက်အပေါ် ကျွန်တော်တို့ရဲ့ လေးစားမှုကို ပြသဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ ဝေါယာဉ်တွေကို ပြင်ဆင်ထားပါတယ်..."

"ဒါ့ပြင် လှပပြီး အသံချိုမြိန်တဲ့ အစေခံအဖွဲ့တစ်ဖွဲ့ကိုလည်း ပြင်ဆင်ထားတယ်..."

"ကြက်သခင်ကြီးက တခြားလူတွေကို ကူညီရတာ သဘောကျနှစ်သက်တယ်ဆိုတာ ကျွန်တော် သိထားတယ်...ဒါကြောင့် ဒီအဖွဲ့ငယ်လေးမှာ ဂိုဏ်းထဲက အကောင်းဆုံး အရည်အသွေးရှိတဲ့ အမျိုးသမီးတပည့်တွေ ပါဝင်တယ်... ညနက်သန်းခေါင်ယံအချိန်မှာ ဘဝရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို ကြက်သခင်ကြီးနဲ့အတူ ဆွေးနွေးဖို့ သူတို့က အရမ်းကို လိုလားနေကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."

"သူတို့က ကြက်သခင်ကြီးရဲ့ လမ်းညွှန်မှုကို ခံယူခွင့်ရမယ့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်နိုင်တာမျိုးရှိမရှိကိုပဲ ကျွန်တော် မသိတာပါ..."

အကြောင်းအရင်းတစ်ခုခုကြောင့် ထိုစကားကို ကြားချိန်တွင် ကြက်ပေါက်စတစ်၏သွေးကြောများမှ သွေးများသည် ထူးဆန်းစွာဖြင့် သုံးဆခန့် ပို၍မြန်မြန်ဆန်ဆန် စီးဆင်းလာပေ၏။

သူက ကျီးဝူချန်ကို ကြည့်ပြီးနောက် ပိုင်ဝူရှားကို ကြည့်လိုက်သည်။

သူတို့နှစ်ဦးလုံး၏ တင်ဆက်မှုများက သူ့ကို အလွန်အမင်း စိတ်ကျေနပ်စေခဲ့သည်။

အချိန်တခဏကြာသည်အထိ သူ စိတ်ရှုပ်ထွေးသွားသည်။

သူ ရာသီလေးပါးဂိုဏ်းတွင် ဆက်နေသင့်သလော.....

သို့မဟုတ် ဓားတစ်သောင်းဂိုဏ်းကို ပြန်သွားရမည်လော....

နှစ်ဖက်လုံးက သူ့အပေါ် အလွန်အမင်း ရိုသေကိုင်းရှိုင်းမှုကို ပြသနေကြသည်။

မကြာမီမှာပင် ကြက်ပေါက်စတစ်က ခေါင်းခါယမ်းလိုက်၏။

ကလေးများကသာ ရွေးချယ်မှုများ ပြုလုပ်ကြခြင်းဖြစ်ပြီး လူကြီးများကမူ အရာအားလုံးကို လိုချင်ကြသည်မှာ သဘာဝပင်။

ဤသို့တွေးတောရင်း သူက လည်ချောင်းရှင်းလိုက်ကာ အတောင်ပံများကို နောက်ပစ်ပြီး ထိုလူနှစ်ဦးအား ပြောဆိုလိုက်၏။

"မင်းတို့ရဲ့ ရိုသေကိုင်းရှိုင်းမှုကို ငါ အသိအမှတ်ပြုတယ်...အခုချိန်ကစပြီးတော့ မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့ သစ္စာအရှိဆုံး ညီငယ်လေးတွေ ဖြစ်သွားပြီ..."

"လောလောဆယ်တော့ ငါက ရာသီလေးပါးဂိုဏ်းမှာ နေရတာကို တော်တော်လေး စိတ်ကျေနပ်နေတယ်..."

"ဒါကြောင့် အခုလောလောဆယ်တော့ ဓားတစ်သောင်းဂိုဏ်းကို ပြန်လာမှာမဟုတ်သေးဘူး..."

