← Chapters

သခင်ကြီးက ပညာရှိတစ်ယောက်ပဲ

Vol. 27 Ch. 265

သခင်ကြီးက ပညာရှိတစ်ယောက်ပဲ

Vol. 27 Ch. 265

ဤသည်မှာ မြေပုံတစ်ခုပင်။

ကြက်ပေါက်စတစ်က ထိုအရာကို ပိုင်ဝူရှားထံသို့ တိုက်ရိုက်ပစ်ပေးလိုက်သည်။

"ဒါက လျှို့ဝှက်နယ်မြေတစ်ခုကို မှတ်တမ်းတင်ထားတာပဲ... မြေပုံရဲ့ အနောက်ဘက်မှာ လျှို့ဝှက်နယ်မြေရဲ့ ဝင်္ကပါဗဟိုချက်ကို ဖျက်ဆီးဖို့ နည်းလမ်းပါတယ်... မင်း ဒီမြေပုံကို ကိုင်ထားရင် လျှို့ဝှက်နယ်မြေထဲက ရတနာတွေကို ရယူနိုင်လိမ့်မယ်..."

ပိုင်ဝူရှား၏မျက်လုံးများ တောက်ပသွားသည်။

"ကြက်သခင်ကြီးကို ကျေးဇူးတင်ပါတယ်..."

ပိုင်ဝူရှားက မြေပုံကို ယူကာ ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီးနောက် မြေပုံကို စိတ်အားထက်သန်စွာဖြင့် စစ်ဆေးကြည့်ရှုလိုက်သည်။

ထို့နောက် သူ အံ့အားသင့်သွားခဲ့သည်။

ဤမြေပုံသည် အလွန်အမင်း အသေးစိတ်ကျပေ၏။

မြေပြင်အနေအထားနှင့် လမ်းအခြေအနေများအားလုံးကို စာရင်းပြုစုထားကာ....

လျှို့ဝှက်နယ်မြေ၏ တည်နေရာကို မှတ်သားထားရုံသာမက ဝင်္ကပါကို ဖျက်ဆီးရန်အတွက် အသေးစိတ် နည်းလမ်းကိုလည်း ထည့်သွင်းထားသည်။

အရေးအကြီးဆုံးအချက်မှာ ဤလျှို့ဝှက်နယ်မြေသည် သူတို့နှင့်သိပ်မဝေးဘဲ လီလေးဆယ်မှငါးဆယ်ခန့်သာ ကွာဝေးနေခြင်းပင်။

ဤသည်က ပိုင်ဝူရှားကို တိတ်တဆိတ် အံ့အားသင့်သွားစေခဲ့သည်။

ကြက်ပေါက်စတစ်၏စွမ်းအားသည် အလွန်အမင်း ကြီးမားကြောင်းကိုသာ ယခင်က သူ သိရှိခဲ့ပေ၏။

သို့သော် ကြက်ပေါက်စတစ်၏ မူရင်းဇစ်မြစ်နှင့် ပတ်သက်၍မူ သူ ဘာမှမသိခဲ့ပေ။

ထို့ပြင် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ထွက်ပေါ်လာမှုမှာလည်း ထူးဆန်းနေသည်။

မြောက်ပိုင်းဒေသတွင် ထိုကဲ့သို့ အရှင်သခင်များရှိနေကြောင်း သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

"ငါ့ရှေ့မှာရှိနေတဲ့ ဒီသခင်ကြီးက နတ်ဆိုးမြို့တော်က သက်ရှိတစ်ယောက်များ ဖြစ်နေမလား..."

ဤခန့်မှန်းချက်က ပိုင်ဝူရှား၏စိတ်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့ပေ၏။

သို့သော် မကြာမီမှာပင် သူ၏စိတ်ထဲရှိ ထိတ်လန့်တုန်လှုပ်မှုကို သူ ဖိနှိပ်လိုက်သည်။

မြေပုံတစ်ခုတည်းကို အခြေခံပြီး တစ်ဖက်လူသည် နတ်ဆိုးမြို့တော်မှ သက်ရှိတစ်ယောက်ဖြစ်သည်ဟု ကောက်ချက်ချရန်မှာ အလွန်အမင်း အဆင်အခြင်မဲ့ရာ ကျပေလိမ့်မည်။

သို့သော် ကြက်ပေါက်စတစ်၏ဇစ်မြစ် မည်သို့ပင်ရှိစေကာမူ သူ၏လက်ကျန်ဘဝတလျှောက်လုံး၌ ဤအစွမ်းထက်သော နောက်ခံကို အခိုင်အမာ ဖက်တွယ်ထားရမည်ဟု သူ ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နတ်ဆိုးမြို့တော်မှ လျှို့ဝှက်နယ်မြေတစ်ခုဖြစ်သော်လည်း ...

သူသည် ထိုအရာကို ဤအတိုင်း လွယ်လင့်တကူ ပေးလိုက်ခြင်းပင်။

ထိုမျှမက မြေပုံနှင့်အတူ ဝင်္ကပါကို ဖျက်ဆီးရန် အသေးစိတ် နည်းလမ်းတစ်ခုလည်း ပါဝင်ပေ၏။

ဤမျှ ရက်ရောသော သခင်မျိုးကို သူ မျက်နှာလိုမျက်နှာရ မလုပ်ဘဲ ဖားယားခြင်း မပြုလျှင် မိုးကြိုးပစ်ခံရလိမ့်မည်ဟုပင် သူ ခံစားလိုက်ရသည်။

ကျီးဝူချန်သည်လည်း ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ အံ့အားသင့်သွားသည်။

ကြက်ပေါက်စတစ်၏ အလွန်ရက်ရောသော ပေးကမ်းမှုကြောင့် သူသည်လည်း ဆွံ့အသွားခဲ့ရသည်မှာ သိသာထင်ရှားသည်။

"ကြက်... ကြက်သခင်ကြီး... သခင်ကြီးက ဝင်္ကပါတွေကို ဖျက်ဆီးနိုင်တာလား..."

ကြက်ပေါက်စတစ်ထံမှ အေးစက်စက် အကြည့်တစ်ချက်က သူ့ထံသို့ ပျံ့လွင့်လာသည်။

"ဒါက ဘာများ ထူးဆန်းနေလို့လဲ...ကြက်သခင်ကြီး သိထားတာတွေ အများကြီး ရှိသေးတယ်..."

ကျီးဝူချန်သည် ဤကိစ္စကို အနည်းငယ်မျှပင် သံသယမဝင်ခဲ့ပေ။

လူတစ်ဦး၏ကျင့်ကြံခြင်းသည် ပို၍အစွမ်းထက်လေလေ သူ သိရှိထားသည့်အရာများ ပို၍များပြားလေလေပင်။

ကုန်းမြေပေါ်ရှိ အမြင့်မြတ်ဆုံး ထိပ်သီးကျင့်ကြံသူတိုင်းသည် ရှေးဟောင်းနှင့်လက်ရှိခေတ်ကာလရှိ အသိပညာများကို ကျွမ်းကျင်စွာ တတ်မြောက်ထားကြသော ပါရမီရှင်များပင်။ သူတို့သည် ဒေသများစွာတွင်ရှိသော သေမျိုးများကို ဂုဏ်ယူဝင့်ကြွားစွာ စိုးမိုးကာ လမ်းပြဦးဆောင်နေကြသူများ ဖြစ်ပေ၏။

မကြာမီမှာပင် ကျီးဝူရှန်၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။ သူ၏ရာသီလေးပါးဂိုဏ်းသည်လည်း လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိထားခဲ့သည်။

သို့သော် ထိုလျှို့ဝှက်နယ်မြေကို ဝင်္ကပါတစ်ခုဖြင့် ချိတ်ပိတ်ထားပြီး ထိုဝင်္ကပါကို သူ မြင်တွေ့အလွန်အမင်း ရှုပ်ထွေးသည်။

ရာသီလေးပါးဂိုဏ်း၏ စွမ်းဆောင်နိုင်ရည်များဖြင့် အကြီးအကဲအားလုံး ပူးပေါင်းလိုက်လျှင်ပင် ထိုဝင်္ကပါကြီးကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်ရန်မှာ ဖြစ်နိုင်မည်မဟုတ်ချေ။