ဤစကားကိုကြားချိန်၌ ကျီးဝူချန်သည် တက်ကြွသွားလေ၏။

ကြက်သခင်ကြီးက သူ၏ရာသီလေးပါးဂိုဏ်းကို ပို၍ မျက်နှာသာပေးနေဆဲ ဖြစ်ပုံရသည်။

ကြက်သခင်ကြီးကို စိတ်ကျေနပ်စေရန် သူ၏ကြိုးစားအားထုတ်မှုများအားလုံး အလဟဿ မဖြစ်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ဝူရှားကမူ စိတ်ဓာတ်ကျနေပုံရပေ၏။

ဤသည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဖားယားလာခဲ့သော ဖားယားသူတစ်ဦးက တစ်ဖက်လူ၏ ပွင့်လင်းစွာ ငြင်းပယ်ခြင်းကို ခံလိုက်ရပြီး သူ၏ကမ္ဘာကြီးတစ်ခုလုံး မီးခိုးရောင် ပြောင်းသွားသည့်အလားပင်။

"ဒါပေမဲ့..."

သို့သော် ကြက်ပေါက်စတစ်၏ "ဒါပေမဲ့" ဟူသော စကားလုံးက သူ၏ စိတ်ပျက်အားငယ်နေသော ကမ္ဘာကြီးကို အလင်းရောင်ဖြင့် တဖန်ပြန်၍ ပြည့်နှက်သွားစေခဲ့သည်။

"ကြက်သခင်ကြီးက မင်းလို ညီငယ်လေးရဲ့ ရိုသေကိုင်းရှိုင်းမှုကိုလည်း လျစ်လျူရှုထားလို့ မဖြစ်သေးဘူးလေ..."

"ညကျရင် နားလည်မှုရှိတဲ့ အမျိုးသမီးတပည့်တချို့ကို ရွေးချယ်ပြီး ကြက်သခင်ကြီးရဲ့ အခန်းထဲကို လွှတ်ပေးဖို့ မင်း မမေ့နဲ့.."

"ငါက ခုလတ်တလောမှာ သက်ရှိတွေရဲ့ မူလအစနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတချို့ ဖြစ်ပေါ်နေလို့ သူတို့နဲ့အတူ ဒီအကြောင်းအရာကို အသေးစိတ် လေ့လာဆွေးနွေးချင်တယ်..."

"ဟုတ်ကဲ့ပါ ကြက်သခင်ကြီး..."

ပိုင်ဝူရှားက အလျင်အမြန် တုံ့ပြန်လိုက်၏။

ဓားတစ်သောင်းဂိုဏ်းသည် ကြက်သခင်ကြီး၏စိတ်ထဲတွင် အတိုင်းအတာတစ်ခုအထိ နေရာယူထားဆဲဖြစ်ကြောင်း အချက်အလက်များက သက်သေပြနေသည်။

ထိုအမျိုးသမီးတပည့်များက ကြက်သခင်ကြီးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သရွေ့ သူသည် မည်သည်ကြောင့် ဓားတစ်သောင်းဂိုဏ်းကို စောင့်ရှောက်မှု မပေးဘဲ နေမည်နည်း။

ဂိုဏ်းချုပ်ကြီးနှစ်ဦးကြားရှိ သေရေးရှင်ရေး တိုက်ပွဲကြီးတစ်ခုသည် ကြက်ပေါက်စတစ်၏ စကားအနည်းငယ်ဖြင့် ပြီးပြည့်စုံစွာ ပြီးဆုံးသွားခဲ့လေ၏။

တစ်ချိန်တည်းမှာပင် ကြက်ပေါက်စတစ်က ထိုနှစ်ဦးကြားရှိ အငြင်းပွားမှုကို ဖြန်ဖြေပေးရန် မမေ့ခဲ့ပေ။

"မင်းတို့နှစ်ယောက်လုံးက ကြက်သခင်ကြီးရဲ့ ညီငယ်လေးတွေပဲ...ကြက်သခင်ကြီးက အတွင်းရေး ပြဿနာတွေကို အမုန်းဆုံးပဲ...ဒါကြောင့် အခုကစပြီး မင်းတို့နှစ်ယောက် ညီညီညွတ်ညွတ် နေထိုင်ရမယ်... နောက်ထပ် အငြင်းပွားမှုတွေ မဖြစ်စေနဲ့တော့... နားလည်လား..."