ယခုအချိန်၌ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် သူ၏ရှေ့တည့်တည့်၌ ရှိနေလေပြီ။

ဤသည်က သူ့အတွက် လမ်းညွှန်မှုတောင်းခံရန် အခွင့်အရေးတစ်ခုပင်။

ဤသည်ကို တွေးတောမိသဖြင့် ကျီးဝူချန်က ကြက်ပေါက်စတစ်ကို အလေးအနက်ထား၍ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်သည်။

"ကြက်သခင်ကြီး... ကျွန်တော်တို့ ရာသီလေးပါးဂိုဏ်းကလည်း လေလျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ထားခဲ့တယ်..ဒါပေမဲ့ ဂိုဏ်းက အဲ့ဒီနယ်မြေကိုဖွင့်ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး..."

"အဲ့ဒီလျှို့ဝှက်နယ်မြေရဲ့ဝင်္ကပါကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကြက်သခင်ကြီးဆီကနေ လမ်းညွှန်မှု တောင်းခံခွင့်ပြုပါ..."

ထို့နောက် သူက ဝင်္ကပါကြီး၏လည်ပတ်ပုံ သဘောတရားကို ကြက်ပေါက်စတစ်အား စတင်၍ ရှင်းပြလိုက်၏။

သို့သော် သူ စကားပြော၍ မဆုံးမီမှာပင်....

ကြက်ပေါက်စတစ်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုသည်။

"ဘာမှ ဆက်ပြောနေစရာ မလိုတော့ဘူး..."

ထို့နောက် သူက နောက်ထပ်မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက အဲ့ဒီဝင်္ကပါကို ဖျက်ဆီးမယ့် နည်းလမ်းကို မှတ်တမ်းတင်ထားတဲ့ မြေပုံစာရွက်ပဲ... မင်းဘာသာမင်း လေ့လာကြည့်လိုက်..."

သူက ပြောဆိုရင်း ထိုအရာကို ကျီးဝူချန်ထံသို့ ပစ်ပေးလိုက်သည်။

ကျီးဝူချန်သည် ထိုအရာကိုယူ၍ ကြည့်လိုက်၏။

မြေပုံပေါ်တွင် မှတ်သားထားသော လျှို့ဝှက်နယ်မြေမှာ သူ၏ဂိုဏ်းမှ ရှာဖွေတွေ့ရှိထားသော နေရာပင်ဖြစ်ပြီး ထိုအရာ၏အနောက်တွင် ဝင်္ကပါဗဟိုချက်ကို ဖျက်ဆီးရန် နည်းလမ်းအား ရေးသားထားသည်။

ဤသည်က သူ့အပြင် ပိုင်ဝူရှားကိုလည်း အံ့အားသင့်သွားစေခဲ့သည်။

တစ်ဖက်လူ၏လက်ထဲတွင် လျှို့ဝှက်နယ်မြေ ရတနာမြေပုံ မည်မျှထိ ရှိနေသနည်း။

ယခုလည်း သူသည် မြေပုံတစ်ခုကို ဤအတိုင်း ပစ်ပေးလိုက်ခြင်း ဖြစ်ပေ၏။

ဤသည်က သူတို့ ယုံကြည်နိုင်ရန် အနည်းငယ်ခက်ခဲသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပြီး လမ်းဘေးက ဂေါ်ဖီထုပ်တစ်ထုပ် မဟုတ်ပေ။

ထိုအရာများအနက်မှ မည်သည့်တစ်ခုမဆို သူတို့ဂိုဏ်း၏စွမ်းအားကို တဟုန်ထိုး တက်သွားစေနိုင်မည့် အမြင့်မြတ်ဆုံး အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။

အမှန်အတိုင်း ပြောဆိုရလျှင်...

ကြက်ပေါက်စတစ်တွင် လျှို့ဝှက်နယ်မြေ ရတနာမြေပုံများ အမြောက်အများ ရှိနေမည်မှာ အမှန်ပင်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဤနတ်ဆိုးမြို့တော်တွင် နှစ်ပေါင်းထောင်နှင့်ချီ၍ နေထိုင်ခဲ့သည် မဟုတ်လော....

ယခုခေတ်ကာလ လောကကြီးတွင် တခြားနတ်ဆိုးစစ်သူကြီး ဆယ့်တစ်ဦးမှလွဲ၍ နတ်ဆိုးမြို့တော်ကို သူ့ထက်ပို၍ အစစ်အမှန် နားလည်သူ မရှိနိုင်တော့ချေ။

အခွင့်အရေးနှစ်ခုကို ပေးအပ်ပြီးနောက် ကြက်ပေါက်စတစ်က ထိုလူနှစ်ဦးအား လက်ဝှေ့ယမ်းပြကာ ပြောဆိုလိုက်၏။

"ကြက်သခင်ကြီးက သီချင်းနဲ့ အကအခုန်တွေကို သွားခံစားတော့မယ်...တခြား ဘာကိစ္စမှမရှိတော့ဘူးဆိုရင် မင်းတို့ ထွက်သွားလို့ရပြီ..."

"ကြက်သခင်ကြီးကို ရိုသေလေးစားစွာနဲ့ ပို့ဆောင်နှုတ်ဆက်ပါတယ်..."

ပင်မခန်းမကြီး၏အပြင်ဘက်တွင် ကျီးဝူချန်နှင့် ပိုင်ဝူရှားတို့က ကြက်ပေါက်စတစ်ကို တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။

သူ ခန်းမထဲသို့ ဝင်သွားပြီးမှသာ ထိုလူနှစ်ဦးက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ကြ၏။

ထို့နောက် သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

နှစ်ဦးလုံးသည် တစ်ဖက်လူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ရပ်ကို တခြားတစ်ဦးက မြင်တွေ့မိပေ၏။

ယနေ့၏ပြုမူဆောင်ရွက်ချက်များကို ကြည့်ရသရွေ့....

သူတို့သည် ကြက်ပေါက်စတစ်နှင့် ပတ်သက်၍ အမှန်တကယ်ကို မျက်နှာလိုမျက်နှာရ လုပ်ရမည့်သူအား မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ကြသည်။

အနာဂတ်တွင် သူတို့က သူ့ကို ပျော်ရွှင်အောင် ထားနိုင်သရွေ့ သူ၏လက်ချောင်းများကြားမှ ပေါ့ပေါ့ပါးပါး လွတ်ကျလာသည့် မည်သည့်အရာမဆို သူတို့ကို ကြွယ်ဝချမ်းသာလာစေရန် လုံလောက်ပေလိမ့်မည်။

ဤသည်ကို တွေးတောမိပြီးနောက် သူတို့နှစ်ဦးသား အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

တစ်ချိန်တုန်းက သူတို့သည်လည်း မောက်မာဝံ့ကြွားပြီး လူအများ၏ အလွန်အမင်း လေးစားခြင်းကိုခံရသော ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။

တစ်နေ့တွင် သူတို့သည် မြှောက်ပင့်ဖားယားသူများ ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

သို့သော် မြှောက်ပင့်ဖားယားသူဆိုလျှင်လည်း ထိုအတိုင်းသာ ယူဆရပေမည်။

ဤသည်မှာ နာမည်မကောင်းသော်လည်း ဤမျှထိ ရက်ရောသော ဆုလာဘ်များကို မည်သူက ငြင်းဆန်နိုင်မည်နည်း။

သူတို့သည် လုံးဝကို မငြင်းဆန်နိုင်ကြပေ။

ထိုအချိန်မှာပင် ပိုင်ဝူရှားက အရင်ဆုံး စကားပြောဆိုလိုက်သည်။

"ညီအစ်ကိုကျီး... ခုဏက ငါ မှားသွားပါတယ်... ငါ အရမ်းကို စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့တယ်... ငါ မင်းကို စော်ကားမိတာ တစ်ခုခုရှိရင် ညီအစ်ကိုကျီးက စိတ်ထဲမထားဖို့ ငါ မျှော်လင့်မိတယ်..."