"ကြက်သခင်ကြီး စိတ်ချလက်ချ နေလို့ရပါတယ်...ရောင်းရင်းကျီးနဲ့ ကျွန်တော်က နှစ်ပေါင်းများစွာကြာအောင် မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာပါ... အခုတစ်ကြိမ်က နားလည်မှုလွဲမှားတာလေးတစ်ခုကြောင့် ဒီလိုမျိုး ပွတ်တိုက်မှုလေး ဖြစ်သွားရတာပါ..."

"ကြက်သခင်ကြီးကတောင် ပြောလာမှတော့ အခုကစပြီး ရောင်းရင်းကျီးကြီးက ကျွန်တော်ရဲ့ အစ်ကိုကြီး ဖြစ်သွားပြီ... မဟုတ်ဘူး... အစ်ကိုအရင်းထက်တောင် ပိုပြီးနီးကပ်တဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်သွားပြီ..."

"အမှန်ပါပဲ..."

ကျီးဝူချန်ကလည်း ပြောဆိုလိုက်၏။

"ကြက်သခင်ကြီးက ပြောဆိုလာတာ ရှားပါတယ်... ကျွန်တော်က ညီအစ်ကိုပိုင်နဲ့ သွေးသောက်ညီအစ်ကိုတွေဖြစ်ဖို့ ဆန္ဒရှိပါတယ်..."

"ကြက်သခင်ကြီးက ကျွန်တော်တို့ရဲ့ သက်သေအဖြစ် ဆောင်ရွက်ပေးဖို့ ဆန္ဒရှိမလား..."

ညီငယ်နှစ်ဦးလုံးက ဤမျှထိ အသိဉာဏ်ရှိနေကြသဖြင့် ကြက်ပေါက်စတစ်သည် ဤမျှ သေးငယ်သော တောင်းဆိုမှုကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့ပေ၏။

အစောပိုင်းက အသေအကြေ တိုက်ခိုက်နေခဲ့ကြသော လူနှစ်ဦးသည် နောက်ထပ်အချိန်တခဏ၌ မျိုးရိုးမတူသော သွေးသောက်ညီအစ်ကိုများ ဖြစ်သွားကြသည်။

တစ်ဦးက တခြားတစ်ဦးကို "အစ်ကိုကြီး" ဟု ခေါ်ပြီး တခြားတစ်ဦးက သူ့ကို "ညီလေး" ဟု ခေါ်ဆိုနေကြ၏။

သူတို့၏ ဆက်ဆံရေးမှာ ပဲတောင့်တစ်ခုတည်းရှိ ပဲစေ့နှစ်စေ့ကဲ့သို့ နီးကပ်နေသည်။

သူတို့ထံ၌ ယခင်က ရှိခဲ့သော ပြင်းထန်သည့် ရန်လိုမှုနှင့် သတ်ဖြတ်လိုခြင်း အငွေ့အသက်များသည် အရိပ်အယောင်မျှပင် မရှိတော့ချေ။

လူတစ်ဦး၏ သည်းခံနိုင်စွမ်း အကန့်အသတ်သည် သံသယဖြစ်ဖွယ်မရှိအောင် အလွန်ပျော့ပြောင်းလွယ်သည်ဟုသာ ဆိုရပေမည်။