"ညီအစ်ကိုပိုင်... မင်း ဘာတွေပြောနေတာလဲ...မင်းနဲ့ငါက ကြက်သခင်ကြီးရဲ့ လက်အောက်မှာ ရှိနေကြတာပဲ... ငါတို့က အတူတကွ တိုးတက်ပြီး အတူတကွ ဆုတ်ယုတ်ကြရမှာပေါ့..."

"ခုဏက ဖြစ်ခဲ့တဲ့ ပွတ်တိုက်မှုလေးကို လေထဲမှာပဲ ပျောက်ကွယ်သွားခွင့် ပေးလိုက်ရအောင်... အဲ့ဒီအကြောင်း ငါတို့ ထပ်မပြောကြတော့ဘူး..."

"အခုကစပြီး ငါတို့က ညီအစ်ကိုအရင်းတွေထက်တောင် ပိုပြီးနီးကပ်တဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်သွားပြီ..."

သူတို့၏ ယခင်က မျိုးရိုးမတူသော သွေးသောက်ညီအစ်ကို ဖွဲ့ခြင်းသည် ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်ခဲ့သည်ဆိုလျှင်...

ယခုအချိန်၌ သူတို့နှစ်ဦးသည် အမှန်တကယ်ကို ရန်ငြိုးများအား မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီဟု မှတ်ယူနိုင်သည်။

သူတို့၏ဆက်ဆံရေးသည် ယခင်ကထက်ပင် ခြေတစ်လှမ်းစာ ပို၍နီးကပ်သွားပေ၏။

ဤသည်မှာ သူတို့ထံတွင် အကျိုးစီးပွားဖြင့် ချိတ်ဆက်ထားသော ဘုံရည်မှန်းချက်တစ်ခု ရှိနေသောကြောင့်ပင်။

ထို့နောက် သူတို့နှစ်ဦးသည် နေ့စဉ်ဖြစ်ရပ်များအကြောင်း အခြေအနေများကို မေးမြန်း၍ စကားစမြည် ပြောဆိုလိုက်ကြသည်။

ထို့နောက် ပိုင်ဝူရှားက မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်၏။

"ညီအစ်ကိုကျီး... ကြက်သခင်ကြီးက ငါ့ကို ချီးမြှင့်ထားတဲ့ လျှို့ဝှက်နယ်မြေကို ငါ သွားတော့မယ်.... နောက်ထပ် ရှုပ်ထွေးမှုတွေ ဖြစ်မလားအောင် ရှောင်ရှားဖို့အတွက် ငါ့ရဲ့လူတွေကို အရင်ခေါ်သွားပြီးတော့ ရတနာတွေကို ယူရလိမ့်မယ်..."

"နောင်လာမယ့် အချိန်ကာလမှာ သခင်ဆယ့်သုံးယောက်ကို အလုပ်အကျွေးပြုရမယ့် ကြီးလေးတဲ့ တာဝန်ကို မင်းဆီမှာ အပ်ထားခဲ့မယ်..."

"ငါက လျှို့ဝှက်နယ်မြေထဲက ရတနာတွေကို ရယူပြီးသွားရင် သခင်တွေအားလုံးကို လာပြီးဂါရဝပြုဖို့ ပြန်လာပါ့မယ်..."

"ပြီးတော့ ငါတို့ ဓားတစ်သောင်းဂိုဏ်းက အမျိုးသမီးတပည့်တွေကိုလည်း ကျေးဇူးပြုပြီးတော့ ညီအစ်ကိုကျီးက စီစဉ်ပေးပါအုံး..."

ကျီးဝူချန်က သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောဆိုလိုက်သည်။

"ပြဿနာမရှိပါဘူး ညီအစ်ကိုပိုင်... မင်း စိတ်ချလက်ချ သွားလို့ရပါတယ်...ငါ သေချာ စီစဉ်ပေးပါ့မယ်..."

ဤှသို့ဖြင့်....