ဤသည်က ပြောင်းလဲနေသော အချိန်အခါနှင့်အမျှ အမြဲတစေ ပြုပြင်ပြောင်းလဲနိုင်သည်။

ယနေ့တွင် ကြက်ပေါက်စတစ်၏ စိတ်အခြေအနေမှာ ကောင်းမွန်နေပေ၏။

သူတို့ သွေးသောက်ညီအစ်ကိုများ ဖြစ်သွားသည်ကို မြင်တွေ့ချိန်၌ ကြက်ပေါက်စက ပိုင်ဝူရှားအားကြည့်ကာ ပြောဆိုလိုက်သည်။

"ရာသီလေးပါးဂိုဏ်းကို မလာခင်တုန်းက ကြက်သခင်ကြီး ပြောခဲ့ဖူးတယ်... ဒီခရီးစဉ် ချောချောမွေ့မွေ့ ဖြစ်ရင် မင်းကို အကျိုးအမြတ်တစ်ခု ပေးမယ်လို့...ဒီနေ့ မင်းတို့နှစ်ယောက် သွေးသောက်ညီအစ်ကိုတွေ ဖြစ်သွားတာက ရှားပါးတဲ့ကိစ္စပဲ... ပြီးတော့ ကြက်သခင်ကြီးမှာလည်း ပေးစရာ သိပ်များများစားစား မရှိဘူး..."

"ဒါကြောင့် မင်းကို အဲ့ဒီအကျိုးအမြတ် အခုပဲ ပေးလိုက်မယ်..."

ထိုစကားကိုကြားချိန်၌ ပိုင်ဝူရှားသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။

သူသည် မည်သည်ကြောင့် ဤမျှထိ နှိမ့်ချနေခဲ့ရသနည်း။

အရာအားလုံးက ဤအချိန်လေးအတွက် မဟုတ်လော....

ယခင်က ကြက်ပေါက်စတစ်သည် သူ့ကို အကျိုးအမြတ်တစ်ခုပေးမည်ဟု အမှန်တကယ်ပြောဆိုခဲ့ဖူးပေ၏။

သို့သော် သူသည် ထိုစကားကို များစွာအလေးအနက် မထားခဲ့မိပေ။

ကြက်သခင်ကြီး ပေးအပ်ခဲ့သော အမြင့်မြတ်ဆုံး ရတနာကို ကျီးဝူချန်က သူ၏ရှေ့တွင် ကြွားဝါပြချိန်မှသာ သူ မည်သည့်အရာအာစ လက်လွတ်သွားခဲ့သည်ကို သူ နားလည်သဘောပေါက်သွားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်၌ ကြက်သခင်ကြီးက ထိုအကြောင်းကို ထပ်မံ၍ ထုတ်ဖော်ပြောဆိုလာချိန်တွင် သူ့ကို စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။

ကြက်သခင်ကြီးက သူ့ကို မည်သည့်အရာပေးမည်ကိုသာ သူ ခန့်မှန်းနေခဲ့သည်။

ဤှသည်က အင်မော်တယ်ရွှေရုပ်ထုကဲ့သို့ ဖြစ်လာမည်လော....

ထိုရတနာက သူ့ကို အလွန်အမင်း မနာလိုဖြစ်စေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရာသည် ဂိုဏ်းအတွင်းသို့ အဆင့်မြင့် ယန်သုံးပါးနယ်ပယ်ရှိ ထိပ်သီးကျင့်ကြံသူတစ်ဦးကို ထည့်သွင်းလိုက်ခြင်းနှင့် ညီမျှသည်။

အကယ်၍ ဓားတစ်သောင်းဂိုဏ်းသာ နောက်ထပ် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို ထပ်မံ၍ ရရှိမည်ဆိုပါက ဂိုဏ်း၏အလုံးစုံစွမ်းအားမှာ သေချာပေါက် တဟုန်ထိုး မြင့်တက်လာပေမည်။

ဤသို့တွေးတောရင်း ကြက်ပေါက်စတစ်အပေါ်ထားရှိသော သူ၏အကြည့်များတွင် ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေတော့သည်။

သူ၏ ပူလောင်ပြင်းပြနေသော အကြည့်များအောက်တွင် ကြက်ပေါက်စတစ်က ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။

All Chapters