သူတို့နှစ်ဦးသည် လမ်းခွဲခဲ့ကြပြီးနောက် ဓားတစ်သောင်းဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်စုကို ဦးဆောင်လာသော ပိုင်ဝူရှားသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့် စာခြောက်ရုပ်တို့ကို မတွေ့ခဲ့ရသော်လည်း လျှို့ဝှက်နယ်မြေ ရတနာမြေပုံတစ်ခုကို ရရှိခဲ့လေ၏။

သူသည် ရတနာများကို ရယူရန်အတွက် ဂိုဏ်းသားများကို ခေါ်ဆောင်လာကာ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။

ထိုလူစုသည် ရာသီလေးပါးဂိုဏ်းမှနေ၍ ကြီးကျယ်ခမ်းနားသော စီတန်းလှည့်လည်မှုဖြင့် ကောင်းကင်ယံမှတဆင့် ခရီးထွက်ခွာခဲ့ကြသည်။

မိုးကောင်းကင်ထက်တွင်...

အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဒီလျှို့ဝှက်နယ်မြေကို ရယူပြီးသွားရင် ကျွန်တော်တို့ ဓားတစ်သောင်းဂိုဏ်းရဲ့ စွမ်းအားက နောက်ထပ်အဆင့်တစ်ခုကို မြင့်တက်သွားမှာ သေချာတယ်...ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်က တကယ်ကို ဥာဏ်ပညာရှိတဲ့သူပဲ...ဒီကောင်းကင်ဘုံကို အာခံနိုင်တဲ့ အခွင့်အရေးကြီးကို ကျွန်တော်တို့ လက်လွတ်သွားတော့မလိုတောင် ဖြစ်ခဲ့တယ်..."

သူရည်ညွှန်းသော အခွင့်အရေးမှာ ဤလျှို့ဝှက်နယ်မြေ ရတနာမြေပုံကို ဆိုလိုခြင်းပင်။

သို့သော် ထို့ထက်ပို၍အရေးကြီးသည်မှာ ဓားတစ်သောင်းဂိုဏ်းသည် အပြီးအပိုင် ထွက်ပြေးသွားမှု မရှိခဲ့ခြင်းပင်။

ထိုအစား သူတို့သည် ကြက်ပေါက်စတစ်နှင့် အဆက်အသွယ် ပြန်လည်ရရှိခဲ့ပြီး သူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။

ဓားတစ်သောင်းဂိုဏ်းမှ တခြားအကြီးအကဲများနှင့် အဆင့်မြင့်အဖွဲ့ဝင်များကလည်း ပိုင်ဝူရှားအား ဥာဏ်ပညာရှိပြီး ထက်မြက်ကြောင်း စွမ်းဆောင်ရည်ပြည့်ဝသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်ကြ၏။

သူတို့အားလုံးက စကားပြောဆို၍ ရယ်မောနေကြပြီး စိတ်အခြေအနေ အလွန်ကောင်းမွန်နေကြောင်း သိသာထင်ရှားသည်။

လူများအားလုံး၏ ချီးကျူးမှုများကြားတွင် ပိုင်ဝူရှား အနည်းငယ် စိတ်ကျေနပ်ကာ ဂုဏ်ယူဝံ့ကြွားနေသည်။

ဤတစ်ကြိမ်တွင် သူသည် ဂိုဏ်းအတွက် ကြီးမားခမ်းနားသော ဝန်ဆောင်မှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။

ထို့ပြင် သူ ယုံကြည်ထားသည်မှာ...

ကြက်ပေါက်စတစ်နှင့်ဝခြားသူများ၏ ရွှေပေါင်လုံးကြီးများကို သူ အခိုင်အမာ ဖက်တွယ်ထားနိုင်သရွေ့...

ယခုတစ်ကြိမ်တွင် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို သူ မရရှိခဲ့လျှင်ပင်....

သူ့ဓားတစ်သောင်းဂိုဏ်း၏ နာမည်ဂုဏ်သတင်းမှာ အဆင့်များစွာ မြင့်တက်လာမည်မှာ သေချာပေ၏။

ဤအခြေအနေကို တွေးလိုက်မိသည်နှင့်တပြိုင်နက် သူ၏စိတ်ထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ရှေ့ဆက်ရမည့် လမ်းခရီးသည် သူ့အတွက် ကျယ်ပြန့်ပြီး တောက်ပသော လမ်းကြောင်းတစ်ခုက စောင့်ကြိုနေပုံရပေ၏။

All Chapters